News @ M-Media

Blog

  • ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲ မတိုင်ခင် ချယ်ဆီး ပရိတ်သတ်များ ပြင်သစ်တွင် သောင်းကျန်းခဲ့

    ဧပြီ ၃၊ ၂၀၁၄
    M-Media

    – ယမန်နေ့ နံနက်က ကစားခဲ့သည့် ပီအက်စ်ဂျီအသင်းနှင့် ချယ်ဆီးအသင်းတို့၏ ချန်ပီယံလိဂ်ပွဲ မတိုင်မီ ချယ်ဆီးပရိတ်သတ်များမှာ ပဲရစ်မြို့အတွင်းရှိ ကော်ဖီဆိုင်များ၊ လမ်းဘေး ဈေးဆိုင်များအား ဖျက်ဆီးခဲ့သည်ဟု သိရသည်။

    article-2595428-1CC579A800000578-808_634x675

    ချယ်ဆီးပရိတ်သတ် ၄၀၀ ခန့်မှာ ပွဲမကစားမီ တစ်နေ့ခင်းလုံး သောက်စားမူယစ်ခဲ့ကြပြီး နာဇီပုံစံ အလေးပြုခြင်း၊ လူမျိုးရေးခွဲခြားသည့် ကြွေးကြော်သံများ ဟစ်အော်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် လူမည်းပဲရစ်မြို့သားများရှေ့တွင် အင်္ဂလန်လက်ယာစွန်းရောက်ပါတီ English Defence League မှ ထုတ်ဝေသည့် လူမျိုးရေးခွဲခြားသော သီချင်းများကို သီဆိုခဲ့ကြသည်။

    ထို့နောက် နှစ်ဘက်ပရိတ်သတ်အကြား ၃ မိနစ်ခန့် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက လာရောက်လူစုခွဲရာ ချယ်ဆီးပရိတ်ခန့် ၁၀၀ ခန့်ရှိသည့် အုပ်စုတစ်စုမှာ ကမ္ဘာလှည့်ခရီးသွားများစည်ကားရာ ပဲရစ်မြို့ရှိ Rue St Denis လမ်းထဲသို့ ထွက်ပြေးသွားခဲ့ပြီး ကော်ဖီဆိုင်များ၊ လမ်းဘေးဈေှးဆိုင်များနှင့် တွေ့မြင်သမျှအားလုံးကို ဖျက်ဆီးခဲ့ကြသည်။

    ထို့ကဲ့သို့ နှစ်ဖက် ပရိတ်သတ်များအကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့သော်လည်း ပီအက်စ်ဂျီနှင့် ချယ်ဆီးတို့၏ ပွဲကိုမူ အေးချမ်းစွာ ကျင်းပနိုင်ခဲ့သည်။ ထိုပြဿနာအတွက် ဖမ်းဆီးထားခြင်း ရှိ၊ မရှိကိုမူ ပဲရစ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

    ထိုပွဲအတွက် ချယ်ဆီးအသင်း၏ လက်မှတ်ခွဲတမ်းမှာ ၂၀၀၀ ဖြစ်သော်လည်း ထောင်ပေါင်းများစွာသော ချယ်ဆီး ပရိတ်သတ်များမှာ ပဲရစ်သို့ လာရောက်ခဲ့ကြသည်။ လူဆိုးစာရင်းဝင်သည့် ချယ်ဆီးပရိတ်သတ် ၃၀၀ မှာလည်း ၎င်းတို့အား စစ်ဆေးမှုကို ရှောင်လွှဲရန် ဘယ်လ်ဂျီယံမှတစ်ဆင့် ပြင်သစ်သို့ ၀င်ရောက်လာကြသည်ဟု ပြင်သစ်ထောက်လှမ်းရေးက ပြောကြားခဲ့သည်။

    Daily Mail

  • “ ရခိုင်ပြသနာ ဘယ်သူတွေမှာ တာဝန်ရှိသလဲ”

    “ ရခိုင်ပြသနာ ဘယ်သူတွေမှာ တာဝန်ရှိသလဲ”

