News @ M-Media

Blog

  • အခွန်ရှောင်တိမ်းမှုအတွက် တရားစွဲဆိုခြင်းခံနေရသည့် ဘိုင်ယန်ဥက္ကဌ ထောင်ဒဏ် ၅ နှစ်ကျော် ကျခံရဖွယ်ရှိနေ

    အခွန်ရှောင်တိမ်းမှုအတွက် တရားစွဲဆိုခြင်းခံနေရသည့် ဘိုင်ယန်ဥက္ကဌ ထောင်ဒဏ် ၅ နှစ်ကျော် ကျခံရဖွယ်ရှိနေ

    မတ် ၁၃၊ ၂၀၁၄
    M-Media

    – အသင်း၏ ၀င်ငွေခွန်ရှောင်တိမ်းမှုနှင့် စပ်လျဉ်း၍ တရားရင်ဆိုင်နေရသည့် ဘိုင်ယန်မြူးနစ်အသင်း၏ ဥက္ကဌ ယူလီ ဟိုနက်စ်အား ထောင်ဒဏ် ၅ နှစ်ခွဲ ချမှတ်ရန် တရားလိုဘက်မှ တောင်းဆိုလိုက်သည်ဟု သိရသည်။

    ယခင် အနောက်ဂျာမနီလက်ရွေးစင်တစ်ဦးဖြစ်သူ ဟိုနက်စ်မှာ အခွန်ရှောင်လွှဲခဲ့သည်ဟုသော စွဲချက်ဖြင့် ယခုတစ်ပတ် တနင်္လာနေ့တွင် တရားရုံး၌ စတင်ကြားနာခဲ့ပြီး ယနေ့တွင် အမိန့်ချမှတ်ရန် ရှိနေသည်။ အသက် ၆၂ နှစ်အရွယ်ရှိ ဟိုနက်စ်မှာ အခွန်ငွေ ၁၈.၅ သန်းပေးဆောင်ရန် ကျန်ရှိနေပြီး တရားလိုများကမူ ၎င်းအား ထောင်ဒဏ်ချမှတ်စေလိုနေသည်။

    ထိုအမှုအား တရားလိုပြုလုပ်၍ တိုင်တန်းထားသည့် အချင်မ် ဗွန် အန်ဂျဲလ်ကမူ ဟိုနက်စ်မှာ ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ရရှိခဲ့သည့် ၀င်ငွေ ယူရို ၃၃ သန်းကို တရားဝင်ကြေညာခဲ့ခြင်းမရှိဟု ယုံကြည်နေပြီး၊ ထိုဝင်ငွေများအတွက် အခွန်ငွေ ၃.၅ သန်းပေးဆောင်ရမည်ဖြစ်သည်။

    ထိုကဲ့သို့ အခွန်ရှောင်ခြင်းကြောင့် ဟိုနက်စ်မှာ ထောင်ဒဏ် ၅ နှစ်ခွဲ ချခံရဖွယ်ရှိနေသော်လည်း ၎င်း၏ ရှေ့နေကမူ ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ရန်အတွက် တောင်းဆိုခဲ့သည်။ ဟိုနက်စ်မှာ စာရွက်စာတမ်းများ မမှန်မကန်လုပ်ခြင်းကြောင့် ၂၀၁၃ ခုနှစ်ကလည်း တရားစွဲဆိုခြင်းခံခဲ့ရကာ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

    ဥရောပဖလား သုံးကြိမ်ရခဲ့ပြီး ဒူးဒဏ်ရာကြောင့် အသက် ၂၇ နှစ်အရွယ်၌ ဘောလုံးကစားခြင်းမှ အနားယူခဲ့ရသော ဟိုနက်စ်မှာ ဂန္တ၀င် ဘိုင်ယန် အသင်းတွင် တစ်စိတ်တစ်ပိုင်း ပါဝင်နေသူလည်းဖြစ်သည်။

    Ref: Goal

  • ဘာကာမှာ ချန်ပီယံလိဂ်တွက် အခက်ခဲဆုံးအချိန်နှင့် ရင်ဆိုင်ရတော့မည်ဟု ဇာဗီဆို

    ဘာကာမှာ ချန်ပီယံလိဂ်တွက် အခက်ခဲဆုံးအချိန်နှင့် ရင်ဆိုင်ရတော့မည်ဟု ဇာဗီဆို

    မတ် ၁၃၊ ၂၀၁၄
    M-Media

    – မန်စီးတီးအသင်းအား ကျော်ဖြတ်ကာ ကွာတားဖိုင်နယ်သို့ တက်ရောက်လာခဲ့သည့် ဘာစီလိုနာအသင်းမှာ သမိုင်းတစ်လျှောက် ချန်ပီယံလိဂ် အခက်ခဲဆုံး အချိန်နှင့် ရင်ဆိုင်ရတော့မည်ဟု ဘာစီလိုနာအသင်း၏ ၀ါရင့်ကွင်းလယ်လူ ဇာဗီက ပြောကြားလိုက်သည်။

