News @ M-Media

Blog

  • ယနေ့ည အက်သလက်တီကိုအား အနိုင်ကစားပြီး အေစီမီလန် သမိုင်းတွင် လှပသော စာမျက်နှာတစ်ရွက် ထည့်ပေးချင်သည်ဟု ဆီးဒေါ့ဖ်ဆို

    မတ် ၁၁ ၊ ၂၀၁၄
    M-Media
    376492_heroa
    – အေစီမီလန်အသင်း၏ ချန်ပီယံလိဂ်သမိုင်းတွင် အောင်မြင်မှုများရသကဲ့သို့၊ မိမိလက်ထက်တွင်လည်း အသင်းအား ကွာတားဖိုင်နယ် သို့ရောက်အောင် ဆောင်ရွက်ပေးသွားမည်ဟု အေစီမီလန်အသင်း၏ နည်းပြဖြစ်သူ ဆီးဒေါ့ဖ်က ပြောကြားခဲ့သည်။

    အေစီမီလန်အသင်းမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့အဖြစ် အက်သလက်တီကိုအသင်းနှင့် ဆန်စီရိုတွင် ကစားခဲ့ရာ ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခုတစ်ပတ်တွင် ယှဉ်ပြိုင်ကစားမည့် ဒုတိယအကျော့မှာ အသင်းအတွက် အခက်အခဲဖြစ်လာဖွယ်ရှိနေသည်။

    စီးရီးအေတွင် ကစားပုံဆိုးရွားနေပြီး ဇယားအလယ်သို့ရောက်နေသည့် အေစီမီလန်အသင်းမှာ လာလီဂါတွင် ဒုတိယနေရာသို့ရောက်နေသည့် အက်သလက်တီကိုအသင်းအား ယှဉ်ပြိုင်ရာတွင် ရုန်းကန်ရမည်ဖြစ်သော်လည်း မိမိအနေဖြင့် အနိုင်ကစားနိုင်မည်ဟု ယုံကြည်ကြောင်း ဆီးဒေါ့ဖ်ကဆိုသည်။

    “ကျွန်တော်တို့ ရေပန်းမစားတဲ့ အခြေအနေတော်တော်များများကို ကြုံဖူးပြီး၊ အဲဒီနှစ်တွေမှာ အရေးကြီးတဲ့ အောင်မြင်မှုတွေကို ရခဲ့ပါတယ်။ ယခင်နဲ့ အခု ရေးပန်းစားနေတာကတော့ အက်သလက်တီကို မက်ဒရစ်အသင်းပါ။ ကျွန်တော်တို့ ၂ သင်စလုံးဟာ ပထမအကျော့ကလိုပဲ ပုံစံတစ်ခုတည်းနဲ့ ကစားမယ်လို့ ကျွန်တော်ထင်ပါတယ်။ တကယ့်ဘောလုံးအသင်းအဖြစ် နှလုံးသားနဲ့ ကျွန်တော်တို့ ကစားရမှာပါ” ဟု ဆီးဒေါ့ဖ်က ပြောကြားခဲ့သည်။

ုထို့ပြင် ကစားသမားများကလည်း တက်ကြွနေပြီး၊ အားလုံးအတွက်ရေးကြီးသော အချိန်ဖြင်ကြောင်း အေစီမီလန်အသင်း၏ သမိုင်းတွင် ၎င်းတို့အနေဖြင့် လှပသော စာမျက်နှာတစ်ခု ဖန်တီးပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဆီးဒေါ့ဖ်က ထပ်လောင်းပြောကြားခဲ့သည်။

  • ယနေ့ည ဘိုင်ယန်အားနိုင်ပြီး ကွာတက်ခဲ့လျှင် မိမိဘဝတွင် အကောင်းဆုံး အောင်ပွဲဖြစ်မည်ဟု ဝင်းဂါးပြော

