News @ M-Media

Blog

  • ကမ္ဘာ့အခက်ခဲဆုံး သင်္ချာညီမျှခြင်း တစ်ခုအား ကာဇက်စတန်မှ မွတ်စလင် သင်္ချာပညာရှင်မှ ဖြေရှင်းခဲ့

    ကမ္ဘာ့အခက်ခဲဆုံး သင်္ချာညီမျှခြင်း တစ်ခုအား ကာဇက်စတန်မှ မွတ်စလင် သင်္ချာပညာရှင်မှ ဖြေရှင်းခဲ့

    ဧပြီ ၃၊ ၂၀၁၄
    M-Media

    – ကမ္ဘာပေါ်တွင် အခက်အခဲဆုံးထဲမှ တစ်ခုဟု ယူဆထားသည့် သင်္ချာညီမျှခြင်း တစ်ခုကို ကာဇက်စတန်ရှိ မွတ်စလင် သင်္ချာပညာရှင် တစ်ဦးက ဖြေရှင်းနိုင် ခဲ့သည်ဟု သိရသည်။

    Mukhtarbay Otelbayev, a professor at the Eurasian National University’s department of methods of mathematical simulation

    The Navier Stokes Equation ဟု အမည်ရသည့် အဆိုပါညီမျှခြင်းအား ၂၀၀၀ ခုနှစ်ကတည်းက အမေရိကန်ရှိ Clay သင်္ချာအင်စတီကျုမှ အခက်ခဲဆုံးညီမျှခြင်း တစ်ခုဟု သတ်မှတ်ထားပြီး၊ Eurasian အမျိုးသားတက္ကသိုလ် သင်္ချာဌာနမှ မွတ်စလင်ပရော်ဖက်ဆာ မွခ်သာဘေ အိုတဲလ်ဘိုင်ယစ်ဗ် ကဖြေရှင်းနိုင် ခဲ့ခြင်းဖြစ်သည်။ The Navier Strokes Equation မှာ သင်္ချာနယ်ပယ်တွင် ဆုငွေ ကန်ဒေါ်လာ ၁ သန်ပေးမည်ဟု ကြေညာထားသည့် အခက်ခဲဆုံးညီမျှခြင်း ၇ ခုထဲမှ တစ်ခုဖြစ်လေသည်။

    အဆိုပါ ညီမျှခြင်းမှာ ရာသီဥတု စနစ်၊ သမုဒ္ဒရာရေစီးကြောင်း၊ ရေပိုက် အတွင်းရှိ ရေစီးဆင်းမှုနှင့် တောင်ပံ တစ်ခုအနီးဖြစ်ပေါ်သည့် လေလမ်းကြောင်း စသည်တို့အား တိုင်းတာရာတွင် အသုံးချနိုင်ဖွယ်ရှိသောကြောင့် သင်္ချာ ပညာရပ်ဆိုင်ရာနှင့် စီးပွားရေး နယ်ပယ်တို့တွင် အသုံးဝင်သော ညီမျှခြင်းဖြစ်သည်။

    ထို့ပြင် နောက်ဆုံးပေါ်လေယာဉ် တစ်စီး လေပေါ်သို့ မြောက်သွားသည့်ဖြစ်ရပ် အပါအ၀င် အရာဝတ္ထု များစွာ၏ ရူပဗေဒဆိုင်ရာ နိယာမများကိုလည်း ဖော်ပြနိုင်ဖွယ် ရှိသည်။ ထိုညီမျှခြင်း၏ ပြည့်စုံ၍ ရှင်းလင်း လွယ်ကူသော ပုံစံက လေယာဉ်ပျံနှင့် ကားဒီဇိုင်းများ၊ သွေးစီးဆင်းမှုအား လေ့လာခြင်း၊ လျှပ်စစ်ဓာတ်အား စက်ရုံဒီဇိုင်းများ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် အခြားသော အရာများဆောင်ရွက်ရာတွင်လည်း အထောက်အကူ ပြုနိုင်ဖွယ် ရှိနေသည်။