    စည်သူအောင်မြင့်
    မြန်မာတိုင်းမ် ဂျာနယ်၊ ၃-၄-၁၄။

    တည်ငြိမ်မှု မရှိသေးတဲ့ ရခိုင်ပြည်နယ်မှာ မီးတစ်စ တောက်လောင်ခဲ့ပြန်ပါပြီ။ အဲဒါကတော့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့က အမျိုးသမီး တစ်ယောက် သာသနာ့အလံ ကို ဖြုတ်ချပြီး မဖွယ်မရာပြုတယ် ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက် မတ်လ ၂၆ ရက်နဲ့ ၂၇ ရက်နေ့ တွေမှာ စစ်တွေက နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းတွေ ရုံးစိုက်ရာ၊ တည်းခိုရာ၊ အထောက်အကူ ပစ္စည်း သိုလှောင်ရာ နေအိမ်တွေ၊ ရုံးခန်းတွေ၊ ဂိုဒေါင်တွေ တိုက်ခိုက်ဖျက်ဆီး ခံရခြင်းပါ။ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ဝင် နိုင်ငံခြားသားတွေနဲ့ နိုင်ငံသားတွေကိုတော့ သက်ဆိုင်ရာက ဘေးလွတ်ရာ ရွှေ့ပြောင်းပြီး အကာအကွယ်ပေးကြရပါတယ်။ တစ်ချို့ ရန်ကုန်ကို လေယာဉ်နဲ့ အသုတ်လိုက် ပြန်ပို့တာမျိုး လုပ်ကြရပါတယ်။ နောက်ဆုံး ဒီ ကိစ္စ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က သမ္မတ ဦးသိန်းစိန်ကို တယ်လီဖုန်းဆက် ပြောဆိုရသည်အထိ အရှက်ရစရာ ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။

    ဒီ ပြသနာ ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ အဲဒီ အမိန့်ကြော်ငြာစာထဲမှာ စုံစမ်းမှုတွေ မလုပ်ရသေးခင်မှာပဲ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို အပစ်တင်ထားတာ တွေ့ကြရပါတယ်။ အမိန့်ကြော်ငြာစာ နံပါတ်(၂) (ခ) မှာ “ အထက်ပါဖြစ်စဉ် ဖြစ်ပွားရခြင်းနှင့် စပ်လျဉ်း၍ ပြည်နယ် အုပ်ချုပ်ရေးအပိုင်းမှ အဓိက တာဝန်ရှိသူများကို စုံစမ်း စစ်ဆေး ဖော်ထုတ်ရန်” ဆိုပြီး ဖော်ပြထားပါတယ်။ တကယ်ပဲ ဒီ ဖြစ်စဉ်မှာ အဓိက လက်သည် တရားခံဟာ ပြည်နယ် အုပ်ချုပ်ရေးပိုင်းကပဲလား၊ အခြား ဘယ်သူတွေရော ဖြစ်နိုင်ဦးမလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

    ပထမတော့ ဘင်္ဂလီဆန့်ကျင်ရေး၊ နောက်တော့ ကိုယ့်နိုင်ငံသား ကမန်တွေအပါအ၀င် အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး၊ နောက် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ ဆန့်ကျင်ရေး တစ်ခုပြီးတစ်ခု ခြေလှမ်းလာတဲ့၊ ရခိုင်ပြည်နယ်ကို ဖျက်ဆီးနေတဲ့ အစွန်းရောက် အုပ်စုတွေရဲ့ လှုပ်ရှားမှုတွေကို ပြစ်တင်ရှုတ်ချ တားဆီးဖို့နေနေသာသာ အားပေးအားမြှောက်ဖြစ်စေတဲ့ စကားတွေကိုတောင် ပြောလိုက်ကြပါသေးတယ်။

    လက်ရှိ ရခိုင်ပြည်နယ်ထဲက နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေကို အကြမ်းဖက်မှု ဖြစ်စဉ်အကြောင်းပြောရင် သိပ်မကြာလှသေးတဲ့ ရှေ့မှာ ဖြစ်ထားခဲ့တဲ့ အဖြစ်အပျက်တွေ၊ ကိုင်တွယ်ဖြေရှင်းပုံတွေကို ပြန်ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ အားလုံးသိကြတဲ့ အတိုင်းပါပဲ။ ၂၀၁၂ ခုနှစ်မှာ ရခိုင်တိုင်းရင်းသူ မသီတာထွေး အသတ်ခံရမှု နဲ့ တောင်ကုတ်မှာ အစ္စလာမ် ဘာသာဝင်တွေ အစုလိုက် အပြုံလိုက် အသတ်ခံရမှု ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီ သတင်းတွေကို အစိုးရပိုင် သတင်းစာတွေမှာ ကျူးလွန်သူတွေရဲ့ လူမျိုး ဘာသာ ကိုပါ ထည့်သွင်းပြီး ဖော်ပြခဲ့ပါတယ်။ အရင်က လုပ်လေ့လုပ်ထ မရှိတဲ့ အစဉ်အလာ နဲ့ ဖော်ပြခဲ့တာပါ။ နောက်ပိုင်း ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂလီတွေ တိုက်ကြ ခိုက်ကြ၊ သတ်ကြ၊ ဖြတ်ကြ၊ ခုခံကြ၊ မီးတွေရှို့ကြ၊ ရွာတွေ ဖျက်ဆီးကြရင်း နှစ်ဖက် လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အများအပြား ဒါဏ်ရာရခဲ့ပါတယ်။ အကျိုးဆက်အဖြစ် ရခိုင် ဒုက္ခသည် ၄၀၀၀ ကျော်နဲ့ ဘင်္ဂလီ ဒုက္ခသည် တစ်သိန်းကျော် ဒုက္ခသည်စခန်း ရောက်ကုန်ပါတယ်။

