News @ M-Media

Blog

  • စင်္ကာပူနိုင်ငံမှ မြန်မာ ပညာရှင်များ ဟောပြောဆွေးနွေး ပွဲပြုလုပ်

    စင်္ကာပူနိုင်ငံမှ မြန်မာ ပညာရှင်များ ဟောပြောဆွေးနွေး ပွဲပြုလုပ်

    မတ် ၁၊ ၂၀၁၄
    M-Media
    လမင်း

    DSC02436
    ရန်ကုန်။       ။ ဘာသာရပ်ဆိုင်ရာ ပညာရှင်များဟောပြောဆွေးနွေးပွဲကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်းချုပ်တွင် ယနေ့ မတ်လ ၁ ရက်နေ့၌ ကျင်းပခဲ့သည်။

    စကာင်္ပူနိုင်ငံ Myanmar Transitional Platform (MTP) အဖွဲ့ရှိမြန်မာ ပညာရှင်များမှ ဦးဆောင်၍ ဟောပြောဆွေးနွေးခဲ့ပါသည်။ မြန်မာ အပြောင်း အလဲ အတွက် နိုင်ငံသားတို့၏ သိပိုင်ခွင့်ဆိုင်ရာ ဥပဒေ (Freedom of Information) ခေါင်းစဉ်ဖြင့် ဒေါက်တာ သိန်းသန်းဝင်းမှ လည်းကောင်း၊ ပြည်တွင်း စားသုံးရန် ပြည်ပ တင်ပို့ရန် ဘေး အန္တရာယ်ကင်းသည့် အစားအသောက်များ (Safe Food for Local and Global Consumption) အကြောင်း ကို  ဒေါ်စိမ့်ရည်ထက်မှ လည်းကောင်း ဟောပြောခဲ့ပါသည်။

    ထို့အပြင် ဦးစိုးမင်းဆက်မှ ဆောက်လုပ်ရေး လုပ်ငန်းနှင့် ပတ်သက်သည့် (Implementation of Construction Project with Detailed Contract Documents) ကို လည်းကောင်း၊ ဦးအေးငြိမ်းမှ နိုင်ငံခြားသားများအား အလုပ်ခန့်ထားခြင်းဆိုင်ရာ ဥပဒေ (Employment of Foreign Manpower Act) ခေါင်းစဉ်ဖြင့် အသီးသီးဟောပြောဆွေးနွေးခဲ့ကြပါသည်။

    ဟောပြောဆွေးနွေးပွဲကို နေ့လည် ၂ နာရီမှ ၄ နာရီထိကျင်းပခဲ့ပြီး ဟောပြောပွဲ အပြီးတွင် တက်ရောက်လာသော သူများ သိလိုသမျှကို ဖြေကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

  • ဟိုင်းလပ်ယာဉ်များ ပိတ်သိမ်းမှု မတ်လ ၃၁ ရက်နေ့ထိ ရွေ့ဆိုင်း

    ဟိုင်းလပ်ယာဉ်များ ပိတ်သိမ်းမှု မတ်လ ၃၁ ရက်နေ့ထိ ရွေ့ဆိုင်း

    မတ် ၁၊ ၂၀၁၄
    M-Media
    လင်းလင်း

    DSC01602

    ရန်ကုန်  ။       ။   ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နမိတ်အတွင်း ခရီးသည်များ တင်ဆောင်သော ဟိုင်းလပ်ယာဉ်များ ပိတ်သိမ်းမှုကိုမတ်လ ၃၁ ရက်နေ့ထိနောက်ဆုံးထား၍ တိုးမြှင့်ပေးလိုက်ကြောင်း မ.ထ.သ (ဗဟို) ၏ပြောကြားချက်အရ သိရပါသည်။

    ဟိုင်းလပ်ယာဉ်များကို ချက်ချင်း ရပ်နားလိုက်ပါက ခရီးသွားပြည်သူများ အနေနှင့် အခက်အခဲများကြုံတွေ့လာနိုင်သောကြောင့် လည်းကောင်း၊ ယာဉ် ပိုင်ရှင်များအနေနှင့် အစားထိုးမည့် ယာဉ်များကို ၀ယ်ယူရာတွင် အခက်အခဲ အမျိုးမျိုးတို့ကြောင့် လည်းကောင်း၊ ပြေးဆွဲမည့် လမ်းကြောင်းများ၏ အခြေ အနေကို မ.ထ.သ (ဗဟို)မှ စစ်ဆေးပြီး ပြေးဆွဲမည့် လမ်းကြောင်းများ၌ ယာဉ်လုပ်သားများ ကျွမ်းကျင်မှုများရှိစေရန် အချက်များကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မ.ထ.သ (ဗဟို)တို့မှ ဆွေးနွေးပြီး ရွေ့ဆိုင်းလိုက်ရခြင်းဖြစ်သည်။

