News @ M-Media

Blog

  • Census Day2: ကျောက်ဖြူ ဒုက္ခသည်စခန်းမှ ကမန်များ လူမျိုးအမှန် ဖြည့်ခွင့်မရ

    Census Day2: ကျောက်ဖြူ ဒုက္ခသည်စခန်းမှ ကမန်များ လူမျိုးအမှန် ဖြည့်ခွင့်မရ

    မတ် ၃၁၊ ၂၀၁၄
    M-Media
    ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ကယ်ဆယ်ရေးစခန်းများတွင်ရှိသော ကမန် တိုင်းရင်းသားများအား သန်ခေါင် စာရင်းကောက်ယူရာတွင် လူမျိုးနေရာတွင် ကမန်ဟု ရေးသွင်းခြင်းကို လက်မခံဘဲ ကမန်တိုင်းရင်းသားဖြစ်ကြောင်း အထောက်အထားများ တောင်းဆိုနေကြောင်း သိရပါတယ်။

    တိုင်းရင်းသားများက ကယ်ဆယ်ရေးစခန်းတွင် မည်သည့်အထောက်ထားမှ မရှိကြောင်းပြန်လည်ပြောဆိုရာ စာရင်းကောက်များက ဆက်လက်ကောက်ယူမှု မရှိဘဲ လှည့်ပြန်သွားကြောင်း ကယ်ဆယ်ရေးစခန်းမှ သတင်းပေးပို့လာကြောင်း အချို့စာရင်းကောက်များမှာ ဖြေဆိုသည့် အတိုင်းကမန် မထည့်ဘဲ ဘင်္ဂလီဟု ဖြည့်နေကြောင်း ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက် (PCN) သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

    ၂၀၁၂ ခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ကျောက်ဖြူမြို့နေထိုင်သူ မွတ်စလင်အားလုံး ဒုက္ခသည် စခန်းတွင် ယနေ့အချိန်ထိ နေထိုင်နေရသည် နေရပါတယ်။

    အကြမ်းဖက်တိုက်ခိုက်ချိန် နေအိမ်များမီးဖြင့်ရှို့ခြင်း၊ အသက်အန္တရာယ် ရန်ရှာမှုတို့ကြောင့် ၄င်းတို့ ပိုင်ဆိုင်မှုများ တခုမှ သယ်ဆောင်နိုင်ခြင်းမရှိဘဲ အဝတ်တထည်ကိုယ်တခုဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုလို ဒုက္ခသည်စခန်းတွင် နေထိုင်လာရသည်မှာ ၁ နှစ်ခွဲ နီးပါးရှိနေပြီဖြစ် ပါတယ်။

    ကျောက်ဖြူတွင် နေထိုင်သူ မွတ်စလင် အများစုမှာ ကမန် တိုင်းရင်းသားများဖြစ်ပြီး ပညာတတ်ဝန်ထမ်း အများအပြား ပါဝင်ကြောင်း သိရပါတယ်။

    ကိုးကား PCN သတင်းထုတ်ပြန်ချက်

  • ပညာရှင်များနှင့် လူငယ်များ၏ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ် (ဓါတ်ပုံ)

    မတ် ၃၁၊ ၂၀၁၄
    M-Media
    ဓါတ်ပုံ- လမင်း

    မျက်မှောက်ခေတ် စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ ပညာရှင်များနှင့် လူငယ်များ၏ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ် 

    DSC00321

    အနာဂတ်မှာ အေးချမ်းဖို့ လူကြီးလူငယ်တွေ့ ဆုံစို့ ခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲ တခုကို မတ်လ ၂၉ ရက်နေ့က ရန်ကုန်မြို့က M3 စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို မြန်မာမွတ်စလင် ဘာသာရေးနယ်ပယ်၊ နိုင်ငံရေး နယ်ပယ်မှ ပညာရှင်များ လူကြီး နှင့် နယ်ပယ်အစုံမှမှ မွတ်စလင် လူငယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။