    မတ် ၁၁ ၊ ၂၀၁၄
    M-Media

    Arsene-Wenger-manager-of-Arsenal-looks-on-3163671
    – ယနေ့ညတွင် ကစားရမည့် ဘိုင်ယန်မြူးနစ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အသင်းသားများ အနေဖြင့် သမိုင်းဝင်မည့်အောင်ပွဲ တစ်ခုရအောင် ဆောင်ရွက်ရန် အတွက် အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက တိုက်တွန်းလိုက်ပြီး၊ ထိုကဲ့သို့ အောင်ပွဲရခဲ့ပါက မိမိ၏ သက်တမ်း တစ်လျှောက် ချန်ပီယံလိဂ် အကောင်းဆုံး အောင်ပွဲဖြစ်လာမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ယမန်နှစ်က ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် ဘိုင်ယန်အသင်းအား ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည့် အာဆင်နယ်အသင်းမှာ ယခုနှစ်တွင်လည်း ထိုအဆင့်တွင် ဘိုင်ယန်အသင်းနှင့်ပင် ဆက်လက်တွေ့ဆုံခဲ့ရပြီး ပထမအကျော့ အီမရိတ်တွင်ကစားခဲ့ရာ ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

    ပထမအကျော့ အိမ်ကွင်းတွင် ရှုံးနိမ့်ထားပြီးပါက နောက်တစ်ဆင့် တက်ရေးမှာ ခက်ခဲ့သော်လည်း ဘိုင်ယန်အား ကျော်ဖြတ်နိုင်ပါက ၎င်းတို့၏ အကျော်ကြားဆုံး နိုင်ပွဲများဖြစ်သည့် အင်တာမီလန်၊ အေစီမီလန်နှင့် ဒေါ့မွန်တို့အား အနိုင်ကစားနိုင်ခြင်းထက် ပို၍ ချိုမြိန်လိမ့်မည်ဟု ၀င်းဂါးက ဆိုသည်။

    “ကိန်းဂဏ္ဍန်းတွေက ကျွန်တော်တို့ဘက်မပါပါဘူး။ ဒါပေမယ့် အဝေးကွင်းမှာ အင်တာမီလန်ကို ၅ ဂိုး ၁ ဂိုးနဲ့ ကျွန်တော်တို့ နိုင်ခဲ့ဖူးပါတယ်။ ဥရောပရဲ့နေရာတိုင်းမှာ ကျွန်တော်တို့ ဒီလိုနိုင်ခဲ့ဖူးတယ်ဆိုတာကို ကျွန်တော်ပြောပါရစေ။ အကောင်းဆုံးပုံစံရှိနေတာကြောင့် အခုအချိန်မှာ ဘိုင်ယန်ဟာ ယုံကြည်မှုအပြည့်ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာလည်း အခွင့်ရေးကောင်း တစ်ခုရှိပါတယ်။ ဒီပွဲမှာ အကောင်းဆုံး ကစားဖို့ ကျွန်တော်တို့ အဆင်သင့်ရှိနေတယ်ဆိုတာကိုတော့ လုံဝဥဿုံ ယုံကြည်ပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    အာဆင်နယ်အသင်းမှာ ယမန်နှစ်က ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် အိမ်ကွင်း၌ ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယအကျော့တွင် ဘိုင်ယန်ကွင်း၌ ၂ ဂိုး ဂိုးမရှိဖြင့် ပြန်လည် အနိုင်ရခဲ့ပြီး အဝေးဂိုး စည်းမျဉ်းကြောင့်သာ ထွက်ခဲ့ရခြင်းဖြစ်သည်။

    ယနေ့ညတွင်ကစားမည့် ဒုတိယအကျော့တွင် မိမိတို့အနေဖြင့် အကောင်းဆုံး စွမ်းဆောင်ရည်ကို ထုတ်ပြသွားမည်ဖြစ်ပြီး၊ မိမိတို့၏ စွမ်းရည်နှင့် ယုံကြည်ချက်တို့ဖြင့် အခြေအနေအား ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ ယခင်ကလည်း ထိုကဲ့သို့ ဆောင်ရွက်ခဲ့ဖူးပြီး၊ ယခုအချိန်တွင်လည်း လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း အာဆင်ဝင်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။
    The Mirror

  • ဂိုးကံခေမှုကြောင့် ဘာစီလိုနာနိုင်ပွဲပျောက်ပြီး၊ ရီးယဲလ်နဲ့ အက်သလက်တီကိုတို့ အမှားမရှိခဲ့တဲ့ လာလီဂါ ပွဲစဉ် ၂၇

