မတ် ၁၀ ၊၂၀၁၄
M-Media
via-Koung Loon
အိန္ဒိယက သဲပန်းပု ပညာရှင် Sudarshan Patnaik က ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်း ရဲ့ လေယာဉ်နဲ့ ခရီးသည်တွေအတွက် သြဒိသျှပြည်နယ် ပူရီ ဆိပ်ကမ်းက သဲပြင်ပေါ်မှာ အခုလို ဖန်တီးပုံဖေါ်ပြီး ဆုတောင်းခဲ့ပါတယ်..
Photo- Reuters
မတ်လ ၉ ၊ ၂၀၁၄
M-Media
– မန်ယူအသင်း၏ ရလဒ်ဆိုးများကို စိတ်ပျက်နေပြီး မိုယက်စ်၏ နည်းစနစ်များကို မနှစ်သက်သည့် တိုက်စစ်မှူး ဗန်ပါစီအနေဖြင့် စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ရန် ပစ်မှတ်ထားနေသည်ဟု သိရသည်။
ဗန်ပါစီအနေဖြင့် မန်ယူအသင်းနှင့် စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပြီး ယခုအချိန်တွင် အသင်းမှ ထွက်ခွာသွားခဲ့ပါက အသင်းမှပေးအပ်မည့် သစ္စာရှိကြေး ပေါင် ၁၀ သန်းခန့်ကို လက်လွှတ်ဆုံးရှုံးရဖွယ်ရှိနေသည်။ သို့သော်လည်း မန်ယူအသင်း၏ ဆိုးရွားသော ရလဒ်များကြောင့် ဂျူဗင်တပ်စ်အသင်း၏ စိတ်ဝင်စားမှုကို ဗန်ပါစီက လက်ခံရန်ရှိနေသည်။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမကျော့တွင် အိုလံပီယာကော့စ်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဗန်ပါစီမှာ နည်းပြမိုယက်စ်၏ နည်းစနစ်များကို ဝေဖန်ခဲ့ပြီး၊ အသင်းနှင့် ပတ်သက်၍ ခံစားနေရသည့် ၎င်း၏ ခံစားချက်ကိုလည်း ထုတ်ဖော်ခဲ့သည်။ ယမန်နေ့က ကစားခဲ့သည့် ၀က်စ်ဘရွန်းအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင်လည်း ၆၃ မိနစ်၌ ဗန်ပါစီကို မိုယက်စ်က လူစားလဲခဲ့ပြီး၊ ဗန်ပါစီက ခေါင်းကို ခါရမ်းခဲ့ကာ မနှစ်သက်သည့် အမူအရာ ပြသခဲ့သည်။
မန်ယူအသင်းကမူ ဗန်ပါစီမှာ ရောင်းရန်မဟုတ်ဟု ပြောဆိုထားသော်လည်း ဂျူဗင်တပ်စ်အသင်းအနေဖြင့် အာဆင်နယ်အသင်းမှ ၀ယ်ယူခဲ့သည့် ပေါင် ၂၄ သန်းပေးပါက မန်ယူမှ ရောင်းချရန်ရှိနေသည်ဟု ဗန်ပါစီနှင့် နီးစပ်သည့်သတင်းများအရ သိရသည်။ ဗန်ပါစီမှာ ၂၀၁၂ ခုနှစ်က ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်ခဲ့ဖူးပြီး ထိုစဉ်က မန်ယူနည်းပြ ဖာဂူဆန်က အကြေအလည်ဆွေးနွေးခဲ့ကာ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
Ref: Mirror
မတ် ၉ ၊ ၂၀၁၄
M-Media
– ခရိုင်းမီးယားအရေးအတွက် ရုရှားနှင့် အနောက်နိုင်ငံများ အကြား မကျေလည်မှုများမှာ ပြေလည်မည့် လက္ခဏာ မတွေ့သေးဘဲ ယူကရိန်းထောက်ခံသူများက ထိုဒေသအား ယူကရိန်း ပိုင်နက်ဖြစ်ကြောင်း ထောက်ခံသည့် ဆန္ဒပြပွဲများကို နိုင်ငံ တစ်ဝှမ်းတွင် ပြုလုပ်ရန် စီစဉ်နေသည်ဟု သိရသည်။
