News @ M-Media

Blog

  • လေထုညစ်ညမ်းမှု ကာကွယ်ရန် ပဲရစ်မြို့တွင် မော်တော်ကား အသုံးပြုမှု အလှည့်ကျ ပိတ်မည်။

    မတ် ၁၇ ၊ ၂၀၁၄
    M-Media

    – မြို့တော်အတွင်း လေထုညစ်ညမ်းမှုအဆင့် မကြုံစဖူးမြင့်တက်လာသောကြောင့် မြို့တော်ပဲရစ်နှင့် ပတ်ဝန်းကျင်ဒေသများတွင် မော်တော်ယာဉ် သုံးစွဲမှုကို အလှည့်ကျစနစ်ဖြင့် ပြင်သစ်အစိုးရက ပိတ်ပင်မည်ဟု သိရသည်။

    _73602529_parissmog

    ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်နေသည့် မီးခိုးငွေ့များအား လျော့ချရန်အတွက် အလှည့်ကျ မောင်းနှင်မှုစနစ်ကို စတင်ခဲ့ခြင်းဖြစ်ကာ ပဲရစ်မြို့တစ်ဝှမ်းနှင့် ပတ်ဝန်းကျင်ဒေသ ၂၂ ခုရှိ လမ်းမများပေါ်တွင် မော်တော်ကားစီးရေ ထောင်ပေါင်းများစွာကို ယနေ့မှစတင်ကာ လျှော့ချသွားမည်ဖြစ်သည်။

    မြို့တော်တစ်ဝှမ်းရှိ စစ်ဆေးရေးဂိတ် ၆၀ ကျော်တွင် ရဲတပ်ဖွဲ့ဝင် ၇၀၀ ခန့်က စောင့်ကြည့်နေပြီး လိုင်စင်နံပတ်ပြား၏ နောက်ဆုံးဂဏန်း “မ” ကိန်းဖြင့်ဆုံးသော မော်တော်ကားများမှာ ယနေ့တွင် မောင်းနှင်ခြင်းမပြုရန် တားဆီးသွားမည်ဟု သိရသည်။ မနက်ဖြန်တွင်မူ “စုံ” ကိန်းဖြင့်ဆုံးသော ယာဉ်များ မောင်းနှင်ခွင့်ရမည်မဟုတ်ပေ။

    ယခုအစီအစဉ်ကြောင့် လေထုညစ်ညမ်းမှု မည်မျှလျှော့ချနိုင်မည်ကို အစိုးရက သုံးသပ်သွားမည်ဖြစ်ပြီး၊ ထိုကန့်သတ်ချက်အား ကာလကြာရှည် ဆောင်ရွက်ရန် သင့်မသင့်ကို နောက်ပိုင်းတွင် ဆုံးဖြတ်သွားမည်ဖြစ်သည်။ လွန်ခဲ့သည် ၅ ရက်ခန့်မှစ၍ ပဲရစ်မြို့ရှိ လေထုညစ်ငြမ်းမှုမှာ အန္တရာယ်ရှိသည့် အဆင့်သို့ ရောက်ရှိလာသောကြောင့် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ထိုကန့်သတ်ချက်အား ပြင်သစ်အစိုးရက သတ်မှတ်ခဲ့ခြင်းလည်းဖြစ်သည်။

    လေထုညစ်ညမ်းမှု အန္တရာယ်ကင်းရှင်းသည့် အနိမ့်ဆုံးတန်ဖိုးမှာ ၁ ကုဗမီတာတွင် ၈၀ မိုက်ကရိုဂရမ်သတ်မှတ်ထားသော်လည်း မတ်လ ၁၄ ရက်နေ့ ပဲရစ်မြို့တွင် တိုင်းတာရရှိခဲ့သည့် တန်ဖိုးမှာ ၁ ကုဗမီတာတွင် ၁၈၀ မိုက်ကရိုဂရမ်အထိ ရှိနေသည်။ ဒေသအတွင်း လေတိုက်ခတ်မှု နည်းပါးခြင်း၊ ခြောက်သွေ့သောနေ့များနှင့် ချမ်းအေးသော ညများက လေုထုညစ်ညမ်းမှုကို ဖြစ်စေသည်ဟု ပညာရှင်များကဆိုသည်။