    မတ် ၁၁ ၊ ၂၀၁၄
    M-Media

    Real Valladolid CF v FC Barcelona La Liga
    – အရှိန်အဟုန်ကောင်းနေပြီး ချန်ပီယံဖြစ်ရေး ၃ သင်းအပြိုင်ဖြစ်နေတဲ့ လာလီဂါရဲ့ ဒီတစ်ပတ်ပွဲစဉ် ၂၇ မှာတော့ ထိပ်ဆုံးက ရီးယဲလ်၊ အက်သလက်တီကိုတို့ အမှားအယွင်းမရှိခဲ့ဘဲ အနိုင်ကစားနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းကတော့ ဇယားအောက်နားက ဗယ်လာဒိုလစ်အသင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။

    ဘောလုံးအသားစီး ရယူထားနိုင်ပေမယ့် ဂိုးသွင်းဖို့အခက်တွေ့လေ့ရှိတဲ့ ဘာစီလိုနာအသင်းကတော့အဆင့် ၁၈ က ဗယ်လာဒိုလစ်အသင်းကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲရှုံးခဲ့ပေမယ့် ဘာစီလိုနာရဲ့ ကစားပုံကတော့ ဘာမှပြောစရာမရှိဘဲ ဂိုးသွင်းခွင့်တွေလည်း တော်တော်များများရခဲ့ပါတယ်။ ဒီပွဲမှာ ချီးကျူးရမှာက ဗယ်လာဒိုလစ်ဂိုးသမား မာရီနိုဖြစ်ပြီး ဘာကာဘက်က အပိုင်ဂိုးသွင်းခွင့် တော်တော် များများကို အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်။ အိမ်ရှင်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ၁၇ မိနစ်မှာ ရော့စီက သွင်းယူပေးခဲ့တာပါ။ ဒီပွဲဟာ ဗယ်လာဒိုလစ်တို့အတွက် နောက်ဆုံး ၆ ပွဲမှာ ပထမဆုံးနိုင်ပွဲဖြစ်ပြီး ဘာစီလိုနာကတော့ ထိပ်ဆုံးက ရီးယဲလ်နဲ့ ၄ မှတ်ကွာဟခဲ့ပြီဖြစ်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် မဒရစ်ဒါဘီမှာ နောက်ကလိုက် ကစားကာ သရေတစ်မှတ်ကို ခက်ခက်ခဲခဲရခဲ့တဲ့ ရီးယဲလ်တို့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ လီဗန်တေးနဲ့ ပွဲမှာတော့ သက်တောင့် သက်သာနဲ့ အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ၈ ပွဲဆက်တိုက်မရှုံးခဲ့တဲ့လီဗန်တေးတို့ ဒီပွဲမှာတော့ လူစုံတက်စုံနဲ့ ပွဲထွက်လာတဲ့ ရီးယဲလ်ကို မယှဉ်နိုင်ခဲ့ပါဘူး။ ရီးယဲအတွက် အနိုင် ၃ ဂိုးမှာ ၂ ဂိုးကို ရော်နယ်ဒို၊ မာဆယ်လိုတို့က သွင်းပေးခဲ့တာဖြစ်ပြီး နောက်ထပ်တစ်ဂိုးကတော့ လီဗန်တေးကစားသမား နီကို့စ် ကာရာဘဲလက်စ်က ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာကြောင့် ရခဲ့တာဖြစ်ပါတယ်။

    အက်သလက်တီကိုကလည်း ဗီလာရဲ့သွင်းဂိုး ၂ ဂိုးနဲ့ အဝေးကွင်းမှာ သုံးမှတ်အရယူနိုင်ခဲ့ပြီး ဒုတိယနေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ အဆင့် ၄ က ဘီဘာအိုကလည်း အဝေးကွင်းမှာ ဗလင်စီယာ အသင်းကို ၁ ဂိုးစီ သရေကစားပြီး ၁ မှတ်ရယူနိုင်ခဲ့ပါတယ်။ အလ်ကာဆာရဲ့ ၂၃ မိနစ်ဦးဆောင်ဂိုးကို ၅၃ မိနစ်မှာ ဇူဘဲလ်ဒီယာက ပင်နယ်တီကတစ်ဆင့် ချေပခဲ့တာပါ။ ဗီလာရီးယဲလ်အသင်းဟာ အဝေးကွင်းမှာ ဂရန်နာဒါကိုရှုံးနိမ့်ခဲ့ပြီး၊ နောက်ပိုင်းပွဲတွေမှာ ကစားပုံငြိမ်လာတဲ့ ဆီးဗီးလားတို့ တန်းဆင်းဇုန်နားက အလ်မာရီယာကို ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။