    ဒီ အဖြစ်အပျက်တွေ ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ အစိုးရအာဏာပိုင်တွေရဲ့ ထိထိရောက်ရောက် အရေးယူမှု မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်လာပါတယ်။ ဥပမာအားဖြင့် အစ္စလာမ်ဘာသာဝင်တွေ အစုလိုက် အပြုံလိုက် တောင်ကုတ်မှာ အသတ်ခံရတဲ့ ကိစ္စ နှစ်ပေါက်သည်အထိ တရားခံ ဖမ်းမမိနိုင်ဖြစ်ခဲ့ပါတယ်။ ပဋိပက္ခ ဖြစ်ပွားတဲ့ လူမျိုးစုနှစ်ခု၊ ဘာသာနှစ်ခု အမုန်းတရား လျော့နည်းပပျောက်ရေး၊ အတူတကွ ပြန်လည်နေထိုင်နိုင်ရေး၊ တည်ငြိမ်အေးချမ်းလာရေး ဘယ်သူမှ ဦးဆောင် လုပ်ကိုင်ပေးတာ မတွေ့ကြရပါဘူး။ အစိုးရပိုင်းက လုပ်မပေးသလို ရခိုင် နိုင်ငံရေးခေါင်းဆောင်တွေကလည်း လုပ်မပေးကြပါဘူး။ ပိုပြီးဖြစ်ပွားလာတာက အစ္စလာမ် ဘာသာဝင်တွေနဲ့ ရခိုင်တွေကို သီးခြားစီ ခွဲထုတ်တဲ့ လှုပ်ရှားမှုတွေ၊ မဆက်ဆံရေး လှုပ်ရှားမှုတွေ၊ အမုန်းတရား လှုံ့ဆော်မှုတွေပဲ ပို ပိုပြီး ပျံ့နှံ့လာတာ တွေ့ရပါတယ်။

    ဒီလိုနဲ့ နောက်တစ်ကြိမ် ရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလာမ် ဘာသာဝင် ကမန်တိုင်းရင်းသားတွေ အကြမ်းဖက်မှု ဖြစ်ပွားပြန်ပါတယ်။ လူတစ်ချို့သေ၊ ဒုက္ခရောက်သူရောက် ဖြစ်ကြပါတယ်။ ဖြစ်စဉ်ကလည်း လတ်တလော စစ်တွေမှာ ဖြစ်ခဲ့တုန်းကလိုပါပဲ။ အစ္စလာမ် ဘာသာဝင် တစ်ယောက် ပြုမူပြောဆိုပုံကို လူအုပ်စုနဲ့ အပြစ်ပေးဖို့ ကြိုးစားရာကနေ နောက်ပိုင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ရခိုင်ပြည်နယ်ကို ရောက်နေချိန်ဖြစ်တော့ ထိထိရောက်ရောက် အရေးယူမယ် ဆိုပြီး ဖြစ်ခဲ့ပါသေးတယ်။ ရခိုင်တိုင်းရင်းသားတွေကို ဖမ်းဆီးစစ်ဆေးရင် လူအုပ်ကြီးက အဲဒီ လူတွေကို ပြန်ထုတ်ပေးဖို့ တောင်းဆိုကြပါတယ်။ ဒီလိုနည်းနဲ့ အဲဒီလို ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူမယ် ဆိုတဲ့ ကိစ္စ အဖျားရှူးသွားပါတယ်။ ဒီ နောက်ပိုင်းမှာလည်း အမုန်းတရား ဖြန့်ဖြူးနေသူတွေ၊ လှုပ်ရှားမှု လုပ်နေသူတွေကို ထိထိရောက်ရောက် အရေးယူတာ မရှိသလို လူမျိုးစုနှစ်စု ဘာသာနှစ်ခု အမုန်းတရားလျော့နည်း ပပျောက်အောင်၊ အတူတကွ အဆင်ပြေပြေနေနိုင်အောင် စီမံလုပ်ကိုင်ဆောင်ရွက်ပေးတာမျိုး မတွေ့ကြရပါဘူး။ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေဆိုရင် အကြမ်းဖက်သူတွေကပဲ မှန်သယောင် ပြောဆိုခဲ့ပြီး အစွန်းရောက်တွေရဲ့ ရေစီးကြောင်းထဲ မျောပြီး လိုက်ပါခဲ့ကြပါတယ်။

