News @ M-Media

Blog

  • ကနေဒါတွင် မွတ်စလင်မိသားစုတစ်စု ကားဖြင့် တိုက်သတ်ခံရ၊ ၄ ဦးသေဆုံး

    ကနေဒါတွင် မွတ်စလင်မိသားစုတစ်စု ကားဖြင့် တိုက်သတ်ခံရ၊ ၄ ဦးသေဆုံး

    ဇွန် ၈၊ ၂၀၂၁
    M-Media

    အခင်းဖြစ်ပွားရာနေရာတွင် ကနေဒါပြည်သူများ ပန်းစည်းလာချနေမှု

    -ကနေဒါနိုင်ငံတောင်ပိုင်းက မြို့တစ်မြို့မှာ မွတ်စလင်မိသားစုတစ်စု ကားနဲ့တိုက်သတ်ခံရပြီး ရဲတပ်ဖွဲ့က ဒါဟာ ဘာသာရေးမုန်းတီးမှုကို အခြေခံတဲ့ ရာဇဝတ်မှု ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    ဒီအဖြစ်အပျက်ဟာ အွန်တာရီယိုပြည်နယ် လန်ဒန်မြို့မှာ တနင်္ဂနွေနေ့ညပိုင်းက ဖြစ်ပွားခဲ့တာပါ။ လူ ၅ ယောက်ပါတဲ့ မိသားစုတစ်စု မျဉ်းကြားမှာ လမ်းကူးဖို့ စောင့်ဆိုင်းနေစဉ်အနက်ရောင် ပစ်ကတ်ထရက်ကားက ပလက်ဖောင်းကိုကျော်ပြီး ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

    အသက် ၇၄ နှစ်အရွယ် အဘွားအိုတစ်ဦး နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ အသက် ၄၆ နှစ်အရွယ် အမျိုးသား၊ ၄၄ နှစ်အရွယ် အမျိုးသမီးနဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တို့ ဆေးရုံအရောက်မှာ သေဆုံးသွားပါတယ်။ အသက် ၉ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးက ဒဏ်ရာဆိုးဆိုးရွားရွား ရခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

    ကားနဲ့ တိုက်သတ်သူဟာ အသက် ၂၀ အရွယ် နသန်နီယဲလ် ဗဲလ်တ်မန်ဆိုသူဖြစ်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

    “အမုန်းတရားကြောင့် ကြိုတင်စီစဉ်ပြီး တိုက်ခိုက်မှုလုပ်ခဲ့တယ်ဆိုတဲ့ အထောက်အေား တွေ့ရပါတယ်။ မွတ်စလင်ဖြစ်နေတဲ့အတွက် ဒီလိုတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ သံသယရှိသူနဲ့ ထိခိုက်ခံစားရတဲ့သူတွေကြားမှာ အရင်က အဆက်အသွယ်မရှိပါဘူး” လို့ လန်ဒန်မြို့ ရဲတပ်ဖွဲ့က တာဝန်ရှိသူ ပေါလ်ဝိုက်က ပြောကြားခဲ့ပါတယ်။

    ကျူးလွန်သူ ဗဲလ်တ်မန်ကို ပထမအဆင့် လူသတ်မှု ၄ မှု၊ လူသတ်ရန်ကြိုးစားမှု ၁ မှုနဲ့ တရားစွဲဆိုထားပါတယ်။ ဗဲလ်တ်မန်ကို အကြမ်းဖက်မှုနဲ့ စွဲချက်တင်နိုင်ဖို့ ဖက်ဒရယ်ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းနေတယ်လို့လည်း ပေါလ်၀ိုက်က ဆိုပါတယ်။