    CAH/HJL/HMV

  • အာဆီယံဖိုရမ်တွင် ဆွေးနွေးရန် တိုင်းရင်းသား ဖိုရမ်ကျင်းပ

    အာဆီယံဖိုရမ်တွင် ဆွေးနွေးရန် တိုင်းရင်းသား ဖိုရမ်ကျင်းပ

    မတ် ၁၇၊ ၂၀၁၄
    M-Media
    လမင်း

    DSC00446

    ရန်ကုန်    ။         ။ အာဆီယံဖိုရမ်တွင် ၀င်ရောက်ဆွေးနွေးနိုင်ရန်အတွက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား ၇ မျိုးပါဝင်သည့် တိုင်းရင်းသားဖိုရမ်တစ်ခုကို ယနေ့ မတ်လ ၁၇ ရက်နေ့မှစတင်ကာ ၁၉ ရက်နေ့ထိ ရန်ကုန်မြို့ မြန်မာနိုင်ငံ ခရစ်ယာန်များ မျက်မမြင်မိတ်သယာယ ရန်ကုန်မျက်မမြင်ကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။

    “ကျွန်မတို့အဓိကကတော့ တိုင်းရင်းသားတွေရဲ့ ဒေသတွေမှာဖြစ်ပျက်နေတဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတဲ့ အခြေအနေတွေ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒေသအသီးသီးရဲ့အဖြစ်အပျက်တွေကို ဖလှယ်သွားကြမှာပါ။ အားလုံးဆွေးနွေးပြီးမှ အာဆီယံဖိုရမ်မှာဘယ်လိုအကြောင်းအရာတွေ ၀င်ရောက် ဆွေးနွေးကြမလဲဆိုတာစဉ်းစားပြီးတိုင်ပင်ကြမှာဖြစ်ပါတယ်” ဟု ဖိုရမ်ကျင်းပရေးဒါရိုက်တာ နော်အိအိမင်းကပြောကြားခဲ့သည်။

    ၎င်းဖိုရမ်တွင် အဓိက တိုင်းရင်းသားဒေသ အသီးသီးရှိဖြစ်ရပ်များကို အတွေ့ကြုံဖလှယ်ကြမည်ဖြစ်ပြီး အာဆီယံဖိုရမ်သို့တင်းသွင်းမည့် Statement ကို တိုင်းရင်းသားများ တိုင်ပင်ပြီး ရေးဆွဲသွားကြမည်ဖြစ်ပြီး အာဆီယံနှင့် ချိတ်ဆက်နိုင်မည့် ကဏ္ဍများကိုဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

     

     

  • Alliance for Smile နှင့် ဝိတိုရိယဆေးရုံတို့ ပူးပေါင်းပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများအား အခမဲ့ခွဲစိတ်ပေး

    Alliance for Smile နှင့် ဝိတိုရိယဆေးရုံတို့ ပူးပေါင်းပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများအား အခမဲ့ခွဲစိတ်ပေး

    မတ် ၁၇၊ ၂၀၁၄
    M-Media
    လမင်း

    DSC00456

    ရန်ကုန်  ။       ။      မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများကို အမေရိကန်ပြည်ထောင်စု အခြေစိုက် Alliance for Smile အဖွဲ့နှင့် ၀ိတိုရိယ ပုဂ္ဂလိကဆေးရုံတို့မှ ပူးပေါင်းပြီး မတ်လ ၁၀ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့ထိ ရန်ကုန်မြို့ ၀ိတိုရိယ ပုဂ္ဂလိကဆေးရုံ၌ အခမဲ့ခွဲစိတ် ကုသပေး လျက်ရှိပါသည်။

