News @ M-Media
Blog
  • အပြန်အလှန် ၇ ဂိုးသွင်းပြီး ကပ်နိုင်တဲ့ လီဗာပူးလ် နှင့် အိမ်ကွင်းမှာ နိုင်ပွဲပြန်တွေ့တဲ့ နယူးကာဆယ် (ပွဲစဉ် ၂၇ ဆူပါဆန်းဒေး)
    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၄
    M-Media
    အသည်းအသန်ကစားခဲ့ပြီး အနိုင်ရခဲ့တဲ့လီဗာပူးလ်၊ ရီမီရဲ့ နောက်ကျဂိုးနဲ့ အိမ်ကွင်းမှာ မျက်နှာပန်းလှခဲ့တဲ့ နယူးကာဆယ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ ဆူပါဆန်းဒေး ပွဲများ
    liv-swa-1314-230214-ps16
    –  ပြီးခဲ့တဲ့တစ်ပါတ်က ဇယားအောက်ခြေက ဖူလ်ဟမ်အသင်းကို ဂျရတ်ရဲ့ နောက်ကျပင်နယ်တီနဲ့ အနိုင် ၃ မှတ်ရခဲ့တဲ့ လီဗာပူးလ်၊ ဒီတစ်ပါတ်မှာလည်း ဆွမ်ဆီးနဲ့ဂိုးတွေ အပြန်အလှန်သွင်းပြီး ပွတ်ကာသီကာ အနိုင်ရခဲ့ပါတယ်။
    အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ လီဗာပူးလ် လူစုံထုတ်ခဲ့ပြီး ကစားကွက်အသာနဲ့လည်း ကစားနိုင်ခဲ့ပါတယ်။ ၃ မီနစ်မှာပဲ လီဗာပူးလ်တို့ ဦးဆောင်ဂိုးရခဲ့ပြီး စတားရစ်ခ်ျက သွင်းယူပေးခဲ့တာပါ။ မိနစ် ၂၀ မှာ ဟန်ဒါဆန်က ဒုတိယဂိုးသွင်းယူပေးခဲ့ပေမယ့် ၂၃ မိနစ်နဲ့ ၂၇ မိနစ်တို့မှာ ဆွမ်ဆီးက ၂ ဂိုး ပြန်ရခဲ့ပါတယ်။ ၄ မိနစ်အတွင်းမှာ ၂ ဂိုးပေးလိုက်ရတဲ့ လီဗာပူးလ် ခံစစ်ကြောင်းကတော့ မေးခွန်းထုတ်စရာပါ။
    ဒါပေမယ့် ၃၆ မိနစ်မှာ စတားရစ်ခ်ျကပဲ တတိယ ဦးဆောင်ဂိုးပြန်သွင်းခဲ့ပြီး ပထမပိုင်း အပြီးမှာ ၃ ဂိုး ၂ ဂိုးနဲ့ လီဗာပူးလ်ဦးဆောင်ခဲ့ပါတယ်။ ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာကြောင့် စတားရစ်ခ်ျဟာ မန်ယူတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းပြီးတဲ့နောက် ၈ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ် ကစားသမား ဖြစ်လာခဲ့ပါတယ်။
    ဒုတိယပိုင်းအစမှာ နောက်ခံလူစကာတယ် ဆွမ်ဆီးတိုက်စစ်မှူး ဘိုနီကို ဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့အတွက် ပင်နယ်တီပေးခဲ့ရပြီး၊ ဘိုနီက အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့တာကြောင့် ဆွမ်ဆီးအသင်း တတိယမြောက်ချေပဂိုးကို ရရှိခဲ့ပြန်ပါတယ်။
    နောက်ပိုင်းမှာ လီဗာပူးလ်က အနိုင်ရဖို့ တင်ကစားလားခဲ့ပြီး ၇၄ မိနစ်မှာ ဟန်ဒါဆန်က သူ့ရဲ့ ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့ပြီး လီဗာပူးလ်အတွက် အနိုင် ၃ မှတ် သေချာစေခဲ့ပါတယ်။
    ကာဘာယီထွက်ခွာသွားမှု အားထားရတဲ့ တိုက်စစ်မှူးရီမီ ဒဏ်ရာရရှိမှု စတာတွေကြောင့် အခြေအနေဆိုးရွားနေခဲ့ပြီး နောက်ဆုံး ၃ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့ နယူးကာဆယ်တို့ ဒီတစ်ပါတ်မှာတော့ အိမ်ကွင်း စိန့်ဂျိမ်းစ်ပါ့ခ်မှာ အက်စတွန်ဗီလာကို အနိုင်ရခဲ့ပါတယ်။ တစ်ပွဲလုံးလိုလို အသာနဲ့ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များစွာရခဲ့ပေမယ့် အနိုင်ဂိုးကိုတော့ နောက်ဆုံး မိနစ် ၉၀ မှာမှ ရခဲ့တာပါ။ ထုံစံအတိုင်း ရီမီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ် တိုက်စစ်ရဲ့ ဂိုးသွင်းခွင့် တော်တော်များများကို အက်စတွန်ဗီလာ ဂိုးသမား ဂူဇ်မန်က ကာကွယ်သွားနိုင်ခဲ့လို့သာ နယားကယ်ဆယ်တို့ ဂိုးမပြတ်ခဲ့တာပါ။
