News @ M-Media

Blog

  • ရတနာ့မေတ္တာ၊ ဘာသာပေါင်းစုံအဖွဲ့နှင့် ယူနီဆက် တို့၏ ပူးတွဲကြေညာချက်

    ရတနာ့မေတ္တာ၊ ဘာသာပေါင်းစုံအဖွဲ့နှင့် ယူနီဆက် တို့၏ ပူးတွဲကြေညာချက်

    ဧပြီ ၄၊ ၂၀၁၄
    M-Media
    လမင်း

    မြန်မာနိုင်ငံရှိ ကလေးငယ်များ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နိုင်ရန်၊ ဘေးကင်းလုံခြုံသော ဘ၀ကို ပိုင်ဆိုင်နိုင်ရန် အတွက် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ ပါဝင်သည့်သည် နိုင်ငံတော် အဆင့်စုံညီဆွေးနွေးပွဲ တစ်ရပ်ကို ရတနာ့မေတ္တာ ဦးဆောင်ပြီး Unicef ၏ ပူးပေါင်းမှု၍ ဧပြီလ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ Chatrium Hotel တွင် နှစ်ရက်တာ ဆွေးနွေးခဲ့ကြသည်။

    အဆိုပါစုံညီဆွေးနွေးပွဲကို ရတနာ့မေတ္တာအဖွဲ့အစည်း ၊ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံ ငွေအဖွဲ့ (ယူနီဆက်)တို့ ပူးတွဲကြေညာချက်တစောင်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

    ထုတ်ပြန်ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    PDF ဖြင့်ဖတ်ရန် =>http://goo.gl/8Yv7EN

    မြန်မာနိုင်ငံ ဘာသာပေါင်းစုံ အဖွဲ့ ကြေညာချက်ဖတ်လိုလျှင် =>http://goo.gl/yanLnL

    ဓါတ်ပုံများ FB တွင် ကြည့်ရန် =>http://goo.gl/KqOv54

    01

    လူမျိုးရေး ဘာသာရေးမတူညီကွဲပြားမှုအပေါ်  တန်ဖိုးထားလေးစား သည်းခံစိတ်ထားရန်၊ ကလေးသူငယ် အခွင့်အရေး အတွက် စည်းလုံး ညီညွှတ်ကြရန် မြန်မာ့ ဘာသာရေးခေါင်းဆောင်များ သန္နိဋ္ဌာန်ပြု

    ရန်ကုန်။ ၂၀၁၄ ခုနှစ် ဧပြီလ ၃ ရက်။ ကလေးသူငယ်အခွင့်အရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် လူမျိုးရေး ဘာသာရေးမတူညီကွဲပြားမှုအပေါ် အပြန်အလှန် တန်ဖိုးထား လေးစား သည်းခံခွင့်လွှတ်သည့် အဖွဲ့အစည်းတစ်ရပ်ထူထောင်နိုင်ရန်အတွက် မြန်မာနိုင်ငံရှိ အဓိက ဘာသာရေးကြီးလေးဖွဲ့ဖြစ်သော ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယန်ဘာသာများမှ ဘာသာရေး ခေါင်းဆောင်များသည် ၎င်းတို့၏ ရှင်းလင်းပြတ်သားသည့် တာဝန်ယူကတိပေးမှုကို ထုတ်ဖော်ပြောကြားရန် ဧပြီလ ၂-၃ ရက်နေ့တွင် ရန်ကုန်မြို့၌တွေ့ဆုံဆွေးနွေးခဲ့သည်။

    အဆိုပါစုံညီဆွေးနွေးပွဲကို ရတနာ့မေတ္တာအဖွဲ့အစည်းနှင့် ကုလသမဂ္ဂကလေးများရန်ပုံ ငွေအဖွဲ့ (ယူနီဆက်)တို့ ပူးပေါင်းဆောင်ရွက်သည်။

    အဆိုပါစုံညီဆွေးနွေးပွဲသည် ယူနီဆက်မြန်မာ၏ သမိုင်းတွင် ပထမဆုံးသောဆွေးနွေးပွဲတစ်ရပ် ဖြစ်ပြီး ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ အသက်ရှင်သန်ရေးနှင့် ပညာရေးကို ပံ့ပိုးရန် အလို့ငှာ ဘာသာရေးအသိုင်းအ၀န်းများ၏ သွန်သင်ဆုံးမမှုများကို အစွမ်းကုန် အသုံးချနိုင်ရေး အတွက် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ အတူတကွ တက်ရောက် ဆွေးနွေးခဲ့ သည်။