    ယနေ့နံနက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့တွင် ဘာစီလိုနာမှာ မန်စီးတီးအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၁ ဂိုးဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။

    အသင်း၏ အဓိကမောင်းနှင်အားဖြစ်သည့် ဇာဗီက အသင်းမှာ ၎င်းတို့၏ အကောင်းဆုံးပုံစံထဲမှ တစ်ချို့ကို ပြန်လည်ရရှိခဲ့ပြီး၊ ဥရောပအမြင့်ဆုံး ချန်ပီယံ လိဂ် ဆုဖလားအတွက် ရင်ဆိုင်ရမည့် စိန်ခေါ်မှုတွင် သက်သေပြရမည်ဟု ဆိုသည်။

    “ဒါဟာ ချန်ပီယံလိဂ်ပါ။ အခုအချိန်မှာ ကျွန်တော်တို့ဟာ ခက်ခဲတဲ့အချိန်ကို ဖြတ်သန်းရတော့မယ်ဆိုတာ သိပါတယ်။ (မန်စီးနဲ့ပွဲမှာ) ကျွန်တော်တို့ ပွဲကို စိုးမိုးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်တွေကလည်း ကောင်းခဲ့ပြီး၊ ရည်ရွယ်ချက်ကလည်း ကွာတားဖိုင်နယ်ကို ရောက်ဖို့ပါ။ ပရိသတ်တွေ ကလည်း သောင်းသောင်းဖျဖျရှိခဲ့ပါတယ်” ဟု ဇာဗီ၏ ပြောကြားမှုကို ဘာစီလိုနာအသင်း၏ ၀ဘ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

    ဘာစီလိုနာအသင်းမှာ လာလီဂါတွင် ခြေစွမ်းကျဆင်းနေပြီး ထိပ်ဆုံးမှ ရီးယဲလ်မက်ဒရစ်နှင့် ၄ မှတ်အကွာ တတိယနေရာတွင်ရှိနေသည်။

    Ref : Goal

  • ခရိုင်းမီးယားအရေး ရပ်တည်ချက်မပြောင်းလဲပါက ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဟု ရုရှားအား ဂျာမနီဝန်ကြီးချုပ်သတိပေး

    ခရိုင်းမီးယားအရေး ရပ်တည်ချက်မပြောင်းလဲပါက ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဟု ရုရှားအား ဂျာမနီဝန်ကြီးချုပ်သတိပေး

    မတ် ၁၃၊ ၂၀၁၄
    M-Media

    Untitled

    – ရုရှားအနေဖြင့် နိုင်ငံတကာဥပဒေအား ချိုးဖောက်ကာ ယူကရိန်း၏ ခရိုင်းမီးယားဒေသကို သိမ်းပိုက်ရန် ဆက်လက်လုပ်ဆောင်နေလျှင် နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ နှစ်ရှည်ပျက်ဆီးမှုကြီးနှင့် ကြုံတွေ့ရမည်ဟု ဂျမနီနိုင်ငံဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က ရုရှားအား သတိပေးလိုက်သည်။

    ဂျာမနီပါလီမန်၌ ယနေ့ပြောကြားသော မိန့်ခွန်းတွင် မာကဲလ်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ရုရှားနိုင်ငံမှာ ၁၉ ရာစုနှင့် ၂၀ ရာစုက မအောင်မြင် ခဲ့သော နယ်ချဲ့ခြင်းဗျူဟာကို သုံးစွဲနေသည်ဟု ပြစ်တင်ပြောဆိုခဲ့သည်။

    “တကယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေကအတိုင်း ရုရှားက ဆက်လုပ်နေမယ်ဆိုရင် ဒါဟာ ယူကရိန်းအတွက်ပဲ အန္တရာယ်ဖြစ်လာမှာမဟုတ်တော့ပါဘူး။ (ဥရောပအတွက်လည်း အန္တရာယ် ဖြစ်လာနိုင်ပါတယ်) ပြီးတော့ ဒါဟာ ဥရောပသမဂ္ဂနဲ့ ရုရှားတို့ရဲ့ ဆက်ဆံရေး ပြောင်းလဲသွားတာတင်မကဘဲ ရုရှား အတွက် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆိုးရွားတဲ့ထိခိုက်မှုတွေ ဖြစ်လာမယ်ဆိုတာကို ကျွန်မသေချာပြောရဲပါတယ်” ဟု မာကဲလ်က ပြောကြားခဲ့သည်။ ထိုအချိန်တွင် ဂျာမနီနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီးလည်း ပါလီမန်တွင် ဧည့်သည်အဖြစ် ရှိနေသည်။