    နောက်ပိုင်း အစွန်းရောက်တွေ ပစ်မှတ် MSF ခေါ် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ ဘက်လှည့်လာပါတယ်။ တစ်ပြိုင်နက်တည်း အခြား နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေ ထွက်သွားအောင် တောင်းဆိုတာတွေ လုပ်လာပါတယ်။ မြောက်ဦးမှာဆို အင်န်ဂျီအို အဖွဲ့တွေကို လက်ခံထားသူဒေသခံ ရခိုင်တွေကိုပါ လက်မခံဖို့ အကြပ်ကိုင်တာတွေ လုပ်ခဲ့ပါတယ်။ နောက်ဆုံး အစိုးရက MSF ကို ရခိုင်ပြည်နယ်ထဲမှာ ဆက်လုပ်ကိုင်ခွင့် မပြုတော့ ရခိုင်ပြည်နယ်ထဲက ထွက်သွားကြရပါတယ်။ ဒါကို အစွန်းရောက်တွေက အောင်ပွဲခံကြပါတယ်။ နောက်ထပ် ပစ်မှတ်အဖြစ် ကျန်နေသေးတဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေဆီဘက် လှည့်ကြပါတယ်။ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေကလည်း MSF ဟာလွန်တယ်၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေကလည်း ဘင်္ဂလီဘက် လိုက်တယ် စသဖြင့် ပြောဆိုပြီး အစွန်းရောက် လှုပ်ရှားမှုကို စိတ်ဓာတ်အားဖြင့် ထောက်ခံခဲ့ကြပါတယ်။

