News @ M-Media

Blog

  • ယမန့်နှစ် ဆန္ဒပြပွဲတွင် ဒဏ်ရာရကာ ကိုးမားဝင်ပြီး သေဆုံးခဲ့သည့် ကလေးငယ် အတွက် ဆန္ဒပြသူတွေကို တူရကီ ရဲတပ်ဖွဲ့ဖြိုခွင်း

    မတ် ၁၂၊ ၂၀၁၄
    M-Media
    201431117534512734_20
    – ယမန်နှစ်က မြို့တော် အစ္စတန်ဘူလ်၌ ဆန္ဒပြမှုအတွင်း ဒဏ်ရာရရှိခဲ့ပြီးနောက် သတိလစ်မေ့မြောက သေဆုံးသွားခဲ့သည့် ဆယ်ကျော်သက် အတွက် ဆေးရုံရှေ့တွင် ဆန္ဒပြသူများကို တူရကီ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် နှိမ်နင်းခဲ့သည်ဟုသိရသည်။

    အစ္စတန်ဘူလ်မြို့ရှိ ဆေးရုံ အပြင်ဘက်တွင် လူ တစ်ထောင်ခန့်မှာ အဆိုပါ ဆယ်ကျော်သက် ကလေးငယ်အား ထောက်ခံသည့်အနေဖြင့် စုရုံးခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ ရေပိုက်များအသုံးပြုကာ လူစုခွဲခဲ့ကြသည်။ ဆန္ဒပြသူများကလည်း ရဲကားများအား ခဲလုံးများဖြင့်ပြန်လည် ပစ်ပေါက်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များ၏ ဦးထုပ်များ၊ ဒိုင်းများကို လုယူခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ရုန်းရင်းဆန်ခတ်မှုအတွင်း အနည်းဆုံး ဆန္ဒပြသူတစ်ဦး ဒဏ်ရာရခဲ့သည်။

    ယမန်နှစ်ဇွန်လက အစ္စတန်ဘူလ်တွင် ဖြစ်ပွားခဲ့သည့် မငြိမ်သက်မှုများအတွင်း ရဲတပ်ဖွဲ့က ပစ်လိုက်သော မျက်ရည်ယိုဗုံး အပိုင်းအစ တစ်ခုမှာ ပေါင်မုန့်သွား ၀ယ်သော အသက် ၁၅ နှစ်အရွယ် ဘာကင် အဲလ်ဗန် ဆိုသည့် အဆိုပါဆယ်ကျော်သက်အား ထိမှန်ခဲ့သည်။ အဲလ်ဗန်မှာ ထိုဒဏ်ရာဖြင့် ၂၆၉ ရက်ကြာ သတိလစ်မေ့မြောနေခဲ့ပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

    ထိုကလေးငယ်အတွက် ငြိမ်သက်စွာ ဆုတောင်းခြင်းကို တူရကီနိုင်ငံတစ်ဝှမ်းရှိ မြို့များတွင် ပြုလုပ်ခဲ့ကြပြီး ကျောင်းသားများကလည်း အတန်းများမတက်ဘဲ သပိတ်မှောက်ခဲ့ကြသည်။ ကလေးငယ်၏ မိခင်ဖြစ်သူက အဲလ်ဗန်သေဆုံခြင်းအတွက် ၀န်ကြီးချုပ် အာဒိုဂန်အား အပြစ်တင်ခဲ့သည်။ တူရကီ သမ္မတ အဗ်ဒူလာ ဂေါလ် ကမူ အဲလ်ဗန်သေဆုံးသွားခြင်းအတွက် ၀မ်းနည်းကြောင်း မိသားစုအား ပြောကြားခဲ့ပြီး ထိုအဖြစ်မျိုး ထပ်မံမဖြစ်စေရန် တာဝန်ရှိသူအားလုံးကို တိုက်တွန်းခဲ့သည်။

    ပြီးခဲ့သည်နှစ်က တူရကီနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အဆိုပါ ဆန္ဒပြမှုမှာ ၂၀၀၃ ခုနှစ်က ၀န်ကြီးချုပ် ရီဆက်ပ် တိုင်ယစ် အာဒိုဂန် အာဏာရပြီးနောက်ပိုင်း အကြီးဆုံး ဆန္ဒပြမှုဖြစ်သည်။
    Ref: Al Jazeera and agencies