    “ဒီအဖြစ်အပျက်ကြောင့် လူ့အဖွဲ့အစည်းမှာ စိုးရိမ်ကြောက်ရွံမှုတွေ ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ အထူးသဖြင့် မွတ်စလင်လူ့အဖွဲ့အစည်း၊ အမုန်းတရား ဒဏ်ခံရတဲ့ အခြားလူ့အဖွဲ့အစည်းတွေမှာပါ။ ကျွန်တော်တို့အားလုံး ခင်ဗျားတို့ဘက်မှာရှိနေပြီး၊ အခြားသူတွေလည်း ခင်ဗျားတို့ကို အားပေးကူညီဖို့ ရှိနေတယ်ဆိုတာ လန်ဒန်မြို့သူမြို့သားအားလုံးကို ကျွန်တော် အခိုင်အမာပြောကြားလိုပါတယ်”

    ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူဒူက တိုက်ခိုက်မှုအတွက် အလွန်အမင်း စိုးရိမ်ထိတ်လန့်မိတယ်လို့ တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    “ကျွန်တော်တို့အားလုံး ခင်ဗျားတိုနဲ့အတူ ရှိတယ်ဆိုတာ မနေ့က အမုန်းတရားနဲ့ အကြမ်းဖက်ခံလိုက်ရသူတွေရဲ့ ချစ်ရခင်ရသူတွေကို ပြောချင်ပါတယ်။ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတဲ့ ကလေးအတွက်လည်း စာနာ ဝမ်းနည်းမိတယ်။ ဝေဒနာ သက်သာပျောက်ကင်းပါစေလို့ အားလုံးက ဆုတောင်းပေးနေပါတယ်”

    “လန်ဒန်မြို့က မွတ်စလင်လူ့အဖွဲ့အစည်း၊ နိုင်ငံတစ်ဝှမ်းက မွတ်စလင်လူ့အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ တစ်သားတည်းရှိကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့တိုင်းပြည်က ဘယ်လူ့အဖွဲ့အစည်းမှာမှ အစ္စလာမ်ကြောက်ရောဂါအတွက် နေရာမရှိပါဘူး။ စက်ဆုပ်ဖွယ်ကောင်းတဲ့ ဒီအမုန်းတရား စိမ့်ဝင်ပြန့်နှံ့မှုကို လုံး၀ တားဆီးရပါမယ်”

    Ref: CNN

  • မြန်မာ့အရေးဖြေရှင်းရန် နှေးကွေးနေမှုအတွက် စင်ကာပူ စိတ်ပျက်

    မြန်မာ့အရေးဖြေရှင်းရန် နှေးကွေးနေမှုအတွက် စင်ကာပူ စိတ်ပျက်

    ဇွန် ၈၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ပြဿနာ ဖြေရှင်းရေး အလွန်နှေးကွေးနေတာဟာ စိတ်ပျက်စရာကောင်းတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှ်နန်က ပြောကြားလိုက်ပါတယ်။

    တရုတ်နိုင်ငံ ချုံချင့်မြို့မှာ ပြုလုပ်နေတဲ့ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မနေ့က ဒီလို ပြောလိုက်တာပါ။

    “အကြမ်းဖက်မှု ချက်ခြင်းရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့၊ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအားလုံးအကြား အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ဖို့ လိုအပ်တယ်ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့အားလုံး သဘောတူထားပြီးသားပါ” လို့ ဘာလာကရစ်ရှ်နန်က ပြောပါတယ်။

    မြန်မာနိုင်ငံကိုယ်တိုင်က စစ်မှန်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ၊ ပြန်လည်ရင်ကြားစေ့ရေးတွေ လုပ်ဆောင်ဖို့ စိတ်ဆန္ဒရှိမှသာ အာဆီယံအဖွဲ့က အထူးကိုယ်စားလှယ် ခန့်တာဟာ အဓိပ္ပါယ်ရှိလိမ့်မယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ရိုးရိုးသားသားပြောရရင် တိုးတက်မှု အလွန်အမင်း နှေးကွေးနေတာကို ကျွန်တော်တို့ စိတ်ပျက်မိပါတယ်။ အရပ်သားတွေ ထိခိုက်၊ သေကြေနေတာကို စိတ်မကောင်းစွာနဲ့ပဲ ကျွန်တော်တို့ ကြားသိနေရတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာမျိုး မရှိဘူး။ အဓိပ္ပါယ်ပြည့်၀တဲ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု လုပ်မယ်ဆိုတဲ့ လက္ခဏာမျိုးလည်း မတွေ့ရပါဘူး။ ဒီအနေအထားကို ကျွန်တော်တို့ စောင့်ကြည့်နေရမှာပါ”