    မြန်မာနိုင်ငံဘာသာပေါင်းစုံကြေငြာစာတမ်း ၌ ကလေးတိုင်းတွင် ကောင်းမွန်စွာ ရှင်သန်ဖွံ့ဖြိုး တိုးတက်ကြီးပြင်းနိုင်ပြီး ဘေးကင်း လုံခြုံသော ကလေးငယ်ဘဝကို ပိုင်ဆိုင်နိုင်ခွင့်၊ လွတ်လပ်စွာ တွေးတောကြံဆခွင့်၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်နှင့် ကလေးသူငယ်အခွင့် အရေးများ ဆိုင်ရာစာချုပ်ပါ အခြား အခွင့်အရေး များကို ရရှိခံစားပိုင်ဆိုင်ခွင့်ရှိစေရမည်ဟု “ယုံကြည်ဆောင် ရွက် ကလေးများအတွက်” နိုင်ငံတော် အဆင့်စုံညီဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မြန်မာ နိုင်ငံဘာသာပေါင်းစုံ အဖွဲ့ဝင်များက ဤကြေငြာစာတမ်းမှတဆင့် အတည်ပြုကြေငြာခဲ့သည်။ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာစာချုပ်၏ အနှစ်သာရအချက်များဖြစ်သည့် ကလေး ငယ်များ၏ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်၊ ပုံစံအမျိုးမျိုးသော ခွဲခြားဆက်ဆံခံရခြင်း များမှ ကင်းလွတ်ခွင့်နှင့် လူ့အခွင့်အရေးသည် အားလုံးအတွက်ဖြစ်စေခွင့် စသည့်အချက်များကို ဘာသာရေးပေါင်းစုံအဖွဲ့အစည်းများက “မြန်မာနိုင်ငံဘာသာပေါင်းစုံ ကြေငြာစာတမ်း”တွင် ထောက်ခံဖော်ပြ ထားသည်။ (မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ကြေငြာစာတမ်း အပြည့်အစုံကို ယခုသတင်းထုတ်ပြန်ချက်နှင့်အတူ ပူးတွဲဖြန့်ဝေထားသည်။)

    “နိုင်ငံအသီးသီးမှာ ဘာသာတရားတွေရဲ့ သြဇာသက်ရောက်လွှမ်းမိုးမှုဟာ လူမှုအသိုင်းအ၀န်း အပေါ် အပြုအမူနဲ့ သဘောထားကို ပြုပြင်ပြောင်းလဲရာမှာ သိသိသာသာ တိုးတက် ပြောင်းလဲ နိုင်ကြောင်းကို လေ့လာမှုတွေအရ  သိရပါတယ်။ ဘာသာရေးခေါင်းဆောင် တွေဟာ သြဇာအရှိန် အ၀ါ ကြီးမားသူတွေ၊ မေတ္တာတရား ကြီးမားသူတွေ ပြည်သူ လူထုရဲ့အထူးယုံကြည်သက်ဝင်မှု ရရှိထားသူတွေဖြစ်တဲ့အတွက် ယနေ့ဆွေနွေးပွဲကနေ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ အခွင့်အရေးနှင့် ရှင်သန် ဖွံ့ဖြိုးရေးများအတွက်၊ ဘာသာရေးခေါင်းဆောင်များအကြား နားလည်မှု များ၊ ရေရှည်လက်တွဲ ဆောင်ရွက်သွားနိုင်မည့်လုပ်ငန်းစဉ်များ၊ ပူးပေါင်း ဆောင်ရွက်နိုင်မှုများ ဖော်ထုတ်ဆွေးနွေးပေးကြဖို့ လျှောက်ထားတင်ပြအပ်ပါတယ်” ဟု ရတနာ့မေတ္တာ အဖွဲ့မှ ဥက္ကဌ ဦးမြင့်ဆွေကပြောသည်။