    “ပြင်ဆင်မှုတွေကိုပြုလုပ်ဖို့ အချိန်တွေ လိုသေးတယ်ထင်လို့ ရွေ့ဆိုင်းလိုက်ရတာပါ။ အခုတစ်ခါပြောင်းလဲရွေ့ဆိုင်းလိုက်တာက နောက်ဆုံး ဖြစ်ပါတယ် လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်းပြောတယ်။ ကျွန်တော့်အနေနဲ့လည်း နောက်ဆုံးရွေ့ဆိုင်းခြင်းဖြစ်တာလို့ပြောချင်တယ်။ တစ်လဆိုတဲ့ အချိန်မှာ ပြင်စရာတွေကို အပြီးပြုပြင်သွားမှာပါ” ဟု မ.ထ.သ (ဗဟို) မှ ဥက္ကဌ ဦးလှအောင်ကပြောကြားခဲ့သည်။

    ဟိုင်းလပ်ယာဉ်များပြောင်းလဲရွေ့ဆိုင်းမှုကို သုံးကြိမ်တိုင်ရွေ့ဆိုင်းပြောင်းလဲခဲ့ပြီးဖြစ်ပြီး ယခုတစ်ခါရွေ့ဆိုင်းပြောင်းလဲမှုသည် နောက်ဆုံး ဖြစ်ကြောင်း သိရသည်။ မတ်လ ၃၁ ရက်နေ့တွင် စည်ပင်သာယာပိုင် နယ်နမိတ်ယာဉ်များသာ ပိတ်သိမ်းမည်ဖြစ်ပြီး စည်ပင်သာယာ နယ်နမိတ်ပြင်ပယာဉ်များသည် ခရီးသည် တင်ဆောင်ခွင့်ရှိကြောင်း သိရပါသည်။

  • CNG ဂတ်စ်အိုးလျောက်ထားမှုကို ဆက်လက် ဆိုင်းငံ့ထားပါက ယာဉ်ပိုင်ရှင်များမှ ဆန္ဒဖော်ထုတ်သွားမည်ဟုပြော

    CNG ဂတ်စ်အိုးလျောက်ထားမှုကို ဆက်လက် ဆိုင်းငံ့ထားပါက ယာဉ်ပိုင်ရှင်များမှ ဆန္ဒဖော်ထုတ်သွားမည်ဟုပြော

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၄
    M-Media
    လမင်း

    DSC02381

    ရန်ကုန်  ။      ။ CNG ဂတ်စ်အိုးလျောက်ထားမှုကို စွမ်းအင်ဝန်ကြီးဌာနမှ ကာလကြာမြင့်နေသော်လည်း တိကျစွာ အကြောင်းပြန်ခြင်း မရှိသောကြောင့် ယခုသတင်းစာ ရှင်းလင်းပွဲပြုလုပ်သည့်နေ့ရက်မှ နှစ်ပတ်အကြာတွင် နိုင်ငံတော် သမ္မတကြီးထံသို့ စာတင်ပြီး ဆန္ဒဖော်ထုတ်မှုကိုပါပြုလုပ်သွားမည် ဖြစ်ကြောင်း CNG လျောက်ထားသော ယာဉ်ပိုင်ရှင်များမှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြန်မာ ဂျာနယ်လစ် ရုံးခန်းတွင်ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ယာဉ်အိုယာဉ်ဟောင်း အပ်နှံသော စီမံချက်အရ CNG သဘာဝ ဓာတ်ငွေ့သုံး ယာဉ်များကို ခရီးသည်တင် ယာဉ်လိုင်းများပြေးဆွဲလျက်ရှိသည့် ယာဉ်ပိုင်ရှင် အမည်တူမော်တော်ယဉ်များသို့ ပြောင်းလဲ တပ်ဆင်ခွင့် အတွက် CNG လျောက်ထားမှုကို ခွင့်ပြုခဲ့သဖြင့် ယာဉ်ပိုင်ရှင်များက ငွေကုန်ကြေး ကျခံရာ ၁ နှစ် နီးပါးရှိသည့် အထိ စွမ်းအင် ၀န်ကြီးဌာနမှ ယာဉ်ပိုင်ရှင်များထံသို့ အကြောင်း တစ်စုံတစ်ရာပြန်ခြင်း မရှိခဲ့ကြောင်း သိရပါသည်။