    ထို့ပြင် ဥရောပအနေဖြင့် ပထမကမ္ဘာစစ် စတင်ခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်နှင့် ဘာလင်တံတိုင်းဖြိုဖျက်ခြင်း ၂၅ နှစ်မြောက်အထိမ်းအမှတ်တို့ကို ပြုလုပ်သွားရန်ရှိနေပြီး ရုရှားအနေဖြင့် အတိတ်က အမှားများကို သင်ခန်းစာယူရန် မာကဲလ်က ထည့်သွင်း တိုက်တွန်းခဲ့သည်။ နိုင်ငံပေါင်း ၂၈ နိုင်ငံ ပါဝင်သော ဥရောပသမ္မဂ၏ ညီလာခံကို မကြာမီကျင်းပရန် ရှိနေပြီး ထိုညီလာခံတွင် ရုရှားအပေါ် ပိတ်ဆို့မှုအသစ်များပြုလုပ်ရန်အတွက် ဆုံးဖြတ်ချက် များ ချမှတ်ဖွယ်ရှိနေသည်။

    မာကဲလ်မှာ ခရိုင်းမီးယားအရေးနှင့် ပတ်သက်၍ သြဇာအရှိဆုံးခေါင်းဆောင်တစ်ဦးဖြစ်သော်လည်း ဂျာမနီ၏ နီးကပ်သော ကုန်သွယ်ဘက် နိုင်ငံ ဖြစ်သည့် ရုရှားအား ထိရောက်သောဖိအားပေးမှုများ ပြုလုပ်ရန် တွန့်ဆုတ်နေသည်ဟု ဝေဖန်ခြင်းခံနေရသည်။

    ရုရှားအနေဖြင့် ယူကရိန်းအရေး ရပ်တည်ချက်ပြောင်းလဲမှုမရှိပါက ဒုတိယအဆင့် ပိတ်ဆို့မှုများကို လာမည့် တနင်္လာနေ့တွင် ပြုလုပ်မည်ဟု မာကဲလ်က ယမန်နေ့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တက်စ်နှင့် ဆွေးနွေးမှုအတွင်း ရုရှားအား သတိပေးခဲ့သည်။

    အကယ်၍ ပိတ်ဆို့မှုများပြုလုပ်ခဲ့ပါက ထိုပိတ်ဆို့မှုအတွင်း ယူကရိန်းအရေး လှုံ့ဆော်ပေးနေသော ရုရှားများ သို့မဟုတ် ယူကရိန်းနိုင်ငံသားများ၏ ပိုင်ဆိုင်မှုများအား ထိန်းသိမ်းခြင်းနှင့် ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။

    Ref : ChannelNewsAsia

  • ဒေလီအုပ်စုဖွဲ့ အဓ္ဓမကျင့်မှုတွင် ပါဝင်သူများကို ကြိုးပေးကွပ်မျက်မည်

    ဒေလီအုပ်စုဖွဲ့ အဓ္ဓမကျင့်မှုတွင် ပါဝင်သူများကို ကြိုးပေးကွပ်မျက်မည်

    မတ် ၁၃၊ ၂၀၁၄
    M-Media

    – ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက နယူးဒေလီတွင် ဆေးကျောင်းသူတစ်ဦးအား အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့သော တရားခံလေးဦးကို အိန္ဒိယတရားရုံးက သေဒဏ် ချမှတ်လိုက်သည်ဟု သိရသည်။

    Mukhesh၊ Vinay Sharma၊ Pawan နှင့် Akshay လေးဦးတို့အား အဓ္ဓမပြုကျင့်မှုနှင့် လူသတ်မှုတို့ဖြင့် အပြစ်ရှိကြောင်းတွေ့ရှိရ၍ ကြိုးပေးကွပ်မျက်ရန် ဒေလီတရားရုံးက ယနေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

    ယောက်ျားလေး သူငယ်ချင်းဖြစ်သူနှင့် ရုပ်ရှင်သွားကြည့်ရာမှ ပြန်လာသော အဆိုပါ ဆေးကျောင်းသူအား ဘတ်စ်ကားပေါ်တွင် ၎င်းတို့လေးယောက်က အုပ်စုဖွဲ့ အဓ္ဓမပြုကျင့်ခဲ့ကာ ရိုက်နှက်ခဲ့ပြီးနောက် လမ်းပေါ်၌ စွန့်ပစ်ထားခဲ့သည်။ သူမ၏သူငယ်ချင်းဖြစ်သူမှာလည်း ရိုက်နှက်ခြင်းခံခဲ့ရသည်။

