News @ M-Media

Blog

  • ခရိုင်းမီးယား ပြည်သူ့ဆန္ဒခံယူပွဲ တရားမ၀င်ဟု ကုလ ဆုံးဖြတ်

    မတ် ၂၈ ၊၂၀၁၄
    M-Media

    – ခရိုင်းမီးယားဒေသအား ယူကရိန်းနိုင်ငံပိုင်ဆိုင်ကြောင်း အတည်ပြုသည့် ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂ အထွေထွေညီလာခံမှ ယမန်နေ့တွင် အတည်ပြုခဲ့ပြီး ရုရှားနှင့်ပေါင်းစည်းရေးအတွက် ပြုလုပ်သော ခရိုင်းမီးယား ပြည်သူ့ဆန္ဒခံယူပွဲမှာ တရားမ၀င်ဟု ပြောကြားလိုက်သည်။

    10571421_h28352920

    ယူကရိန်းကတင်သွင်းသည့် အဆိုပါ ဆုံးဖြတ်ချက် မူကြမ်းကို နိုင်ငံပေါင်း ၁၀၀ က ထောက်ခံမဲပေးခဲ့ပြီး ၁၁ နိုင်ငံက ကန့်ကွက်ခဲ့ကာ၊ ကြားနေမဲ ၅၈ မဲရှိခဲ့သည်။ ထောက်ခံမဲ အရေအတွက်မှာ သံတမန် အသိုက်အ၀န်းတွင် ထင်ထားသည်ထက် ပိုမိုများပြားခဲ့သည်။ ကုလအဖွဲ့ဝင် ၁၉၃ နိုင်ငံမှ ထက်ဝက်ကျော်က အဆိုပါ ဆုံးဖြတ်ချက်အား ထောက်ခံခဲ့ခြင်းက ပင်လယ်နက်ရှိ မဟာဗျူဟာ ကျသည့် ခရိုင်းမီးယား ဒေသအား ရုရှားမှ ကျူးကျော်မှုကို ဆန့်ကျင်သည့် လက္ခဏာလည်းဖြစ်သည်။

    ကုလ၏ အထွေထွေညီလာခံတွင် မဲခွဲသည့် အဆိုပါဆုံးဖြတ်ချက်အား လုံခြုံရေးကောင်စီကဲ့သို့ ဗီတိုသုံးရန် အခွင့်မရှိသောကြောင့် ရုရှားမှ ကန့်ကွက်၍ မရခဲ့ပေ။ မဲမခွဲမီအလျင် ယူကရိန်းနိုင်ငံခြားရေး ၀န်ကြီးက မိမိတို့တိုင်းပြည်၏ ပိုင်ဆိုင်မှုနှင့် စည်းလုံးညီညွတ်မှုတို့အား ရုရှားက ရက်ရက်စက်စက် နင်းချေဖျက်ဆီးခဲ့ကြောင်း၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရေးအတွက် လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်ဖြစ်သည့် ရုရှားနိုင်ငံအား မယုံကြည်ရကြောင်း ပြောကြားခဲ့သည်။

    ကုလဆိုင်ရာ ရုရှားသံအမတ် ဗီတလီ ချာကင်ကမူ ထိုဆုံးဖြတ်ချက်အား မဲမပေးရန် တိုက်တွန်းခဲ့ပြီး ခရိုင်းမီးယား၏ သမိုင်းကြောင်းနှင့်ချီသည့် မတရားမှုကို ပြင်ဆင်ခဲ့ပြီဖြစ်ကာ၊ ရုရှားသို့ဝင်ရောက်ရန် ခရိုင်းမီးယားပြည်သူများက ၎င်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် အခွင့်အရေးကို ထုတ်ဖော်ခဲ့ခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မတ်လ ၁၆ ရက်နေ့က ခရိုင်းမီးယားပြည်သူမျာ၏ ပြည်သူ့ဆန္ဒခံယူပွဲပြီးနောက် ရုရှားက ထိုဒေသအား သိမ်းပိုက်ခဲ့ပြီး၊ အမေရိကန်အပါအ၀င် အနောက်နိုင်ငံများကမူ ထိုလုပ်ရပ်အား ရှုတ်ချခဲ့ကာ ရုရှားအစိုးရတာဝန်ရှိသူအချို့ကိုလည်း ပိတ်ဆို့မှုများပြုလုပ်ခဲ့သည်။

    Agencies

  • အင်္ဂလန်ရှိ ရေဘေးသင့်ပြည်သူများအား မွတ်စလင် စေတနာ့ဝန်ထမ်းများက အကူအညီများပေးအပ်