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေးအတွက် ဧပြီလမှာ အာဆီယံ ထိပ်သီးအစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး အချက် ၅ ချက်ကို သဘောတူညီခဲ့ကြပါတယ်။

    စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက အာဆီယံရဲ့ အဓိကတာဝန်ဟာ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ဖို့ဖြစ်တယ်လို့လည်း မနေ့က အာဆီယံ-တရုတ် အစည်းအဝေးမှာ ထပ်လောင်းပြောကြားခဲ့ပြီး နောက်ဆုံးမှာ မြန်မာပြည်သူတွေကသာ သူတို့ရဲ့အနာဂတ်ကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ရလိမ့်မယ်လို့ ဆိုပါတယ်။

    “ကူညီဖို့၊ ပံ့ပိုးပေးဖို့၊ ဖြစ်နိုင်ရင် စေ့စပ်ညှိနှိုင်းပေးဖို့ အာဆီယံက အဆင်သင့်ရှိပါတယ်။ ဒါပေမယ့် အချိန်တော့ ပေးရပါလိမ့်မယ်။ စိတ်ပျက်စရာကောင်းပေမယ့် မျှော်လင့်ချက်ကို စွန့်လိုက်လို့တော့ မရပါဘူး”

    Ref: CNA

  • ၂၀၂၁ ခုနှစ် ဟဂျ်ကိစ္စ လာမည့်ရက်ပိုင်းအတွင်း ဆော်ဒီက ထုတ်ပြန်မည်

    ၂၀၂၁ ခုနှစ် ဟဂျ်ကိစ္စ လာမည့်ရက်ပိုင်းအတွင်း ဆော်ဒီက ထုတ်ပြန်မည်

    ဇွန် ၇၊ ၂၀၂၁
    M-Media

    ၂၀၂၀ ဟဂျ်ကျင့်စဉ်မြင်ကွင်း

    -ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာမယ့် စိန်ခေါ်မှုတွေကို လေ့လာသုံးသပ်မှု ပြုလုပ်ခဲ့ပြီး လာမယ့်ရက်ပိုင်းအတွင်း ဟဂျ်နဲ့ပတ်သက်တဲ့ အစီအစဉ်တွေကို ထုတ်ပြန်မယ်လို့ ဆော်ဒီအာရေဗျက ပြောကြားလိုက်ပါတယ်။

    ယခုနှစ် ဟဂျ်ဘုရားဖူးကာလဟာ လာမယ့် ဇူလိုင်လမှာ ကျရောက်မှာပါ။ ပုံမှန်အားဖြင့် ဒီကာလမှာ ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင် သန်းနဲ့ချီ လာရောက်ဟဂျ်ပြုကျပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ် ဟဂျ်ကာလမှာ နိုင်ငံအတွင်းက လူတစ်ထောင်ကိုသာ ဆော်ဒီက ဟဂျ်ပြုခွင့် ပေးခဲ့ပါတယ်။

    အခုနှစ် ဟဂျ်ကာလမှာလည်း ဆော်ဒီအစိုးရဟာ လူအများအပြားကို ခွင့်ပြုမှာမဟုတ်ဘူးလို့ သတင်းတွေ ထွက်နေတာပါ။