  • ချန်ပီယံလိဂ် ကွာတားရောက် အသင်းများမှာ မိမိတို့ထက်ပိုကောင်းဟု အက်သလက်တီကို တိုက်စစ်မှူး ဒီယေဂိုကော်စတာဆို

    မတ် ၁၂၊ ၂၀၁၄
    M-Media

    377654_heroa
    – အေစီမီလန်အသင်းအား ၄ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၁ ဂိုးဖြင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့သော်လည်း မိမိတို့ထက်ပိုကောင်းသော အသင်းများရှိသေးသည်ဟု အက်သလက်တီကို တိုက်စစ်မှူး ဒီယေဂိုကော်စတာက အသင်းအား သတိပေးလိုက်သည်။

    ဒီယေဂိုကော်စတာမှာ ပထမအကျော့ ဆန်စီရိုတွင်ကစားခဲ့သည့်ပွဲတွင် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပြီး၊ ယနေ့နံနက်က အေစီမီလန် အသင်းအား အနိုင်ရခဲ့သည့် ပွဲတွင်လည်း အနိုင်ဂိုး ၂ ဂိုး သွင်းယူပေးခဲ့ကာ ကွာတား ဖိုင်နယ်သို့ တက်ရောက်ရန် ကူညီပေးနိုင်ခဲ့သူဖြစ်သည်။

    သို့သော်လည်း ဥရောပ ထိပ်တန်းပြိုင်ပွဲတစ်ခုဖြစ်သည့် ချန်ပီယံလိဂ်တွင် အက်သလက်တီကို အသင်းအနေဖြင့် နောက်တစ်ဆင့်တွင် ပိုမိုခက်ခဲ့သော အသင်းဖြင့် တွေ့ဆုံရမည်ဟု ဒီယေဂိုကော်စတာက ဆိုသည်။

    “ဖိုင်နယ်ကိုရောက်ဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒါဟာ သိပ်ကိုခက်ခဲတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအဆင့်ကိုရောက်လာတဲ့ အသင်းအားလုံးဟာ ကျွန်တော်တို့ထက် ပိုတောင့်တင်းတဲ့ အသင်းတွေပါ” ဟု ဒီယေဂိုကော်စတာက သတင်းထောက်များအား ပြောကြာခဲ့သည်။

    ဘရာဇီးလ်တွင်မွေးဖွားခဲ့သော်လည်း ဒီယေဂိုကော်စတာမှာ မွေးစားနိုင်ငံဖြစ်သည့် စပိန်လက်ရွေးစဉ်အသင်းအတွက် ပြီးခဲ့သည့်တစ်ပတ်က ပထမဆုံးပွဲထွက်ခဲ့သည်။ ကလပ်အသင်းအဆင့် အောင်မြင်မှုက ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်လက်ရွေးစင်အသင်း၌ ပါဝင်ခွင့်ရနိုင်သောကြောင့် ဒီယေဂိုကော်စတာမှာ အက်သလက်တီကိုအသင်းနှင့် အကောင်းဆုံးအဆင့်ဖြင့် ရာသီသိမ်းရန် ဆန္ဒရှိနေသည်။
    Goal

  • ဘာစီလိုနာအား ကျော်ဖြတ်ရန် မိမိတို့တွင် လက်နက်ရှိသည်ဟု မန်စီးတီး လက်ထောက် နည်းပြဆို

    မတ် ၁၂၊ ၂၀၁၄
    M-Media
    371391_heroa

    – ယနေ့ညတွင်ကစားမည့် ဘာစီလိုနာအသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အနိုင်ရအောင်ဆောင်ရွက်နိုင်မည့် လက်နက်များ မိမိတို့တွင်ရှိသည်ဟု မန်စီးတီးအသင်း၏ လက်ထောက်နည်းပြ ရူဘန် ကော်စီလက်စ်က ဘာစီလိုနာအသင်းအား သတိပေးပြောကြားလိုက်သည်။