    နောက်ဆုံး ၄ ပွဲမှာနိုင်ပွဲမရှိထားတဲ့ မလာဂါတို့ အဝေးကွင်းမှာ အိုဆာဆူနာကို အနိုင်ရခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအသာစီးရခဲ့ပြီး ဂိုးသွင်းခွင့်လည်း ထက်ဝက်နီးပါးလောက်ပိုများခဲ့တဲ့ အိမ်ရှင်တို့ အနိုင်မရခဲ့တာကတော့ ကံတရားကိုပဲ အပြစ်ပုံချရမယ်ထင်ပါတယ်။ မာလာဂါအတွက် အနိုင်ဂိုးတွေကိုတော့ ပထမပိုင်း ၁၄ မိနစ်နဲ့ ဒုတိယပိုင်း ၆၅ မိနစ်တို့မှာ ရခဲ့တာပါ။

    တန်းဆင်းဇုံ ၃ သင်းထဲမှာ ဘက်တစ်က ဂီတာဖေးကိုနိုင်ခဲ့ပြီး၊ ပြီးခဲ့တဲ့ပွဲမှာ ဗလင်စီယာကို အနိုင်ကစားနိုင်ခဲ့တဲ့ ဗယ်လက်ကာနိုတို့ ဒီပွဲမှာလည်း ဆိုစီဒက်ကို အဝေးကွင်းမှာ ဂိုးတွေ အပြန်အလှန်သွင်းပြီး ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ ထူးဆန်းတာက အိမ်ရှင် ဆိုစီဒက်တို့ ဦးဆောင်ဂိုး သွင်းပြီး ၂ မိနစ်အကြာတိုင်းမှာ ဗယ်လက်ကာနိုတို့ချေပဂိုး ရခဲ့တာဖြစ်ပြီး အဖိုးတန်အနိုင်ဂိုးကိုတော့ ၆၇ မိနစ်မှာ ရူဗန်ရိုချီနာက သွင်းယူပေးခဲ့တာပါ။

    ဒီတပတ်ပွဲစဉ်မှာတော့ ထိပ်ဆုံးနေရာ အပြောင်းအလဲဖြစ်ခဲ့ပြီး လီဗန်တေးကို အနိုင်ရခဲ့တဲ့ ရီးယဲလ်က ဒုတိယနေရာက အက်သလက်တီကိုကို ၃ မှတ်ဖြတ်ကာ ဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာကတော့ အက်သလက်တီကိုထက် တစ်မှတ်လျော့ကာ တတိယနေရာမှာရှိနေပြီး၊ အဆင့် ၈ က လီဗန်တေးကတော့ အဆင့် ၁၀ နေရာကို ရောက်သွားခဲ့ပါတယ်။ အဆင့် ၂၀ မှာတော့ ဘက်တစ်အသင်းရှိနေပြီး၊ ဗယ်လက်ကာနိုနဲ့ အလ်မာရီယာတို့ကတော့ အဆင့် ၁၉ နဲ့ ၁၈ အသီးသီးရှိနေကြပါတယ်။

    လာလီဂါ ပွဲစဉ် ၂၇ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဗယ်လာဒိုလစ် ၁-၀ ဘာစီလိုနာ
    ရီးယဲလ်ဘက်တစ် ၂-၀ ဂီတာဖေး
    ဆဲလ်တာဗီဂို ၀-၂ အက်သလက်တီကို
    ဂရန်နာဒါ ၂-၀ ဗီလာရီးယဲလ်
    အက်စပန်ညို ၃-၁ အလ်ချီ
    အလ်မာရီယာ ၁-၃ ဆီးဗီးလား
    ရီးယဲလ်မက်ဒရစ် ၃-၀ လီဗန်တေး
    ဗလင်စီယာ ၁-၁ ဘီဘာဘို
    အိုဆာဆူနာ ၀-၂ မာလာဂါ
    ရီးယဲလ်ဆိုဆီဒက် ၂-၃ ဗယ်လက်ကာနို