    ခွဲစိတ်ကုသပေးမည့်အကြောင်းကို သက်ဆိုင်ရာဆေးရုံများ၊ နိုင်ငံပိုင် သတင်းစာများမှ ဖော်ပြထားပြီး နှုမ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် ၁၂၈ ယောက် လာရောက်လျောက်ထားခဲ့ရာ ကလေးများထဲမှ အသက်အရွယ်၊ ပေါင်ချိန်၊ သွေးနီဥပြည့် မပြည့် စသည့် ခွဲစိတ်ကုသမှုကို ခံယူနိုင်မည့် ကလေးများကို ရွေးချယ်ခဲ့ရာ အယောက် ၁၀၀ ကိုခွဲစိတ် ကုသပေးနေကြောင်းသိရသည်။

    “ကျွန်မတို့ဆေးရုံကို Alliance for Smile ဆိုတဲ့ ပရဟိတအဖွဲ့က သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ လာကမ်းလှမ်းတော့ ကျွန်မတို့လက်ခံခဲ့ပြီး ကူညီ ဆောင်ရွက်ပေးတယ်။ ကလေးတွေကို Alliance for Smile က အဓိက Doctor နှစ်ယောက်က ခွဲစိတ်ပေးတယ်။ မြန်မာပြည်က ဒေါက်တာ ဒေါ်မြင့်မြင့်ခိုင်ကလည်း သူတို့နဲ့ အတူ ကူညီဆောင်ရွက်ပေးပါတယ်။ ကလေးတွေနဲ့ ပါလာတဲ့လူနာစောင့်တွေကိုလည်း ၈ မိုင်က ပေါက်စေတီ ကျောင်းမှာတည်းဖို့ စီစဉ်ပေးထားပြီး အစားအသောက်ကအစ ကျွန်မတို့ဆေးရုံဘက်က တာဝန်ယူပေးပါတယ်၊ ခွဲစိတ်တာကိုတော့ Alliance for Smile ကတာဝန်ယူထားပါတယ်” ဟုဝိတိုရိယဆေးရုံမှ တာဝန်ရှိသူ ဒေါက်တာ ခိုင်သဉ္ဇာမောင်က ပြောကြားခဲ့သည်။

    အသက် ၁-နှစ်အရွယ် ကလေးငယ်မှအစ အသက် ၂၃-နှစ်အထိ စုစုပေါင်း ၁၀၀-ဦးကို တစ်နေ့လျှင် ၁၀ ယောက်နှုန်းဖြင့် ခွဲစိတ်ကုသပေးလျက် ရှိနေပါသည်။ “ကလေးငယ်များကိုအနာဂတ်တွင် လှလှပပပြုံးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ခွဲစိတ်ကုသပေးတာဖြစ်ပါတယ်” ဟု ၀ိတိုရိယဆေးရုံမှ တာဝန်ရှိဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။

    ခွဲစိတ်အောင်မြင်ပြီးဖြစ်သော ဗန်းမော်မြို့နယ်နေ ရွှေကူကျေးရွာမှ မောင်ငြိမ်းခန့်ထွေး၏မိခင်ဖြစ်သူ ဒေါ်တင်တင်သန်းက “ကျွန်မ ကလေးက မွေးရာပါ နှုမ်းခမ်းရော အာခေါင်ရော ကွဲနေတာပါ။ ကလေးကအခု ၂ နှစ်နဲ့ ၇ လရှိနေပြီ မကုသနိုင်သေးပါဘူး။ ကျွန်မတို့က ရွှေကူဆေးရုံကြီးကနေ အခုလို ရန်ကုန်မှာ ခွဲစိတ်ပေးမယ်လို့ လာပြောတော့ အရမ်းဝမ်းသာသွားပြီး စာရင်းပေးလိုက်တယ်။ ကလေးကိုလည်းစစ်ဆေးပြီး ခွဲစိတ်လို့ ရတယ်ဆိုတာနဲ့ ဒီနေ့ မနက်ပဲခွဲစိတ်လိုက်ပါတယ်။ အခုတော့ သားလေးပုံမှန်ဖြစ်တော့မယ်ဆိုတော့ အရမ်းဝမ်းသာမိပါတယ်” ဟု ပြောခဲ့သည်။