    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မကစားခင် နူးကမ့်ကွင်း၌ ယမန်နေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲသို ရူဘန်တက်ရောက်ခဲ့ပြီး ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ မန်စီးတီးနည်းပြ ပယ်လီဂရီနီမှာ ပထမအကျော့ အိမ်ကွင်း၌ ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ပွဲစဉ်တွင် ဒိုင်လူကြီးအား ဝေဖန်ခဲ့သောကြောင့် ၂ ပွဲပယ် ပြစ်ဒဏ်ခံခဲ့ရပြီး သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်နိုင်ခြင်း မရှိပေ။

    မန်စီးတီးအသင်းမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း ချန်ပီယံရှစ်အသင်းဖြစ်သည့် ၀ီဂန်အား ၂ ဂိုး ၁ ဂိုးဖြင့်ရှုံးနိမ့်ကာ FA ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီး၊ ဘာစီလိုနာနှင့် ချန်ပီယံလိဂ်ပွဲတွင် ရုန်းကန်ရဖွယ် ရှိနေသော်လည်း၊ မိမိတို့နောက်တစ်ဆင့်တက်ရောက်နိုင်ရေး မည်သည့် သံသယမှ မရှိဟု ရူဘန်ကဆိုသည်။

    “ကျွန်တော်တို့ ဒီပွဲကို ကြိုးစားပြောင်းလဲရပါမယ်။ အဲဒီအတွက် ကျွန်တော်တို့မှာ လက်နက်တွေရှိပါတယ်။ ဒီလက်နက်နဲ့ပဲ ကျွန်တော်တို့ဟာ ကြိုးစားသွားမှာဖြစ်ပြီး၊ ရေကုန်ရေခန်း ရင်ဆိုင်သွားမှာပါ” ဟု ရူဘန်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် FA ဖလားအရှုံးကို မေ့ပစ်ရန်နှင့် ဘာစီလိုနာအား အနိုင်ကစားကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ်တက်ရောက်နိုင်ရန်အတွက် ကြိုးစားသွားကြရန် ကစားသမားများအား ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

  • တိုဟိုကူး ငလျင်နှင့် ဆူနာမီ (၃) နှစ်မြောက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဂျပန်မှာကျင်းပ (ဓါတ်ပုံ သတင်း)

    မတ် ၁၂ ၊ ၂၀၁၄
    M-Media
    1921087_798055493555113_2038007538_o
    ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဂျပန်နိုင်ငံ တိုဟိုကူကျွန်းမှာ လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် သေဆုံး သွားခဲ့ရသူတွေ အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် တစ်မိနစ်ခန့် ငြိမ်သက် ဆုတောင်းနေတာဖြစ်ပါတယ်။

    ငလျင်လှုပ်ခတ်သွားခဲ့တဲ့ နေ့လည် ၂ နာရီ ၄၆ မိနစ်တိတိ အချိန် မြို့တော်တိုကျိုရဲ့ ပန်းခြံမှာ ပြလုပ်ခဲ့ကြတာပါ။ ငလျင်ပြင်းအား ၉.၀  ရှိတဲ့ အဲဒီငလျင်နဲ့ ဆူနာမီဒဏ်ကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး၊ ဂျပန်နိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး နျူကလီးယား ပြဿနာနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီဆူနာမီ ငလျင်လှုပ်ခတ်ခဲ့တာ မနေ့က သုံးနှစ်ပြည့်ခဲ့ပါတယ်။

    Reuters photo

  • စင်ကာပူမှ မဒရ်ဆာ စာသင်ကျောင်းများတွင် အဆင်မြင့် သင်ရိုးဖြင့် သင်နိုင်အောင် အစိုးရ ထောက်ပံ့မည်။

    မတ် ၁၂၊ ၂၀၁၄
    M-Media
    madrasah-532371– စင်ကာပူနိုင်ငံ၏  အစ္စလာမ်ဘာသာရေး စာသင်ကျောင်း (မဒရ်ဆာ) များအတွက် အဆင့်မြှင့်တင်ထားသော သင်ရိုးညွှန်းတန်းများအား သင်ကြားနိုင်ရန်အတွက် ဆရာများအား သတင်ပေးသွားမည်ဟု စင်ကာပူနိုင်ငံ မွတ်စလင်ရေးရာဌာန ၀န်ကြီး ယာကွဘ် အီဗရာဟင်မ်က ပြောကြားခဲ့သည်။

