News @ M-Media

Blog

  • မြို့ထဲဝင်မည့် ဟိုင်းလတ်ယာဉ်များအား ပညာပေးကာလစတင်

    မြို့ထဲဝင်မည့် ဟိုင်းလတ်ယာဉ်များအား ပညာပေးကာလစတင်

    ဧပြီ ၂၊ ၂၀၁၄
    M-Media
    လမင်း

    DSC01598

    ရန်ကုန်  ။       ။        မ.ထ.သ (ဗဟို)မှ မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ စည်ပင်သာယာနယ်နမိတ်အတွင်းရှိ ဟိုင်းလတ်ယာဉ်များကို ပိတ်သိမ်းခဲ့ပြီး ဧပြီလ ၁-ရက်နေ့မှ စတင်ကာ မြို့တွင်းသို့ဝင်ရောက်ပြေးဆွဲမည့် ဟိုင်းလတ်ကားများကို ပညာပေးလုပ်ငန်းများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မ.ထ.သ (ဗဟို)ထံမှ သိရသည်။

    “ကျွန်တော်တို့ ထောက်ကြံ့မှာလာစောင့်ပြီး ဖမ်းနေပါတယ်။ နံပါတ်တွေလည်းမှတ်ထားပါတယ်။ အထူးစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးလုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ မ.ထ.သ က ပညာပေးလုပ်ဆောင်နေတဲ့အချိန်ပါ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပညာပေးကာလပြီးရင် ဥပဒေအရ အရေးယူ သွားမှာ ဖြစ်ပါတယ်” ဟု မ.ထ.သ (ဗဟို) ဥက္ကဌ ဦးလှအောင်ကပြေကြားခဲ့သည်။

    မော်တော်ယာဉ်လမ်းကြောင်း စမ်းသပ်မှု၊ ယာဉ်အစီးအရေ အလုံအလောက်မတင်သွင်းနိုင်ခြင်း စသည့်တို့ကြောင့် ဟိုင်းလပ်ယာဉ်များ ပြောင်းလဲ ရွေ့ဆိုင်းမှုကို သုံးကြိမ်တိုင်ရွေ့ဆိုင်းပြောင်းလဲခဲ့ပြီးဖြစ်ပြီး မတ်လ ၃၁ ရက်နေ့တွင် အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။

    ထိုကဲ့သို့ ဟိုင်းလပ်ယာဉ်များ စည်ပင်သာယာနယ်နမိတ်အတွင်းပြေးဆွဲခြင်းကို တားမြစ်သောကြောင့် လွန်ခဲ့သော မတ်လ ၃၀-ရက်နေ့က ဟိုင်းလပ် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များမှ ဖြုတ်သိမ်းခြင်းကို ရုတ်သိမ်းပေးပါရန် မဟာဗန္ဓုလပန်းခြံအနီးတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

  • Mizzima :အစ္စလာမ်ဘာသာဝင်အချို့ကို သန်းခေါင်စာရင်း ကောက်ရာတွင် လူမျိုးအမည် မမေးဟုဆို

    Mizzima :အစ္စလာမ်ဘာသာဝင်အချို့ကို သန်းခေါင်စာရင်း ကောက်ရာတွင် လူမျိုးအမည် မမေးဟုဆို

    ဧပြီ ၁၊ ၂၀၁၄
    Mizzima
    ရေခဲ(ပြည်)
    အစ္စလာမ်ဘာသာဝင်အချို့ကို ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည် မေးမြန်း ခြင်းမရှိဘဲ ကောက်ယူသွားသည်ဟု ပဲခူးတိုင်း မြန်မာမွတ်ဆလင် လူငယ်များအဖွဲ့ ဥက္ကဋ္ဌဦးခင်မောင်မြင့် က မတ်လ ၃၁ ရက်တွင် ပြောသည်။

    သန်းခေါင်စာရင်းကောက်ယူရာတွင် ပြည်တွင်းရှိ အစ္စလာမ် ဘာသာဝင်များသည် ဘင်္ဂါလီ၊ ရိုဟင်ဂျာတို့ နှင့်အတူ မြန်မာနိုင်ငံ အတွင်းရှိ အခြားလူမျိုးများနှင့် အခြားနိုင်ငံခြားသားများအဖြစ် ကုတ်နံပါတ်(၉၁၄)အုပ် စုတွင် ပါဝင်သည်ဟု ဆိုသည်။