    ဆော်ဒီ ခေတ္တ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ မဂျစ် အလ်-ကာဆာဘီက အစိုးရအာဏာပိုင်တွေဟာ ကိုဗစ်ကပ်ရောဂါ နောက်ဆုံးအခြေအနေတွေကို လေ့လာသုံးသပ်မှု ပြုလုပ်ခဲ့ပြီး ဟဂျ်နဲ့ အွမ္မရာဝန်ကြီးဌာနက ရက်ပိုင်းအတွင်း ဟဂျ်ကိစ္စကို ထုတ်ပြန်ပေးမလိမ့်မယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြေားခဲ့ပါတယ်။

    ပုံပြောင်းကိုဗစ် ပြန့်နှံမှုကို သေသေချာချာ တွက်ချက်ဖို့ အရေးကြီးတယ်လို့လည်း အလ်-ကာဆာဘီက ပြောပါတယ်။

    “ဟဂျ်ကာလဟာ နိုင်ငံအတွင်းနဲ့ မွတ်စလင်ကမ္ဘာမှာ ကိုဗစ်ပြန့်နှံ့မယ့် အဓိကအကြောင်းတရား ဖြစ်လာတာမျိုးကို ကျွန်တော်တို့ မလိုလားပါဘူး”

    ဆော်ဒီဟာ အွမ္မရာဟ်ဘုရားဖူးအစီအစဉ်ကိုတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ပြန်ဖွင့်ပေးခဲ့ပြီး လူအကန့်အသတ်၊ တင်းကြပ်တဲ့ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ခွင့်ပြုတာ ဖြစ်ပါတယ်။

    Ref: Arab News

  • ကိုဗစ်တိုက်ဖျက်ရေး ချမ်းသာသည့်နိုင်ငံများက ကူညီပေးရန် ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ တောင်းဆို

    ကိုဗစ်တိုက်ဖျက်ရေး ချမ်းသာသည့်နိုင်ငံများက ကူညီပေးရန် ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ တောင်းဆို

    ဇွန် ၇၊ ၂၀၂၁
    M-Media

    -ကိုဗစ်ဗိုင်းရပ် ပုံပြောင်းပြီး ကမ္ဘာကြီးအပေါ် နောက်ထပ် ခြိမ်းခြောက်လာနိုင်ချေကို တားဆီးဖို့အတွက် ချမ်းသာတဲ့နိုင်ငံတွေက ဆင်းရဲတဲ့နိုင်ငံတွေကို ကူညီပေးကြဖို့ ကမ္ဘာ့ခေါင်းဆောင်ဟောင်းတွေက တိုက်တွန်းလိုက်ပါတယ်။

    ကမ္ဘာ့နိုင်ငံတွေက သမ္မတဟောင်းတွေ၊ ဝန်ကြီးချုပ်ဟောင်းတွေနဲ့ နိုင်ငံခြာရေးဝန်ကြီးဟောင်း ၁၀၀ လောက်က ဖွံ့ဖြိုးပြီးနိုင်ငံများအဖွဲ့ G7 ကို စာနဲ့ မေတ္တာရပ်ခံ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

    G7 ထိပ်သီးအစည်းအဝေးကို အခုတစ်ပတ် သောကြာနေ့ကျရင် အင်္ဂလန်နိုင်ငံမှာ ပြုလုပ်မှာပါ။

    ၂၀၂၀ ခုနှစ်မှာ ကိုဗစ်တိုက်ဖျက်ရေး ကမ္ဘာ့နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်မှု မအောင်မြင်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ်က ခေတ်သစ်တစ်ခုကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ ခေါင်းဆောင်ဟောင်းတွေရဲ့စာမှာ ဖော်ပြထားပါတယ်။

    “ဝင်ငွေအလယ်အလတ်၊ ဝင်ငွေနိမ့်ပါးတဲ့နိုင်ငံတွေမှာ ကာကွယ်ဆေး လွယ်လွယ်ကူကူ အဆင်သင့်ရအောင် G7 နဲ့ G20 နိုင်ငံတွေက ကူညီပေးတာမျိုးဟာ အလှူဒါနဆိုတာမျိုးထက် နိုင်ငံတိုင်းရဲ့ မဟာဗျူဟာအကျိုးစီးပွား ဖြစ်ပါတယ်”

