ဧပြီ ၃၊ ၂၀၁၄
M-Media

– အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ရှိ စစ်တပ်တစ်ခုတွင် ယမန်နေ့က သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
တက္ကဆက်ပြည်နယ် ကီလီန်းမြို့ရှိ ဖော့တ်ဟုဒ် စစ်တပ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တရားခံမှာ တာဝန်ထမ်းဆောင်ဆဲ စစ်သားတစ်ဦး ဖြစ်ကြောင်း၊ စစ်တပ်အတွင်းရှိ အဆောက်အဦး ၂ ခုသို့ ကားဖြင့် သွားရောက်ပစ်ခတ်ပြီးနောက် မိမိကိုယ်ကို ပစ်သတ်ခဲ့ကြောင်း ဖော့တ်ဟုဒ် တပ်မှူး မာ့က် မီလီက ပြောကြားခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် ၄-ဦးသေဆုံးခဲ့ပြီး ၁၆-ဦး ဒဏ်ရာရရှိခဲ့သည်။
သို့သော်လည်း အဆိုပါတိုက်ခိုက်မှုမှာ အကြမ်းဖက်ဝါဒနှင့် ဆက်စပ်မှုရှိသည့် အထောက်အထားများ မတွေ့ရ၏ဟုဆိုပြီး၊ တရားခံ၏ မိသားစုများအား အကြောင်းမကြားရသေးသောကြောင့် တရားခံ၏အမည်ကို ထုတ်ဖော်ပြာဆိုခြင်းမပြုဟု တပ်မှူးက ထည့်သွင်းပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ဘာရက်အိုဘားမားကမူ ကြေကွဲဖွယ်ရာထိုဖြစ်ရပ်အတွက် ပြည့်စုံသော စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်သွားမည်ဟု ပြောကြားခဲ့ သည်။
အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် သေနတ်ဖြင့် ပစ်ခတ်မှုများမှာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး ၂၀၀၉ ခုနှစ်ကလည်း အဆိုပါစစ်တပ်တွင်ပင် ထိုကဲ့သို့ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ၁၃ ဦး သေဆုံးခဲ့ကာ ၃၀ ကျော်ဒဏ်ရာရခဲ့သည်။ ပြီးခဲ့သည်နှစ် စက်တင်ဘာလကလည်း ၀ါရှင်တန်ရှိ ရေတပ်တွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၁၂ ဦးသေဆုံးခဲ့ကာ ၄ ဦးဒဏ်ရာရခဲ့သည်။
Ref : Aljazeera

Leave a Reply
You must be logged in to post a comment.