    “ကျွန်တော့်ကို အနယ်နယ်အရပ်ရပ်က အစ္စလာမ်ဘာသာဝင်တွေ ဖုန်းနဲ့ အကြောင်းကြားတယ်။ လူမျိုး အမည် ဖြည့်ခွင့်မရလိုက်ဘူး။ ကုတ်ပဲဖြည့်လိုက်ရတယ်လို့ ပြောတယ်။ မော်လမြိုင်နဲ့ ပေါက်ခေါင်းမှာ တော့ ပြန်ဖြည့်ခွင့်ရသွားကြပြီ။ ပြည်မှာတော့ မရသေးဘူး။ အခုလို လူမျိုးအမည်မရေးဘဲ(၉၁၄)ပဲ ရေး မယ်ဆိုရင် ကျွန်တော်တို့ အလိုလို ဧည့်နိုင်ငံသားထဲရောက်သွားမယ်”ဟု ဦးခင်မောင်မြင့်က ပြောသည်။

    သို့သော် သန်းခေါင်စာရင်းကောက်ယူရာတွင် အစ္စလာမ်ဘာသာဝင်များကို လူမျိုးအမည် ထည့်သွင်းဖော် ပြပေး ခဲ့သည်ဟု ပြည်မြို့၊ ကျောင်းကြီးအိုးတန်း ရပ်ကွက် သန်းခေါင်စာရင်းရုံးမှ စာရင်းစစ် ဦးရဲလွင်က တုံ့ ပြန်ပြောဆိုသည်။

    “လူမျိုးထည့်ရေးပေးပါတယ်။ နိုင်ငံတော်က သတ်မှတ်ထားတဲ့အတိုင်းပဲ လုပ်တယ်။ ကျန်တာရေးလို့မရ ဘူး။ ကျွန်တော်တို့က မှားပြီးရေးလို့မရဘူး။ သူတို့ဘက်က မှန်မှန်ကန်ကန်ပြောဖို့လိုသလို ကျွန်တော်တို့ ဘက်ကလည်း မှန်မှန်ကန်ကန်ရေးဖို့လိုတယ်”ဟု ဆိုသည်။

    သန်းခေါင်စာရင်းကောက်ယူသည့် နေရာတချို့တွင် အစ္စလာမ် ဘာသာဟု ပြောလိုက်ရုံဖြင့် လူမျိုးအမည် မေးမြန်းခြင်းမရှိဘဲ ကုတ်နံပါတ်(၉၁၄)ဟုသာ ဖော်ပြမှုများရှိနေကြောင်း ၊ အစိုးရက နိုင်ငံခြားသားအဖြစ် အသိအမှတ်ပြုသွားမည်ကို အစ္စလာမ်ဘာသာဝင်များက စိုးရိမ်နေကြောင်း ဦးခင်မောင်မြင့်က သုံးသပ် ပြောဆိုသည်။

    ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်မှ အစ္စလာမ်ဘာသာဝင် ဟိန္ဒူစတန်နီလူမျိုး ဦးဇော်ဝင်းဆိုသူက “ကျွန်တော်က အစ္စလာမ် ဘာသာလို့ ပြောလိုက်တာနဲ့ (၉၁၄)ပဲဆိုပြီး လာကောက်တဲ့ဆရာမက သူ့ဟာ သူဖြည့်လိုက်မယ်လို့ ပြောတယ်။ လူမျိုးဖြည့်ပေးဖို့ ရုံးသွားပြောတော့ ထည့်လိုက်ပါပြီ။ စိတ်ချပါလို့ပဲ ပြော တယ်။ ဖြည့်လား မဖြည့်လား ဘာမှကို မမြင်ရတာ။ ကျွန်တော် ဘာလူမျိုးပါဆိုတာ ပြောခွင့် မရသလိုဖြစ် နေတယ်”ဟု ပြောသည်။

    သန်းခေါင်စာရင်းကောက်မှုနှင့်ပတ်သက်၍ ဖြည့်စွက်ပြီးစာရင်းစာရွက်များအား စာရင်းစစ်၊စာရင်းကောက် နှင့် ကော်မရှင်မှသာ ကြည့်ခွင့်ရှိသဖြင့် ကာယကံရှင်များ ပြန်လည်စစ်ဆေးခွင့်မပေးနိုင်ကြောင်း၊ လူမျိုး အမည်စာရင်း ထည့်သွင်းခြင်းမရှိဟုဆိုသည်မှာလည်း အစ္စလာမ်ဘာသာဝင်များအနေဖြင့် ၎င်းတို့၏ ထင် မြင်ယူဆချက်ကို တစ်ဖက်သတ်ပြောဆိုခြင်းဖြစ်ကြောင်း ဦးရဲလွင်က ပြန်လည်ပြောဆိုသည်။