    The Navier Strokes Equation ၏ မူလပုံစံကို ၁၉ ရာစုက ရေးသားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၂၁ ရာစုအထိ ထိုညီမျှခြင်း၏ အလိုသဘောကို နားလည်နိုင်ခြင်း မရှိခဲ့ပေ။ ပြင်သစ်နှင့် ဗြိတိန်မှ သင်္ချာပညာရှင်များဖြစ်သော Claude-Louis Navier နှင့် George Gabriel Stoke တို့က ထိုညီမျှခြင်းအား ဖြေရှင်းရန် အချိန်ပေါင်းများစွာ ကြိုစားခဲ့ပြီးနောက် ၎င်းတို့အားအစွဲပြု၍ Navier Stokes ညီမျှခြင်းဟု ခေါ်တွင်ခဲ့ခြင်းဖြစ်သည်။

    အမေရိကန်ပြည်ထောင်စု Rhode ကျွန်း Providence မြို့တွင်အခြေစိုက်ပြီး အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သော Clay သင်္ချာအင်စတီကျုကမူ ထိုညီမျှခြင်းမှာ အရည်လှုပ်ရှားမှုကိုဖော်ပြသည့် ညီမျှခြင်းဟု ခန့်မှန်းရှင်းပြခဲ့သည်။ ထို့နောက် ထိုညီမျှခြင်းအား သင်္ချာနယ်ပယ်၏ ဖြေရှင်းရခက်သော ညီမျှခြင်း ၇ ခုထဲမှ တစ်ခုဖြစ်သည်ဟုဆိုပြီး၊ ထိုညီမျှခြင်းအား ဖြေရှင်းနိုင်ခြင်း သို့မဟုတ် ဥပမာတစ်ခုပေးနိုင်ပါက ဆုငွေ ကန်ဒေါ်လာ ၁ သန်း ချီးမြှင့်မည်ဟု ကြေညာခဲ့သည်။

    အိုတဲလ်ဘိုင်ယစ်ဗ်ကမူ ၎င်း၏တွေ့ရှိချက်အား အနောက်တိုင်း ပညာရှင်များက သဘောတူညီမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဆုကြေးငွေရရှိခဲ့ပါက သုံးစွဲလိုချင်းမရှိဘဲ၊ မိသားစုနှင့်တိုင်ပင်ကာ မိဘမဲ့ကလေးများအား လှူဒါန်းသွားမည်ဟု ၎င်းက ဆိုသည်။ Navier Stokes ညီမျှခြင်းအတွက် မိမိ၏ အဖြေကို ကာဇက်စတန်မှ သင်္ချာပညာရှင် ၃ ဦးနှင့် ရုရှားမှ ပညာရှင်တစ်ဦးတို့က လက်ခံခဲ့ကြသည်ဟု အိုတဲလ်ဘိုင်ယစ်ဗ်က ထည့်သွင်းပြောကြားခဲ့သည်။

    Source : IINA

  • ချီလီတွင် ငလျင်လှုပ် ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ရပြီး၊ အင်အားနည်းသည့် ဆူနာမီလှိုင်း ရိုက်ခတ်

    ချီလီတွင် ငလျင်လှုပ် ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ရပြီး၊ အင်အားနည်းသည့် ဆူနာမီလှိုင်း ရိုက်ခတ်

    ဧပြီ ၃၊ ၂၀၁၄
    M-Media

    – ချီလီနိုင်ငံတွင် ယခုသီတင်းပတ်အတွင်း အင်းအားပြင်းထန်သည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး ကမ်းရိုးတန်းသို့လည်း ဆူနာမီရေလှိုင်း ရိုက်ခတ်ခဲ့သည်ဟု ချီလီရေတပ်က ပြောကြားခဲ့သည်။