    ၎င်းအာခေါင်ကွဲ၊ နှုမ်ခမ်းကွဲကလေးများသို့ ဆရာတော် အရှင်ဆေကိန္ဒ၊ အရှင်ဆန္ဒာဓိက၊ ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်ကြသော ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ချစ်သုဝေ၊ လင်းလင်း တို့က လာရောက် အားပေးစကားများ ပြောခဲ့ကြကြောင်းလည်း သိရသည်။ Alliance for Smile ပရဟိတအဖွဲ့တွင် လုပ်အားပေး ၁၇ ယောက်ပါရှိပြီး မြန်မာနိုင်ငံ ခရီးစဉ်ပြီးပါက တရုတ်နိုင်ငံသို့ ဆက်လက် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • သရဲနီတွေကို အိုးထရက်ဖို့ဒ်မှာ ကြိုးကြာနီတို့ နှိပ်ကွပ်၊ လန်ဒန်ဒါဘီမှာ ၁ဂိုးသွင်း ၃ မှတ်ယူတဲ့ အာဆင်နယ်တို့ရဲ့ စူပါဆန်းဒေး

    မတ် ၁၇၊ ၂၀၁၄
    M-Media

    mu and liverpool 17.3.2014

    – ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ ရဲ့ လက်ကျန် ၂ ပွဲကို ယနေ့မှာ ကစားခဲ့ပြီး မာဟာပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်ယူတို့ပွဲမှာတော့ လီဗာပူးလ်က ဂိုးပြတ်ခဲ့ပြီး၊ စပါးနဲ့ အာဆင်နယ်တို့ရဲ့ လန်ဒန်ဒါဘီမှာတော့ အာဆင်နယ်က အနိုင်ရခဲ့ပါတယ်။

    ခါးသီးတဲ့ပြိုင်ဘက်တွေဖြစ်ပြီး အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးအသင်းတွေဖြစ်တဲ့ မန်ယူနဲ့ လီဗာပူးလ်တို့ အိုးထရက်ဖို့မှာ တွေ့ဆုံခဲ့တဲ့ပွဲမှာတော့ နှစ်သင်းစလုံး လူစုံထုတ်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာ လီဗာပူးလ်တို့ မန်ယူဘက်ကိုဖိကစားနိုင်ခဲ့ပေမယ့် ဂိုးသွင်းခွင့်သိပ်မရခဲ့ပါဘူး။ စတားရစ်ခ်ျရဲ့ ကန်ချက်ကို မန်ယူဂိုးသမား ဖမ်းမိခဲ့တာလောက်ပဲ ဂိုးရဖို့ နီးစပ်ခဲ့ပါတယ်။

    မန်ယူအသင်းကလည်း ကစားပုံ သိပ်မကောင်းခဲ့ပဲ အစောပိုင်းမှာ ဗန်ပါစီရဲ့ ကန်ချက်တစ်လုံးပဲရှိခဲ့ပါတယ်။ ၃၂ မိနစ်မှာတော့ ဧရိယာအတွင်းထဲမှာ နောက်ခံလူရာဖေးလ် လက်ထိခဲ့တဲ့အတွက် လီဗာပူလ်းတို့ ပင်နယ်တီရခဲ့ပြီး ဂျရတ်က ဂိုးအဖြစ်ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

    ပထမပိုင်းပြီးကာနီးမှာ မန်ယူတို့ကစားပုံကောင်းခဲ့ပြီး ရူနီကန်သွင်းခွင့် ၂ ကြိမ်လောက်ရခဲ့ကာ လီဗာပူးလ်နောက်တန်း ရှင်းထုတ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းစစခြင်းမှာ လီဗာပူးလ်တို့ နောက်ထပ်ပင်နယ်တီထပ်ရခဲ့ပြီး ဂျရတ်ကပဲ အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့ပါတယ်။ ၇၇ မိနစ်မှာ မန်ယူနောက်ခံလူ ဗီဒစ် စတားရစ်ခ်ျကို ဧရိယာအတွင်းမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့အတွက် လီဗာပူးလ် တတိယမြောက် ပင်နယ်တီရခဲ့ပေမယ့် ဂျရတ်ရဲ့ကန်သွင်းချက် တိုင်ထိထွက်ခဲ့ပါတယ်။ ဒီပင်နယ်တီလွဲချော်သွားခဲ့တာကြောင့် ပရီးမီးယားလိဂ်သမိုင်း တစ်လျှောက်မှာ ပင်နယ်တီကနေ ဟက်ထရစ်သွင်းယူနိုင်ခဲ့ ပထမဆုံး ကစားသမားဖြစ်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။ ၈၄ မိနစ်မှာတော့ တိုက်စစ်မှူး ဆွာရက်စ်က လူကျွံထောင်ချောက်ကို ကျော်ဖြတ်ပြီး လီဗာပူးလ်တို့အတွင် တတိယအနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