    “ကျွန်တော်တို့မှာ ကုန်ကျစရိတ်တွေ အများကြီးရှိပါတယ်။ အတူ တင်ထားတဲ့ လူတွေလည်း ရချင်တဲ့လူရတယ်။ အချက်လက်တွေလည်းပြည့်စုံပါတယ်။ သူတို့ပြည့်စုံလို့ လက်မှတ်ရေးထိုးပေးထားတာ။ ဒီ CNG ကိစ္စက မ.ထ.သ နဲ့ဘာမှ မပတ်သက်ပါဘူး။ မ.ထ.သ ကအပြင် အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။ အခုတော့ မ.ထ.သ ဟာ စွမ်းအင်ဝန်ကြီးဌာနကို အုပ်စိုးနေသလိုဖြစ်နေတယ်။ အစိုးရအဆင့်ကို မ.ထ.သ က ကန့်ကွက်နေတာပါ။ မ.ထ.သ က ကန့်ကွက် လို့  စွမ်းအင် ၀န်ကြီးက ဆိုင်းငံ့ ထားပါတယ်လို့ ပြောပါတယ်” ဟု လျောက်ထားသူ ယာဉ်ပိုင်ရှင်တစ်ဦးကပြောကြားခဲ့သည်။

    ဆီနဲ့မောင်းရင် ကားသမားတွေ အနေနှင့် မကိုက်ကြောင်း၊ CNG လျောက်ထားမှုသည် ၃၅ သိန်း ၀န်းကျင် ကုန်ကျခံရပြီး အချိန်အားဖြင့်လည်း အများကြီး စောင့်ဆိုင်းထားရကြောင်း ယာဉ်ပိုင်ရှင်များမှ ပြောကြားခဲ့သည်။

  • အမြင်အာရုံ ချို့ယွင်းသူများ အတွက် အစ္စလာမ်ဘာသာရေး စာအုပ်များ ထုတ်ဝေနိုင်မည့် ပုံနှိပ်တိုက် ရုရှားရှိ ဗလီ တစ်လုံးတွင် ဖွင့်လှစ်

    မတ် ၁၊ ၂၀၁၄
    M-Media

    tipografiya_yardem
    – အမြင်အာရုံချို့ယွင်းနေသာ အစ္စလာမ် ဘာသာဝင်များ အစ္စလာမ့် စာပေများကို ဖတ်ရှုလေ့လာနိုင်ရန် အတွက် မျက်မမြင်သုံး စာအုပ်များ ထုတ်လုပ်ပေးနိုင်သည့် ပုံနှိပ်တိုက် တစ်ခုကို ရုရှားနိုင်ငံ တာတာရ်ဆန် ပြည်နယ်တွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    Suhr Kazan အမည်ရသည့် အဆိုပါ ပုံနှိပ်တိုက်ကို ပြည်နယ်မြို့တော် ကာဇန်ရှိ Yardem ဗလီဝတ်ကျောင်းတော်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ရုရှားနိုင်ငံနှင့် ယခင် ဆိုဗီယက်ပြည်ထောင်စု အတွင်း ရှိခဲ့သည့် နိုင်ငံများ ပူးပေါင်း ဖွဲ့စည်းထားသည့် CIS အဖွဲ့၏ အဖွဲ့ဝင် နိုင်ငံများမှ အမြင် အာရုံချို့ယွင်းသော အစ္စလာမ် ဘာသာဝင်များ ဖတ်ရှုလေ့လာနိုင်ရန် အတွက် အစ္စလာမ်ဘာသာရေး စာပေများကို ထိုပုံနှိပ်တိုက်မှ ရိုက်နှိပ် ထုတ်ဝေရန် စီစဉ်လျက်ရှိသည်။

    အဆိုပါ ပုံနှိပ်တိုက်မှ အရည်အသွေး ကောင်းမွန်သော မျက်မမြင်သုံး စာအုပ်များ ထုတ်လုပ်နိုင်ရန် အတွက် ခေတ်မီ စက်ကိရိယာများကို တပ်ဆင်ထားသည်။  နောက်ဆုံးပေါ် စက်ကိရိယာများကို ပြည်နယ် ၀န်ကြီးချုပ် Rustam Minnikhanov က လက်ဆောင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး၊ တစ်မိနစ်လျှင် ၇၅ မျက်နှာ ထုတ်ပေးနိုင်သည့် မိတ္တူကူးစက်နှင့်၊ အခြားသာ ပစ္စည်းများလည်း ပါဝင်သည်။

    Yardem ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင် ဆရာတော် Hazrat Bayazitov ကမူ အဆိုပါ ပုံနှိပ်တိုက်မှာ ရုရှားရှိ အစ္စလာမ် ဘာသာဝင်များ အတွက် ဘာသာရေး စာပေများကို အခမဲ့ ဆက်လက်ထုတ်ဝေပေးနိုင်မည်ဟု ပြောကြားခဲ့သည်။