    ဒီမေတ္တာရပ်ခံစာကို လက်မှတ်ရေးထိုးခဲ့သူတွေထဲမှာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန်ဘရောင်းနဲ့ တိုနီဘလဲ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်တို့လည်း ပါဝင်ပါတယ်။

    လာမယ့် ၂ နှစ်အတွင်း ကမ္ဘာတစ်ဝှမ်းမှာ ကိုဗစ်ကပ်ရောဂါကို တိုက်ဖျက်ဖို့ ကန်ဒေါ်လာ ဘီလီယံ ၃၀ လောက် ကုန်ကျမှာဖြစ်ပြီး G7 နိုင်ငံတွေက ဒီကုန်ကျစားရိတ်အတွက် ထည့်ဝင်ဖို့လည်း ကမ္ဘာ့ခေါင်းဆောင်ဟောင်းတွေက တိုက်တွန်းခဲ့ပါတယ်။

    “G7 နိုင်ငံတွေက ဒီလိုထည့်ဝင်တာဟာ အလှူဒါနပြုတာမျိုးတင် မကဘဲ ပုံပြောင်းကိုဗစ် ပြန့်နှံ့ကာ လူသားတွေထံ တစ်ကျော့ပြန် ခြိမ်းခြောက်လာမှုကို ကိုယ်တိုင်ကိုယ်ကျ ကာကွယ်တာ ဖြစ်ပါတယ်။ ယူကကေ လူတစ်ယောက် တစ်ပတ်ကို ပြား ၃၀ လောက်သာ ထည့်ဝင်ရမယ့် ပမာဏဟာ မဖြစ်စလောက်ဖြစ်ပေမယ့် ကမ္ဘာကြီးအတွက် အကောင်းဆုံး အာမခံမူဝါဒအတွက် ထည့်ဝင်တာမျိုးပါ” လို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်းက ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • နိုင်ငံခြားဇာတ်လမ်းတွဲ လက်ဝယ်ထားလျှင် သေဒဏ်အထိပေးနိုင်မည့် ဥပဒေတစ်ခု မြောက်ကိုရီးယားပြဌာန်း

    နိုင်ငံခြားဇာတ်လမ်းတွဲ လက်ဝယ်ထားလျှင် သေဒဏ်အထိပေးနိုင်မည့် ဥပဒေတစ်ခု မြောက်ကိုရီးယားပြဌာန်း

    ဇွန် ၇၊ ၂၀၂၁
    M-Media

    -နိုင်ငံခြားရုပ်ရှင်ကြည့်သူတွေ၊ နိုင်ငံခြား အဝတ်အစား သုံးစွဲသူတွေနဲ့ နိုင်ငံခြားဗန်းစကား အသုံးပြုသူတွေကို ပြင်းပြင်းထန်ထန်အပြစ်ပေးမယ့် ဥပဒေတစ်ခုကို မြောက်ကိုရီးယားမှာ မကြာသေးမီကပဲ ပြဌာန်းလိုက်ပါတယ်။

    မြောက်ကိုရီးယား အာဏာရှင်အဆက်ဆက်ဟာ ပြည်တွင်းမှာ နိုင်ငံခြားဩဇာလွှမ်းမိုးမှု မရှိအောင် တင်းတင်းကြပ်ကြပ် ပြုလုပ်ထားပြီး နိုင်ငံခြားက ဆံပင်ပုံစံညှပ်တာ၊ နိုင်ငံခြားရုပ်ရှင် ကြည့်တာ၊ နိုင်ငံကခြားကလာတဲ့ အသုံးအဆောင် သုံးစွဲတာတွေကိုတောင် ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာပါ။

