ဧပြီ ၅၊ ၂၀၁၄
M-Media
– ချယ်ဆီးအသင်းတွင် ရုန်းကန်နေရသည့် စပိန်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က အသင်းရှိ တိုက်စစ်မှူးများတွင် မော်ရင်ဟိုရွေးချယ်ရမည့် အကောင်းဆုံး တိုက်စစ်မှူးဖြစ်ကြောင်း သက်သေပြသွားမည်ဟု ပြောဆိုလိုက်သည်။
တောရက်စ်မှာ ၂၀၁၁ ခုနှစ်က လီဗာပူးလ်အသင်းမှာ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ပုံမှန်ခြေစွမ်းများ မပြနိုင်ဘဲ ချယ်ဆီးအသင်းတွင် ရုန်းကန်နေရပြီး၊ ယခုနှစ်ဘောလုံးရာသီတွင်လည်း အသင်းအတွက် ၄ ဂိုးသာ သွင်းယူပေးထားနိုင်သည်။ နည်းပြမော်ရင်ဟိုကလည်း အသင်း၏ တိုက်စစ်အတွက် စိတ်ပျက်နေပြီး ပီအက်စ်ဂျီအသင်းအား ရှုံးနိမ့်ခဲ့သော ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အပြီးတွင် တိုက်စစ်မှူးများအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
မော်ရင်ဟိုမှာ အက်သလက်တီကို အသင်း တိုက်စစ်မှူး ဒီယေဂိုကော်စတာအား လာမည့်နွေရာသီတွင် ခေါ်ယူရန်ပစ်မှတ်ထားနေပြီး၊ တောရက်စ်ကမူ ၎င်းအနေဖြင့် မော်ရင်ဟို၏ အပြောင်းအရွှေ့အစီအစဉ်အား ပျက်သွားအောင် တွန်းအားပေးနိုင်မည်ဟု ဆိုသည်။
“ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်ဟာ အသင်းတိုက်စစ်အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်လို့ သူထင်လာအောင် ကြိုးစားလုပ်ဆောင်ဖို့ပါပဲ” ဟု Independent သတင်းစာသို့ တောရက်စ်ကပြောကြားခဲ့သည်။
ချယ်ဆီးအသင်းက ပေါင်သန်း ၅၀ ပေးကာ လီဗာပူးလ်အသင်းမှ ၂၀၁၁ ခုနှစ်တွင် ခေါ်ယူခဲ့သောကြောင့် တောရက်စ်မှာ၊ ဗြိတိန်ဘောလုံးသမိုင်းတွင် ဈေးအကြီးဆုံးကစားသမားလည်းဖြစ်သည်။ တောရက်စ်အား အသင်းဟောင်း အက်သလက်တီကို အသင်းက ယခုနှစ်နွေရာသီတွင် ပြန်လည်ခေါ်ယူရန် ရှိနေသော်လည်း မော်ရင်ဟိုကမူ တောရက်စ်မှာ စတမ်းဖို့ဘရစ်တွင်သာ ရှိနေမည်ဟု တုံ့ပြန်ထားသည်။
Ref : Goal


Leave a Reply
You must be logged in to post a comment.