    အခုနောက်ဆုံး ကိစ္စမှာလည်း ဒီ အတိုင်းပါပဲ။ အလံဖြုတ်ချတဲ့ နိုင်ငံခြားသူကို ပြစ်မှုကျူးလွန်တယ် ဆိုရင် တည်ဆဲဥပဒေအရ အရေးယူဖို့ပါပဲ။ ဒါပေမယ့် လူစုလူဝေးနည်းနဲ့ အပြစ်ပေးဖို့၊ မရရင် အကြမ်းဖက်ဖို့ ယဉ်ပါးနေပြီဖြစ်တဲ့ အစွန်းရောက်တွေဟာ နိုင်ငံခြားသူကို လူအုပ်စုနဲ့ အပစ်မပေးနိုင်တဲ့ အခါ နေအိမ်ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက် ဖျက်ဆီးပစ်ကြပါတယ်။ နောက်ပိုင်း အံ့သြစရာကောင်းလောက်အောင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေ နေထိုင်၊ ရုံးဖွင့်တဲ့ နေအိမ်တွေကို တိတိကျကျ လိုက်လံ အကြမ်းဖက် ဖျက်ဆီးနိုင်ခဲ့ကြပါတယ်။ ဒီ ပြသနာနဲ့ ပါတ်သက်ပြီး အစိုးရက ပြည်နယ် အစိုးရကို အပစ်တင်ပါတယ်။ ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေးသာအောင်ကတော့ မတ်လ ၃၀ သမ္မတ နဲ့ တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်မှာ ပြသနာပေါ်ခဲ့တဲ့ နိုင်ငံခြားသူကို ရည်ရွယ်ပြီး “ ကိုယ်နဲ့ မဆိုင်ပဲနဲ့ ဒီအလံကိုဖြုတ်ပြီး မဖွယ်မရာလုပ်တယ်၊ ရခိုင်ပြည်နယ်မှာ ထိလွယ်ရှလွယ် ဖြစ်နေတဲ့ အချိန်မှာ ဒီလို လုပ်လိုက်တော့ ပြသနာတက်တယ်။ ဒီလိုပြသနာဖြစ်တိုင်း ရခိုင်ပြည်နယ်မှာရှိတဲ့ အမျိုးသားတွေရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်။” ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ဥပဒေ ချိုးဖေါက်ပြီး လူစုလူဝေးနဲ့ အကြမ်းဖက်သူတွေကို အပစ်တင်စကား လုံးဝ မပြောခဲ့ပါဘူး။ နိုင်ငံခြားသူကြောင့် ဒီလို အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာဟာ သဘာဝ ကျသယောင် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    ဖြစ်စဉ်တစ်ခုလုံးကို ခြုံငုံ သုံးသပ်လိုက်ရင် လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြီးရဲ့ အစမှာ အစိုးရ သတင်းစာ ပါတ်သက်နေတာ တွေ့နိုင်ပါတယ်။ ဦးသိန်းစိန် အစိုးရဟာ ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက် လူအုပ်စု နှစ်စု ပြန်ပြီး သင့်မြတ်အောင်၊ ရခိုင်ပြည်နယ် အေးချမ်းအောင် လုပ်ဆောင်တာလည်း ဘာတစ်ခုမှ မတွေ့ရပါဘူး။ ပြသနာတိုင်းမှာ စ ပြီး အကြမ်းဖက်သူတွေ၊ နောက်ပိုင်း အကြမ်းဖက်မှု ကျူးလွန်သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူတာ မတွေ့ရပါဘူး။ ပြည်နယ် အစိုးရလည်း ထိုနည်း၎င်းပါပဲ။ အလားတူ ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေ ကလည်း ရခိုင်ပြည်နယ်မှာ လူမျိုးစုနှစ်ခု၊ ဘာသာနှစ်ခု အေးအေးချမ်းချမ်း အတူယှဉ်တွဲနေနိုင်အောင် ဘာတစ်ခုမှ အားထုတ်တာ မတွေ့ရပါဘူး။ ပထမတော့ ဘင်္ဂလီဆန့်ကျင်ရေး၊ နောက်တော့ ကိုယ့်နိုင်ငံသား ကမန်တွေအပါအ၀င် အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး၊ နောက် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ ဆန့်ကျင်ရေး တစ်ခုပြီးတစ်ခု ခြေလှမ်းလာတဲ့၊ ရခိုင်ပြည်နယ်ကို ဖျက်ဆီးနေတဲ့ အစွန်းရောက် အုပ်စုတွေရဲ့ လှုပ်ရှားမှုတွေကို ပြစ်တင်ရှုတ်ချ တားဆီးဖို့နေနေသာသာ အားပေးအားမြှောက်ဖြစ်စေတဲ့ စကားတွေကိုတောင် ပြောလိုက်ကြပါသေးတယ်။ ဒီအတွက် အားလုံးတာဝန်ရှိကြပါတယ်။ ဒီထဲမှာ အပြစ်တင်ခံရခြင်းကနေ ကင်းလွတ်နေတဲ့ အကြမ်းဖက်သမားတွေလည်း အပြစ်ရှိကြပါတယ်။ တာဝန်ရှိသူတွေ အပြစ်ရှိသူတွေကို မမြင်ပဲ ရခိုင်ပြည်နယ် အစိုးရလောက်ကိုပဲ တရားခံ ရှာနေရင်တော့ ပြသနာတွေ ပြေလည် ပြီးငြိမ်းသွားဖို့ လမ်းစ မမြင်နိုင်သေးပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

    စည်သူအောင်မြင့်။

    Link =>https://www.facebook.com/sithu.aungmyint/posts/269147206601420?stream_ref=10

  • ကိုးမားဖြစ်နေသည့် ရှူးမိတ်ကာ၏ အခြေအနေ အနည်းငယ်တိုးတက်ဟု မန်နေဂျာဆို

    ဧပြီ ၃၊ ၂၀၁၄
    M-Media

    – နှင်းလျောစီးရာမှ မတော်တဆဖြစ်ပြီး ကိုးမားရောဂါ ခံစားနေရသည့် ပြိုင်ကားမောင်းချန်ပီယံဟောင်း မိုက်ကယ် ရှူးမိတ်ကာ၏ အခြေအနေမှာ အနည်းငယ်တိုးတက်လာခဲ့ပြီဟု ၎င်း၏ မန်နေဂျာဖြစ်သူက ပြောကြားခဲ့သည်။

    michael-schmacher-main-2970335

    ဖော်မြူလာဝမ်း ချန်ပီယံ ၇ ကြိမ်ဖြစ်ထားသည့် ရှူးမိတ်ကာအား ပြင်သစ်နိုင်ငံတောင်ပိုင်း Grenoble မြို့ရှိ ဆေးရုံးတွင် အထူးကြပ်မတ်ကာ ကုသနေရဆဲဖြစ်ပြီး တိုးတက်သည့် လက္ခဏာများကို တွေ့နေရပြီဟု မန်နေဂျာဖြစ်သူ ဆဘီယင် ခမ်းက ပြောကြားခဲ့သည်။