    သတင်းအပြည့်အစုံကို M-Media မှ ထပ်မံတင်ဆက်ပေးသွားပါမယ်။

  • မြောက်ကိုရီးယားမှ နျူလက်နက် ထပ်မံ စမ်းသပ်လျှင် ပေးဆပ် ရမည်ဟု တောင်ကိုရီးယားဆို

    မတ် ၃၁၊ ၂၀၁၄
    M-Media

    – မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ထပ်မံ၍ နျူးကလီးယား လက်နက်စမ်းသမ်မှုပြုလုပ်ပါက ထိုပြုလုပ်မှုအတွက် ပေးဆပ်ရမည်ဟု တောင်ကိုရီးယားက ယမန်နေ့တွင် သတိပေးပြောကြားလိုက်သည်။

    rocket_jpg_2459473b

    အမေရိကန်၏ မိမိတို့အပေါ် ရန်လိုသော ပေါ်လစီများကို ဆန့်ကျင်သောအားဖြင့် နျူးကလီးယားစမ်းသပ်မှု ပုံစံအသစ်တစ်မျိုးကို ပြုလုပ်သွား ဖွယ်ရှိသည်ဟု မြောက်ကိုရီးယားက ပြောကြားခဲ့ပြီးနောက် တောင်ကိုရီးယားဘက်က ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

    “အကယ်၍ ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက လေးနက်တဲ့တောင်းဆိုမှုကို (မြောက်ကိုရီးယားဘက်က) လစ်လျူရှုပြီး၊ သူတိုရဲ့ (စတုတ္ထမြောက်) နျူးကလီးယားလက်နက်စမ်းသပ်မှုကို ပြုလုပ်မယ်ဆိုရင်၊ အဲဒီအတွက် ပေးဆပ်ရပါလိမ့်မယ်” ဟု တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ထိုကြေညာချက်တွင် နိုင်ငံ၏ကာကွယ်ရေးစနစ် ပိုမိုအားကောင်းစေရန် နျူးစမ်းသပ်မှု ပုံစံ အသစ်အားပြုလုပ်သွားမည်ဆိုသည့်သတင်းအား မငြင်းဟု ဆိုခဲ့ပြီး၊ နျူလက်နက် စမ်းသပ်ရေးအတွက် အရိပ်အမြွက် ဖော်ပြခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

    ထို့ပြင် ကိုရီးယားကျွန်းဆွယ်အတွင်း ဖြစ်ပွားသည့် အဖြစ်အပျက်များအတွက် အမေရိကန်က တာဝန်ယူ ရမည်ဖြစ်ကြောင်းဖော်ပြ ခဲ့သည်။ သောကြာနေ့ကပြုလုပ်ခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တံခါးပိတ်ဆွေးနွေးပွဲအပြီး ထုတ်ပြန်သောကြေညာချက်တွင် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုများအား ရှုတ်ချသည်ဟု ဖော်ပြခဲ့မှုအပေါ် ပြုံးယမ်က ပြန်လည်တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

    မြောက်ကိုရီးယား အနေဖြင့် ဥပဒေနှင့် ညီညွတ်သည့် ကာကာကွယ်ရေးလုပ်ငန်းများကို လေ့ကျင်သွားမည်ဖြစ်ကြောင်း၊ တန်ပြန်လှုပ်ရှားမှုများကိုလည်း ပြင်ဆင်ထားကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

    လွန်ခဲ့သည့် ၂ လကျော်မှစတင်ကာ တာတိုပစ်နှင့် တာလတ်ပစ် ဒုံးကျည်များပစ်လွှတ်ခဲ့ပြီးနောက်ပိုင်း နျူလက်နက် စမ်းသပ်မည်ဟု မြောက်ကိုရီး၏ ခြိမ်းခြောက်မှုအား စိုးရိမ်မိသည်ဟု တောင်ကိုရီးယားက ပြောကြားခဲ့သည်။