    ခြေစွမ်းအတက်အကျမမှန်တဲ့ နော်ဝစ်ခ်ျကတော့ အိမ်ကွင်းမှာ တင်ရှားဝုဒ်ရဲ့ စပါးအသင်းကို အနိုင်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲကိုတော့ စပါးကစိုးမိုးခဲ့ပြီး ဂိုးသွင်းခွင့်လည်း နော်ဝစ်ခ်ျထက် စပါးက ပိုရခဲ့တာပါ။ အိမ်ရှင်အသင်းအတွက် တစ်လုံးတည်းသော အဖိုးတန်အနိုင်ဂိုးကိုတော့ ဒုတိယပိုင်းအစ ၄၇ မိနစ်မှာ ရောဘတ် စနော့ဂရက်စ်က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။
    ပွဲစဉ် ၂၇ အပြီးမှာတော့ ဇယားမှာ သိပ်အပြောင်းအလဲ မရှိခဲ့ပါဘူး။ ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    လီဗာပူးလ် ၄-၃ ဆွမ်ဆီး
    နယူးကာဆယ် ၁-၀ အက်စတွန်ဗီလာ
    နော်ဝစ်ခ်ျ ၁-၀ စပါး
    ချယ်ဆီး ၁-၀ အဲဗာတန်
    အာဆင်နယ် ၄-၁ ဆန်းဒါးလန်း
    ကာဒစ်ဖ် ၀-၄ ဟားလ်စီးတီး
    မန်စီးတီး ၁-၀ စတုတ်စီးတီး
    ခရစ္စတယ်ပဲလေ့စ် ၀-၂ မန်ယူ
  • ဆိုစီဒက်အား ရှုံးနိမ့်ခဲ့ခြင်းမှာ မိမိ၏ အမှားသာဖြစ်သည်ဟု ဘာကာ နည်းပြပြော
    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄
    M-Media
    368968_heroa
    – ယမန်နေ့က ကစားခဲ့သည့် လာလီဂါပွဲတွင် ရီးယဲလ်ဆိုစီဒက်အား ရှုံးနိမ့်ခဲ့ရခြင်းမှာ မိမိ၏အပြစ်သာဖြစ်သည်ဟု ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ မာတီနိုက ၀န်ခံပြောကြားခဲ့သည်။
    ဆိုစီဒက်အသင်းမှာ ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ထိုပွဲတွင် ဆိုစီဒက် လက်ထောက်နည်းပြအား ပထမပိုင်းအပြီးတွင် အာဂျင်တီးနားဘာသာစကားဖြင့် ငတုံးဟု စော်ကားပြောဆိုခဲ့သောကြောင့် မာတီနိုမှာ ထုတ်ပယ်ခြင်းခံခဲ့ရသည်။
    “ပြိုင်ပွဲအတွက် ကျွန်တော်တို့ လုံလုံလောက်လောက် မပြင်ဆင်ခဲ့ပါဘူး။ ရီးယဲလ်(ဆိုစီဒက်) ဟာ ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ အခု ကျွန်တော်တို့ နိုးထရပါတော့မယ်” ဟု မာတီနိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် ၁ ဂိုးစီ သရေဖြစ်နေချိန်တွင် လူမလဲခဲ့ခြင်းမှာ အမှားတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပြီး၊ မိမိအား ဒိုင်လူကြီးက ထုတ်ပယ်ခဲ့ခြင်းအတွက် မည်သည့်မှတ်ချက်မှ ပေးရန်မရှိကြောင်း မာတီနိုက ထည့်သွင်းပြောကြားခဲ့သည်။
    ထိုပွဲရှုံးနိမ့်ခဲ့ရခြင်းကြောင့် ဘာစီလိုနာမှာ ထိပ်ဆုံးမှ ရီးယဲလ်မက်ဒရစ်နှင့် ၃ မှတ်ကွာဟသွားခဲ့သည်။ သို့သော်လည်း ဘာကာကွင်းလယ်လူ အင်နီယေစတာကမူ ချန်ပီယံဆုအတွက် အရှုံးပေးရန် ငြင်းဆိုခဲ့ပြီး၊ ပြိုင်ပွဲမှာ မပြီးဆုံးသေးဟု ပြောကြားခဲ့သည်။
    Ref: Goal
  • ဒူဘိုင်းချန်ပီယံရှစ် အမျိုးသမီး တင်းနစ်ပြိုင်ပွဲ ဗီးနပ်စ်ဝီလီယံ ဗိုလ်စွဲ၊ ၁ နှစ်ကျော်အတွင်း ပထမဆုံး ဆုဖလားလည်းဖြစ်
    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄
    M-Media
    venuswilliams_3088762
    – ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် ကျင်းခဲ့သည့် ဒူဘိုင်းချန်ပီယံရှစ် အမျိုးသမီး တင်းနစ်ပြိုင်ပွဲတွင် အမေရိကန်နာမည်ကြီး တင်းနစ်မယ် ဗီးနပ်စ်ဝီလီယံ အနိုင်ရ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။
    ယမန်နေ့က ကျင်းပခဲ့သည့် ဗိုလ်လုပွဲတွင် ဗီးနပ်စ်မှာ ဆီမီးဖိုင်နယ်တွင် ညီမဖြစ်သူ ဆရီနာအား အနိုင်ရခဲ့သည့် ပြင်သစ်တင်းနစ်မယ် အလိုက်ဇ်ကော်နတ်နှင့် ဆုံတွေ့ခဲ့ရခြင်းဖြစ်ပြီး ဗီးနပ်စ်က ၆-၃၊ ၆-၀ ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့သည်။
    ထိုဆုဖလားမှာ တစ်နှစ်ကျော် ကာလအတွင်း ဗီးနပ်စ်၏ ပထမဆုံးဆု ဖလားလည်း ဖြစ်သည်။ ဗီးနပ်စ်မှာ ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် သတ်မှတ်အဆင့် မရခဲ့သောကြောင့် အရည်ချင်းစစ်ပြိုင်ပွဲ wild card ကစားကာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
    ဗီးနပ်စ်မှာ လွန်ခဲ့သည့် ၂ နှစ်က ကျန်းမားရေး ချို့တဲ့ခဲ့ပြီးနောက်ပိုင်း တင်းနစ်ပြန် ကစားစဉ်ကတည်းက ပုံစံကောင်းမရှိခဲ့သော်လည်း ယခုတစ်ပတ် ထိုပြိုင်ပွဲတွင် ရှုံးပွဲမရှိခဲ့ချေ။
    “သိပ်ကောင်းတဲ့ ပြန်လာမှုပါပဲ။ ကျွန်မ ဆက်လက်လေ့ကျင်နိုင်ခဲ့ပြီး၊ ပိုပြီးလည်း ကျန်းမာလာပါပြီ။ (ပြိုင်ပွဲဟာ) သိပ်တော့မလွယ်ပါဘူး။ wild card ကစားခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်မကိုအားပေးခဲ့တဲ့ ဆရီနာနဲ့ ကျွန်မရဲ့ မိသားစုကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မ နိမ့်ကျနေတဲ့အချိန်မှာ သူတို့အားလုံးက ကျွန်မကို ဆွဲတင်ပေးခဲ့တာပါ” ဟု ပွဲအပြီးတွင် ဗီးနပ်စ်က ပြောကြားခဲ့သည်။
    ဗီးနပ်စ်မှာ ဒူဘိုင်းချန်ပီယံရှစ်ဖလားအား ၂၀၀၉ခုနှစ် ၂၀၁၀ခုနှစ်တို့တွင် နှစ်ကြိမ်ဆက်ရယူနိုင်ခဲ့ပြီးနောက် ထိုပြိုင်ပွဲတွင် ပါဝင်ကစားနိုင်ခြင်းမရှိတော့ဘဲ ယခု ပြန်လည်ကစားချိန်တွင် ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်သည်။
    Ref: Sky Sports
  • အင်္ဂလန်တွင် ဟာလာလ် စံချိန် စံညွှန်း စည်းကမ်းဖောက်ဖျက်ပြီး လိမ်ရောင်းသည့် စားသောက်ဆိုင်အား တရားရုံးမှ ဒဏ်ရိုက်
    ဖေဖော်ဝါရီ ၂၃ ၊ ၂၀၁၄
    M-Media
    uk-restaurant-ordered-to-pay-out-£8900-over-false-halal-meat-claim-01
    ဟာလာလ် စားသောက်ဆိုင် စံချိန်မမှီဘဲ ရောင်းချသည်ပြီး လိမ်လည်ဖော်ပြမှုအတွက်  အင်္ဂလန်နိုင်ငံ ဘာမင်ဟမ်ရှိ စားသောက်ဆိုင်တစ်ဆိုင်အား ယူကေ တရားရုံးတစ်ခုက ဒဏ်ငွေရိုက်ခဲ့သည်ဟု သိရသည်။
    ဘာမင်ဟမ် Star City ရှိ The Real China အမည်ရ အဆိုပါစားသောက်ဆိုင်မှာ အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လ ၀ါထွက်ချိန်နှင့် အီးဒ်နေ့များတွင် ရောင်းချရာ၌ ၎င်းတို့ဆိုင်မှ အစားအသောက်များမှာ ဟာလာဟ်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
    “The Real China Birmingham မှာ စားသုံးသူတွေအတွက် ဟာလာလ် အစားအသောက်လည်းရပါတယ်။ အသားတွေဟာ ဟာလာလ်ဖြစ်ပြီး၊ စနစ်ကျတဲ့ ပုံစံအောက်မှာ သီးသန့် ပြင်ဆင်ထားတာပါ။ ဟာလာလ် အစားအသောက်တွေရဲ့ လိုအပ်ချက်နဲ့အညီ ချက်ပြုတ်ဖို့အတွက် သီးသန့် စားဖိုမှူးတွေကိုလည်း ခန့်အပ်ထားပါတယ်” ဟု ဆိုင်မျက်နှာစာရှိ ပိုစတာတွင် ရေးသားထားသည်။
    သို့သော်လည်း ဗြိတိန်ရှိ လုပ်ငန်းများနှင့် အစားအသောက်များအား စံချိန်ပြည့်မီခြင်း ရှိ မရှိကို စစ်ဆေးသည့် Trading Standards အဖွဲ့မှ စစ်ဆေးရာ ကြော်ငြာထားသည့်အတိုင်း အစားအသောက်များကို သီးသန့် ချက်ပြုတ်ပေးခြင်း မရှိဘဲ၊ စားဖိုမှူးများလည်း သီးသန့် ခန့်ထားခြင်းမရှိသောကြောင့် ဘာမင်ဂမ်ရှိ တရားရုံးတွင် တရားဆွဲဆိုခြင်း ခံခဲ့ရသည်။
    ထိုဆိုင်မှာ ယခုအခါ The Real China အမည်အား အသုံးမပြုတော့ဘဲ Littleton Food  လိမိတက်အမည်ဖြင့် ယခင်နေရာတွင်ပင် ဆက်လက်ဖွင့်လှစ်ထားပြီး ယခင်က လိမ်လည်ဖော်ပြထားသော အဆိုပါ ပိုစတာနှင့် ဟာလာလ် လက်မှတ်တို့အတွက် The Real China ဒါရိုက်တာ Fan Zhang အား ဘာမင်ဂမ် တရားရုံးမှ ပေါင် ၂၀၀၀ ဒဏ်ရိုက်ခဲ့သည်။ ထို့ပြင် Littleton Food ကုမ္ပဏီကိုလည်း ပိုစတာနှင့် လက်မှတ်အတွက် ပေါင် ၂၅၀၀ ဒဏ်ရိုက်ခဲ့သည်။
    ဘာမင်ဂမ်မြို့တော်ကောင်စီ လိုင်စင်နှင့် ပြည်သူ့ကာကွယ်ရေးကော်မတီမှ ဥက္ကဌ Coun Barbara Dring က
    “အစားအသောက်လုပ်ငန်း လုပ်တဲ့အခါမှာ အစားအသောက်တွေဟာ ကြေငြာဖော်ပြထားတဲ့အတိုင်း ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။ ဒီဖြစ်ရပ်မှာဆိုရင် သူတို့ယူတဲ့အသားတွေဟာ ဟာလာလ်ပါဆိုပြီး စားသောက်ဆိုင်က စားသုံးသူတွေကို လှည့်ဖြားခဲ့ပါတယ်။ တကယ်တော့ အဲဒါတွေဟာ ဟာလာလ်မဟုတ်ပါဘူး”  ဟု ပြောကြားခဲ့သည်။
    ထိုကဲ့သို့ ဥပဒေချိုးဖောက်မှုများကို Trading Standards အဖွဲ့မှ ပြင်းပြင်းထန်ထန် အရေးယူပြီး၊ စားသုံးသူများ ထပ်မံ၍ အလိမ်မခံရစေရန် ဥပဒေနာခံရေး သင့်လျော်သော အစီအမံများကို ပြုလုပ်လိမ့်မည်ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Eat Halal
  • ဘာသာရေးမှိုင်း (ကာတွန်း- လဂွန်းအိမ်)
    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄
    ကာတွန်း- လဂွန်အိမ်
    71