News @ M-Media

Blog

  • မျိုးစောင့် ဥပဒေကြမ်းရေးဖို့ သမ္မတ ကော်မရှင်ဖွဲ့

    မတ် ၇၊ ၂၀၁၄
    M-Media
    Myo Sount
    သံဃာတော်အချို့ ဦးဆောင်တဲ့ အမျိုးဘာသာ သသနာစောင့်ရှောက်ရေး (မဘသ) ဥက္ကဌ ပေးပို့လာတဲ့ အမျိုးစောင့် ဥပဒေ (၄) ခုတွင် ပါဝင်သည့် ဘာသာကူးပြောင်းခွင့်နှင့် လူဦးရေ တိုးပွားမှု ထိန်းချူပ်ရေး ဥပဒေမူကြမ်း (၂)ခု ရေးဆွဲရန် ကော်မရှင် တရပ်ကို သမ္မတဦးသိန်းစိန်မှာ ယနေ့ နေ့စွဲဖြင့် ဖွဲ့စည်းလိုက်သည်။

    ကော်မရှင်ကို ဒုတိယရှေ့နေချူပ် ဦးထွန်းထွန်းဦးက ဦးဆောင်မှာဖြစ်ပြီး ဒုဝန်ကြီး (၂) ဦး၊ သမ္မတအကြံပေး(၁) ဦး၊ အငြိမ်းစားသံအမတ်ကြီး(၁)ဦး၊ ပါမောက္ခ(ငြိမ်း) ၁ ဦး၊ ညွှန်ကြားမှူးချူပ် (၃) ဦးအပါအဝင် စုစုပေါင်း အဖွဲ့ဝင် (၁၂) ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး ဇွန်လ(၃၀) ရက်နေ့ နောက်ဆုံးထား ရေးဆွဲ ရမည့်ဟု အမိန်စာတွင် ပါရှိသည်။

    ထိုသို့ ရေးဆွဲရာတွင် ဖွဲစည်းပုံအခြေခံ ဥပဒေနှင့် ညီညွှတ်စေရန်၊ ကွဲပြားသော ဘာသာ အယူဝါဒများနှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်မှုကို မထိခိုက်ရန်၊ တည်ဆဲ ဥပဒေများနှင့် ညီညွတ်ပြီး ချိတ်ဆက် အသုံးပြုနိုင်ရန်၊ တိုင်းပြည်နှင့် ပြည်သူအတွက် ရေရှည်အကျိုးရှိပြီး တနိုင်ငံလုံး လွှမ်းခြုံ အသုံးပြုနိုင်ရန် စတဲ့ အချက်များကို အခြေခံပြီးရေးဆွဲရန် အမိန်စာတွင်ပါရှိသည်။

    မ.ဘ.သ အဖွဲ့မှပေးပို့ခဲ့သည့် ဘာသာကူးပြောင်းခွင့်၊ လူဦးရေထိန်းချုပ်ခွင့်၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးမှုနှင့် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေစုစုပေါင်း ၄ခုကို သမ္မတဦးသိန်းစိန်မှ ဥပေဒပြဌာန်းပေးဖို့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းကို သဝဏ်လွှာပေးပို့ခဲ့ဖြင်းဖြစ်သည်။

    သူရဦးရွှေမန်းက အဆိုပါဥပဒေကြမ်းများရေးဆွဲရန်မှာ အစိုးရဝန်ကြိးဌာနများမှ ရေးဆွဲပြီး လွှတ်တော်သို့ပြန်လည်ပေးဖို့ရန် အကြောင်းပြန်ကြားခဲ့ပြီး တပတ်အကြာမှာ သမ္မတက ကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

    အမျိုးစောင့် ဥပဒေအပေါ် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် မတူကွဲပြားခြားနားသော ကိုးကွယ် ယုံကြည်များရှိသည့် ပြည်သူများ အကြား ဝေဖန်မှုများ ကျယ်လောင်စွာ ထွက်ပေါ်နေချိန်မှာ ယခုကဲ့သို့ ဥပဒေရေးဆွဲရေး လှုပ်ရှားမှုများ ဆက်တိုက် ထွက်ပေါ်လာခြင်းဖြစ်သည်။