    စင်ကာပူရှိ မဒရ်ဆာ ကျောင်းများ၏သင်ရိုး အဆင့်မြှင့်တင်ရေးအစီအစဉ်ကို ၂၀၀၈ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး၊ ထိုစနစ်တွင် ဘာသာရပ် မျိုးစုံပါဝင်ပြီး မဒရ်ဆာ ပညာရေးစနစ် အတွက် ပုံသေ သတ်မှတ်ထားသည့် သင်ရိုးလည်းဖြစ်သည်။

    ယခုနှစ်တွင် စင်ကာပူရှိ မဒရ်ဆာ ၃ ခုမှာ ထိုသင်ရိုးအတိုင်း သင်ကြားမည်ဖြစ်ပြီး၊ ထိုကဲ့သို့ သင်ကြားနိုင်ရန်အတွက် ဆရာများ လိုအပ်မည်ဟု ၀န်ကြီး အီဗရာဟင်မ်ကဆိုသည်။

    အချိန်ပိုင်းနှင့် အချိန်ပြည့်သင်ကြားသော အစ္စလာမ့်ဓမ္မ ပညာရေးစနစ်အား အကျိုးဖြစ်ထွန်းရေအတွက် စင်ကာပူ အစ္စလာမ်သာသနာရေးကောင်စီ MUIS မှ ပညာရေး အလှူငွေ စင်ကာပူ ဒေါ်လာ ၆.၃ သန်း မတည်သွားဖြစ်သည်။

    အဆိုပါ ပညာရေးစနစ်၏ မြင့်တက်လာသော ကုန်ကျမှုများမှ မိဘများအား သက်သာစေရန်၊ မဒရ်ဆာ ကူညီထောက်ပံ့ရေး ရန်ပုံငွေတိုးမြှင့်မှု အစီအစဉ် PROMAS သို့ MUIS မှ ပေးအပ်နေသည့် ငွေများကိုလည်း ယခုနှစ်မှ စတင်ကာ ၅ ရာခိုင်နှုန်းတိုးမြှင့်သွားမည်ဟု သိရသည်။ ထို့ပြင် မဒရ်ဆာ ကျောင်းသားများ အတွက် စင်ကာပူ ပညာရေးဝန်ကြီးဌာန MOE ၏ ပညာရေးရန်ပုံငွေ Edusave Fund မှ စင်ကာပူဒေါ်လာ ၇ သိန်းနီးပါး ရရှိမည်ဟု ယာကွဘ်က ထည့်သွင်းပြောကြားခဲ့သည်။ ထိုငွေများကို ကလေးငယ်များ ပညာရေး အတွက် မိဘများက သုံးစွဲနိုင်မည်ဖြစ်သည်။

    “MUIS ဟာ MOE နဲ့ နီးနီးကပ်ကပ်အလုပ် လုပ်သွားမှာဖြစ်ပြီး၊ အခုနှစ် ဒုတိယနှစ်ဝက်မှာ မဒရ်ဆာ  ၆ ခုအတွက် ဒီ ပညာရေးထောက်ပံ့မှု အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ကိုလည်း ဆောင်ရွက်သွားမှာပါ။ မဒရ်ဆာ တွေအကြား အာရုံစိုက် လုပ်ရမယ့် အလုပ်တွေအတွက် အားထုတ်ရာမှာ ကူညီဖို့နဲ့၊ ဒီရန်ပုံငွေတွေကို စနစ်တကျ အသုံးပြုဖို့အတွက် MUIS ကို ကျွန်တော်တောင်း ဆိုထားပြီး ပါပြီ။ ဥပမာအားဖြင့် ကျွန်တော်တို့ ကလေးတွေ အားနည်းတဲ့ သင်္ချာနဲ့ သိပ္ပံပညာရပ်တွေမှာ ပိုစိတ်ဝင်စားလောင်အောင် ဆောင်ရွက်ပေးတဲ့အစီအစဉ်တွေပေါ့” ဟု အီဗရာဟင်မ်က ထပ်လောင်းပြောကြားခဲ့သည်။
    CNA
    Photo-(AFP/Roslan Rahman)