    လက်ရှိအခြေအနေအရ မြန်မာနိုင်ငံတွင် ကလေးသူငယ်ပြသနာရပ်များကိုကိုင်တွယ်ဖြေရှင်းရေးနှင့် ဘာသာပေါင်းစုံဆွေးနွေး ပွဲများဖြစ်ထွန်းရေးကို အားပေးရန်အတွက် ဘာသာပေါင်းစုံအချင်းချင်း ချိတ်ဆက် ပေးနိုင်သည့် ပလက်ဖောင်း တစ်ရပ်ထူထောင်ပေးရန် အလွန်အရေးကြီးသည်။ ယခုအသစ် ထုတ်ပြန်ကြေငြာခဲ့သည့် မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ကြေငြာချက်သည် မြန်မာနိုင်ငံရှိ ကလေးသူငယ်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အတွက် ပူးတွဲလုပ်ဆောင် ရမည့် နည်းလမ်းများကို ဖော်ပြထားသည်။

    “ကျွန်ုပ်တို့ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်တွေအနေနဲ ယုံကြည်ကိုးကွယ်မှု ဘာသာတရားတွေဟာ လူသားတွေရဲ့ စိတ်ထဲမှာရှိတဲ့ အကြမ်းဖက်မှုတွေလျော့ပါးသွားစေဖို့နဲ့ လူသားတွေကို ယဉ်ကျေး လိမ္မာစေဖို့ သက်ဆိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ဘာသာရေးခေါင်းဆောင်တွေဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အားပေးဖို့ နဲ့ လူသားတွေရဲ့ ကောင်းကျိုးတွေကို အစွမ်းကုန် ဆောင်ရွက်ပေးနိုင်သူတွေလို့ လူသားတွေက ခံယူထားတဲ့အတွက် ဘာသာရေး ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးရမှာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ဘာသာရေး ခေါင်းဆောင်တွေအပေါ် ကျွန်ုပ်ရဲ့ အလေးအနက် တောင်းဆို မေတ္တာရပ်ခံချက်ပါပဲ” ဟု သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်မှ အဓိပတိ၊ သီတဂူဆရာတော် ဒေါက်တာဥာဏိဿရ က မိန့်ကြားသည်။

    ကမ္ဘာတစ်ဝှန်းလုံးတွင် ယူနီဆက်သည် ဘေးဒဏ်သင့်ခံနေရသည့် ကလေးသူငယ်များ၏ ပြသနာ ရပ်များကို ဖြေရှင်းနိုင်ရန်အတွက် ဘာသာရေးခေါင်းဆောင်များနှင့် အတူ  ပူးပေါင်းလက်တွဲ ဆောင်ရွက် ခဲ့သည့်သမိုင်းကြောင်းအစဉ်အလာများရှိခဲ့သည်။

    ဥပမာအားဖြင့် – အယ်ဆာဗာဒိုနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ပွဲကာလအတွင်း  ခရစ်ယန် ဘုရားရှိခိုးကျောင်းများနှင့် ပူးပေါင်းပြီး အပစ်အခတ် ရပ်စဲရေးအတွက် စေ့စပ်ညှိနှိုင်းပေးနိုင်ခဲ့သည့် အတွက် ကလေးသူငယ်များအား ကာကွယ်ဆေးထိုးပေးနိုင်ခြင်း၊ မိန်းကလေးငယ်များ ပညာရေး အတွက်  ဗလီဆရာများနှင့်ပူးပေါင်းခဲ့ခြင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် အိပ်(ခ်ျ)အိုင်ဗွီအေ့(ဒ်)ရောဂါ ဝေဒနာ ခံစားနေရသည့် ကလေးသူငယ်များအား ကူညီစောင့်ရှောက် နိုင်ရန်အတွက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် ပူးပေါင်းခြင်းစသည့် သမိုင်းကြောင်းအစဉ်အလာကောင်းများရှိခဲ့သည်။

    ဘာသာပေါင်းစုံငြိမ်းချမ်းရေး (မြန်မာ)မှ နာယကတစ်ဦးဖြစ်သူ အစ္စလမ်ဘာသာရေးခေါင်းဆောင် ဆရာဦး ကိုလေးကလည်း “ကျွန်တော်တို့အနေနဲ့ အခုလို ယူနီဆက်နဲ့ ပူးပေါင်းရတာကို အလွန်ဝမ်းမြောက်ပါတယ်။ ကလေးသူငယ်တွေဟာ ရတနာတစ်ပါးဖြစ်တယ်လို့ ကိုရမ်ကျမ်းမှာ ဖော်ပြထားပါတယ်။ ကလေးသူငယ်တွေကို အကောင်းဆုံးပြုစုစောင့်ရှောက်ဖို့အတွက်လည်း မိဘတွေကို တင်းတင်းကြပ်ကြပ် ညွှန်ကြားထားပါတယ်” ဟုပြောသည်။