    ယခုလုပ်ဆောင်ချက်မှာ သမ္မတဦးသိန်းစိန် အစိုးရမှ ဘာသာရေးကို ခုတုံးလုပ်ပြိး သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံရေး အမြတ်ထုတ်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟူသော သုံးသပ်ချက်များလည်း ထွက်ပေါ်လျက်ရှိသည်။

  • ပါလက်စတိုင်းတို့ နေအိမ်များကို အစ္စရေး ဖျက်ဆီးပြန်

    မတ် ၇ ၊ ၂၀၁၄
    M-Media

    negev_demolitions

    -ပါလက်စတိုင်း လူမျိုးများ ပိုင်ဆိုင်သော အိမ်ယာများကို အကြောင်းအမျိုးအမျိုးပြ၍ ဖျက်ဆီးနေသော အစ္စရေးမှာ ဗုဒ္ဓဟူးနေ့ကလည်း နီဂျီဗ်ကန္တာရရှိ  ပါလက်စတိုင်းတို့၏ နေအိမ်များကို ထပ်မံ ဖျက်ဆီးခဲ့သည်ဟု သိရသည်။

    နီဂျီဗ် ကန္တာရအနောက်ပိုင်း  ကျေးရွာများထဲမှ အလ်-ဇာရူရာရွာရှိ အိမ်များအားလုံးကို အစ္စရေးစစ်တပ်မှ စောင့်ကြပ်ထားသည့် ဘူဒိုဇာများက ၀င်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

    ၂၀၁၃ ခုနှစ်နောက်ပိုင်း ဗြိတိန်ရှိ ထင်ရှားကျော်ကြားသူ အယောက် ၅၀ ကျော်မှ အတည်ပြု လက်မှတ်ထိုးခဲ့သည့်စာတွင် အစ္စရေး၏ ထိုလုပ်ရပ်များမှာ ပါလက်စတိုင်းတို့းအား ၎င်းတို့၏နေအိမ်မှ မောင်းထုတ်ခြင်းနှင့် စနစ်တကျ ခွဲခြားဆက်ဆံခြင်း၊ ခွဲထုတ်ခြင်းသာဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ပါလက်စတိုင်း ကျေးရွာ ၃၅ ရွာကိုဖျက်ဆီးပြီး လူ ၇၀၀၀၀ ခန့်ကိုမောင်းထုတ်ရန် အစ္စရေးက Prawer အစီအစဉ်ကို ချမှတ်ထားပြီး ယခုကဲ့သို့ဖျက်ဆီးမှုမှာ ထိုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ Prawer အစီအစဉ်ကို ၂၀၁၁ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ဟု အစ္စရေးက ခေါင်းစဉ်တပ်ထားသည်။

    အစ္စရေးမှာ ပါလက်စတိုင်းလူမျိုးများ၏ အခွင့်အရေးများကို အသိအမှတ်ပြုရန် ငြင်းပယ်ထားပြီး၊ အခြေခံဝန်ဆောင်မှုများကိုလည်း ပေးခြင်းမရှိပေ။ ထို့ပြင် ပါလက်စတိုင်းတို့နေထိုင်သည့် နေရာများကိုလည်း သိမ်းဆည်း၍ စစ်ရေးနှင့် အခြေချအိမ်ရာ ပရောဂျက်များ ဆောက်လုပ်လျက်ရှိနေသည်။ ထိုကဲ့သို့သောလုပ်ရပ်များက ထိုဒေသတွင်နေထိုင်သည့် ပါလက်စတိုင်း လူမျိုးစုလိုက်ရှင်းလင်းရေးသို့ ဦးတည်နေသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ပြောကြားထားသည်။
    Press TV

  • မြန်မာ့ဂုဏ်ရောင်အိမ်ယာတွင် သပိတ်ခစန်းဖွင့်ဆန္ဒပြနေသူများ တိုင်းဒေသကြီးလွှတ်တော်ရှေ့တွင် ဆန္ဒပြသခွင့် ပယ်ချခံရ

