မတ် ၃၁၊ ၂၀၁၄
M-Media
– ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်အား သိမ်းပိုက်ထားသည့် အစ္စရေးမှာ အလ်-အက်ဆာ (Masjid Al-Aqsa) ဗလီဝတ်ကျောင်းတော်အား ဖြိုဖျက်ရန် စီစဉ်နေသည်ဟု ပါလက်စတိုင်းအစိုးရ၏ သာသနာရေးဝန်ကြီး မဟ်မူဒ် အလ်-ဟက်ဘာ့ရှ်က ပြောကြားခဲ့သည်။
လွန်ခဲ့သည့်လများမှစ၍ အစ္စရေး စစ်သားများနှင့် အစွန်းရောက်များက အလ် အက်ဆာ ဗလီဝတ်ကျောင်းတော်သို့ ၀တ်ပြုရန် လာရောက်ကြသည့် ပါလက်စတိုင်းများအား တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့ပြီး၊ နှစ်ဖက် ထိပ်တိုက်တွေ့ဆုံမှုများလည်းရှိခဲ့သည်။
“အစ္စရေးအစိုးရက ထောက်ခံပြီး၊ အစ္စရေးစစ်တပ်က ကာကွယ်ပေးထားတဲ့ ဒီအစီအစဉ်ကို စနစ်တကျနဲ့၊ ဖြည်ဖြည်းခြင်း အစ္စရေးက လုပ်ဆောင်နေတာပါ။ သူရဲ့ရည်ရွယ်ချက်က အလ် အက်ဆာကို ပိုင်းခြားဖို့ ဖြစ်တယ်ဆိုတာ ကျွန်တော်ပြောပါမယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ဟာ အက်ဆာ ဗလီတ်ကျောင်းတော်ကို ဖယ်ရှားဖို့ပါ” ဟု ဟက်ဘာ့ရှ်က အင်တာဗျူးတွင် ပြောကြားခဲ့သည်။
အစ္စရေးမှာ အဆိုပါ ဗလီဝတ်ကျောင်းတော် အတွင်းသို့ မွတ်စလင်များ ၀င်ရောက်ဝတ်ပြုခြင်းကို တားဆီးရန် တင်းကျပ်သည့် ကန့်သတ်ချက်များကို ပြဌာန်းထားသည်။ ထို့ပြင် ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အား ၀င်ရောက်သိမ်းပိုက်ရန် အစီအစဉ်တစ်ခုကို အစ္စရေးပါလီမန်၌ ဖေဖော်ရီ ၂၅ ရက်နေ့က ဆွေးနွေးခဲ့ကြသေးသည်။
အစ္စရေး၏ ထိုလုပ်ရပ်အား ပါလက်စတိုင်းများက ရှုတ်ချခဲ့ပြီး အာရပ်လူမျိုးများနှင့် အစ္စလာမ့် ယဉ်ကျေးမှုကို ဖျက်ဆီးရန် ကြိုစားခြင်းဖြစ်သည်ဟု ပြောကြား ခဲ့သည်။ အရှေ့ဂျေရုစလင်အား ပါလက်စတိုင်း၏ မြို့တော်အဖြစ် သတ်မှတ်ရန် ပါလက်စတိုင်းတို့က ဆန္ဒရှိနေပြီး ရှေးဟောင်းအမွေအနှစ်များကိုလည်း ပကတိအတိုင်း ကျန်ရှိနေစေချင်ကြသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်းကပင် တရားမ၀င်အိမ်ရာများဆောက်လုပ်ခြင်း၊ သမိုင်းဝင်နေရာများဖျက်ဆီးခြင်းနှင့် ဒေသခံပါလက်စတိုင်းများအား မောင်းထုတ်ခြင်းတို့ကို ပြုလုပ်ကာ အရှေ့ဂျေရုစလင်၏ ပထ၀ီအနေအထားနှင့် လူအဖွဲ့အစည်းတို့အား ပြောင်းပစ်ရန် အစ္စရေးတို့က ကြိုးစားခဲ့သည်။
PG/HMV/SL
Leave a Reply
You must be logged in to post a comment.