    ယုံကြည်ဆောင်ရွက်ကလေးများအတွက် နိုင်ငံတော်အဆင့် စုံညီဆွေးနွေးပွဲကို ယူနီဆက်၏  ပံ့ပိုးမှုဖြင့် ရတနာ့မေတ္တာအဖွဲ့ကဆောင်ရွက်သော “ယုံကြည်ဆောင်ရွက်ကလေးများအတွက်” လုပ်ငန်း စီမံချက်မှ ပေါ်ထွက်လာသည့် အကောင်းဆုံး အလေ့အကျင့်များကို မျှဝေရန်နှင့် ဆောင်ရွက်ခဲ့ပြီးသည့် အလုပ်တွေကို စုစည်းပေးရန် အတွက် အချိန်ခါသင့် ကျင်းပခြင်းဖြစ်သည်။

    လူမှုရေး ဘာသာရေးဆိုင်ရာ တန်ဖိုးများအပေါ် အခြေခံ၍ ယခုပူးပေါင်းဆောင်ရွက်မှုသည် ဘာသာရေးခေါင်းဆောင် များအား ကလေးသူငယ်ရှင်သန်ဖွံ့ဖြိုးရေး၊ ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဘာသာရေးဆိုင်ရာ အခမ်းအနားများနှင့် ဟောပြောပွဲများတွင် ထည့်သွင်းဆုံးမရန် တွန်းအားပေးထားသည်။ ဗုဒ္ဓဘာသာမှ သက်ဆိုင်ရာ အဆုံးအမများကို ကောက်နုတ်ပြီး “ယုံကြည်ဆောင်ရွက်ကလေးများအတွက်” စာအုပ်ငယ်များပြုစု ထုတ်ဝေ ခဲ့သည်။ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံအတွင်း ကျေးရွာပေါင်း ၈၈၀ မှ ဘုန်ကြီးကျောင်း ၃၀၀၀ ကျော်တွင် ပြည်သူ လူထုများနှင့် မိသားစုဝင်များအဓိက လက်တွေ့လိုက်နာကျင့်သုံးရမည့် ကျန်းမာရေးဆိုင်ရာအချက်အလက်များကို စတင်ဖြန့်ဝေနေပြီ ဖြစ်သည်။

    “တိုင်းပြည်အသွင်ကူးပြောင်းစကာလ အတောအတွင်းမှာ ကလေးသူငယ်တွေနဲ့ မိသားစုဝင် တွေဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ယုံကြည်မှုဆိုင်ရာ လမ်းညွှန်ချက်တွေ ရှာဖွေနေကြပါတယ်။ ပြည်သူလူထုတွေ တော်တော် များများဟာ ဘာသာရေး လူမျိုးရေးပဋိပက္ခ အကြမ်းဖက်မှုဒဏ်တွေ ကြောင့် ထိခိုက်ခံနေရပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေးနဲ့ ကလေးသူငယ်အခွင့်အရေးကို မြှင့်တင် ပေးဖို့အတွက် ဘာသာရေးခေါင်းဆောင်တွေဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင် နေပါတယ်” ဟု ယူနီဆက်(မြန်မာ) ဌာနေကိုယ်စားလှယ် မစ္စတာ ဘက်ထရန် ဗိန်းဘဲ(လ်) ကပြောသည်။