    “ကျွန်မတို့ကိုအားတက်စေတဲ့ လက္ခာတွေ ရှိနေတယ်လို့ ကျွန်မပြောနိုင်ပါတယ်” ဟု ခမ်က ဆိုသည်။

    ရှူးမိတ်ကာ၏ အခြေအနေမှာ ပြန်လည်ကောင်းမွန်ရန် အလားအလာနည်းသောကြောင့် မိသားစုများက ဆွဇ်ဇလန်ရှိ ၎င်း၏နေအိမ်ကို ပေါင် ၁၀ သန်းတန်ဖိုးရှိမည့် ဆေးရုံသဖွယ်ပြုလုပ်ကာ ရှူးမိတ်ကာအား ဆေးရုံမှ ပြန်လည်ခေါ်ဆောင်ရန် ပြင်ဆင်နေသည်ဟူသောသတင်းအား ခမ်က ငြင်းဆိုခဲ့သည်။

    ရှူးမိတ်ကာမှာ ပြင်သစ်နိုင်ငံ အဲလ်ပ်စ်တောင်တန်းရှိ အပန်းဖြေစခန်းတစ်ခုတွင်  ပြီးခဲ့သည့် ဇန်န၀ါရီလနှောင်းပိုင်းက နှင်းလျောစီးရာမှ မတော်တဆဖြစ်ကာ ဦးခေါင်းမှာ ကျောက်တုံးနှင့် ရိုက်မိခဲ့သည်။ ထိုအချိန်မှာစ၍ ရှူးမိတ်ကာမှ သတိပြန်လည်လာခြင်းမရှိဘဲ ကိုးမားရောဂါခံစားနေရခြင်းဖြစ်သည်။
    Mirrror

  • အိန်ဂျလီနာဂျိုလီ ဆာရာယေဗိုသို့ သွားရောက် စစ်ပွဲတွင် သေဆုံးခဲ့သူများ ဂါရပြုခဲ့ပြီး ကျန်ရစ်သူများအား တွေ့ဆုံ

    အိန်ဂျလီနာဂျိုလီ ဆာရာယေဗိုသို့ သွားရောက် စစ်ပွဲတွင် သေဆုံးခဲ့သူများ ဂါရပြုခဲ့ပြီး ကျန်ရစ်သူများအား တွေ့ဆုံ

    ဧပြီ ၃၊ ၂၀၁၄
    M-Media

    – ကမ္ဘာကျော် ဟောလီးဝုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီမှာ စစ်အတွင်း အဓ္ဓမကျင့်မှုများအား ပပျောက်ရေး လှုံ့ဆော်ရန် ကုလ၏ အထူးကိုယ်စားလှယ် အဖွဲ့ နှင့်အတူ ဆာရာယေဗိုမြို့သို့ သွားရောက်ခဲ့သည်ဟုသိရသည်။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ သံတမန်လည်းဖြစ်သူ အသက် ၃၈ နှစ်အရွယ် ဂျိုလီမှာ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ၀ီလီယံဟေ့ဂ်နှင့် အတူ ဘော့စနီးယား ဟဇီဂိုဗီနာနိုင်ငံသို့ မတ်လ ၂၇ ရက်နေ့က သွားရောက်ခဲ့ခြင်းဖြစ်ပြီး၊ ဆာရာယေဗိုတွင် ပြုလုပ်မည့် ညီလာခံ တစ်ခုသို့လည်း တက်ရောက်ခဲ့သည်။

    ထိုညီလာခံတွင် စစ်အတွင်း အဓ္ဓမပြုကျင့်ခံရမှုနှင့် ပတ်သက်၍ ၎င်းတို့နှစ်ဦးက မိန့်ခွန်းပြောကြားခဲ့ပြီး ထို့ကဲ့သို့ အရပ်သားများအား အကြမ်းဖက်မှုကို တားဆီးရန်အတွက် ဆောင်ရွက်မှုကိုလည်း အားပေးထောက်ခံခဲ့သည်။ ထိုကဲ့သို့ အဓ္ဓပြုကျင့်မှာ အိုးအိမ် စွန့်ခွာထွက်ပြေးရသူများတွင် အများဆုံး ဖြစ်ပွား ပြီး ဆီးရီးယားနှင့် အာဖရိကနိုင်ငံများတွင် လက်ရှိဖြစ်ပွားနေသည်ဟု ဟေ့ဂ်က ပြောကြားခဲ့သည်။

    ဘော့စနီးယား စစ်ပွဲအတွင်း အမျိုးသမီး ၅ သောင်းခန့်မှာ အဓ္ဓမ ပြုကျင့်ခြင်း ခံခဲ့ရပြီး၊ ပြစ်မှုကျူးလွန်သူများအား ကုလသမဂ္ဂ ခုံရုံးတွင် တရားစွဲ ဆိုထား သည်။