မတ်လ ၉ ရက်နေ့ (ယနေ့)မှာ ယူကရိန်း အမျိုးသား သူရဲကောင်း ကဗျာဆရာ တာရက်စ် ရှက်ဖ်ချန်ကို၏ နှစ် ၂၀၀ မြောက်မွေးနေ့ဖြစ်ပြီး၊ ခရိုင်းမီးယားဒေသ အပေါ် ရုရှား၏ ထိန်းချုပ်ခြင်းအား ဆန့်ကျင်မှုကို ပြသရန် အတွက် ကိဗ်မြို့တွင် ဆန္ဒပြပွဲများပြုလုပ်ရန် ယူကရိန်းထောက်ခံသူများက စီစဉ်ထားကြသည်။
ရုရှားထောက်ခံသူများကလည်း နိုင်ငံအရှေ့ပိုင်း ဒိုးနက်မြို့တွင် တန်ပြန် ဆန္ဒပြမှုပြုလုပ်ရန် ရှိနေပြီး၊ ထိုမြို့တွင် ယူကရိန်းထောက်ခံသူများက ရှက်ဖ်ချင်ကို၏ အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ရန် ရှိနေသောကြောင့် နှစ်ဖက် ပဋိပက္ခများဖြစ်ပွားနိုင်သည့် စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိနေသည်။
ယူကရိန်း၏ ကိုယ်ပိုင် လက္ခဏာနှင့် အနာဂတ်တို့အတွက် နိုင်ငံ အတွင်း ငြင်းခုန်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေခြင်းက နိုင်ငံတကာ အဆင့်တွင် ရုရှားနှင့် အနောက်နိုင်ငံများ အကြား သဘောထား ကွဲလွဲမှုများကို တိုးမြှင့်ဖြစ်ပေါ်စေသည်။ ခရိုင်းမီးယားဒေသ အတွင်းသို့ နိုင်ငံတကာမှ လေ့လာသူများ မ၀င်ရောက်ရန် ရုရှားထောက်ခံသူများက ယမန်နေ့တွင် သတိပေးထားပြီး၊ ရုရှားကလည်း နျူလက်နက်များ စောင့်ကြည့်ရေး အစီအစဉ်တွင် ပါဝင်မှုကို ရပ်တန့်မည်ဟု ခြိမ်းခြောက်ထားသည်။
ခရိုင်းမီးယားဒေသအား ရုရှားနိုင်ငံအတွင်းသို့ ၀င်ရောက်ရန် အတွက် ပြီးခဲ့သည့် တစ်ပတ်က ခရိုင်းမီးယား ပါလီမန်က ဆုံးဖြတ်ခဲ့ပြီး၊ ယခုလ ၁၆ ရက်နေ့တွင် ထိုကိစ္စ အတွက် လူထုဆန္ဒခံယူပွဲပြုလုပ်ရန် သတ်မှတ်ထားသည်။ အမေရိကန်နှင့် ယူကရိန်းတို့က ထိုဆန္ဒခံယူပွဲမှာ ဥပဒေနှင့် မညီညွတ်ဟု ပြောဆိုထားသော်လည်း စီစဉ်ထားသည့်အတိုင်း လုပ်ဆောင်သွားမည်ဟု ခရိုင်းမီးယား ၀န်ကြီးချုပ်က ယမန်နေ့တွင် ထပ်လောင်းပြောကြားခဲ့သည်။
Ref: AFP
မတ်လ ၉ ၊ ၂၀၁၄
M-Media
မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် Tour De Langkawi စက်ဘီးစီးပြိုင်ပွဲတွင် အီရန်နိုင်ငံသား ဗိုလ်စွဲ ပြိုင်ပွဲသက်တမ်းတစ်လျှောက် ပထမဆုံး ဗိုလ်စွဲနိုင်ခဲ့သည့် အာရှသားဖြစ်လာ
– မလေးရှားနိုင်ငံ အရှေ့ဘက်ကမ်းခြေရှိ တရန်နဂူမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် Tour De Langkawi စက်ဘီးစီးပြိုင်ပွဲတွင် အီရန်နိုင်ငံသား စက်ဘီးစီးကစားသမား Mirsamad Pourseyedigolakhour က အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။
Tabriz-Petrochemical အသင်းအတွက် ကစားပေးသည့် Mirsamad မှာ ပြိုင်ပွဲအတွင်း စုစုပေါင်းကြာချိန် ၃၅ နာရီ ၇ မိနစ်နှင့် ၁၆ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ခြင်းဖြစ်ပြီး ထိုပြိုင်ပွဲတွင် ပထမဆုံးဗိုလ်စွဲနိုင်ခဲ့သည့် အာရှစက်ဘီးစီးကစားသမားလည်းဖြစ်သည်။