    အဆိုပါညီလာခံသို့ ယူနီဆက် နယူးယောက်မှ လူထုအဖွဲ့နှင့်မိတ်ဖက်လုပ်ဆောင်ရး အစီအစဉ် ဌာန ဌာနမှူး Ms. Liza Barrie၊ မလေးရှားနိုင်ငံမှ ဗုဒ္ဓဘာသာဘုန်းတော်ကြီး Datuk Kirinde Dhammaratana၊ ဘာသာပေါင်း စုံငြိမ်းချမ်းရေးမှ ဒုတိယ အထွေထွေအတွင်းရေးမှူး Rev. Kyoichi Sugino၊ ထိုင်းနိုင်ငံ နိုင်ငံတကာငြိမ်းချမ်းရေးလေ့လာမှု ဌာနမှ ညွှန်ကြားရေးမှူး Mr. Ekraj Sabur အပါအ၀င် အစိုးရဌာနများ၊ ဘာသာရေး အသီးသီးမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင် ပညာရှင်များ စုစုပေါင်း ၁၀၀ ကျော်ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည်။

    အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါပုဂိုလ်များသို့ ဆက်သွယ်မေးမြန်းနိုင်သည်

    စန္ဒာလင်း၊ ပြန်ကြားရေးအရာရှိ၊ ယူနီဆက်(ဖ်) မြန်မာ၊ ဖုန်း – ၀၁- ၂၃၀ ၅၉၆၀ – ၆၉ [email protected]

    ရဲလွင်၊ ပြန်ကြားရေးအရာရှိ၊ ယူနီဆက်(ဖ်) မြန်မာ၊ ဖုန်း – ၀၁- ၂၃၀ ၅၉၆၀ – ၆၉ [email protected]

  • မြစ်ဆုံ လမ်းလျှောက်ခြင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်နှင့် သက်ဆိုင်မှု မရှိကြောင်းပြော

    မြစ်ဆုံ လမ်းလျှောက်ခြင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်နှင့် သက်ဆိုင်မှု မရှိကြောင်းပြော

    ဧပြီ ၄၊ ၂၀၁၄
    M-Media
    လမင်း

    political

    ရန်ကုန် ။         ။    မြစ်ဆုံလမ်းလျောက်ခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်က ၎င်းတို့ အဖွဲ့အနေနှင့် မည်သို့မှ သက်ဆိုင်မှု မရှိကြောင်း ကြေငြာချက်တစ်စောင်ကို မတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

    “ကျွန်တော်တို့အဖွဲ့ကနေ လမ်းလျှောက်ဦးဆောင်မယ့် ကျွန်တော်တို့အဖွဲ့ဝင်ဖြစ်သူ ကိုရဲထွဋ်ခေါင်ကို အကြိမ်ကြိမ်တားပါတယ်။ အခုလည်း ကျွန်တော် တို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်က ဦးဆောင်လုပ်တယ်ဆိုပြီး လမ်းမှာအဆင်မပြေမှုတွေဖြစ်ကြတော့ ကျွန်တော်တို့ကို ဖုန်းဆက် အကြောင်းကြားကြတယ်။ မြစ်ဆုံဟာ ကျွန်တော်တို့တွေရဲ့ အသည်းနှလုံးပါ။ ဒါပေမဲ့ အခုချိန်မှာ မြန်မာတစ်ပြည်လုံးကလူတွေက ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် ဆန္ဒတွေဖော်ထုတ်နေချိန်မှာ ကိုရဲထွဋ်ခေါင်က ဒီလိုလုပ်နေတာဟာ နိုင်ငံရေး လှည့်ကွက်ဖြစ်ပြီး အာရုံပြောင်းနေတာ ဖြစ်တယ်လို့ ကျွန်တော်တို့ အဖွဲ့ကသုံးသပ်မိတယ်”ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ် ဥက္ကဌဖြစ်သူ ကိုညိုထွန်းကပြောကြားခဲ့သည်။

    ၎င်းတို့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်အနေနှင့် ကိုရဲထွဋ်ခေါင်အား ၎င်းတို့အဖွဲ့မှထုတ်ပယ်ရန် တိုင်ပင်နေကြပြီး မကြာခင် ထုတ်ပြန်ချက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

    ဧရာဝတီ မြစ်ဆုံစီမံကိန်းကိုအပြီးတိုင်ဖြတ်သိမ်းပေးရန်အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် တက်ကြွ လှုပ်ရှားသူတစ်စုက မတ်လ၂၃ ရက် နံနက် ၆ နာရီမှ စတင်ကာ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်မှ စတင် ထွက်ခွာ လာခဲ့ကြရာ ယနေ့ဧပြီလ ၄ ရက်နေ့တွင် မကွေးတိုင်းဒသကြီး ဧကရာဇ်ပန်း ရွာ သို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

    နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၎င်း၏ သမ္မတသက်တမ်း တစ်လျောက်တွင် မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းထားမည်ဟု ၂၀၁၁ စက်တင်ဘာလက အမိန့်ထုတ်ပြန်ခဲ့သော်လည်း ယခုမြစ်ဆုံဆောက်လုပ်ရေး စီမံကိန်းတွေ ပြန်စတင်မည့်ဆိုသည့် သတင်းများကြောင့် ဆန့်ကျင်မှုတွေ၊ ကန့်ကွက်မှုတွေ ပြန်လည် စတင်လာရခြင်း ဖြစ်သည်။

  • အနာဂတ်ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ဘာသာပေါင်းစုံ နိုင်ငံအဆင့် စုံညီဆွေးနွေး

    အနာဂတ်ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ဘာသာပေါင်းစုံ နိုင်ငံအဆင့် စုံညီဆွေးနွေး

    ဧပြီ ၄၊ ၂၀၁၄
    M-Media
    လမင်း

    DSC00546

    ရန်ကုန်။ ။ မြန်မာနိုင်ငံရှိ ကလေးငယ်များ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နိုင်ရန်၊ ဘေးကင်းလုံခြုံသော ဘ၀ကို ပိုင်ဆိုင်နိုင်ရန် အတွက် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ ပါဝင်သည့်သည် နိုင်ငံတော် အဆင့်စုံညီဆွေးနွေးပွဲ တစ်ရပ်ကို  ရတနာ့မေတ္တာ ဦးဆောင်ပြီး Unicef ၏ ပူးပေါင်းမှု၍ ဧပြီလ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ Chatrium Hotel တွင် နှစ်ရက်တာ ဆွေးနွေးခဲ့ကြသည်။

    “ကျွန်တော်တို့ အရင်တွေကလည်း တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ကြပါတယ်။ အရင်တုန်းက စာရွက်တွေမှာပဲ ကျွန်တော်တို့အလုပ် လုပ်နေတာပါ။ အခုတော့ ဒီစာတမ်းမှာ လတ်မှတ်ထိုးပြီးတာနဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်သွားဖို့ကြိုးစား သွားမှာပါ။ လုပ်ဆောင်မှုတွေကသာ အရေးကြီး ပါတယ်။ ကလေးတွေအတွက် ထိရောက်ပြီး အကာအကွယ်ပေးနိုင်တဲ့ အလုပ်တွေပဲ လုပ်သွားမှာပါ။ ငြိမ်းချမ်းမှ ဖွံ့ဖြိုးရေးလုပ်လို့ရမှာဖြစ်တယ် မဖွံ့ဖြိုးရင် အနာဂတ် ကလေးတွေ အတွက် စိုးရိမ်စရာပါပဲ” ဟု ဘာသာပေါင်းစုံငြိမ်းချမ်းရေး နှင့် ရတနာမေတ္တာ အဖွဲ့တို့၏ ဥက္ကဌ ဦးမြင့်ဆွေ ကပြောခဲ့သည်။

    နှစ်ရက်တာဆွေးနွေးပွဲ အပြီးတွင် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များသည် မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ကြေငြာ စာတမ်း ဟူသောကြေငြာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။ ၎င်းကြေငြာချက် စာတမ်းတွင် ကလေးသူငယ်များ၏ ပညာရေးမြှင့်တင်ပေးခြင်း၊ တန်းတူညီမျှမှု ရရှိခြင်း၊ ပဋိပက္ခများအတွင်း ကလေးများ ရင်ဆိုင်နေရသော အကြမ်းဖက်ခံရခြင်း၊ လျစ်လျူရှုခံရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်း တို့မှ အကာအကွယ်ပေး သွားနိုင်ရန်၊ ဘေးကင်းလုံခြုံ ပြီး ချစ်ခြင်းမေတ္တာပြည့်ဝခြင်းဖြင့်စောင့်ရှောက်ပေးနိုင်ရန်၊ ဘာသာရေး အသိုင်းအ၀န်းနှင့်ခေါင်းဆောင်များမှ စိတ်ဓာတ်ရေးရာနှင့် လူမှု စွမ်းရည်များမြှင့် တင်ပေးရန် စသည့်ကလေးများ အတွက် အကာအကွယ်ပေးနိုင်သည့် အချက်အလက်များ ပါဝင်သည်။ ၎င်းကြေငြာချက် စာတမ်းတွင် ဘာသာရေးခေါင်းဆောင် အသီးသီးမှ လက်မှတ်ရေးထိုးခဲ့ကြပြီး ရှေ့ဆက် လုပ်ဆောင်သွားရန် ကတိများပြုခဲ့ကြသည်။