    နိုင်ငံမြောက်ပိုင်း ကမ်းခြေမြို့ဖြစ်သည့် Iquique မြို့တွင် အင်္ဂါနေ့က လှုပ်ခတ်ခဲ့ပြီး ပြင်းအား ၈.၂ မဂ္ဂနီကျုရှိ အဆိုပါငလျင်ကြောင့် လူ ၆ ဦးသေဆုံးခဲ့ကာ အဆာက်အဦး တစ်ချို့လည်း ပြိုကျခဲ့သည်။ နောက်ပိုင်းတွင် ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး ပြည်သူများကိုလည်း အစိုးရက ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့သည်။

    အဆိုပါငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ငလျင်ငယ်များဆက်တိုက်လှုပ်ခတ်ခဲ့ပြီး ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက လှုပ်ခတ်ခဲ့သော ပြင်းအား ၇.၆ မဂ္ဂနီကျုရှိသည့် ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ၀.၇ မီတာအမြင့်ရှိ ဆူနာမီရေလှိုင်းများ ကမ်းခြေသို့ ရိုက်ခတ်ခဲ့သည်ဟု ပစိဖိတ် ဆူနာမီ သတိပေးစင်တာက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ချီလီနှင့် ပီရူတို့တွင် ထုတ်ပြန်ထားသည့် ဆူနာမီသတိပေးချက်များကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့သည်။

    Iquique မြိှု့ရှိ ပြည်သူများကမူ ငလျင်ဒဏ်ကို စိုးရိမ်နေသောကြောင့် မိမိတို့အိမ်များတွင်မနေပဲ လမ်များ၊ ကွင်းပြင်များ စသည့်နေရာများတွင် နေထိုင် နေကြသည်။ အဆိုပါ နောက်ဆက်တွဲ ငလျင်များကြောင့် ငလျင်ဒဏ်ခံရသူများထံ သွားရောက်အားပေးသည့် ချီလီသမ္မတ မီရှဲလ် ဘက်ရှ်လီကိုလည်း ၎င်းတည်းခိုသည့်ဟိုတယ်မှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။

    Agencies

  • တက္ကဆက် စစ်တပ်တွင် ပစ်ခတ်မှုဖြစ်ပွား ၄ ဦးသေဆုံး

    တက္ကဆက် စစ်တပ်တွင် ပစ်ခတ်မှုဖြစ်ပွား ၄ ဦးသေဆုံး

    ဧပြီ ၃၊ ၂၀၁၄
    M-Media

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ရှိ စစ်တပ်တစ်ခုတွင် ယမန်နေ့က သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    တက္ကဆက်ပြည်နယ် ကီလီန်းမြို့ရှိ ဖော့တ်ဟုဒ် စစ်တပ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တရားခံမှာ တာဝန်ထမ်းဆောင်ဆဲ စစ်သားတစ်ဦး ဖြစ်ကြောင်း၊ စစ်တပ်အတွင်းရှိ အဆောက်အဦး ၂ ခုသို့ ကားဖြင့် သွားရောက်ပစ်ခတ်ပြီးနောက် မိမိကိုယ်ကို ပစ်သတ်ခဲ့ကြောင်း ဖော့တ်ဟုဒ် တပ်မှူး မာ့က် မီလီက ပြောကြားခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် ၄-ဦးသေဆုံးခဲ့ပြီး ၁၆-ဦး ဒဏ်ရာရရှိခဲ့သည်။

    သို့သော်လည်း အဆိုပါတိုက်ခိုက်မှုမှာ အကြမ်းဖက်ဝါဒနှင့် ဆက်စပ်မှုရှိသည့် အထောက်အထားများ မတွေ့ရ၏ဟုဆိုပြီး၊ တရားခံ၏ မိသားစုများအား အကြောင်းမကြားရသေးသောကြောင့် တရားခံ၏အမည်ကို ထုတ်ဖော်ပြာဆိုခြင်းမပြုဟု တပ်မှူးက ထည့်သွင်းပြောကြားခဲ့သည်။