    ဂျိုလီနှင့် ဟေ့ဂ်တို့မှာ စစ်အတွင်းသေဆုံး သွားသူများအတွက် တည်ဆောက်ထားသည့် Srebrenica အောက်မေ့ဖွယ်ပြတိုက်အား သွားရောက် ဂါရ၀ ပြုခဲ့ပြီး၊ လွမ်းသူ့ပန်းခွေလည်း ချခဲ့သည်။ ထို့ပြင် အဓ္ဓမပြုကျင့်ခံရသူများ၊ စစ်အတွင်းသေဆုံးသွားသူများ၏ ဇနီးသည်များနှင့်လည်း တွေ့ဆုံခဲ့သည်။ စစ်အတွင်း ၎င်းတို့ခံစားခဲ့ရသည်များကို နားထောင်ခဲ့သည့် ဂျိုလီမှာ မျက်ရည်များပင်ကျခဲ့သည်။

    အဆိုပါ ညီလာခံတွင် ဂျိုလီက “အဓ္ဓမ ကျင့်ခြင်းကို စစ်ပွဲရဲ့လက်နက်အဖြစ် အသုံးပြုခြင်းဟာ အရပ်သားများအပေါ် ကျူးလွန်တဲ့ အရိုင်းစိုင်း အကြမ်းကြုတ် ဆုံး ရာဇ၀တ်မှုတွေထဲက တစ်ခုပါ” ဟု ပြောကြားခဲ့သည်။

    ဂျိုလီမှာ အလှူဒါနပြုလုပ်သည့် အဖွဲ့အစည်းများအား ထောက်ပံ့ခြင်း၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးများ အတွက် ပညာပေးခြင်း စသည့် လူမှုအကျိုးပြု လုပ်ငန်းများကို လုပ်ကိုင်နေသူဖြစ်သည်။ ဘောစနီးယားတွင် ၁၉၉၂ မှ ၁၉၉၅ ခုအတွင်း ဖြစ်ပွားသည့် စစ်ပွဲအတွင်း အရပ်သား  ၈၀၀၀ကျော်မှာ သတ်ဖြတ်ခြင်းခံခဲ့ရသည်။

    Ref : Islam RU

  • ကမ္ဘာ့အခက်ခဲဆုံး သင်္ချာညီမျှခြင်း တစ်ခုအား ကာဇက်စတန်မှ မွတ်စလင် သင်္ချာပညာရှင်မှ ဖြေရှင်းခဲ့

    ကမ္ဘာ့အခက်ခဲဆုံး သင်္ချာညီမျှခြင်း တစ်ခုအား ကာဇက်စတန်မှ မွတ်စလင် သင်္ချာပညာရှင်မှ ဖြေရှင်းခဲ့

    ဧပြီ ၃၊ ၂၀၁၄
    M-Media

    – ကမ္ဘာပေါ်တွင် အခက်အခဲဆုံးထဲမှ တစ်ခုဟု ယူဆထားသည့် သင်္ချာညီမျှခြင်း တစ်ခုကို ကာဇက်စတန်ရှိ မွတ်စလင် သင်္ချာပညာရှင် တစ်ဦးက ဖြေရှင်းနိုင် ခဲ့သည်ဟု သိရသည်။

    Mukhtarbay Otelbayev, a professor at the Eurasian National University’s department of methods of mathematical simulation

    The Navier Stokes Equation ဟု အမည်ရသည့် အဆိုပါညီမျှခြင်းအား ၂၀၀၀ ခုနှစ်ကတည်းက အမေရိကန်ရှိ Clay သင်္ချာအင်စတီကျုမှ အခက်ခဲဆုံးညီမျှခြင်း တစ်ခုဟု သတ်မှတ်ထားပြီး၊ Eurasian အမျိုးသားတက္ကသိုလ် သင်္ချာဌာနမှ မွတ်စလင်ပရော်ဖက်ဆာ မွခ်သာဘေ အိုတဲလ်ဘိုင်ယစ်ဗ် ကဖြေရှင်းနိုင် ခဲ့ခြင်းဖြစ်သည်။ The Navier Strokes Equation မှာ သင်္ချာနယ်ပယ်တွင် ဆုငွေ ကန်ဒေါ်လာ ၁ သန်ပေးမည်ဟု ကြေညာထားသည့် အခက်ခဲဆုံးညီမျှခြင်း ၇ ခုထဲမှ တစ်ခုဖြစ်လေသည်။