    Mizzima မှ ကူးယူဖော်ပြပါသည်။

  • တရုတ်စီးပွား သောင်းကျန်းမှုကြောင့် မြန်မာ့ရှားပါး မျောက်များ မျိုးသုဉ်းတော့မည်

    ဧပီ ၂ ၊ ၂၀၁၄
    M-Media

    Myanmar Endangered Monkeys

    ရန်ကုန်။    ။ တရုတ်နိုင်ငံ၏ တရားမ၀င်သစ်ထုတ်လုပ်ခြင်းနှင့် မျောက်အရိုး ရှာဖွေခြင်းကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ရှားပါး မျောက်မျိုးနွယ်များအဖို့ အန္တရာယ်ရင်ဆိုင်နေရပြီဟု လေ့လာဆွေးနွေးမှု အုပ်စုတစ်ခုက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

    ဗြိတိန်အခြေစိုက် Fauna & Flora International က တရုတ်နိုင်ငံ၏ တရားမ၀င်သစ်ထုတ်လုပ်ခြင်း၊ ရိက္ခာနှင့် ရိုးရာတိုင်းရင်းဆေးဝါးအတွက် အမဲလိုက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော သစ်တောပြုန်းတီးမှုသည် မြန်မာ့ရှားပါးတိရစ္ဆာန်မျိုးစိတ်တစ်ခုဖြစ်သည့် ၎င်း snub-nosed မျောက်များအပေါ် အဓိက ခြိမ်းခြောက်လျက်ရှိကြောင်း၊ ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးစေ့စပ်မှုလုပ်ငန်းစဉ်တိုးတက်လာပြီး ထိုနေရာ၌ Imawbum အမျိုးသားပန်းခြံတည်ဆောက်နိုင်မှသာ တိရစ္ဆာန်များမျိုးသုဉ်းမှုအန္တရာယ်ကို ကာကွယ်နိုင်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။

    ၂၀၁၀ ခုနှစ်က ကချင်ပြည်နယ်တွင် ရှာဖွေတွေ့ရှိခဲ့သော အဆိုပါမျောက်အမျိုးအစားကို အပြည်ပြည်ဆိုင်ရာ သဘာ၀၀န်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး သမဂ္ဂ IUCN မှ မျိုးသုဉ်းပျောက်ကွယ်တော့မည့် အန္တရာယ် အရှိဆုံးစာရင်း၌ ထည့်သွင်းခဲ့သည်။ လူသူ မပေါက်ရောက်သော တောနက်အတွင်း အဆိုပါမျောက်များမှာ အကောင်ရေ ၂၆၀ မှ ၃၃၀ အထိသာ ကျန်ရှိနေသည်ဟု IUCN မှ ခန့်မှန်းထားသည်။
    AP

    ဓါတ်ပုံ အညွှန်း- ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်တွင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် စောလော်၌ မျောက်မ တစ်ကောင်အား တောလိုက်မုဆိုးတို့မှ ပစ်ခတ်ပြီးနောက် သစ်ပင်ထက်မှ မွေးကင်းစအရွယ် မျောက်လေး တစ်ကောင်ပြုတ်ကျလာပြီး ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ ၎င်းမျောက်မှာ နှာခေါင်းတိုအထက်လှန်နေသည့် ရှားပါးမျိုးနွယ် ဖြစ်သည်။ ၂၀၁၁ ဧပြီ ၂၂ ရက်ထုတ် Fauna & Flora International မဂ္ဂဇင်းခေါင်းကြီးပိုင်းတွင်ဖော်ပြထားသည့် snub-nosed မျောက်မျိုးနွယ် (AP ဓာတ်ပုံ- Jeremy Holden)

  • ရခိုင်ပြည်က ပဟေဠိဆန်ဆန် သန်းခေါင်စာရင်း

    ဧပြီ ၂ ၊ ၂၀၁၄
    M-Media
    ရေးသား ပေးပို့သူ- ယျာတင်( MYARF)

    Never_Give_Up

    “သား ဘယ်လိုလဲ…ဘယ်ချိန် ရောက်လာမယ်လို့ ကြားလဲ”

    မနက် (၇) နာရီတိတိအချိန်မှာ  ရောက်လာမယ်လို့ ပြောတဲ့ သန်းခေါင်စာရင်းကောက်ခံရေးအဖွဲ့  (၁၁) နာရီထိရောက်မလာခဲ့သောအခါ အဖေ ဖြစ်သူက သူ့ သားလေးကို အပြင်ထွက် စုံစမ်းခိုင်းလိုက်ခြင်းမှ သားလေးပြန်လာလျှင် အဖေဖြစ်သူက မေးလိုက်ခြင်းဖြစ်သည်။