    မြောက်ကိုရီးယားပြည်သူတွေဟာ ​အင်တာနက်၊ ဆိုရှယ်မီဒီယာတွေ သုံးခွင့်မရှိသလို နိုင်ငံပိုင်မီဒီယာတွေကလည်း အာဏာရှင်အတွက် ဝါဒဖြန့်သက်သက်သာ ဖြစ်ပါတယ်။

    တောင်ကိုရီးယား အွန်လိုင်းသတင်းဌာန Daily NK က ရရှိခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ဥပဒေအသစ်မှာ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်ဇာတ်ကားတွေလို နိုင်ငံခြားဇာတ်လမ်းတွဲတွေ အမြောက်အများ လက်ဝယ်ပိုင်ဆိုင်ရင် အမြင့်ဆုံး သေဒဏ်အထိ၊ ကြည့်ရှုတဲ့သူတွေကို အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ဖို့ ပြဌာန်းထားပါတယ်။

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ မကြာသေးခင်က နိုင်ငံပိုင်မီဒီယာကို စာတစ်စောင်ပေးပို့ခဲ့ပြီး လူငယ်တွေမှာ ဆိုရှယ်လစ်ဆန့်ကျင်တဲ့ အယူအဆတွေ မဝင်ရောက်ရေး တားဆီးနှိပ်ကွပ်ဖို့ မြောက်ကိုရီးယား လူငယ်အဖွဲ့အစည်းကို တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံခြားဘာသာစကား၊ ဆံပင်ပုံစံနဲ့ အဝတ်အစားတွေဟာ ‘အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေ’ ဖြစ်တယ်လို့ အဲဒီစာမှာ ဖော်ပြထားပါတယ်။

    ဒီတားမြစ်မှုကို အလုပ်သမားက ချိုးဖောက်ရင် စက်ရုံအကြီးအကဲ၊ သားသမီးက ချိုးဖောက်ရင် မိဘကို အပြစ်ပေးမှာဖြစ်သလို၊ မိသားစု၊ ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကလူတွေ အပြန်အလှန် တင်းတင်းကြပ်ကြပ် ထိန်းကြောင်းဖို့ ဥပဒေမှာ ပြဌာန်းထားတယ်လို့ Daily NK အယ်ဒီတာချုပ် လီဆန်ယွန်က ဘီဘီစီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    မြောက်ကိုရီးယားမှာ နိုင်ငံခြားပစ္စည်း သုံးစွဲသူတွေ၊ နိုင်ငံခြားဇာတ်ကားကြည့်သူတွေကို အရင်က အရေးယူအပြစ်ပေးတာမျိုး ရှိခဲ့ပါတယ်။

    ဇာတ်ကား လက်ဝယ်ထားသူတွေကို လူအများရှေ့မှာ သတ်ဖြတ်ပြတာ၊ အလုပ်ကြမ်းစခန်းပို့တာ၊ ကြည့်ရှုသူတွေကို ထောင်သွင်းအကျဉ်းချတာ၊ ကေပေါ့ဆံပင်ပုံစံထားပြီး၊ ဘောင်းဘီ ခြေသလုံးအထိ လိပ်တင်ဝတ်တဲ့ လူငယ်တွေကို ပြုပြင်ထိန်းသိမ်းရေးသင်တန်းကျောင်းပို့တာတွေ လုပ်လေ့ရှိပါတယ်။

    ဒါပေမယ့် အခု ဥပဒေအသစ်အရ သေဒဏ်၊ နှစ်ရှည်ထောင်ဒဏ်အထိ ချမှတ်ခံရမှာ ဖြစ်ပါတယ်။

    မြောက်ကိုရီးယားမှာ နိုင်ငံခြားအသုံးအဆောင်တွေ၊ ဇာတ်ကားတွေဟာ တရုတ်ကနေတစ်ဆင့် မှောင်ခိုဝင်နေတာ ဖြစ်ပါတယ်။

    Ref: BBC