  • အခွန်မဆောင်သည့် သတင်းမှားကြောင်း AGD ဘဏ် ရှင်းလင်း၊ ကွန်ပျူတာစာရင်း မှားယွင်းမှုကြောင့်ဟု အခွန်ဌာန ဝဘ်ဆိုဒ်တွင်ကြေညာ

    မတ် ၁၁၊ ၂၀၁၄
    M-Media
    လမင်း
    DSC00191
    ရန်ကုန်  ။     ။ ဘဏ္ဍရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်စည်းကြပ်မှုခံယူခြင်း မရှိသည့် ကုမ္မဏီများစာရင်းများကို မှားယွင်းဖော်ပြခဲ့ရာတွင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်သည် အခွန် စည်းကြပ်မှု မပြုရသေးသော ကုမ္မဏီ ၁၀၀၀၀ တွင်ပါဝင်ကြောင်း ၁၁-၃-၂၀၁၄ နေ့ထုတ် Daily Eleven သတင်းစာတွင် တွင်ဖော်ပြခဲ့ရာ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ ယင်းဖော်ပြချက်သည် မှားယွင်းကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုပြုလုပ်ခဲ့သည်။

    “ကျွန်တော်တို့ဘဏ်တွေဆိုတာ ပြည်သူတွေရဲ့ပိုက်ဆံနဲ့လုပ်ငန်းလုပ်နေရတာပါ။ ကျွန်တော်တို့ ဘဏ်စာရင်းကို ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို နေ့တိုင်း တင်ပြရတာပါ။ ကျွန်တော်တို့တစ်နှစ်မှ အခွန်ဆောင်တာ ပျက်ကွက်ခြင်းမျိုး မရှိခဲ့ပါဘူး။ အခုဟာကလည်း အခွန်ဌာနက မှားယွင်းတာဖြစ်ပါတယ်။ Daily Eleven သတင်းစာကလည်း အခွန်ဌာနရဲ့ဖော်ပြချက် အရလို့ဆိုပြီးဖော်ပြထားတာပါ။ ကွန်ပျူတာတွေ ချို့ယွင်းမှုကြောင့် ယခုလို ဖြစ်သွားတာဖြစ်ပါတယ်လို့ ကျွန်တော်တို့ကို အခွန်ဌာနကပြောပါတယ်”ဟု အာရှ စိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးကရှင်းလင်းပြောကြားခဲ့သည်။

    အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်သည် ၆-၈-၂၀၁၀ နေ့တွင်စတင်တည်ထောင်ခဲ့ပြီး တည်ထောင်ချိန်သည့်ချိန်မှ စတင်ကာ နိုင်ငံတော်သို့ပေးဆောင်ရမည့် အခွန်များကို နှစ်စဉ် မပြတ်ပေးဆောင်ခဲ့ရာ ယနေ့အထိ ကျပ်သန်းတစ်ထောင် ရှစ်ရာကျော်ကို ပေးဆောင်ထားပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

    ၇-၃-၂၀၁၄ နေ့တွင်  ပြည်တွင်းအခွန်များဦးစီးဌာန၏  IRD Website တွင်ဖော်ပြထားသော  အခွန်စည်းကြပ်မှုခံယူခြင်း မရှိသည့် ကုမ္မဏီများစာရင်း ၁၀၀၀၀ ကျော်ကိုထုတ်ပြန်ခဲ့ရာ ကွန်ပျူတာ၏ မှားယွင်းဖော်ပြမှုကြောင့် အခွန်ပေးဆောင်နေသော ကုမ္မဏီအချို့ကို မှားယွင်းစွာဖော်ပြခဲ့ မိသည်ဟု  ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကုမ္မဏီများဆိုင်ရာ ညွန်ကြားရေးမှူး ဦးတင်ထွန်းနိုင်ကပြောကြားခဲ့သည်။

