မတ် ၁၂၊ ၂၀၁၄
M-Media
– ယမန်နှစ်က မြို့တော် အစ္စတန်ဘူလ်၌ ဆန္ဒပြမှုအတွင်း ဒဏ်ရာရရှိခဲ့ပြီးနောက် သတိလစ်မေ့မြောက သေဆုံးသွားခဲ့သည့် ဆယ်ကျော်သက် အတွက် ဆေးရုံရှေ့တွင် ဆန္ဒပြသူများကို တူရကီ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် နှိမ်နင်းခဲ့သည်ဟုသိရသည်။
အစ္စတန်ဘူလ်မြို့ရှိ ဆေးရုံ အပြင်ဘက်တွင် လူ တစ်ထောင်ခန့်မှာ အဆိုပါ ဆယ်ကျော်သက် ကလေးငယ်အား ထောက်ခံသည့်အနေဖြင့် စုရုံးခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ ရေပိုက်များအသုံးပြုကာ လူစုခွဲခဲ့ကြသည်။ ဆန္ဒပြသူများကလည်း ရဲကားများအား ခဲလုံးများဖြင့်ပြန်လည် ပစ်ပေါက်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များ၏ ဦးထုပ်များ၊ ဒိုင်းများကို လုယူခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ရုန်းရင်းဆန်ခတ်မှုအတွင်း အနည်းဆုံး ဆန္ဒပြသူတစ်ဦး ဒဏ်ရာရခဲ့သည်။
ယမန်နှစ်ဇွန်လက အစ္စတန်ဘူလ်တွင် ဖြစ်ပွားခဲ့သည့် မငြိမ်သက်မှုများအတွင်း ရဲတပ်ဖွဲ့က ပစ်လိုက်သော မျက်ရည်ယိုဗုံး အပိုင်းအစ တစ်ခုမှာ ပေါင်မုန့်သွား ၀ယ်သော အသက် ၁၅ နှစ်အရွယ် ဘာကင် အဲလ်ဗန် ဆိုသည့် အဆိုပါဆယ်ကျော်သက်အား ထိမှန်ခဲ့သည်။ အဲလ်ဗန်မှာ ထိုဒဏ်ရာဖြင့် ၂၆၉ ရက်ကြာ သတိလစ်မေ့မြောနေခဲ့ပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ထိုကလေးငယ်အတွက် ငြိမ်သက်စွာ ဆုတောင်းခြင်းကို တူရကီနိုင်ငံတစ်ဝှမ်းရှိ မြို့များတွင် ပြုလုပ်ခဲ့ကြပြီး ကျောင်းသားများကလည်း အတန်းများမတက်ဘဲ သပိတ်မှောက်ခဲ့ကြသည်။ ကလေးငယ်၏ မိခင်ဖြစ်သူက အဲလ်ဗန်သေဆုံခြင်းအတွက် ၀န်ကြီးချုပ် အာဒိုဂန်အား အပြစ်တင်ခဲ့သည်။ တူရကီ သမ္မတ အဗ်ဒူလာ ဂေါလ် ကမူ အဲလ်ဗန်သေဆုံးသွားခြင်းအတွက် ၀မ်းနည်းကြောင်း မိသားစုအား ပြောကြားခဲ့ပြီး ထိုအဖြစ်မျိုး ထပ်မံမဖြစ်စေရန် တာဝန်ရှိသူအားလုံးကို တိုက်တွန်းခဲ့သည်။
ပြီးခဲ့သည်နှစ်က တူရကီနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အဆိုပါ ဆန္ဒပြမှုမှာ ၂၀၀၃ ခုနှစ်က ၀န်ကြီးချုပ် ရီဆက်ပ် တိုင်ယစ် အာဒိုဂန် အာဏာရပြီးနောက်ပိုင်း အကြီးဆုံး ဆန္ဒပြမှုဖြစ်သည်။
Ref: Al Jazeera and agencies
Leave a Reply
You must be logged in to post a comment.