    အင်္ဂလန်ရှိ ရေဘေးသင့်ပြည်သူများအား မွတ်စလင် စေတနာ့ဝန်ထမ်းများက အကူအညီများပေးအပ်

    မတ် ၂၈၊ ၂၀၁၄
    M-Media

    28(1)

    – အင်္ဂလန်တွင် မြစ်ရေကြီးမှုကြောင့် ရေလွှမ်းမိုးမှုဒဏ်ခံစားခဲ့ရသည့် ပြည်သူများအား မွတ်စလင်စေတနာ့ဝန်ထမ်းအဖွဲ့များက အကူအညီများ ပေးအပ် ခဲ့ကာ၊ ကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ပေးခဲ့သည်ဟု သိရသည်။

    နိုင်ငံအရှေ့တောင်ပိုင်းရှိ ဆာရေးနှင့် မစ်ဒဲလ်ဆက်ဒေသများတွင် ဖောဖော်ဝါရီလအတွင်းက သိမ်းမြစ်ရေလျှံမှုကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ပြီး ၁၉၄၇ နောက်ပိုင်း အဆိုးဝါးဆုံး ရေလွှမ်းမိုးမှုလည်းဖြစ်ခဲ့သည်။ ထို့နောက် ရေဘေးသင့်ပြည်သူမျာအား အင်္ဂလန်တောင်ပိုင်းရှိ Sunbury စေတနာ့ ၀န်ထမ်းအဖွဲ့တစ်ခုမှ ကူညီမှုများပြုလုပ်ခဲ့ပြီး မွတ်စလင် စေတနာ့ဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့ကလည်း ၎င်းတို့နှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့သည်။

    “ကျွန်တ်ာတို့ ဆမန်းရက်စ်နဲ့ စတိန်းဒေသတွေကို သွားခဲ့ပြီး၊ အဲဒီမှာ Sunbury အဖွဲ့နဲ့ တွေ့ခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့ စေတနာ့ဝန်ထမ်း လိုက်ပါ တာတင်မဟုတ်ပါဘူး။ တံမြက်စည်းတွေ၊ သန့်ရှင်းရေးစက်တွေနဲ့၊ ပစ္စည်းတွေကိုလည်း ထောက်ပံ့ပေးခဲ့ပါတယ်” ဟု မွတ်စလင် ကူညီကယ်ဆယ်ရေး အဖွဲ့၏ တာဝန်ရှိသူ အဟ်မဒ် တီလာဒီယာက Get Surrey သတင်းဌာနသို့ ယမန်နေ့က ပြောကြားခဲ့သည်။

    အဖွဲ့ဝင် ၂၅ ဦးပါသည့် အဆိုပါ မွတ်စလင်အဖွဲ့မှာ ဗြိတိန်မွတ်စလင် ကူညီကယ်ဆယ်ရေးအေဂျင်မှဖြစ်ပြီး၊ Sunbury အဖွဲ့နှင့်အတူ ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ပြီးခဲ့သည့် ၂ ပတ် စနေ၊ တနင်္ဂနွေနေ့များက ရေဘေးသင့် ဒေသများတွင် ပြုလုပ်ခဲ့သည့် သန့်ရှင်းရေးလုပ်ငန်းများတွင်လည်း ၎င်းတို့ပါဝင်ခဲ့ပြီး၊ နောက်ထပ်သုံးပတ်အထိ ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။

    ထို့ကဲ့သို့ မွတ်စလင်အဖွဲ့များ၏ ကူညီမှုကို Sunbury အဖွဲ့က အလွန်အရာရောက်သည့် ဆောင်ရွက်မှုဖြစ်သည်ဟု ချီးကျူးခဲ့ကြသည်။ ထို့ပြင် မီဒီယာများမှ အစ္စလာမ်နှင့်ပတ်သက်သည့် မှားယွင်းသော ဖော်ပြမှုများကိုလည်း အမှန်အတိုင်း သိမြင်လာခဲ့ပြီဟု ဆိုသည်။