    အမေရိကန် သမ္မတ ဘာရက်အိုဘားမားကမူ ကြေကွဲဖွယ်ရာထိုဖြစ်ရပ်အတွက် ပြည့်စုံသော စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်သွားမည်ဟု ပြောကြားခဲ့ သည်။

    အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် သေနတ်ဖြင့် ပစ်ခတ်မှုများမှာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး ၂၀၀၉ ခုနှစ်ကလည်း အဆိုပါစစ်တပ်တွင်ပင် ထိုကဲ့သို့  ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ၁၃ ဦး သေဆုံးခဲ့ကာ ၃၀ ကျော်ဒဏ်ရာရခဲ့သည်။ ပြီးခဲ့သည်နှစ် စက်တင်ဘာလကလည်း ၀ါရှင်တန်ရှိ ရေတပ်တွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၁၂ ဦးသေဆုံးခဲ့ကာ ၄ ဦးဒဏ်ရာရခဲ့သည်။

    Ref : Aljazeera

  • ခရိုင်းမီးယားအရေးကြောင့် ရုရှားနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းကြောင်း နေတိုးကြေညာ

    ခရိုင်းမီးယားအရေးကြောင့် ရုရှားနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းကြောင်း နေတိုးကြေညာ

    ဧပြီ ၃၊ ၂၀၁၄
    M-Media

    – ခရိုင်းမီးယားဒေသအား ရုရှားက ကျူးကျော်သိမ်းပိုက်ခဲ့သည့်အတွက် ၎င်းတို့နှင့် ပြုလုပ်နေသည့် စစ်တပ်ဆိုင်ရာ၊ အရက်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီဟု နေတိုးအဖွဲ့က ကြေညာခဲ့သည်။

    ဘရပ်ဆဲလ်မြို့တွင် အင်္ဂါနေ့က ကျင်းပပြုလုပ်ခဲ့သည့် နေတိုးအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ထိုဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်ပြီး၊ အစည်းအဝေးမှ ထုတ်ပြန်သော ကြေညာချက်တွင်လည်း ရုရှားအနေဖြင့် နိုင်ငံတကာဥပဒေများအား လေးစားရေးအတွက် အဖွဲ့ဝင်များက အလျင်အမြန်ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။

    ထိုအစည်းဝေးပြီးနောက် နေတိုးအဖွဲ့နှင့် ယူကရိန်းနိုင်ငံတို့ကလည်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီး ထိုကြညာချက်တွင် နှစ်ဖက် ပူးပေါင်း ဆောင်ရွက် မှုများ တိုးမြှင့်သွားမည်ဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုများ၊ အခြားအစီအစဉ်များကို ပြုလုပ်၍ ယူကရိန်းနိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို မြှင့်တင်သွားမည်ဟု ဖော်ပြထားသည်။

    ယခုကဲ့သို့ နေတိုးမှ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ရပ်တန့်လိုက်သော်လည်း ယူကရိန်းနယ်စပ်တွင် ချထားသည့် စစ်တပ်များအား ရုရှားက ပြန်လည်ရုပ်သိမ်းပေးမည့် လက္ခဏာမရှိဟု နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူး အန်ဒါစ် ဖော့ဂ် ရက်စ်မူစ်ဆန်က ပြောကြားခဲ့သည်။ နေတိုးအဖွဲ့ဝင်များ၏ ယခုတွေ့ဆုံမှုမှာ ရုရှားမှ ခရိုင်းမီးယားဒေသအား ကျူးကျော်ပြီးနောက်ပိုင်း ပထမဆုံး တွေ့ဆုံမှုလည်းဖြစ်သည်။

    ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရသည့် ယူကရိန်းသမ္မတဟောင်း ယာနူကိုဗစ်ခ်ျကမူ ၎င်းအနေဖြင့် ခရိုင်းမီးယား ဒေသသို့ ရုရှားတပ်များ ၀င်ရောက်ရန် ဖိတ်ခေါ်ခဲ့ခြင်းမှာ မှားယွင်းခဲ့ကြောင်း၊ မဟာဗျူဟာကျသည့် ခရိုင်းမီးယားဒေသအား ပြန်လည်ပေးအပ်ရန် ရုရှားအား ဆွဲဆောင်သွာမည်ဖြစ်ကြောင်း ယူကရိန်းပြဿနာဖြစ်ပွားပြီးနောက်ပိုင်း ယမန်နေ့ကပြုလုပ်ခဲ့သည့် ၎င်း၏ ပထမဆုံးအင်တာဗျူးတွင် ပြောကြားခဲ့သည်။

    Ref : Aljazeera

  • ပြင်သစ်မြေမှာ ဒူးထောက်ခဲ့ရတဲ့ ချယ်ဆီး၊ အိမ်ကွင်းမှာ အမှားမရှိခဲ့ဘဲ ၁၀-ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား အိပ်မက်

    ပြင်သစ်မြေမှာ ဒူးထောက်ခဲ့ရတဲ့ ချယ်ဆီး၊ အိမ်ကွင်းမှာ အမှားမရှိခဲ့ဘဲ ၁၀-ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား အိပ်မက်

    ဧပြီ ၃၊ ၂၀၁၄
    M-Media

    ပြင်သစ်မြေမှာ ဒူးထောက်ခဲ့ရတဲ့ ချယ်ဆီး၊ အိမ်ကွင်းမှာ အမှားမရှိခဲ့ဘဲ ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား အိပ်မက်နဲ့ နီးကပ်လာတဲ့ ရီးယဲလ်တို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲများ

    3.4.14

    – ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ လက်ကျန် ၂-ပွဲကို ယနေ့မနက်မှာကစားခဲ့ပြီး အိမ်ရှင်တွေဖြစ်တဲ့ ရီးယဲလ်နဲ့ ပီအက်စ်ဂျီတို့ ဒေါ့မွန်၊ ချယ်ဆီးတို့ကို ဂိုးပြတ်နဲ့နိုင်ခဲ့ပါတယ်။

    ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးဖို့ ကြိုးစားနေတဲ့ ရီးယဲလ်တို့ ဘာနေဗျူးမှာ ဂျာမန်ကလပ် ဒေါ့မွန်အသင်းကို သက်တောင့်သက်သာကစားပြီး ၃-ဂိုးပြတ်နဲ့အနိုင်ရခဲ့တာပါ။ မနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘိုင်ယန်ကိုရှုံးပြီး ဒုတိယရခဲ့တဲ့ ဒေါ့မွန်တို့ရဲ့ ကစားပုံဟာ စွဲမက်စရာမရှိခဲ့ဘဲ တစ်ပွဲလုံးမှာမှ ရီးယဲလ်ဂိုးပေါက်ကို ၂-ကြိမ်လောက်သာ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

    ရီးယဲလ်ကတော့ ရော်နယ်ဒို၊ ဘေးလ်၊ ဘန်ဇီမာတို့ တိုက်စစ်အတွဲနဲ့ ဒေါ့မွန်ဘက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ရော်နယ်ဒို၊ ဘေးလ်တို့ရဲ့ ဖရီးကစ်ကန်ချက်တွေ ဂိုးမ၀င်တာကြောင့်သာ ဒီထက်ပိုပြီး ဂိုးမပြတ်ခဲ့တာပါ။ ရီးယဲလ်အတွက်ဂိုးတွေကိုတော့ ရော်နယ်ဒို၊ ဘေးလ်နဲ့ အစ္စကိုတို့က ၁ ဂိုးစီ သွင်းပေးခဲ့ကြ ပါတယ်။