    အဆိုပါ ညီမျှခြင်းမှာ ရာသီဥတု စနစ်၊ သမုဒ္ဒရာရေစီးကြောင်း၊ ရေပိုက် အတွင်းရှိ ရေစီးဆင်းမှုနှင့် တောင်ပံ တစ်ခုအနီးဖြစ်ပေါ်သည့် လေလမ်းကြောင်း စသည်တို့အား တိုင်းတာရာတွင် အသုံးချနိုင်ဖွယ်ရှိသောကြောင့် သင်္ချာ ပညာရပ်ဆိုင်ရာနှင့် စီးပွားရေး နယ်ပယ်တို့တွင် အသုံးဝင်သော ညီမျှခြင်းဖြစ်သည်။

    ထို့ပြင် နောက်ဆုံးပေါ်လေယာဉ် တစ်စီး လေပေါ်သို့ မြောက်သွားသည့်ဖြစ်ရပ် အပါအ၀င် အရာဝတ္ထု များစွာ၏ ရူပဗေဒဆိုင်ရာ နိယာမများကိုလည်း ဖော်ပြနိုင်ဖွယ် ရှိသည်။ ထိုညီမျှခြင်း၏ ပြည့်စုံ၍ ရှင်းလင်း လွယ်ကူသော ပုံစံက လေယာဉ်ပျံနှင့် ကားဒီဇိုင်းများ၊ သွေးစီးဆင်းမှုအား လေ့လာခြင်း၊ လျှပ်စစ်ဓာတ်အား စက်ရုံဒီဇိုင်းများ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် အခြားသော အရာများဆောင်ရွက်ရာတွင်လည်း အထောက်အကူ ပြုနိုင်ဖွယ် ရှိနေသည်။

    The Navier Strokes Equation ၏ မူလပုံစံကို ၁၉ ရာစုက ရေးသားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၂၁ ရာစုအထိ ထိုညီမျှခြင်း၏ အလိုသဘောကို နားလည်နိုင်ခြင်း မရှိခဲ့ပေ။ ပြင်သစ်နှင့် ဗြိတိန်မှ သင်္ချာပညာရှင်များဖြစ်သော Claude-Louis Navier နှင့် George Gabriel Stoke တို့က ထိုညီမျှခြင်းအား ဖြေရှင်းရန် အချိန်ပေါင်းများစွာ ကြိုစားခဲ့ပြီးနောက် ၎င်းတို့အားအစွဲပြု၍ Navier Stokes ညီမျှခြင်းဟု ခေါ်တွင်ခဲ့ခြင်းဖြစ်သည်။

    အမေရိကန်ပြည်ထောင်စု Rhode ကျွန်း Providence မြို့တွင်အခြေစိုက်ပြီး အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သော Clay သင်္ချာအင်စတီကျုကမူ ထိုညီမျှခြင်းမှာ အရည်လှုပ်ရှားမှုကိုဖော်ပြသည့် ညီမျှခြင်းဟု ခန့်မှန်းရှင်းပြခဲ့သည်။ ထို့နောက် ထိုညီမျှခြင်းအား သင်္ချာနယ်ပယ်၏ ဖြေရှင်းရခက်သော ညီမျှခြင်း ၇ ခုထဲမှ တစ်ခုဖြစ်သည်ဟုဆိုပြီး၊ ထိုညီမျှခြင်းအား ဖြေရှင်းနိုင်ခြင်း သို့မဟုတ် ဥပမာတစ်ခုပေးနိုင်ပါက ဆုငွေ ကန်ဒေါ်လာ ၁ သန်း ချီးမြှင့်မည်ဟု ကြေညာခဲ့သည်။

    အိုတဲလ်ဘိုင်ယစ်ဗ်ကမူ ၎င်း၏တွေ့ရှိချက်အား အနောက်တိုင်း ပညာရှင်များက သဘောတူညီမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဆုကြေးငွေရရှိခဲ့ပါက သုံးစွဲလိုချင်းမရှိဘဲ၊ မိသားစုနှင့်တိုင်ပင်ကာ မိဘမဲ့ကလေးများအား လှူဒါန်းသွားမည်ဟု ၎င်းက ဆိုသည်။ Navier Stokes ညီမျှခြင်းအတွက် မိမိ၏ အဖြေကို ကာဇက်စတန်မှ သင်္ချာပညာရှင် ၃ ဦးနှင့် ရုရှားမှ ပညာရှင်တစ်ဦးတို့က လက်ခံခဲ့ကြသည်ဟု အိုတဲလ်ဘိုင်ယစ်ဗ်က ထည့်သွင်းပြောကြားခဲ့သည်။

    Source : IINA