    “ကျွန်တော်တို့မှားယွင်းတယ်ဆိုတာကိုသိသိချင်း အဲဒီစာရင်းကို Website ပေါ်နေကချက်ချင်းဖျက်လိုက်တာပါ။ အချိန်ခဏလေးမှာ သိသွားတဲ့လူတွေရှိသလို မသိသေးတဲ့လူတွေလည်းရှိမှာပါ။ ဒါဟာ ကျွန်တော်တို့ အခွန်ဦးစီးဌာနရဲ့မှားယွင်းစွာဖော်ပြမှုပဲဖြစ်ပါတယ်။ နောက်ဒီလို မဖြစ်အောင်လည်း လုပ်ဆောင်သွားမှာပါ။ အခုလည်း သေချာစီစစ်ထားပြီးတော့မှ ကျန်နေတဲ့စာရင်းတွေကိုထုတ်ပြန်ထားပါတယ်” ဟု၎င်းကဆက်လက်ပြောခဲ့သည်။

    Daily Eleven သတင်းစာမှ သတင်းထောက်ချုပ်ကလည်း ၎င်းတို့အနေနှင့် ပြည်တွင်း ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက် အရရေးသားထားခြင်းဖြစ်ကြောင်းဖြစ်ရာ ၎င်းတို့အနေနှင့် မှားယွင်းမှု မရှိကြောင်းပြောကြားခဲ့သည်။

    ဘဏ္ဍရေးဝန်ကြီးဌာန ပြည်တွင်း အခွန်များဦးစီးဌာနမှ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် လီမီတက်အပါအ၀င် Yoma Bank ၊ Small & Media Development Bank Co.Ltd ၊ A-1 Garment Co.Ltd ၊ Korea Development Bank Co.Ltd တို့ကိုလည်း မှားယွင်းစွာဖော်ပြခဲ့ပြီး ယခုချိန်တွင် ကုမ္မဏီ ၁၀၆၇၀ စာရင်းကိုပယ်ဖျက်ပြီးဖြစ်ကြောင်း  ဘဏ္ဍရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ကြေငြာခဲ့သည်။

  • ဘဏ်လုပ်ငန်း တိုးတက်ရေး လာအို-မြန်မာ ပူးပေါင်းဆောင်ရွက်မည်။

    မတ် ၁၁ ၊၂၀၁၄
    M-Media

    Myanmar, Laos
    – နိုင်ငံအတွင်းရှိ ဘဏ်လုပ်ငန်းများ တိုးတက်ရေးအတွက် မြန်မာနိုင်ငံဗဟိုဘဏ်နှင့် လာအိုနိုင်ငံ ဗဟိုဘဏ်တို့ ပူးပေါင်းဆောင်ရွက်မှုများ ပြုလု ပ်သွားမည်ဟု နိုင်ငံပိုင် မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။

    ထိုကဲ့သို့ လုပ်ငန်းဆောင်တာများ ပူးပေါင်းဆောင်ရွက်ရန် အတွက် နားလည်မှုစာချွန်လွှာ MoU ကို ဘဏ်နှစ်ခုမှ အကြီအကဲများက ယမန်နေ့တွင် နေပြည်တော်၌ လက်မှတ်ရေး ထိုးခဲ့ကြခြင်းဖြစ်ဟု အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

    အဆိုပါ နားလည်မှုစာချွန်လွာတွင် နှစ်နိုင်ငံ ဘဏ်လုပ်ငန်းအပြင်၊ ဘဏ္ဍာရေးပေါ်လစီနှင့် နိုင်ငံခြားငွေ စီမံခန့်ခွဲရေးကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်ရန်လည်း ပါဝင်သည်။ မြန်မာနိုင်ငံတွင် ယခုအချိန်အထိ ပုဂ္ဂလိကဘဏ် ၁၉ ခုနှင့် နိုင်ငံပိုင် ဘဏ် ၃ ခု စုစုပေါင်း ဘဏ် ၂၂ ခုရှိပြီး၊ နိုင်ငံခြားဘဏ်လုပ်ငန်းများ၏ ရုံးခန်းပေါင်း ၂၀ ကျော်ကို ဖွင့်လှစ်ထားပြီး၊ အဓိကအားဖြင့် ဘရူးနိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့မှဖြစ်သည်။

    Ref: ဆင်ဟွာ