    ဘတ်စ်ကားယာဉ်မောင်းအပါအ၀င် ထိုအမှုတွင် ပါဝင်သူမှာ ၆ ဦးဖြစ်ပြီး ယဉ်မောင်းမှာ ဒေလီရှိ Tihar အကျဉ်းထောင်တွင် သေဆုံးသွားခဲ့ကာ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ခြင်ဟု ယူဆရသည်။ အခြားတစ်ဦးမှာ အသက်မပြည့်သေးသူဖြစ်ပြီး ပြစ်မှုကျူးလွန်ရာတွင် အနည်းငယ်သာ ပါဝင် ပတ်သက်ခဲ့သောကြောင့် လူငယ်စာရိတ္တပြုပြင်ရေးကျောင်းတွင် ၃-နှစ် အကျဉ်းကျခံရန် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်။

    ထိုကဲ့သို့ အုပ်စုဖွဲ့အဓ္ဓမကျင့် လူသတ်မှုသတင်းက အိန္ဒိယနိုင်ငံတစ်ဝှမ်းလုံးအား တုန်လှုပ်စေခဲ့ပြီး ပြ ည်သူများကလည်း နိုင်ငံတစ်ဝှမ်း မကြုံစဖူး ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကာ ပြစ်ဒစ်ကျူးလွန်သူများအား ထိရောက်သော အပြစ်ပေးမှုများ ပြုလုပ်ရန်နှင့် နိုင်ငံအတွင်း အမျိုးသမီးများအား အကာအကွယ် ပေးရန် အစိုးရအားတိုက်တွန်းခဲ့ကြသည်။ ထိုအမှုကြောင့် ပြည်နယ်များတွင် လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုများအတွက် တင်းကျပ်သော ဥပဒေများပြဌာန်း ခဲ့သည်။

    အိန္ဒိယနိုင်ငံတွင် အုပ်စုဖွဲ့အဓ္ဓမပြုကျင့်မှုများမှာ မကြာခဏဖြစ်ပွားလေ့ရှိပြီး အာဏာပိုင်များကလည်း ထိရောက်သော အရေးယူဆောင်ရွက်မှုများ ထိထိရောက်ရောက် ပြုလုပ်ခြင်းများမရှိချေ။

    Ref : Aljazeera

  • တရုတ်-မြန်မာ ချစ်ကြည်ရေး အဖြစ် အလင်းရောင် ဖောင်ဒေးရှင်းသို့ ဆေးကုသရေး ယာဉ်လှူဒါန်း

    တရုတ်-မြန်မာ ချစ်ကြည်ရေး အဖြစ် အလင်းရောင် ဖောင်ဒေးရှင်းသို့ ဆေးကုသရေး ယာဉ်လှူဒါန်း

    မတ် ၁၃၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန် ။       ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေရှင်း မှ ပြည်ထောင်စုမြန်မာနိုင်ငံတော် အလင်းရောင် ဖောင်ဒေးရှင်းသို့ ဆေး ကုသရေးသုံး ယာဉ်လှူဒါန်းပွဲ အခမ်းအနားကို မတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီတွင် မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံရှိ အပြည်ပြည်ဆိုင်ရာ မျက်စိကုသရေး ဌာန၌ ပြုလုပ်ခဲ့သည်။

    ပထမဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်းမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် Mr.Ji Ping မှ အမှာစကား ပြောကြားခဲ့သည်။” အခုလို တရုတ်နိုင်ငံကနေ မြန်မာပြည်နဲ့ ချစ်ကြည်ရေးအတွက် လာရောက် လှူဒါန်းတဲ့ အတွက် အရမ်းကိုကျေးဇူး တင်မိပါတယ်။ အခုဆိုတောရွာတွေကိုပါ အလွယ်တကူ သွားရောက်နိုင်တော့မှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံအလင်းရောင်ဖောင်ဒေရှင်း ဥက္ကဌ ဒေါက်တာစိုးမင်းက ပြောခဲ့သည်။

    ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယ၀န်ကြီး Mr.Li Jinjim မှရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေအား မော်တော်ယာဉ် နှင့် ပတ်သက်သည့် ကားသော့နှင့် စာရွက်စာတမ်းများကို ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ၎င်းတို့မှ မော်တော်ယာဉ်များအား အမွေးနံ့သာများဖြင့် ပတ်ဖျန်းခဲ့ကြသည်။

    အလင်းရောင်ဖောင်ဒေးရှင်းကို ၂၀၁၃ တွင်စတင်တည်ထောင်ခဲ့ပြီး မျက်စိကို အထူးခွဲစိတ်သော ဖောင်ဒေးရှင်းတစ်ခု ဖြစ်သည်။ အလင်းရောင် ဖောင်ဒေးရှင်းသည် လူနာပေါင်း ၂၀၀၀ကျော်ကိုစပ်းသပ်ပြီးလျက်ရှိပြီး လူနာပေါင်း ၂၆၀၀ ကျော်ကိုခွဲစိတ်ကုသပြီးလျက်ရှိကြောင်း သိရသည်။