    ဒီပွဲမှာ မန်ယူရဲ့ကစားပုံဟာ အလွန်ညံ့ခဲ့ပြီး တစ်ပွဲလုံးမှာလည်း ဂိုးသွင်းခွင့် ၂ ကြိမ်လောက်သာ ရရှိခဲ့ပါတယ်။ နည်းပြမိုယက်စ်ကတော့ ပင်နယ်တီပေးခဲ့ရမှုကို အပြစ်တင်ခဲ့ပြီး ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တစ်ချို့ မှားယွင်းကြောင်း ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

    ချန်ပီယံလိဂ်မှာ ဘိုင်ယန်ကိုရှုံးပြီး ပူပူနွေးနွေးထွက်ခဲ့ရတဲ့ အာဆင်နယ်တို့ ဒီပွဲမှာ ကစားပုံ သိပ်မကောင်းပေမယ့် အနိုင် ၃ မှတ်တော့ ရခဲ့ပါတယ်။ စပါးကလည်း ယူရိုပါမှာ ဘင်ဖီကာကိုရှုံးထားတဲ့အသင်းဖြစ်ပြီး ဒီနေ့ပွဲမှာလည်း ခြေစွမ်းမကောင်းခဲ့ပါဘူး။ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ အိုဇေးလ်တစ်ယောက် တံကောက်ကြောဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘဲ ရိုစစ္စကီးက ၀င်ကစားခဲ့ပါတယ်။

    အာဆင်နယ်တို့ ပွဲအစ ၂ မိနစ်မှာပဲ ဦးဆောင်ဂိုးရခဲ့ပြီး ချိန်ဘာလိန်ရဲ့ ဖန်းတီးမှုကနေတစ်ဆင့် ရိုစစ္စကီးက အဆုံးသတ်ပေးခဲ့တာပါ။ ဒီနေ့ပွဲမှာ စပါးတိုက်စစ်ပိုင်းဟာ အသက်မ၀င်ခဲ့ဘဲ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြ ဂိုးတွေသွင်းယူနေတဲ့ အဒီဘာယောကလည်း အာဆင်နယ်နောက်တန်းကို မကျော်နိုင်ခဲ့ပါဘူး။ ကစားကွက်ပိုင်းမှာ စပါးက အနည်းငယ်ပိုသာပေမယ့် အာဆင်နယ်ဂိုးပေါက်ကိုတော့ ၁ ကြိမ်သာ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ၂ သင်းစလုံး ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတော့ပဲ ၁ ဂိုး ဂိုးမရှိနဲ့ ပွဲပြီးခဲ့ပါတယ်။ ဒီပွဲအနိုင်ဟာ အာဆင်နယ်တို့အတွက် စပါးရဲ့ ၀ှိုက်ဟတ်လိန်းကွင်းမှာ လာကစားတဲ့ နောက်ဆုံး ၆ ပွဲမှာ ပထမဆုံး နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

    ပွဲစဉ် ၃၀ အပြီးမှာတော့ ချယ်ဆီးအသင်းက ၆၆ မှတ်နဲ့ ထိပ်ဆုံးမှာရှိနေပြီး လီဗာပူးလ်နဲ့ အာဆင်နယ်တို့က တစ်ပွဲလျော့ ၄ မှတ်အကွာစီနဲ့ ဒုတိယနဲ့ တတိယနေရာတို့မှာရှိနေပါတယ်။ လီဗာပူးလ်ကိုရှုံးခဲ့တဲ့ မန်ယူတို့ အဆင့် ၇ ပြန်ရောက်သွားခဲ့ပြီး၊ တန်းဆင်းဇုန်မှာတော့ ဆန်းဒါးလန်း ကာဒစ်ဖ်နဲ့ ဖူလ်ဟမ်တို့က အစဉ်လိုက်ရှိနေကြပါတယ်။

    ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    စပါး ၀-၁ အာဆင်နယ်
    မန်ယူ ၀-၃ လီဗာပူးလ်
    ဟားလ်စီးတီး ၀-၂ မန်စီးတီး
    အဲဗာတန် ၂-၁ ကာဒစ်ဖ်
    ဖူလ်ဟမ် ၁-၀ နယူးကာဆယ်
    ဆောက်သက်တမ် ၄-၂ နော်ဝစ်ခ်ျ
    စတုတ်စီးတီး ၃-၁ ၀က်စ်ဟမ်း
    ဆန်းဒါးလန်း ၀-၀ ခရစ္စတယ်ပဲလေ့စ်
    ဆွမ်ဆီး ၁-၂ ၀က်စ်ဘရွန်း
    အက်စတွန်ဗီလာ ၀-၁ ချယ်ဆီး

  • တာတာမွတ်စလင်တွေ သပိတ်မှောက်ခဲ့တဲ့ ခရိုင်းမီးယား ဆန္ဒခံယူပွဲ၊ ရုရှ နဲ့ ပေါင်းဖို့ မဲပေး

    မတ် ၁၇၊ ၂၀၁၃။
    M-Media
    (ရောဘတ်အယ်လ်ဟို့စ်)
    People celebrate as they wait for the announcement of preliminary results of today's referendum on Lenin Square in the Crimean capital of Simferopol
    မကြာခင်ကပဲ မိခင် ယူကရိန်းနိုင်ထဲကနေ ခွဲထွက်ပြီး ရုရှားနိုင်င နဲ့ ပူးပေါင်းဖို့ အသံ ထွက်လာတဲ့ ယူကရိန်း တောင်ပိုင်း၊ မဟာဗျူဟာကျတဲ့ ပင်လယ်နက်ထဲက ခရိုင်းမီးယား ကျွန်းဆွယ်မှာ ဒီနေ့ လူထုဆန္ဒခံယူပွဲ ပြုလုပ်တာမှာ မဲရုံအထွက်ကောက် ယူထား တဲ့ စစ်တမ်းများအရ ၉၃ ရာခိုင်နှုန်းက ရုရှားနဲ့ ပေါင်းစည်းဖို့ မဲပေးခဲ့ကြေ ကြာင်း ရုရှား ရုပ်မြင်သံကြားတွေမှာ ကြေညာနေပါတယ်။

    ခရိုင်းမီးယားသားတွေကသာ ရုရှားနဲ့ပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြရင် ရုရှားဖက်ဒရေးရှင်း သမ္မတ နိုင်ငံ ကလည်း သူနိုင်ငံပိုင်နက်အဖြစ် သတ်မှတ်ပေးမယ်လို့ ရုရှားအာဏာပိုင်တွေက လည်း ကြေညာထားပါတယ်။

    တစ်ချိန်တည်းမှာပဲ ၊ ယူကရိန်းက ခွဲထွက်ဖို့ အခုလုပ်နေတဲ့ လူထုဆန္ဒခံယူပွဲဟာ တရားမ၀င်တဲ့ တစ်ဖက်သတ်ဆောင်ရွက်ချက်သာဖြစ်ပြီး အမေရိကန် နဲ့ အနောက်နိုင်ငံများအနေနဲ့ လုံးဝလက်ခံမှာ မဟုတ်ဘဲ ကြောင်း အမေရိကန်သမ္မတ ဘားရက် အိုဘားမားကလည်း တရားဝင် ပြောကြားလိုက်ပါတယ်။

