News @ M-Media

Blog

  • စစ်ကောင်စီ၏ အဓမ္မအမိန့်ကြောင့် နယ်စည်းမခြားဆရာဝန်များအဖွဲ့ လုပ်ငန်းရပ်ဆိုင်းထားရ

    စစ်ကောင်စီ၏ အဓမ္မအမိန့်ကြောင့် နယ်စည်းမခြားဆရာဝန်များအဖွဲ့ လုပ်ငန်းရပ်ဆိုင်းထားရ

    ဇွန် ၁၀၊ ၂၀၂၁
    M-Media

    -စစ်ကောင်စီရဲ့ အဓမ္မဖိအားပေးမှုကြောင့် ထားဝယ်မြို့မှာ ဆေးဘက်ဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရတယ်လို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF က ထုတ်ပြန်ပါတယ်။

    ထားဝယ်မှာ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ INGO တွေ လုပ်ငန်း ဆက်လက်လုပ်ဆောင်ခြင်း မပြုဖို့ စစ်ကောင်စီအာဏာပိုင်တွေက ပြီးခဲ့တဲ့တစ်ပတ်မှာ စာထုတ်ဟန့်တားခဲ့တာပါ။

    MSF က သူတို့လည်း ဒီစာကို လက်ခံရရှိခဲ့ပြီး အကူအညီပေးမှုတွေ ရပ်ဆိုင်းလိုက်ရတာကြောင့် HIV နဲ့ တီဘီလူနာ ထောင်နဲ့ချီ ဆေးဝါးပြတ်တောက်ကာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမျိုးအထိ ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အလွန်အမင်း ပျက်ယွင်းနေတဲ့ အခုလိုအချိန်မျိုးမှာ MSF ရဲ့ ကူညီမှုတွေကို ရပ်ဆိုင်းလိုက်ရတာကြောင့် မိမိတို့လူနာ တော်တော်များများမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်လာနိုင်ပါတယ်” လို့ MSF ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ထား၀ယ်မြို့နဲ့ အနီးအနားပတ်ဝန်းကျင်မှာ MSF ကနေ အခမဲ့ ကုသပေးနေတဲ့ HIV လူနာ ၂၁၆၂ ဦး ရှိနေပြီး ဘာ့ကြောင့် သူတို့ရဲ့ ကူညီမှုကို တားမြစ်ရလဲဆိုတာ အာဏာပိုင်တွေကို ပြန်မေးထားကာ၊ အမိန့်ကို ရုပ်သိမ်းပေးဖို့လည်း တောင်းဆိုထားကြောင်း MSF က ဆိုပါတယ်။

    စစ်အာဏာသိမ်းမှုနောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ပျက်ယွင်းလာပြီး၊ အကူအညီပေးရေးအဖွဲ့တွေကို အခုလို ပိတ်ပင်လိုက်တဲ့အတွက် တီဘီနဲ့ အခြားကူးစက်ရောဂါအန္တရာယ် ပိုမိုမြင့်တက်လာနိုင်တယ်လို့လည်း MSF က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: AFP

  • ကယားပြည်နယ်တွင် လူအစုလိုက်အပြုံလိုက် သေဆုံးနိုင်ကြောင်း ကုလ သတိပေး

    ကယားပြည်နယ်တွင် လူအစုလိုက်အပြုံလိုက် သေဆုံးနိုင်ကြောင်း ကုလ သတိပေး

    ဇွန် ၉၊ ၂၀၂၁
    M-Media

    ကားပြည်နယ်မှ မြင်ကွင်းတစ်ခု

    -စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုနဲ့ နောက်ဆက်တွဲပြဿနာတွေကြောင့် ကယားပြည်နယ်မှာ လူအစုလိုက်အပြုံလိုက် သေဆုံးနိုင်ချေ ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက ပြောကြားလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှု ပေါ်ပေါက်လာခဲ့တာပါ။ အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်တာကြောင့် လက်နက်ကိုင်တော်လှန်ရေးလည်း ပေါ်လာပါတယ်။

    ကယားပြည်နယ်က ဒေသတစ်ချို့မှာ ပြည်သူတွေဟာ ရရာလက်နက်စွဲကိုင်ကာ တော်လှန်နေကြပြီး၊ စစ်ကောင်စီတပ်တွေကလည်း လက်နက်ကြီးတွေအပါအဝင် အင်အားအလွန်အကျွံသုံးကာ တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

    တွမ်အန်ဒရူးရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှု၊ ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘယတွေကြောင့် ကယားပြည်နယ်မှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်သူငယ်တွေ လူအစုလိုက်အပြုံလိုက် သေဆုံးနိုင်ချေရှိတယ်လို့ သတိပေးခဲ့ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အမြန်ဆုံး ကြားဝင်ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