    ” ဘုန်းကြီးကျောင်းထဲမှာ အစည်းအဝေးပြုလုပ်နေလို့ တဲ့ အဖေ…အုပ်ချုပ်ရေးမှူးး ကတော့ ရောက်လာမယ်လို့ ပြောတာပဲ…”

    သားလေးရဲ့ စကားကိုကြားကြားချင်းပဲ အဖေဖြစ်သူရဲ့ ဒေါသစိတ်က အထွဋ်အထိပ်သို့ ရောက်ရှိလာပြီဖြစ်သော်လည်း ကြိတ်မှိတ်ခံထားလိုက်၏ ။

    “သန်းခေါင်စာရင်းကိစ္စ ကို ဘုန်းကြီးကျောင်းထဲမှာ ဘာဖြစ်လို့ စည်းဝေးဆွေးနွေးနေရတာလဲ…သေချာနေပြီ…ဟိုတစ်နေ့ တည်းက ထွက်ထွက်နေတဲ့ ကောလဟာလ သတင်းစကားတွေ ကအမှန်ပေကိုး…ရိုဟင်ဂျာလို့ ရေးခွင့်မပြုနိုင်ဘူးတဲ့…အာရ်ကန် ဦးအစကတည်းက ရှိနေတဲ့ လူတွေကို မနေ့ တစ်နေ့ က ဘဲ ခိုးဝင်လာသလိုလိုနဲ့ ပြောတာများ…

    ဒီရခိုင်ပြည်နယ်အစိုးရကလည်းနော် …တစ်နိုင်ငံလုံးမှာတစ်မျိုးသူတို့ ဒီမှာ ကြံစည်လုပ်ဆောင်နေတာတစ်မျိုး…ဒီမြန်မာပြည်ကို သူတို့ ရခိုင်တွေ အုပ်ချုပ်နေတာကျနေတာပဲ…တောက် ”  အဖေဖြစ်သူ ဘာသာသူ့ စိတ်ထဲပြောနေမိသည်။

    ” သား…အဖေ သွားအနားယူလိုက်တော့မယ်…သူတို့ ရောက်လာရင်တော့ သားတစ်ခွန်းပဲအရင်မေးလိုက်…သန်းခေါင်စာရင်းဥပဒေအတိုင်းလုပ်မလား ဒါမှမဟုတ် သူတို့ ရခိုင်တွေရဲ့ ကိုယ်တိုင် ဥပဒေ နဲ့ လုပ်မလား …သန်းခေါင်စာရင်း ဥပဒေအတိုင်း လုပ်မယ်ဆိုမှပဲ အဖေကို အိပ်ရာက နှိုးပေး မဟုတ်ရင်တော့ အကောက်မခံဘူးလို့ ဘဲ ပြောလိုက်တော့…ကြားလားသား…”

    အဖေဖြစ်သူရဲ့ ပြတ်ပြတ်သားသား စကားကို ကြားလိုက်မိပြီးသည်နောက် သားလေးရဲ့ မျက်လုံးမှ မျက်ရည်စက်တွေ စီးဆင်းလာနေသည်။

    အာဏာရှင်ကြောင့် အတန်ကြာကြာ ဖြစ်တည်ခဲ့တဲ့ အကြောက်တရားတွေ အဖေ့ ရင်ထဲက နှလုံးသားထဲက လွင့်စင်သွားပါပြီလားဆိုတဲ့ အသိတရားက သားလေးကို အပျော်မျက်ရည်တွေ ယိုစေခဲ့တာဖြစ်၏ ။ ပါးပြင်ပေါ် စီးဆင်းလာနေသော အပျော်မျက်ရည်စက်တွေကို လက်ဖဝါးနှင့် အပြုံးမပျက် သုတ်နေရင်း သားလေးက အဖေဖြစ်သူကို ခေါင်းတညိတ်ညိတ်ပြလိုက်သောအခါ အဖေဖြစ်သူလည်း အခန်းထဲဝင်ပြီး အနားယူနေလိုက်တော့သည်။

    ဖိနှိပ်လေ သတ္တိမွေးလာလေပဲ ဆိုတာ သားအဖနှစ်ယောက် ကိုယ်တွေ့ ကြုံခဲ့ရတော့သည်။

    ယျာတင် ( MYARF)
    ဓါတ်ပုံ- Internet

    ** M-Media သို့ စာဖတ်သူပရိတ်သတ်တစ်ဦး ပေးပို့လာသော ကိုယ်တွေ့ခံစားချက် ဆောင်းပါးတို ဖြစ်ပါတယ်။