News @ M-Media

Blog

  • ဆိုစီဒက်အား ရှုံးနိမ့်ခဲ့ခြင်းမှာ မိမိ၏ အမှားသာဖြစ်သည်ဟု ဘာကာ နည်းပြပြော

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄
    M-Media
    368968_heroa
    – ယမန်နေ့က ကစားခဲ့သည့် လာလီဂါပွဲတွင် ရီးယဲလ်ဆိုစီဒက်အား ရှုံးနိမ့်ခဲ့ရခြင်းမှာ မိမိ၏အပြစ်သာဖြစ်သည်ဟု ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ မာတီနိုက ၀န်ခံပြောကြားခဲ့သည်။

    ဆိုစီဒက်အသင်းမှာ ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ထိုပွဲတွင် ဆိုစီဒက် လက်ထောက်နည်းပြအား ပထမပိုင်းအပြီးတွင် အာဂျင်တီးနားဘာသာစကားဖြင့် ငတုံးဟု စော်ကားပြောဆိုခဲ့သောကြောင့် မာတီနိုမှာ ထုတ်ပယ်ခြင်းခံခဲ့ရသည်။

    “ပြိုင်ပွဲအတွက် ကျွန်တော်တို့ လုံလုံလောက်လောက် မပြင်ဆင်ခဲ့ပါဘူး။ ရီးယဲလ်(ဆိုစီဒက်) ဟာ ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ အခု ကျွန်တော်တို့ နိုးထရပါတော့မယ်” ဟု မာတီနိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ၁ ဂိုးစီ သရေဖြစ်နေချိန်တွင် လူမလဲခဲ့ခြင်းမှာ အမှားတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပြီး၊ မိမိအား ဒိုင်လူကြီးက ထုတ်ပယ်ခဲ့ခြင်းအတွက် မည်သည့်မှတ်ချက်မှ ပေးရန်မရှိကြောင်း မာတီနိုက ထည့်သွင်းပြောကြားခဲ့သည်။

    ထိုပွဲရှုံးနိမ့်ခဲ့ရခြင်းကြောင့် ဘာစီလိုနာမှာ ထိပ်ဆုံးမှ ရီးယဲလ်မက်ဒရစ်နှင့် ၃ မှတ်ကွာဟသွားခဲ့သည်။ သို့သော်လည်း ဘာကာကွင်းလယ်လူ အင်နီယေစတာကမူ ချန်ပီယံဆုအတွက် အရှုံးပေးရန် ငြင်းဆိုခဲ့ပြီး၊ ပြိုင်ပွဲမှာ မပြီးဆုံးသေးဟု ပြောကြားခဲ့သည်။

    Ref: Goal

  • ဒူဘိုင်းချန်ပီယံရှစ် အမျိုးသမီး တင်းနစ်ပြိုင်ပွဲ ဗီးနပ်စ်ဝီလီယံ ဗိုလ်စွဲ၊ ၁ နှစ်ကျော်အတွင်း ပထမဆုံး ဆုဖလားလည်းဖြစ်

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄
    M-Media
    venuswilliams_3088762
    – ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် ကျင်းခဲ့သည့် ဒူဘိုင်းချန်ပီယံရှစ် အမျိုးသမီး တင်းနစ်ပြိုင်ပွဲတွင် အမေရိကန်နာမည်ကြီး တင်းနစ်မယ် ဗီးနပ်စ်ဝီလီယံ အနိုင်ရ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ကျင်းပခဲ့သည့် ဗိုလ်လုပွဲတွင် ဗီးနပ်စ်မှာ ဆီမီးဖိုင်နယ်တွင် ညီမဖြစ်သူ ဆရီနာအား အနိုင်ရခဲ့သည့် ပြင်သစ်တင်းနစ်မယ် အလိုက်ဇ်ကော်နတ်နှင့် ဆုံတွေ့ခဲ့ရခြင်းဖြစ်ပြီး ဗီးနပ်စ်က ၆-၃၊ ၆-၀ ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့သည်။

    ထိုဆုဖလားမှာ တစ်နှစ်ကျော် ကာလအတွင်း ဗီးနပ်စ်၏ ပထမဆုံးဆု ဖလားလည်း ဖြစ်သည်။ ဗီးနပ်စ်မှာ ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် သတ်မှတ်အဆင့် မရခဲ့သောကြောင့် အရည်ချင်းစစ်ပြိုင်ပွဲ wild card ကစားကာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

    ဗီးနပ်စ်မှာ လွန်ခဲ့သည့် ၂ နှစ်က ကျန်းမားရေး ချို့တဲ့ခဲ့ပြီးနောက်ပိုင်း တင်းနစ်ပြန် ကစားစဉ်ကတည်းက ပုံစံကောင်းမရှိခဲ့သော်လည်း ယခုတစ်ပတ် ထိုပြိုင်ပွဲတွင် ရှုံးပွဲမရှိခဲ့ချေ။