    မြန်မာ့ဂုဏ်ရောင်အိမ်ယာတွင် သပိတ်ခစန်းဖွင့်ဆန္ဒပြနေသူများ တိုင်းဒေသကြီးလွှတ်တော်ရှေ့တွင် ဆန္ဒပြသခွင့် ပယ်ချခံရ

    မတ် ၇၊ ၂၀၁၄
    M-Media
    လမင်း

    untitled
    ရန်ကုန်  ။       ။ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မြန်မာဂုဏ်ရောင်အိမ်ယာရှေ့တွင်မြေလျော်ကြေးရရှိရန် ၀ါဝါ၀င်းကုမ္မဏီမှ  သပိတ်စခန်းဖွင့် တောင်းဆိုထားသူများသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးရှေ့တွင် ဆန္ဒပြရန်ခွင့်တောင်းခံမှုအား ပယ်ချခံခဲ့ရသည်။

    ကုမ္မဏီဘက်မှလာရောက်ညှိနှိုင်းခြင်းမရှိသည့်အတွက် ဆက်လက်ဆန္ဒပြသပိတ်စခန်းဖွင့်ကာတောင်းဆိုနေလျက်ရှိကြောင်းသိရသည်။ “လွှတ်တော်ရုံးရှေ့မှာ ဆန္ဒပြခွင့်တောင်းတာကို လမ်းပိတ်မှာဆိုးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကျွန်တော်တို့ကိုခွင့်မပြုပေးခဲ့ပါဘူး” သပိတ်စခန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါသည်။

    မြန်မာ့ဂုဏ်ရောင်အိမ်ယာရှေ့တွင် ဖယ်ရှားခံရသူများမှ နစ်နာမှုများကိုဆန္ဒပြသပိတ်စခန်းဖွင့်ကာတောင်းဆိုနေသည်မှာ တစ်လကျော်သွားခဲ့ပြီ ဖြစ်သော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများမှ လာရောက်ညှိနှိုင်းခြင်းမရှိသည့်အတွက် ၎င်းကဲ့သို့ တိုင်းဒေသကြီးလွှတ်တော်ရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုရန်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

    ၎င်းဆန္ဒပြသနေသူများသည် ယခင်က ၀ါဝါ၀င်းကုမ္မဏီမှ စစ်တန်းလျားဆောက်လုပ်ဖို့အတွက် သိမ်းယူသွားတဲ့နေရာများတွင် စစ်တန်းလျား မဆောက်လုပ်ပဲ အိမ်ယာများဆာက်လုပ်ရောင်းချသောကြောင့် ၎င်းတို့မှ ဆန္ဒပြသပိတ်စခန်းဖွင့်၍ တောင်းဆိုနေရခြင်းဖြစ်သည်။
    ဆန္ဒပြတောင်းဆိုမှုကို နှစ်ကြိမ်မြောက်ပြုလုပ်ခဲ့ကြပြီး ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် သုံးကြိမ်မြောက်အဖြစ်သပိတ်စခန်းဖွင့်ကာ တောင်းဆိုမှုများပြုလုပ်နေကြသည်။

  • တရုတ်နှင့် အငြင်းပွားနေသည့် ရေပိုင်နက် အနီးရှိ ဖိလစ်ပိုင် ရေတပ်စခန်း အဆင့်မြှင့်တင်မည်။

    မတ် ၇ ၊ ၂၀၁၄
    M-Media

    philippine-navy-ship

    – နိုင်ငံ၏ပိုင်နက်အား ကာကွယ်ရန် လိုအပ်သော စစ်သင်္ဘောများကို ၀န်ဆောင်မှုပေးရန် အတွက် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တရုတ် ပင်လယ်နှင့် မျက်ချင်းဆိုင်တွင်ရှိသော ရေတပ်စခန်းအား အဆင့်မြှင့်တင်မှုများ ပြုလုပ်မည်ဟု ဖိလစ်ပိုင်နိုင်ငံ စစ်တပ်မှ ယနေ့တွင် ပြောကြားခဲ့သည်။