    အမြင်အာရုံချို့ယွင်းသူများ အတွက် စာအုပ်များ ထုတ်ပေးနိုင်မည့် ယခုကဲ့သို့ ပုံနှိပ်တိုက် ဖွင့်လှစ်နိုင်ခဲ့ခြင်းမှာ သမိုင်းဝင် အဖြစ်အပျက် တစ်ခုဖြစ်ပြီး Yardem ဗလီဝတ်ကျောင်းတော်မှာ အလှူဒါနပြုရာ အချက်အချာနှင့် အလှူ ဒါနပြုရန် ပြယုဂ်ဖြစ်လာသည်ဟု ပြည်နယ်ကောင်စီမှ တာဝန်ရှိသူ Robert Minnullin က ပြောကြားခဲ့သည်။

    ရုရှားနိုင်ငံ အနောက်ပိုင်းတွင် ရှိသည့် အဆိုပါပြည်နယ်တွင် ခန့်မှန်း လူဦးရေမှာ ၃.၈ သန်းရှိပြီး ၅၅ ရာခိုင်းနှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင် ယုံကြည်ကြသူများဖြစ်ကြသည်။

    Ref: islam.ru

  • ဘာကာနှင့် ချန်ပီယံလိဂ်ပွဲတွင် ဒိုင်လူကြီးအား ဝေဖန်၍ မန်စီးတီး နည်းပြ ပယ်လီဂရီနီ ၂ ပွဲပယ်ခံရ

    မတ် ၁၊ ၂၀၁၄
    M-Media
    370873_heroa
    – အိမ်ကွင်းအီတီဟတ်တွင် ပြီးခဲ့သည့် တစ်ပါတ်က ဘာစီလိုနာအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရသည့်ပွဲတွင် ကွင်းလယ်ဒိုင်အား ဝေဖန်ခဲ့မှုကြောင့် မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီအား ယူအီးအက်ဖ်အေမှ ပွဲကြီးကြပ်ခွင့် ၂ ပွဲ ပိတ်ပင်လိုက်သည်ဟု သိရသည်။

    ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် မန်စီးတီးနောက်ခံလူ ဒီမစ်ချယ်လီ အထုတ်ခံခဲ့ရပြီးနောက် ပယ်လီရီနီက ဒိုင်လူကြီးမှာ ထိုပွဲအား ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်ဟု ဝေဖန်ခဲ့ခြင်းဖြစ်သည်။

    “တစ်ကယ်တာ့ ကျွန်တော်ဟာ ပင်နယ်တီအတွက်သာမက အနီကဒ်အတွက်ပါ စောဒက တက်ခဲ့တာပါ။ တစ်ပွဲလုံးမှာ ကျွန်တော်တို့ ၂ သင်းစလုံးဟာ သမာသမတ်ကျတဲ့ ဒိုင်လူကြီးမရခဲ့ပါဘူး” ဟု ပယ်လီဂရီနီက ထိုအချိန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

    ပယ်လီဂရီနီမှာ သူ၏ ထိုဝေဖန်မှုအား နောက်ပိုင်းတွင် ပြန်တောင်းပန်ခဲ့သော်လည်း ယူအီးအက်ဖ်အေက သူ့အား ၂ ပွဲပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထို့ကြောင့် လာမည့် မတ်လ ၁၂ ရက်နေ့တွင် နျူးကမ့်ကွင်း၌ကစားမည့် ဒုတိယအကျော့တွင် ကစားသမားများအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကြီးကျပ်ခွင့်ရမည့် မဟုတ်ဘဲ နောက်ထပ်ပွဲပယ်ပြစ်ဒဏ်ကို လာမည့် ၂ နှစ်အတွင်း ကျခံရမည်ဖြစ်သည်။

    “မကောင်းတဲ့ ဒိုင်လူကြီး၊ မရိုးသားတဲ့ဒိုင်လူကြီး ယူအီးအက်ဖ်အေက အသိအမှတ်မပြုထားတဲ့ ဒိုင်လူကြီးလို့ ကျွန်တော်မပြောခဲ့ပါဘူး။ သူရဲ့စံချိန်ဟာ ကျွန်တော်တို့ ၂ သင်းစလုံးအတွက် မမျှဘူးလို့ ပွဲအစကတည်း ကျွန်တော် ခံစားခဲ့ရတာပါ။ လူတိုင်းအတွက် ဆိုးဝါးတဲ့နေ့ဖြစ်ခဲ့ပါတယ်” ဟု ၎င်း၏ ပွဲပယ်ပြစ်ဒဏ်နှင့် ပတ်သက်၍ ပယ်လီဂရီနီက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal