ဖေဖော်ဝါရီ ၂၅၊ ၂၀၁၄
M-Media
– နေးမာ၏ အပြောင်းအရွှေ့နှင့် ဆက်စပ်သည့် အခွန်ငွေများကို ပေးဆောင်ခြင်းမရှိဟူသော စွပ်စွဲချက်အား ဘာစီလိုနာအသင်းမှ ငြင်းဆိုလိုက်သည်ဟု သိရသည်။
ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က ဘရာဇီးကလပ် ဆန်းတို့စ်အသင်းမှ ဘာစီလိုနာသို့ ယူရို ၅၇.၁ သန်းဖြင့်ပြောင်းရွှေ့လာခဲ့သော နေးမာ၏ အပြောင်းအရွှေ့တွင် ပွင့်လင်းမြင်သာမှုမရှိဟု စောဒကတက်ခဲ့ပြီး ဘာစီလိုနာအသင်း၏ ပရိတ်သတ်တစ်ဦးက တရားရုံးသို့ တိုင်ကြားခဲ့သည်။
ထို့ကြောင့် တရားရုံးက စစ်ဆေးခဲ့ပြီး ဘာစီလိုနာအသင်းအနေဖြင့် ထိုအပြောင်းအရွှေ့တွင် အာဏာပိုင်များအား အသိပေးခြင်းမရှိဘဲ တရားမ၀င်ငွေပေးချေမှု နှစ်ခုရှိသည်ဟု တွေ့ရှိခဲ့ကာ၊ အသင်းအနေဖြင့် အစိုးရအား အခွန်ငွေ ယူရို ၉.၁ သန်း ပေးရန် ကျန်ရှိနေသည်ဟု တရားရုံးက ပြောကြားခဲ့သည်။
သို့သော်လည်း ဘာစီလိုနာအသင်းကမူ ထိုကိစ္စအား ငြင်းဆိုခဲ့ပြီး ၎င်းတို့အနေဖြင့် ထိုအပြောင်းအရွှေ့တွင် အခွန်စည်းကမ်းများကို လိုက်နာခဲ့သည်ဟု ယမန်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကလပ်အသင်း၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသော ထိုကြေညာချက်တွင် နေးမာအား ခေါ်ယူမှုနှင့်ပတ်သက်၍ ဘဏ္ဍာရေးနှင့် သက်ဆိုင်သော ပြစ်မှုမရှိကြောင်း၊ အမှုပါအချက်အလက်များအတွက် ရှင်းလင်းစေရန်အလို့ငှာ တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများ အပြည့်အ၀ ပြုလုပ်သွားမည်ဖြစ်ကြောင်း စသဖြင့် ဖော်ပြထားသည်။
Ref: Goal.
Image-[GETTY]
Leave a Reply
You must be logged in to post a comment.