    နောက်ဆုံးရရှိသည့် သီတင်းများအရ နှစ်နိုင်ငံ အငြင်းပွားနေသည့် ပင်လယ်ဝါ ရေပိုင်နက်အတွင်း ယနေ့နံနက်က မြောက်ကိုရီးယားမှ အင်အားအပြည့်ဖြင့် စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သောကြောင့် တောင်ကိုရီးယားဘက်မှလည်း မြောက်ကိုရီးယားရေပိုင်နက်အတွင်းသို့ ပြန်လည် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။ Yeonpyeong နှင့် Baengnyeong ကျွန်းတို့မှ ပြည်သူများအား ဘေးလွတ်ရာသို့ရွှေးပြောင်းပေးထားသည်ဟု တောင်ကိုရီးယား အာဏာပိုင်များကလည်း သတင်းထုတ်ပြန်ထားသည်။

    ဆင်ဟွာ

    Photo: REUTERS

  • ခရိုင်းမီးယား၏ ယူကရိန်း စံတော်ချိန်အား ရုရှား စံတော်ချိန်ဖြင့် အစားထိုး

    မတ် ၃၁၊ ၂၀၁၄
    M-Media

    – ယူကရိန်းမှ ခွဲထွက်ကာ ရုရှား ပိုင်နက်အတွင်းသို့ ၀င်ရောက်သွားခဲ့သည့် ခရိုင်းမီးယားဒေသမှာ ၎င်းတို့၏ စံတော်ချိန်ကို ရုရှားစံတော်ချိန်အဖြစ် ယမန်နေ့က ပြောင်းလဲခဲ့သည်ဟု သိရသည်။

    Bj7hC1xCMAA7xw4.jpg medium

    ဆင်ဖီရိုပိုလ်မြို့ ရထားဘူတာရှိ နာရီအား ယမန်နေ့ည ၁၀ နာရီတွင် ရုရှားစံတော်ချိန် ၁၂ နာရီသို့ ပြောင်း လဲခဲ့ပြီး၊ ရာပေါင်းများစွာသော ခရိုင်းမီးယားပြည်သူများကလည်း ထိုအခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြသည်။

    ခရိုင်းမီးယားဒေသ၏ ၀န်ကြီးချုပ်သစ် ဆာဂျီ အက်စ်ယိုနော့ဗ်က ပရိတ်သတ်များအား ချီးကျူးခဲ့ပြီး၊ ၎င်းတို့မှာ ခရိုင်းမီးယားဒေသနှင့် ခရိုင်းမီးယားပြည်သူတို့ အကျိုးအတွက် လုပ်ဆောင်ပေးခဲ့ပြီဟု ပြောကြားခဲ့သည်။

    ရုရှားပိုင်နက်အတွင်းသို့ ၀င်ရောက်ရေးအတွင် မတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်သူ့ဆန္ဒခံယူပွဲတွင် ခရိုင်းမီးယားပြည်သူ ၉၇ ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ကြပြီး၊ မတ်လ ၁၈ ရက်နေ့တွင် ရုရှားသမ္မတပူတင်နှင့် ခရိုင်းမီးယားခေါင်းဆောင်တို့က သတောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

    ထို့ပြင် ရုရှားရူဘဲလ်အား ခရိုင်းမီးယားငွေကြေးအဖြစ် သတ်မှတ်ခဲ့ပြီး၊ ပင်စင်နှင့် အစိုးရ၀န်ထမ်းများအတွက် လစာများကိုလည်း ရုရှားမှ စတင်ပေးချေနေပြီဖြစ်သည်။

    သို့သော်လည်း အမေရိကန်နှင့် အနောက်နိုင်ငံများကမူ ခရိုင်းမီးယားဒေသ ရုရှားနိုင်ငံပိုင်နက်သို့ ၀င်ရောက်သွားခြင်းမှာ နိုင်ငံတကာဥပဒေများနှင့် မညီဟုပြောကြားခဲ့ပြီး ရုရှားနိုင်ငံအား သံတမန်ရေးအရ ပိတ်ဆို့မှုများပြုလုပ်သွားရန် ကြိုးစားနေသည်။