    “ကျွန်တော်တွေ့ခဲ့လူတွေထဲမှာ ချစ်ဖို့အကောင်းဆုံး ဒီလိုလူ ၂၅ ဦးနဲ့ ဆုံရတာ သိပ်ကို ကံကောင်းပါတယ်။ ဘာသာတရားတွေက တစ်ယောက်နဲ့ တစ်ယောက်သည်းခံဖို့၊ အတူတကွအလုပ်လုပ်ဆောင်ဖို့ စတာတွေရဲ့ အရေးကြီးပုံ သင်ယူမှုတွေကို ခရစ်ယာန်တစ်ယောက်ဖြစ်တဲ့ ကျွန်တော် အရမ်း အလေးထားပါတယ်။ ကျွန်တော့်ရဲ့ မသိနားမလည်မှုကြောင့် နည်းနည်းလေး အားထုတ်လိုက်တာနဲ့ (ဒီသင်ကြားချက်တွဟာ) ဒီလို လွယ်ကူပြီး အောင်မြင်မယ်လို့ သတိမပြုမိခဲ့ပါဘူး။ ဒါဟာ ကျွန်တော့်အတွက်တော့ စေတနာ့ဝန်ထမ်းအဖွဲ့ထက်ကို ပိုပါတယ်။ အံ့သြစရာပါပဲ” ဟု အဆိုပါအဖွဲ့မှ အလီဆန် ရစ်ဖစ်က ပြောကြားခဲ့သည်။

    ထို့ပြင် ထိုအဖွဲ့၏ ဒုတိယတာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုပစ်ကီကလည်း မွတ်စလင်များ၏ ကူညီမှုများမှာ တန်ဖိုးမဖြတ်နိုင်သော ကူညီမှုများဟု ပြောကြားခဲ့ သည်။

    “(သူတို့ဟာ) ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့ ဘယ်လိုမျှော်လင့်ချက်မှမထားဘဲနဲ့ လန်ဒန်အရှေ့ပိုင်းကနေ လာခဲ့ကြ ပါတယ်။ ဒီဆောင်ရွက်မှုက ယူသင့်တဲ့ အဓိက အရာကတော့ ကျွန်တော်တို့ ဘယ်မှာနေတယ်ဆိုတာကို ဂရုမထားဘဲ၊ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု၊ ဘာသာတရား၊ ဒါမှမဟုတ် လူမျိုးတွေနဲ့ ဆက်စပ်မှုမရှိဘဲ ဒုက္ခရောက်နေတဲ့သူတွေကို အတူတကွ ကူညီတာပါပဲဖြစ်ပါတယ်။ စိတ်ရော၊ ကိုယ်ရော ကူညီနိုင်သူ အချို့ကတော့ တစ်နေရာကနေ ကျွန်တော်တို့ကို ထိုင်ကြည့်နေပါတယ်”

    Ref : Onislam

  • ချန်ပီယံဆုအတွက် အလှည့်အပြောင်းဖြစ်နိုင်သော ပွဲစဉ်များရှိနေသေးသည်ဟု ၀င်းဂါးဆို

    ချန်ပီယံဆုအတွက် အလှည့်အပြောင်းဖြစ်နိုင်သော ပွဲစဉ်များရှိနေသေးသည်ဟု ၀င်းဂါးဆို

    မတ် ၂၈၊ ၂၀၁၄
    M-Media

    28

    – နှစ်ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းမှ ဖယ်ပေးခဲ့ရပြီဟု ပြောဆိုမှုများအား အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ငြင်းဆိုလိုက်သည်။

    အာဆယ်နယ်အသင်းမှာ ပြီးခဲ့သည့် စနေနေ့က ချယ်ဆီးအသင်းအား ၆ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့ကလည်း ဆွမ်ဆီးအသင်းနှင့် ၂ ဂိုးစီ သရေကျခဲ့သည်။ နှစ်ပွဲဆက်နိုင်ပွဲပျောက်မှုကြောင့် အာဆင်နယ်အသင်းမှာ အဆင် ၄ နေရာသို့ ရောက်သွားခဲ့ကာ လက်ကျန် ၇ ပွဲသာ ကျန်ရှိအချိန်တွင် ထိပ်ဆုံးမှ ချယ်ဆီးအသင်းနှင့် ၆ မှတ်ကွာဟသွားခဲ့သည်။

    ထို့ကြောင့် အာဆင်နယ်အသင်းမှာ ချန်ပီယံပြေးလမ်းကြောင်းမှ ဖယ်ပေးခဲ့ရပြီဟု မှတ်ချက်များထွက်ပေါ်လာခဲ့ပြီး ၀င်းဂါးကမူ ရာသီမသိမ်းခင် အပြောင်း အလဲများရှိမည်ဟု ပြောကြားခဲ့သည်။