    တောင်တရုတ်ပင်လယ် Spratly ကျွန်းစုအနီး Ulugan ပင်လယ်အော်ဆိပ်ကမ်းရှိ ဖိလစ်ပိုင်ရေတပ်စခန်းအတွက် ပီဆို သန်း ၅၀၀ (ကန်ဒေါ်လာ ၁၁.၂ သန်း) ပမာဏ အကုန်ကျခံကာ အဆင့်မြှင့်တင်မှုများ ပြုလုပ် သွားမည်ဟု ရေတပ် ဗိုလ်ချုပ်ကြီး ဂရီဂိုရီ ဖာဘစ်က ဆိုသည်။

    “(ရေတပ်ရဲ့) စွမ်းဆောင်ရည်တွေမြှင့်တင်ဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်။ စစ်သင်္ဘောကြီးတွေကို ၀န်ဆောင်မှုပေးနိုင်ဖို့အတွက် အဲဒီရေတပ် စခန်းကို ကျွန်တော်တို့ ခေတ်မီအောင်လုပ်ဖို့လိုပါတယ်” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါအဆင့်မြှင့်တင်ရေးလုပ်ငန်းများအား ဖွင့်လှစ်ရန်အတွက် သမ္မတ ဘန်အစ်ဂ်နို အကွီနိုမှာ မေလ ၂၀ ရက်နေ့တွင် အဆိုပါ ရေတပ်စခန်းသို့ လာရောက်ရန်ရှိနေသည်ဟု ဖာဘစ်က ပြောကြားခဲ့သည်။

    နိုင်ငံအနောက်ဘက် Palawan ကျွန်းတွင်ရှိနေသည့် ရေတပ်စခန်းမှာ ဖိလစ်ပိုင်အနောက်ဘက် ကျွန်းမကြီးကို စောင့်ကြပ်သည့် ဖိလစ်ပိုင်ရေတပ်၏ ဌာနချုပ်ဖြစ်သည်။ မကြာသေးမီနှစ်များကစ၍ Spratly ကျွန်းစုနှင့် တောင်တရုတ်ပင်လယ်အတွင်းရှိ ဒေသတော်တော်များများတရုတ်နိုင်ငံနှင့် ပိုင်ဆိုင်မှုအငြင်းပွားရာတွင် ဖိလစ်ပိုင်နိုင်ငံမှာ  ပါဝင်နေသည်။

    နိုင်ငံ၏ စစ်လက်နက်ပစ္စည်းများအား အဆင့်မြှင့်တင်ရေး အစီအစဉ်တွင် ရေတပ် သင်္ဘောများ ဖြည့်တင်းခြင်းများလည်း ပါဝင်ခဲ့ပြီး နိုင်ငံ၏ ပိုက်နက်အား ကာကွယ်ရန် ခိုင်မာသော အဟန့်အတားဖြစ်သည်ဟု ဖိလစ်ပိုင်အစိုးရက ဖော်ပြခဲ့သည်။

    လွန်ခဲ့သည့် ၂ နှစ်အတွင်း ဖိလစ်ပိုင်ရေတပ်မှာ ပြင်ဆင်ထားသော အမေရိကန် ဖရီးဂိတ် စစ်သင်္ဘော ၂ နှစ်စင်း ဖြည့်တင်းခဲ့ပြီး၊ ထိုအထဲမှ တစ်စင်းမှာ ယခုလက်ရှိ တောင်တရုတ် ပင်လယ်တွင် ကင်းလှည့်လျက် ရှိနေသည်။ ရေတပ်အနေဖြင့် နိုင်ငံ၏ ရှည်လျားသော ကမ်းရိုးတန်းအား အပြည့်အ၀ ကာကွယ်စောင့်ရှောက်ရန် ကမ်းခြေစောင့်သင်္ဘော အနည်းဆုံး ၆ စီးခန့် လိုအပ်နေသည်ဟု ရေတပ်တာဝန်ရှိ သူတစ်ဦးမှ ဇန်န၀ါရီလတွင် ပြောကြားခဲ့သည်။

    ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှုအား ဖိလစ်ပိုင်မှ နောက်ဆုတ်ခဲ့ပြီးနောက် ထိုဒေသအား တရုတ်နိုင်ငံမှ ထိန်းချုပ်ထားခဲ့ပြီး၊ ဖိလစ်ပိုင်အစိုးရက ကုလမှ ကြားဝင်ဆုံးဖြတ်ပေးရန် တောင်းဆိုထားသော်လည်း တရုတ်နိုင်ငံကမူ လက်ခံခဲ့ခြင်းမရှိပေ။

    ဇန်န၀ါရီ ၂၇ ရက်နေ့က ဖိလစ်ပိုင် ငါးဖမ်းသင်္ဘောအား တရုတ် ကမ်းခြေစောင့် သင်္ဘောက တိုက်ခိုက်ခဲ့ပြီး သင်္ဘောသားများအား မီးသတ်ပိုက်ဖြင့် ထိုးခဲ့မှုကို မကျေနပ်၍ ဖိလစ်ပိုင်နိုင်ငံတွင် ပြီးခဲ့သည့် လက ဆန္ဒပြမှု တစ်ခုဖြစ်ပွားခဲ့သေးသည်။

    တရုတ်နိုင်ငံကမူ တောင်တရုတ်ပင်လယ်၏ အစိတ်အပိုင်း အားလုံးနီးပါးနှင့် အိမ်နီးချင်းနိုင်ငံများ၏ ကမ်းရိုးတမ်းများရှိ ရေပိုင်နက် အားလုံးတို့ကို ပိုင်ဆိုင်သည်ဟု ကြေညာထားသည်။

    AFP/ec

  • ကမ္ဘာ့ဖလားတွင် ပါဝင်ခွင့်ရရန် မိမိလည်း တိုက်ပွဲဝင်ရမည့်ဟု ရူနီဆို

    မတ် ၆ ၊ ၂၀၁၄
    M-Media
    375871_heroa
    – ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် ပါဝင်ခွင့်ရရေးအတွက် မည်သည့်ကစားသမားမှ မသေချာသေးဘဲ မိမိအနေဖြင့်လည်း အသင်းတွင် ပါဝင်ခွင့်ရရန် တိုက်ပွဲဝင်ရမည်ဟု မျှော်လင့်နေကြောင်း အင်္ဂလန်အသင်းတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    အင်္ဂလန်အသင်းမှာ ယမန်နေ့က ကစားခဲ့သည့် ဒိန်းမတ်အသင်းနှင့်ပွဲတွင် ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော်လည်း ရုန်းကန်ခဲ့ရပြီး တစ်လုံးတည်းသော ထိုအနိုင်ဂိုးမှာအား တိုက်စစ်မှူးရူနီ ထွက်သွားပြီးနောက်ပိုင်းမှ လီဗာပူးလ်တိုက်စစ်မှူး စတားရစ်ခ်ျက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

    ဘရာဇီးတွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲနီးကပ်လာချိန်တွင် အင်္ဂလန်နည်းပြ ဟဒ်ဆန်၏ အစီအစဉ်၌ ပါဝင်ခွင့်ရရန် ကြိုးစားရမည်ဟု ရူနီက ဆိုသည်။

    “(ပြိုင်ပွဲအတွက်) ဇကာတင် ၂၃ သုံးယောက်မရွေးမီ အခုအသင်းဟာ နောက်ဆုံးပါ။ ကျွန်တော်တို့မှာ ၂၉ ယောက်ရှိပြီး၊ ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာ ကျွန်တော်တို့အားလုံး ပြသချင်ခဲ့ကြပါတယ်” ဟု ရူနီက Sky Sports သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အင်္ဂလန်အသင်းမှာ ယမန်နေ့က ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် ဆောက်သက်တမ်အသင်း၏ လူငယ်နောက်ခံလူ လုက်ရှောကို ပွဲထုတ်ခဲ့ပြီး၊ ရူနီက လုက်ရှောမှာ ကောင်းမွန်သည့် ကစားသမားဖြစ်ပြီး နည်းပြ၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

    Ref: Goal