“အာရှက ပထမဆုံးဗိုလ်စွဲနိုင်ခဲ့တဲ့အတွက် ကျွန်တော်ဂုဏ်ယူမိပါတယ်။ ၁၉ နှစ်ကြာပြီးမှ အာရှသားတစ်ယောက်ဟာ ဒီလိုဗိုလ်စွဲနိုင်ခဲ့တာပါ။ ဒါ့ကြောင့် ဒီအောင်ပွဲဟာ ကျွန်တော်နဲ့ အာရှ စက်ဘီးလောကအတွက်တော့ မဟာအောင်မြင်မှုကြီးပါပဲ” ဟု Mirsamad က ပြောကြားခဲ့သည်။
ထို့ပြင် အီရန်နိုင်ငံမှာ တောင်များ များပြားသောကြောင့် ပြိုင်ပွဲအတွက် လေ့ကျင့်ရန်နှင့် အရည်အသွေးတိုးတက်ရန် အထောက်အကူပြုခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Tour De Langkawi စက်ဘီးစီးပြိုင်ပွဲမှာ မလေးရှားတွင် နှစ်စဉ်ကျင်းပသည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး၊ ၁၉၉၆ ခုနှစ်က စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆင့်များ သတ်မှတ်ထားသည့်အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါရီလနှင့် မတ်လတွင်ကျင်းပလေ့ရှိပြီး ကမ္ဘာ့တစ်ဝှမ်းမှ စိတ်ဝင်စားခြင်းခံရသည့် ပြိုင်ပွဲတစ်ခုလည်းဖြစ်သည်။
PressTV
မတ်လ ၉ ရက်၊ ၂၀၁၄
M-Media
မလေးပျောက်ဆုံးလေယာဉ်ပေါ်မှ တရုတ်ခရီးသည်တစ်ဦး၏လက်ကိုင် ဖုန်းအား ဆက်သွယ်၍ ရခဲ့၊ သို့သော် တစုံတရာပြန်လည်ဖြေကြားခြင်းမရှိ
ပျောက်ဆုံးနေသော မလေးလေကြောင်းလိုင်းမှ လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသွားသည့် တရုတ်ခရီးသည်တစ်ဦး၏ လက်ကိုင်ဖုန်းအား ဆက်သွယ်ခေါ်ဆို၍ ရခဲ့ကြောင်း၊ သို့ရာတွင် မည်သူမျှ ဖုန်းကို ပြန်လည်ဖြေ ဆိုခဲ့ခြင်းမရှိကြောင်း ယူကေအခြေဆိုက် The Mirror သတင်းဌာန က ရေးသားဖော်ပြထားပါသည်။ The Mirror သတင်းဌာနက ခရီးသည်ထံ ဖုန်းဆက်သွယ်နေသည့် ဗီဒီယိုဖိုင်ကိုပါ တင်ပြထားသည်။
တရုတ်မီဒီယာများ၏ ဖော်ပြချက်အရ တရုတ်မိသားစုများက လေယာဉ်ပေါ် တွင် စီးနင်းလိုက်ပါသွားသော ၄င်းတို့၏ ဆွေမျိုးများထံ တယ်လီဖုန်းဆက် သွယ်၍ ရကြောင်း၊ သို့ရာတွင် ပြန်လည်ဖြေဆိုခြင်းမျိုးကိုမူ လက်ခံရရှိခြင်း မရှိကြကြောင်း သိရသည်။ ထို့ကြောင့် MH 370 လေယာဉ်ကြီး၏ ကြမ္မာကို မည်သို့ဆုံးဖြတ်ရမည်ဆိုသည့် အမေးပုစ္ဆာအတွက် သံသယပွားစရာများ များသထက်များလာနေသည်။
Flight Global မဂ္ဂဇင်း၏ အယ်ဒီတာတဦးဖြစ်သူ လေယာဉ်မှူး ဒေးဗစ်လဲ ယာမောင့်က “တခုခုဖြစ်တဲ့အချိန်မှာ၊ လေယာဉ်မှူးက ဘာဖြစ်နေလဲ ဆိုတာကို ဘယ်သူ့ကိုမှ မပြောဘူးဆိုရင် ဒါဟာ တော်တော် ထူးခြားနေပြီ။ လေယာဉ်မှူးက အရေးပေါ်အချက်ပြဖို့ ပျက်ကွက်ခဲ့ တယ်ဆိုရင် ဒါဟာ သဘာဝမကျဘူး၊ အချက်ပြဖို့လည်း အချိန်တွေ အများကြီး ရှိနေခဲ့တာပဲ၊ တခုရှိတာက လေယာဉ်ပေါ်မှာ ဗုံးထောင်ထားတာမျိုး ဆိုရင်တော့ အချက်ပြဖို့ ခဲယာဉ်းမှာပေါ့၊ ဒါပေမယ့် ဗုံးထောင်ထားတဲ့ အရိပ်လက္ခဏာလည်း မတွေ့ရဘူး” ဟု မှတ်ချက်ပေးခဲ့သည်။
Ref: tinyurl.com/l68jmyf