    “အဲဗာတန်ဟာ ကျွန်တော်တို့နေရာ(စတုတ္ထနေရာ)ကို ယူဖို့လာနေပြီလို့ လူတိုင်းက ပြောကြပါတယ်။ ဒါဆို ကျွန်တော်တို့ဟာ ဘာ့ကြောင့် အရှေ့က အသင်းတွေနေရာကို ပြန်မရောက်ရမှာလဲ။ အလှည့်အပြောင်းဖြစ်လာမယ့်ပွဲတွေ ရာသီကုန်အထိ အများကြီးရှိနေပါသေးတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် လောလောဆယ်တွင် ချန်ပီယံပြေးလမ်းကို မစဉ်းစားဘဲ၊ ပွဲများနိုင်ရန်အတွက်သာ စဉ်စားနေကြောင်း၊ နောက်ဆုံးရလဒ်က ပရီးမီးယားလိဂ် အသင်းများအကြား ကွာခြားမှုအနည်းငယ်သာရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း ၀င်းဂါးက ထပ်လာင်းပြောကြားသွားခဲ့သည်။ အာဆင်နယ်မှာ ယခုတစ်ပတ်တွင် ပထမအကျော့က အဝေးကွင်းတွင် ၆ ဂိုး ၃ ဂိုးဖြင့် ရှုံးနိမ့်ထားသည့် မန်စီးတီးအသင်းအား အိမ်ကွင်းတွင် လက်ခံ ကစားရမည်ဖြစ်သည်။

    Ref : Goal

  • မိုယက်စ်အား ဝေဖန်မှုများ မျှတမှုမရှိဟု အက်စတွန်ဗီလာနည်းပြဆို

    မိုယက်စ်အား ဝေဖန်မှုများ မျှတမှုမရှိဟု အက်စတွန်ဗီလာနည်းပြဆို

    မတ် ၂၈၊ ၂၀၁၄
    M-Media

    380609_heroa

    – ဖာဂူဆန်က ခန့်အပ်ခဲ့သည့် စကော့တလန်သား မိုယက်စ်အား ဝေဖန်မှုများမှာ မျှတမှုမရှိဟု အက်စတွန်ဗီလာ အသင်း၏ နည်းပြဖြစ်သူ ပေါလ်လမ်ဘာ့တ်က ပြောကြားခဲ့သည်။

    မိုယက်စ်မှာ နည်းပြဟောင်း ဖာဂူဆန်တည်ဆောက်ပေးခဲ့သည့် ပုံစံကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်ခြင်းမရှိဘဲ ရလဒ်များ ဆိုးရွားမှုကြောင့် ဝေဖန်မှုများခံနေသည်။ ထို့ပြင် ၎င်း၏အနာဂတ်မှာလည်း မရေရာတော့ဟု သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

    သို့သော်လည်း ဗီလာနည်းပြ လမ်ဘာ့တ်ကမူ မိုယက်စ်မှာ အကောင်းဆုံး လုပ်ဆောင်ခဲ့သည်ဟု ယုံကြည်နေပြီး၊ မိုယက်စ်အား ဝေဖန်သည့် နဖူးစည်းအား မန်ယူပရိတ်သတ်များက ပွဲကစားချိန်တွင် လေယာဉ်ဖြင့် ဖော်ပြမည်ဟု သတင်းထွက်ပေါ်မှုများကိုလည်း ဝေဖန်ခဲ့သည်။

    “အက်စတွန်ဗီလာမှာ ကျွန်တော်ကြိုးစားနေသလို မန်ယူမှာလည်း မိုယက်စ်ဟာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတာပါ။ အရင်တုန်းကတော့ (အောင်မြင်မှုရအောင်လုပ်ဖို့) အချိန်တွေအများကြီးရပါတယ်။ ဒါပေမယ့် အခုခေတ်မှာတာ့ လူတွေဟာ အောင်မြင်မှုကို ချက်ချင်းရချင်ကြပါတယ်” ဟု လမ်ဘာ့တ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် မိုယက်စ်အား အလိုမရှိဟု လေယာဉ်ဖြင့် ကြေညာခြင်းမှာ အနည်းငယ်အစွန်းရောက်နေကြောင်း၊ အချို့ဝေဖန်မှုများမှာ လိုသည်ထက် ပိုနေ ကြောင်း ၎င်းးက ထည့်သွင်းပြောကြားခဲ့သည်။

    မန်ယူအသင်းမှာ ပြည်တွင်းရှုံးထွက်ဖလားအားလုံးတွင် ထွက်ခဲ့ရပြီး ပရီးမီးယားလိဂ်တွင်လည်း အဆင့် ၇ နရာတွင်ရှိနေသည်။ ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့သော်လည်း လက်ရှိချန်ပီယံ ဘိုင်ယမန်မြူးနစ်နှင့် တွေ့ဆုံနေပြီး နောက်တစ်ဆင့်တက်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။

    Ref : Goal

  • “မေခဆောင်” ဖောင်ဒေးရှင်းမှ “နိုင်ငံတော်ဘတ်ဂျက်ကို တစေ့တဆောင်းလေ့လာသုံးသပ်ခြင်း” ဖိုရမ်ပြုလုပ်မည်