    ပြင်သစ်မြေမှာသွားကစားခဲ့တဲ့ မော်ရင်ဟိုရဲ့ ချယ်ဆီးတို့ ကစားပုံကောင်းခဲ့ပြီး မိနစ် ၆၀ အထိ သရေ ရထားခဲ့ပေမယ့် ပွဲအပြီးမှာတော့ ၃ ဂိုး ၁ ဂိုးနဲ့ ပီအက်စ်ဂျီကို အရှုံးပေးခဲ့ရပါတယ်။ ချယ်ဆီးရဲ့ ပွဲထွက်လူစာရင်းမှာ တိုက်စစ်မှူး တစ်ယောက်မှ မပါခဲ့ဘဲ တောင်ပံကစားသမား အန်ဒရီရှရဲလ်ကို အထောင်တိုက်စစ်မှူးအဖြစ် သုံးခဲ့တာက ထူးခြားမှုတစ်ခုပါ။ ဒါပေမယ့် အိမ်ရှင်ပီအက်စ်ဂျီကိုတော့ ကောင်းကောင်းယှဉ်ကစားနိုင်ခဲ့ပါတယ်။

    ပွဲအစ ၄ မိနစ်မှာ အဖွင့်ဂိုးရလိုက်တာက ပီအက်စ်ဂျီတို့အတွက် စိတ်ဓာတ်ရေးရာ အသာစီးရမှု ဖြစ်ခဲပါတယ်။ ဒီဂိုးကိုတော့ တယ်ရီရဲ့ခေါင်းတိုက် ဖျက်ထုတ်မှု လာဗက်ဇီဆီရောက်သွားပြီး သူက ရင်ဘတ်နဲ့တစ်ချက်ထိန်းကာ ဘယ်ခြေနဲ့ လှလှပပကန်သွင်းယူခဲ့တာပါ။ ၂၇ မိနစ်မှာတော့ ချယ်ဆီးတို့ ချေပဂိုးရခဲပါတယ်။ အော်စကာကြောင့် ရတဲ့ ပင်နယ်တီကို ဟဇာ့ဒ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့တာပါ။ နောက်ပိုင်းမှာလည်း ချယ်ဆီးတို့ ကစားပုံကောင်းခဲ့ပြီး ၃၉ မိနစ်မှာ ၀ီလီယံရဲ့ကန်တင်မှုကို ဟာဇာ့ဒ်မြေမကျကန်သွင်းချက် တိုင်ထိထွက်ခဲ့တာက ချယ်ဆီးတို့အတွက် နစ်နာမှု ဖြစ်ခဲ့ရပါတယ်။

    ဒုတိယပိုင်းအစမှာတော့ အိမ်ရှင်တို့ ဖိကစားနိုင်ခဲ့ပေမယ့် ချယ်ဆီးခံစစ်ကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးတွေကိုတော့ ပီအက်စ်ဂျီတို့ ရရှိခဲ့ပါတယ်။ ၆၁ မိနစ်မှာ ဘယ်ခြမ်းက ဖရီးကစ်ကန်ချန် ချယ်ဆီးနောက်ခံလူ လူးဝစ်နဲ့ထိကာ တစ်ဂိုးရခဲ့ပြီး၊ ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ ပက်စ်တိုရီက ချယ်ဆီးနောက်ခံလူ ၂ ယောက်ကို လှလှပပ ကျော်ဖြတ်ပြီး ဂိုးသမား ပိတ်ထားတဲ့ ထောင့်ကျဉ်းထဲကို ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

    မော်ရင်ဟိုရဲ့ ချယ်ဆီးကတော့ အိမ်ကွင်းပွဲစဉ်မှာ အနည်းဆုံး ၂ ဂိုးပြတ်နဲ့ အနိုင်ကစားရတော့မှာဖြစ်ပြီး၊ နောက်တစ်ဆင့်တရက်ရေးအတွက် ရုန်းကန်ရတော့မှာပါ။

    ယနေ့မနက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ရီးယဲလ် ၃-၀ ဒေါ့မွန်
    ပီအက်စ်ဂျီ ၃-၁ ချယ်ဆီး