    ခရိုင်းမီးယားကျွန်းဆွယ်ဒေသ မှာ ရုရှားလိုလားသူ များက လူဦးရေ စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းလောက်ရှိပြီး ၊ ကျန် ၄၀ ရာခိုင်နှုန်းကတော့ ယူကရိန်း နဲ့ တာတာ စတဲ့ အဆိုပါဒေသ ရဲ့ လူနည်းစု လူမျိုးများဖြစ်ပါတယ်။ နှစ်ဖက်လူထုတွေ အပြန်အလှန် တိုက်ခိုက် ဆန္ဒပြနေမှုတွေနဲ့ အခုအချိန်မှာ ရှုပ်ထွေးနေပါတယ်။

    ခရိုင်းမီးယား ကျွန်းဆွယ်ဒေသ ကို ယူကရိန်း နဲ့ ရုရှားအင်ပါယာတွေရဲ့ လက်အောက်ခံ အဖြစ် သွတ်သွင်း မခံရမီ မူရင်းပိုင်ရှင်များ ဖြစ်တဲ့ ခခရိုင်းမီးယား တာတာ လူမျိုး များ ကတော့ ရုရှား ရဲ့ ကျေားထောက်နောက်ခံ နဲ့ လုပ်တဲ့ ယခု လူထုဆန္ဒခံယူပွဲမှာ ပါဝင် မဲမပေးဘဲ တစ်ညီတစ်ညွတ်တည်း သပိတ်မှောက်ခဲ့ကြပါတယ်။

    ခရိုင်းမီးယားတာတာ တွေဟာ အစ္စလာမ် ဘာသာဝင်များ ဖြစ်ကြပြီး သူတို့ရဲ့ ပိုင် နက် နယ်မြေကို ရုရှားလက်အောက် သွတ်သွင်း ခံရမှာကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့် ကွက် နေကြသူများလည်း ဖြစ်ပါတယ်။

    နောက်ဆုံးရ သတင်းများအရ လူထုဆန္ဒခံယူပွဲ မှာ ဆန္ဒမဲ ပေးသူများရဲ့ ၉၅ ရာခိုင်နှုန်းက ရုရှားနဲ့ ပူးပေါင်းဖို့ မဲပေးခဲ့ကြောင်း ပြင်သစ် ရုပ်သံလိုင်းတွေကလည်း ထုတ်လွှင့်ခဲ့ပြီး ယခု အဖြေကြောင့် ခရိုင်းမီးယားဒေသကို ရုရှား ရဲ့ ပိုင်နက်နယ်မြေအတွင်း သွတ်သွင်း မလား မသွတ်သွင်းဘူးလား ဆိုတာကို ဆုံးဖြတ်ဖို့ ရုရှားပါလီမန် က လာမယ့် သောကြာနေ့မှာ မဲပေး ဆုံးဖြတ်မှု ပြုကြမယ်လို့ ဆိုပါတယ်။

    ရုရှား နဲ့ အနောက်အုပ်စု တို့ရဲ့ ပါဝါ ချိန်ခွင်ညှာ အားပြိုင်မှု ဟာ စိတ်ဝင်စားစရာ အကောင်းဆုံး နဲ့ ဇာတ်ရှိန်အမြင့်ဆုံး အဆင့်ကို ရောက်လာပြီမို့ ဘယ်သူက ဘယ်လို ၀ှက်ထားတဲ့ လက်နက်ပုန်းတွေ ထုတ်သုံးပြီး အများထင်မထားတဲ့ အလှည့်အပြောင်းများကို ဖန်တီးမယ် ၊ ဘာတွေ ဖြစ်လာမယ် ဆိုတာကို တော့ မျက်တောင်မခတ် စောင့်ကြည့်ရမှာဖြစ်ကြောင်း။

    အမေရိကန် နိုင်ငံသားတွေ အနေနဲ့ကတော့ လက်ရှိမှာ ပျမ်းမျှတစ်ဂါလံကို သုံးဒေါ် လာနဲ့ လေးဒေါ်လာဈေးအကြားမှာ ရှိနေတဲ့ ဓါတ်ဆီဈေးတွေ ထပ်များတက် လာတော့မလားလို့ စိုးရိမ်စွာ စောင့်ကြည့်လျက်ရှိကြကြောင်းပါ ။