    “ကလေးသူငယ်တွေ ကာကွယ်စောင့်ရှောက်ရေးကို ဘာသာရေးခေါင်းဆောင်တွေက အဓိကထားပြီးဆွေးနွေးတာပါ ကလေးတွေကို အကျိုးရှိမဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်သွားမှာပါ အခုလို လုပ်ခြင်းအားဖြင့် ကလေးတွေ ငယ်နေသေးတဲ့ အရွယ်မှာ ဘာသာပေါင်းစုံ တစ်ယောက် အကြောင်း တစ်ယောက် သိသွားတော့ အနာဂတ်မှာ လွယ်ကူသွားမှာပါ၊ ကလေး ဆိုတာဖြူစင်ပါတယ်၊ သူတို့ကို ဒီအရွယ်မှာ ကတည်းက သိနားလည် အောင်လုပ်ပေးရမှာ လူကြီးတွေတာဝန်ပါ” ဟု အစ္စလာမ်ဘာသာ ခေါင်းဆောင်တစ်ဦးဖြစ်သူ အလ်ဟာဂ်ျ ဦးအေးလွင်က ပြောကြား ခဲ့သည်။

    အဆိုပါဆွေးနွေးပွဲကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေနှင့် မြန်မာနိုင်ငံ ကလေးများ ရန်ပုံငွေနှင့် မြန်မာနိုင်ငံ ကလေးသူငယ်ဆိုင်ရာ လူမှု အဖွဲ့အစည်း တစ်ခုဖြစ်သည့် ရတနာမေတ္တာ အဖွဲ့တို့မှတို့မှ ပူးပေါင်းပြုလုပ်ပြီး “National Conference on Faith for Children” ဟူသောခေါင်းစဉ်ဖြင့် မြန်ာနိုင်ငံ အတွင်းရှိ ကလေးများဘက်စုံ ဖွံ့ဖြိုးရေးစီမံချက် ကိုဘာသာကြီးလေးခုမှ ခေါင်းဆောင်များဖြစ်ကြသော ဒေါက်တာ အရှင်ညာဏိသရ သီတဂူဆရာတော်၊ ဖာသာ ဂျိုးဇက်ဖ်မောင်ဝင်း၊ မွဖ်သီ ဦးကိုလေး၊ ပဏ္ဏီတ မိုဟန်ရာဇာဥပါဒယာ ၊ရတနာ့မေတ္တာမှ ဥက္ကဌ ဦးမြင့်ဆွေ အစရှိသည့် ဘာသာရေးခေါင်းဆောင် ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

  • ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ကော်မတီ တောင်ကြီးတွင် ဖွဲ့စည်းမည်

    ဧပြီ ၃၊ ၂၀၁၄
    M-Media
    TGI

    ဘသာပေါင်းစုံ ငြိမ်းချမ်းရေး ကော်မတီတရပ်ကို ဧပြီလ (၅) ရက်နေ့တွင် တောင်ကြီမြို့ ဆစ်ခ် ဘုရားကျောင်းတွင် ပြုလုပ်မည်ဟု သိရပါတယ်။

    အဆိုပါ အဖွဲ့ကို လူငယ်များမှ ဦးဆောင်ဖွဲ့စည်းမှာဖြစ်ပြီး  ဘာသာရေးနှင့် လူမှု အသိုင်းအဝိုင်းများကြား အပြန်အလှန်လေးစားမှုဖြင့် ပျော်ရွှင် ငြိမ်းချမ်းစွာ အပြုသဘောဆောင်သော ဖွံ့ဖြိုါ် ရေး အစီအစဉ်များကို အတူလက်တွဲ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခြင်းဖြစ်ကြောင်းကို အဆိုပါ ကော်မတီ ဖွင့်ပွဲ ဖိတ်စာမှာဖြော်ပထားတာကို တွေ့ရှိရပါတယ်။