    “မေခဆောင်” ဖောင်ဒေးရှင်းမှ “နိုင်ငံတော်ဘတ်ဂျက်ကို တစေ့တဆောင်းလေ့လာသုံးသပ်ခြင်း” ဖိုရမ်ပြုလုပ်မည်

    မတ် ၂၈၊ ၂၀၁၄
    M-Media
    လမင်း

    DSC00101

    ရန်ကုန်   ။       ။       ရန်ကုန်စီးပွားရေးတက္ကသိုလ်မေခဆောင်တွင်နေထိုင်ခဲ့သော ဆရာ ဆရာမများနှင့် ကျောင်းသူကျောင်းသားဟောင်းများမှ တည်ထောင်ထားသော မေခဆောင်ဖောင်ဒေးရှင်းမှ “နိုင်ငံတော်ဘတ်ဂျက်ကိုတစ်စေ့တစ်စောင်း လေ့လာသုံးသပ်ခြင်း” ခေါင်းစဉ်ဖြင့် ဖိုရမ်တစ်ခုကို ပြုလုပ်မည်ဖြစ်ကြောင်း ယနေ့မတ်လ ၂၈ ရက်နေ့ ဗိုလ်အောင်ကျော်လမ်းရှိ HOME တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

    “နိုင်ငံတော်ဘတ်ဂျက်ကို တစေ့တစောင်း လေ့လာသုံးသပ်ခြင်း” ဖိုရမ်ကို ဧပြီလ ၆ ရက် တနင်္ဂနွေနေ့တွင် မင်းရဲကျော်စွာလမ်းရှိ UMFCCI တွင် ပြုလုပ်ကျင်းပမည်ဖြစ်ပြီး ဦးစိုးသိန်း(ဒု ညွန်ချုပ် ငြိမ်း၊ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန)၊ ဦးမျိုးမြင့် (ဒုညွန်မှူး ငြိမ်း စီမံကိန်းရေးဆွဲရေးဦးစီဌာန) ၊ ဦးဟန်ထွန်း (အခွန် ဒု-ညွန်မှူး ငြိမ်း ပြည်တွင်းအခွန်များဦးစီးဌာန ) တို့မှဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ပါသည်။

    ဖိုရမ်ကျင်းပသည့်ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး “မေခဆောင်” ဖောင်ဒေးရှင်းမှ ဥက္ကဌ ဒေါက်တာ မောင်မောင်စိုး ပါမောက္ခ၊ ဌာနမှူး(ငြိမ်း) အသုံးချ ဘာဂဗေဒဌာန ရန်ကုန်စီးပွားရေးတက္ကသိုလ် မှ”ကျွန်တော်တို့အခုလို ဘတ်ဂျက် ဖိုရမ်ကျင်းပရတာဟာ တိုင်းပြည်အတွက် အကျိုးပြုနိုင်စေချင်လို့ပါ။ကျွန်တော်တို့ဒီဟာကိုလုပ်ဖို့စဉ်းစားနေတာလည်းကြာနေပါပြီ။ အခုလိုကျွန်တော်တို့ဖိုရမ်ကျင်းပပြီးရင် ဘတ်ဂျက်နဲ့ပတ်သက်ပြီး နိုင်ငံတော်အတွက် အကျိုးရှိလာနိုင်လိမ့်မယ်လို့ထင်မိပါတယ် ” ဟုသုံးသပ်ပြောကြားခဲ့သည်။

    “မေခဆောင်” ဖောင်ဒေးရှင်းကို ၂၄-၃-၂၀၁၃ တွင်စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်အတွက် လိုအပ်သောဘဏ္ဍများတွင် စီးပွားရေးပညာဖြင့် အထောက် အကူပြုဆောင်ရွက်ပေးရန်နှင့် မေခလာဆောင်တွင်နေထိုင်ခဲ့သော ဆရာများနှင့်ကျောင်းသားဟောင်းများအတွက် လူမှုရေးအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

    “မေခဆောင်” ဖောင်ဒေးရှင်း တည်ထောင်ခြင်းအထိမ်းအမှတ်အဖြစ် ပထမအကြိမ် ဖိုရမ်ကို ၂၀၁၃-ခု နိုဝင်ဘာလ က The Current Economic Issues of Myanmar ခေါင်းစဉ်ဖြင့် UMFCCI တွင်ပြုလုပ်ခဲ့ပြီး ယခု ဧပြီလ ၆ ရက်နေ့တွင်ပြုလုပ်မည့်ဖိုရမ်သည် ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။