    “သိပ်ကောင်းတဲ့ ပြန်လာမှုပါပဲ။ ကျွန်မ ဆက်လက်လေ့ကျင်နိုင်ခဲ့ပြီး၊ ပိုပြီးလည်း ကျန်းမာလာပါပြီ။ (ပြိုင်ပွဲဟာ) သိပ်တော့မလွယ်ပါဘူး။ wild card ကစားခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်မကိုအားပေးခဲ့တဲ့ ဆရီနာနဲ့ ကျွန်မရဲ့ မိသားစုကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မ နိမ့်ကျနေတဲ့အချိန်မှာ သူတို့အားလုံးက ကျွန်မကို ဆွဲတင်ပေးခဲ့တာပါ” ဟု ပွဲအပြီးတွင် ဗီးနပ်စ်က ပြောကြားခဲ့သည်။

    ဗီးနပ်စ်မှာ ဒူဘိုင်းချန်ပီယံရှစ်ဖလားအား ၂၀၀၉ခုနှစ် ၂၀၁၀ခုနှစ်တို့တွင် နှစ်ကြိမ်ဆက်ရယူနိုင်ခဲ့ပြီးနောက် ထိုပြိုင်ပွဲတွင် ပါဝင်ကစားနိုင်ခြင်းမရှိတော့ဘဲ ယခု ပြန်လည်ကစားချိန်တွင် ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်သည်။

    Ref: Sky Sports

  • အင်္ဂလန်တွင် ဟာလာလ် စံချိန် စံညွှန်း စည်းကမ်းဖောက်ဖျက်ပြီး လိမ်ရောင်းသည့် စားသောက်ဆိုင်အား တရားရုံးမှ ဒဏ်ရိုက်

    ဖေဖော်ဝါရီ ၂၃ ၊ ၂၀၁၄
    M-Media
    uk-restaurant-ordered-to-pay-out-£8900-over-false-halal-meat-claim-01
    ဟာလာလ် စားသောက်ဆိုင် စံချိန်မမှီဘဲ ရောင်းချသည်ပြီး လိမ်လည်ဖော်ပြမှုအတွက်  အင်္ဂလန်နိုင်ငံ ဘာမင်ဟမ်ရှိ စားသောက်ဆိုင်တစ်ဆိုင်အား ယူကေ တရားရုံးတစ်ခုက ဒဏ်ငွေရိုက်ခဲ့သည်ဟု သိရသည်။

    ဘာမင်ဟမ် Star City ရှိ The Real China အမည်ရ အဆိုပါစားသောက်ဆိုင်မှာ အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လ ၀ါထွက်ချိန်နှင့် အီးဒ်နေ့များတွင် ရောင်းချရာ၌ ၎င်းတို့ဆိုင်မှ အစားအသောက်များမှာ ဟာလာဟ်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    “The Real China Birmingham မှာ စားသုံးသူတွေအတွက် ဟာလာလ် အစားအသောက်လည်းရပါတယ်။ အသားတွေဟာ ဟာလာလ်ဖြစ်ပြီး၊ စနစ်ကျတဲ့ ပုံစံအောက်မှာ သီးသန့် ပြင်ဆင်ထားတာပါ။ ဟာလာလ် အစားအသောက်တွေရဲ့ လိုအပ်ချက်နဲ့အညီ ချက်ပြုတ်ဖို့အတွက် သီးသန့် စားဖိုမှူးတွေကိုလည်း ခန့်အပ်ထားပါတယ်” ဟု ဆိုင်မျက်နှာစာရှိ ပိုစတာတွင် ရေးသားထားသည်။

    သို့သော်လည်း ဗြိတိန်ရှိ လုပ်ငန်းများနှင့် အစားအသောက်များအား စံချိန်ပြည့်မီခြင်း ရှိ မရှိကို စစ်ဆေးသည့် Trading Standards အဖွဲ့မှ စစ်ဆေးရာ ကြော်ငြာထားသည့်အတိုင်း အစားအသောက်များကို သီးသန့် ချက်ပြုတ်ပေးခြင်း မရှိဘဲ၊ စားဖိုမှူးများလည်း သီးသန့် ခန့်ထားခြင်းမရှိသောကြောင့် ဘာမင်ဂမ်ရှိ တရားရုံးတွင် တရားဆွဲဆိုခြင်း ခံခဲ့ရသည်။