    CNTV.cn

  • အလ်-အက်ဆာ ဗလီအား ဖြိုဖျက်ရန် အစ္စရေး စီစဉ်နေသည်ဟု ပါလက်စတိုင်းပြော

    မတ် ၃၁၊ ၂၀၁၄
    M-Media

    – ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်အား သိမ်းပိုက်ထားသည့် အစ္စရေးမှာ အလ်-အက်ဆာ (Masjid Al-Aqsa) ဗလီဝတ်ကျောင်းတော်အား ဖြိုဖျက်ရန် စီစဉ်နေသည်ဟု ပါလက်စတိုင်းအစိုးရ၏ သာသနာရေးဝန်ကြီး မဟ်မူဒ် အလ်-ဟက်ဘာ့ရှ်က ပြောကြားခဲ့သည်။

    336430_al-Aqsa-Mosque

    လွန်ခဲ့သည့်လများမှစ၍ အစ္စရေး စစ်သားများနှင့် အစွန်းရောက်များက အလ် အက်ဆာ ဗလီဝတ်ကျောင်းတော်သို့ ၀တ်ပြုရန် လာရောက်ကြသည့် ပါလက်စတိုင်းများအား တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့ပြီး၊ နှစ်ဖက် ထိပ်တိုက်တွေ့ဆုံမှုများလည်းရှိခဲ့သည်။

    “အစ္စရေးအစိုးရက ထောက်ခံပြီး၊ အစ္စရေးစစ်တပ်က ကာကွယ်ပေးထားတဲ့ ဒီအစီအစဉ်ကို စနစ်တကျနဲ့၊ ဖြည်ဖြည်းခြင်း အစ္စရေးက လုပ်ဆောင်နေတာပါ။ သူရဲ့ရည်ရွယ်ချက်က အလ် အက်ဆာကို ပိုင်းခြားဖို့ ဖြစ်တယ်ဆိုတာ ကျွန်တော်ပြောပါမယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ဟာ အက်ဆာ ဗလီတ်ကျောင်းတော်ကို ဖယ်ရှားဖို့ပါ” ဟု ဟက်ဘာ့ရှ်က အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    အစ္စရေးမှာ အဆိုပါ ဗလီဝတ်ကျောင်းတော် အတွင်းသို့ မွတ်စလင်များ ၀င်ရောက်ဝတ်ပြုခြင်းကို တားဆီးရန် တင်းကျပ်သည့် ကန့်သတ်ချက်များကို ပြဌာန်းထားသည်။ ထို့ပြင် ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အား ၀င်ရောက်သိမ်းပိုက်ရန် အစီအစဉ်တစ်ခုကို အစ္စရေးပါလီမန်၌ ဖေဖော်ရီ ၂၅ ရက်နေ့က ဆွေးနွေးခဲ့ကြသေးသည်။

    အစ္စရေး၏ ထိုလုပ်ရပ်အား ပါလက်စတိုင်းများက ရှုတ်ချခဲ့ပြီး အာရပ်လူမျိုးများနှင့် အစ္စလာမ့် ယဉ်ကျေးမှုကို ဖျက်ဆီးရန် ကြိုစားခြင်းဖြစ်သည်ဟု ပြောကြား ခဲ့သည်။ အရှေ့ဂျေရုစလင်အား ပါလက်စတိုင်း၏ မြို့တော်အဖြစ် သတ်မှတ်ရန် ပါလက်စတိုင်းတို့က ဆန္ဒရှိနေပြီး ရှေးဟောင်းအမွေအနှစ်များကိုလည်း ပကတိအတိုင်း ကျန်ရှိနေစေချင်ကြသည်။

    လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်းကပင် တရားမ၀င်အိမ်ရာများဆောက်လုပ်ခြင်း၊ သမိုင်းဝင်နေရာများဖျက်ဆီးခြင်းနှင့် ဒေသခံပါလက်စတိုင်းများအား မောင်းထုတ်ခြင်းတို့ကို ပြုလုပ်ကာ အရှေ့ဂျေရုစလင်၏  ပထ၀ီအနေအထားနှင့် လူအဖွဲ့အစည်းတို့အား ပြောင်းပစ်ရန် အစ္စရေးတို့က ကြိုးစားခဲ့သည်။
    PG/HMV/SL