    မြန်မာနိုင်ငံအခြေစိုက် ကုလရုံးကလည်း ကယားပြည်နယ်မှာ အကြမ်းဖက်မှုကြောင့် လူ တစ်သိန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး တောတောင်တွေထဲမှာ ခိုလှုံနေရတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

    ထွက်ပြေးရသူတွေ၊ စစ်တပ်ရဲ့ ဗုံးကြဲမှု၊ လက်နက်ကြီးနဲ့တိုက်ခိုက်မှုဒဏ်ကို ခံနေရတဲ့ နေရာက လူတွေဟာ အစားအစာ၊ ရေ၊ နေစရာ၊ လောင်စာဆီနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့လည်း ကုသမဂ္ဂက ပြောပါတယ်။

    “ဒီပြဿနာကြောင့် လူတွေဟာ ဘေးလွတ်ရာ နိုင်ငံတကာ နယ်နမိတ်တွေဆီ ထွက်ပြေးရတာမျိုး ဖြစ်နိုင်ပါတယ်။ အရပ်သားတွေနဲ့ အရပ်ဖက် အဆောက်အဦးတွေကို ကာကွယ်ရေး လိုအပ်တဲ့ ဆောင်ရွက်မှုတွေ၊ ကြိုတင်စီစဉ်မှုတွေ လုပ်ဆောင်ဖို့ သက်ဆိုင်သူအားလုံးကို တိုက်တွန်းပါတယ်” လို ကုလရုံးရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref: Aljazeera

  • ကိုဗစ်ကာကွယ်ဆေး တစ်နေ့လျှင် လူတစ်သန်းထိုးနိုင်အောင် အင်ဒိုနီးရှားက ဆောင်ရွက်မည်

    ကိုဗစ်ကာကွယ်ဆေး တစ်နေ့လျှင် လူတစ်သန်းထိုးနိုင်အောင် အင်ဒိုနီးရှားက ဆောင်ရွက်မည်

    ဇွန် ၉၊ ၂၀၂၁
    M-Media

    -ဇူလိုင်လမှာ တစ်နေ့ကို လူတစ်သန်းလောက် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်အောင် ဆောင်ရွက်သွားမယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားလိုက်ပါတယ်။

    အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ ကိုဗစ်ကပ်ရောဂါဒဏ်ကို အဆိုးရွားဆုံး ခံစားရတဲ့နိုင်ငံဖြစ်ပြီး ၁.၈၇ သန်း ကူးစက်ကာ သေဆုံးသူက ၅ သောင်းကျော် ရှိပါတယ်။

    ကာကွယ်ဆေးထိုးနှံမှုကိုတော့ အခုနှစ်အစောပိုင်းမှာ စတင်ခဲ့ပြီး လက်ရှိ အင်ဒိုနီးရှားမှာ Sinovac၊ Sinopharm နဲ့ AstraZeneca ကာကွယ်ဆေးတစ်မျိုးမျိုး ၂ ကြိမ်ထိုးထားသူ အနည်းဆုံး ၁၁.၄၃ သန်း ရှိပါတယ်။

    ဂျကာတာတောင်ဘက် ဒီပို့မြို့ကို ဒီကနေ့ သွားရောက်မှုအတွင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ဇွန်လအတွင်း တစ်နေ့ကို လူ ၇ သိန်း ကာကွယ်ဆေးထိုးပေးနိုင်အောင် စီစဉ်မှာဖြစ်ပြီး နောက်လမှာတော့ အရေအတွက် ထပ်တိုးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဇူလိုင်လမှာ တစ်နေ့ လူတစ်သန်းလောက်ကို ကာကွယ်ဆေးထိုးပေးနိုင်မှာ ဖြစ်ပါတယ်”

    အင်ဒိုနီးရှားမှာ စုစုပေါင်း လူဦးရေ သန်း ၂၇၀ ရှိပြီး အခုနှစ်အကုန်မှာ ၁၈၁.၅ သန်းလောက်ကို ကာကွဆေးထိုးပေးနိုင်ဖို့ အစိုးရက ရည်မှန်းထားပါတယ်။ မေလ ၃၁ ရက်နေ့အထိ အင်ဒိုနီးရှားမှာ ​ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၇၆ သန်း အဆင်သင့်ထိုးနိုင်တဲ့အနေအအထားမှာ ရှိနေတာဖြစ်ပါတယ်။

    ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းကို တိုးမြှင့်လုပ်ဆောင်နေပေမယ့် ပုံပြောင်းကိုဗစ် ပြန့်နှံ့မယ့်အန္တရာယ် ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

    Ref: CNA

  • ဆက်ဆံရေးပျက်မည်မဟုတ်ဟု စစ်ကောင်စီကို တရုတ်က သတင်းစကားပါး

    ဆက်ဆံရေးပျက်မည်မဟုတ်ဟု စစ်ကောင်စီကို တရုတ်က သတင်းစကားပါး

    ဇွန် ၉၊ ၂၀၂၁
    M-Media

    FILE PHOTO: China’s State Councilor and Foreign Minister Wang Yi attends a meeting with Russia’s Foreign Minister Sergei Lavrov in Guilin, China March 22, 2021. Russian Foreign Ministry/Handout via REUTERS

    -မြန်မာနိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးဟာ ပြည်တွင်း၊ ပြည်ပ အခြေအနေတွေကြောင့် ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အာဏာသိမ်းစစ်ကောင်စီကို သတင်းစကား ပါးလိုက်ပါတယ်။

    တရုတ်နိုင်ငံ ချုံကျင့်မြို့မှာ ပြုလုပ်နေတဲ့ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီကခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဍမောင်လွင်ကို ဝမ်ယီက အခုလို ပြောလိုက်တာပါ။

    လက်ရှိ မြန်မာနိုင်ငံက ပြဿနာမှာ သက်ဆိုင်သူအားလုံး နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကတစ်ဆင့် ကွဲလွဲမှုတွေကို စေ့စပ်ဖြေရှင်းတာမျိုးကို တရုတ်နိုင်ငံက ထောက်ခံတယ်လို့လည်း ဝမ်ယီက ဆိုပါတယ်။

    ဦး၀ဏ္ဍမောင်လွင်ကတော့ သူတို့စစ်ကောင်စီဟာ နိုင်ငံတည်ငြိမ်ရေး ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာ့အရေးကို အာဆီယံကဦးဆောင်ပြီး ဖြေရှင်းရေးမှာ တရုတ်နိုင်ငံက ဆက်လက် ပါဝင်ဆောင်ရွက်သွားမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Nikkei Asia

    (ဓာတ်ပုံ – တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် စစ်ကောင်စီဥက္ကဌ)

  • အာဏာသိမ်းပြီး အကြမ်းဖက်နေသည့် စစ်ကောင်စီကို ဂျပန်အောက်လွှတ်တော် ရှုတ်ချ

    အာဏာသိမ်းပြီး အကြမ်းဖက်နေသည့် စစ်ကောင်စီကို ဂျပန်အောက်လွှတ်တော် ရှုတ်ချ

    ဇွန် ၈၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းမှုအပေါ် ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ဂျပန်အောက်လွှတ်တော်မှာ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

    ဒီအာဏာသိမ်းမှုဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုနဲ့ မျှော်လင့်ချက်တွေကို နင်းခြေဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပြီး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး သံတမန်နည်းလမ်း၊ အခြား ကြိုးပမ်းအားထုတ်မှုပေါင်းစုံနဲ့ လုပ်ဆောင်သွားဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    စစ်တပ်ဟာ သူတို့ရဲ့လုပ်ရပ်အတွက် အကြောင်းပြချက်ပေးလို့မရဘဲ မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရှိတယ်လို့လည်း ဂျပန်အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

    အရပ်သားတွေအပေါ် စစ်ကောင်စီတပ်တွေက အကြမ်းဖက်တာကို ချက်ခြင်းရပ်တန့်ဖို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ခြင်းလွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

    ဂျပန်အထက်လွှတ်တော်ကလည်း လာမယ့်သောကြာနေ့မှာ အလားတူ ဆုံးဖြတ်ချက်မျိုး ချမှတ်ဖို့ ရှိနေပါတယ်။

    ဂျပန်အစိုးရ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ အတွင်းရေးမှူး ကက်ဆူနိုဘူ ကာတိုက အာဏာသိမ်းမှု၊ အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်တွေက အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို ရှုတ်ချကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

    အခြေအနေ တိုးတက်မှုမရှိဘူးဆိုရင် မြန်မာနိုင်ငံနဲ့ ဆက်ဆံမှု ရပ်ဆိုင်းသွားမယ့်အတွက် ဂျပန်စီးပွားရေးလုပ်ငန်းတွေ ထိခိုက်မှာဖြစ်ကြောင်း၊ ဒါပေမယ့် မိမိတို့မှာ ရွေးစရာမရှိကြောင်း ကာတိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Kyodo News