News @ M-Media

ယူကရိန်းမှာ ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ရတော့မည်ဟု ၀န်ကြီးချုပ်ပြောကြား

မတ် ၃၊ ၂၀၁၄
M-Media
140302212047-02-ukraine-0302-horizontal-gallery
– နိုင်ငံအတွင်းသို့ ရုရှားစစ်သားများ ၀င်ရောက်ခြင်းက ယူကရိန်းအား စစ်ကြေညာခြင်းသာ ဖြစ်သည်ဟု ယူကရိန်း ၀န်ကြီးချုပ် Arseniy Yatsenyuk  ကပြောဆို လိုက်ပြီး၊ နိုင်ငံမှာ အလွန် ဆိုးရွားသော အခြေအနေသို့ ရောက်တော့မည်ဟု ပြောကြားလိုက်သည်။

“ရင်းနှီးတဲ့ မိတ်ဘက်နိုင်ငံတွေဖြစ်ကြတဲ့ ယူကရိန်းနဲ့ ရုရှားတို့အကြား သမ္မတပူတင်က စစ်ဖြစ်စေချင်တယ်ဆိုရင်တော့၊ သူရဲ့ရည်ရွယ်ချက်ဟာ ပိုနီးလာပါပြီ။ ဆိုးရွားတဲ့ အခြေအနေကို ကျွန်တော်တို့ ရင်ဆိုင် ရတော့မှာပါ” ဟု သတင်းထောက်များအား အင်္ဂလိပ်ဘာသာဖြင့် Arseniy Yatsenyuk က ပြောကြားခဲ့သည်။ ယူကရိန်း အရေးတွင် စစ်အင်အား သုံးရန် ရုရှာပါလီမန်က အတည်ပြုပြီး တစ်ရက်အကြာ တနင်္ဂနွေနေ့ (ယမန်နေ့)တွင် ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

ခရိုင်းမီးယားဒေသတွင် ရုရှားစစ်တပ်များ ၀င်ရောက်လာပြီး အစိုးရ အဆောက်အဦးများနှင့် လေဆိပ်များအား ထိန်းချုပ်ထားသည်ဟု ယူကရိန်း အာဏာပိုင်များက စွပ်စွဲထားချိန်တွင် ယူကရိန်းရေတပ်မှ အရာရှိတစ်ဦးမှာ ၎င်းအနေဖြင့် ရုရှားထောက်ခံသူများ ဘက်သို့ ဘက်ပြောင်းသွားပြီဟု ယမန်နေ့က ပြောကြားခဲ့သည်။ ဆီဗက်စတိုပိုလ်မြို့ရှိ ရေတပ်အား တာဝန်ယူပြီး ၂ ရက်အကြာတွင်ပင် ဘက်ပြောင်းသွားခဲ့သည့် ဒန်းနစ် ဘီရီဇော့ဗ်စကီး အမည်ရ အဆိုပါ ရေတပ်အရာရှိအား နိုင်ငံတော် သစ္စာဖောက်မှုဖြင့် စွဲချက်တင်လိုက်ပြီဟု ယူကရိန်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီကလည်း ရုရှား၏ ထိုလုပ်ရပ်အား ၁၉ ရာစုက လုပ်ရပ်ဖြစ်ပြီး ၂၁ ရာစုတွင် လုပ်၍ မရတော့ကြောင်း၊ ယူကရိန်း၏ အချုပ်အချာ အာဏာအား ဂရုမထားဘဲ ရုရှား၏ ထိုကဲ့သို့ ရန်စ ကျူးကျော်မှုမှာ နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း CBS သတင်းဌာနသို့ ယမန်နေ့က ပြောကြားခဲ့သည်။

နေတိုးအဖွဲ့၏ အထွေအထွေ အတွင်းမှူးကလည်း ရုရှား၏ လုပ်ရပ်များမှာ ဥရောပ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအား ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။

Ref:  Al Jazeera and agencies

Comments

Leave a Reply