    ထိုဆိုင်မှာ ယခုအခါ The Real China အမည်အား အသုံးမပြုတော့ဘဲ Littleton Food  လိမိတက်အမည်ဖြင့် ယခင်နေရာတွင်ပင် ဆက်လက်ဖွင့်လှစ်ထားပြီး ယခင်က လိမ်လည်ဖော်ပြထားသော အဆိုပါ ပိုစတာနှင့် ဟာလာလ် လက်မှတ်တို့အတွက် The Real China ဒါရိုက်တာ Fan Zhang အား ဘာမင်ဂမ် တရားရုံးမှ ပေါင် ၂၀၀၀ ဒဏ်ရိုက်ခဲ့သည်။ ထို့ပြင် Littleton Food ကုမ္ပဏီကိုလည်း ပိုစတာနှင့် လက်မှတ်အတွက် ပေါင် ၂၅၀၀ ဒဏ်ရိုက်ခဲ့သည်။

    ဘာမင်ဂမ်မြို့တော်ကောင်စီ လိုင်စင်နှင့် ပြည်သူ့ကာကွယ်ရေးကော်မတီမှ ဥက္ကဌ Coun Barbara Dring က

    “အစားအသောက်လုပ်ငန်း လုပ်တဲ့အခါမှာ အစားအသောက်တွေဟာ ကြေငြာဖော်ပြထားတဲ့အတိုင်း ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။ ဒီဖြစ်ရပ်မှာဆိုရင် သူတို့ယူတဲ့အသားတွေဟာ ဟာလာလ်ပါဆိုပြီး စားသောက်ဆိုင်က စားသုံးသူတွေကို လှည့်ဖြားခဲ့ပါတယ်။ တကယ်တော့ အဲဒါတွေဟာ ဟာလာလ်မဟုတ်ပါဘူး”  ဟု ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ဥပဒေချိုးဖောက်မှုများကို Trading Standards အဖွဲ့မှ ပြင်းပြင်းထန်ထန် အရေးယူပြီး၊ စားသုံးသူများ ထပ်မံ၍ အလိမ်မခံရစေရန် ဥပဒေနာခံရေး သင့်လျော်သော အစီအမံများကို ပြုလုပ်လိမ့်မည်ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Eat Halal

  • ဘာသာရေးမှိုင်း (ကာတွန်း- လဂွန်းအိမ်)

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄

    ကာတွန်း- လဂွန်အိမ်

    71

  • ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမှုတွင် “ပန်းသေး” လူမျိုးများအတွက် အကြံပြုချက် ထုတ်ပြန်

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄
    M-Media
    ချို
    Pantay
    မတ်လ ၃၁ ရက်နေ့မှ ဧပြီ ၁၀ ရက်နေ့ အထိ ကောက်ခံမည့် ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ခံမှုတွင် ပန်းသေး လူမျိုးစုများအတွက် အကြံပြုချက် တစ်စောင်ကို ပန်းသေးဗလီ ဂေါပက အဖွဲ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

    အဆိုပါကြေညာချက်မှာ ယခု သန်းခေါင်စာရင်းမှာ  မြန်မာနိုင်ငံအရပ်ရပ်တွင် နေထိုင်သည့် “ပန်းသေး” လူနည်းစုတို့၏ လူဦးရေ စာရင်းအား တရားဝင်ထုတ်ပြန်နိုင်ရန် အခွင့်အရေး တစ်ရပ်ဖြစ်ကြောင်း၊ ဗြိတိသျှ၊ ကိုလိုနီခေတ် နှင့် လွတ်လပ်ရေး ရပြိးခေတ်များတွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းများတွင် “ပန်းသေး” လူမျိုး လူနည်းစု အုပ်စုအဖြစ် အစဉ်အဆက် လူဦးရေစာရင်း တိကျစွာ ထုတ်ပြန်ကြေညာပေးခဲ့ပြီး၊ တိုင်းရင်းသား လူနည်းစု လူမျိုးအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ကြောင်း၊ သိုဖြစ်ပါ၍ ယခင် အိမ်ထောင်စု ဇယားနှင့် နိုင်ငံသားစိစစ်ရေး ကဒ်များတွင် လူမျိုးအမည်ကို မည်သို့ပင် ရေးသွင်းထားသည်ဖြစ်စေ ယခုကောက်ယူမည် သန်းခေါင်းစာရင်း မေးခွန်း (၈) လူမျိုးနေရာတွင် ” 914″ “ပန်းသေး” ဟူသော အမည်ကို တညီတညွတ်ထဲ ဖြေကြားပေးရန် အကြံပြုတိုက်တွန်းထားပါသည်။

    Image via- ပန်းသေးလူငယ် စာကြည့်တိုက် FB စာမျက်နှာမှ ယူပါသည်။

    ပန်းသေး သမိုင်း ဖတ်လိုလျှင် Click Here