News @ M-Media

Blog

  • နေထိုင် အလုပ်လုပ်ခွင့် လျှောက်ရာတွင် လစာလိမ်ပြသူ ၂၂ ဦး စင်ကာပူ အစိုးရ တရားစွဲ

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄
    M-Media

    EP နှင့် S Pass လျှောက်ထားရာတွင် လစာ လိမ်လည် ဖော်ပြသူများအား စင်ကာပူ အစိုးရ တရားစွဲ၊ ပြစ်မှုထင်ရှားပါက ဒဏ်ကြေး သို့မဟုတ် ထောင်ဒဏ် နှင့် အလုပ်လုပ်ခွင့် ရာသက်ပန် ပိတ်ပင်မည်။

    ministry-of-manpower

    – စင်ကာပူတွင် နေထိုင်အလုပ်လုပ်ခွင့် EP၊ S Pass လျှောက်ထားရာတွင် လစာနှုန်းထား လိမ်လည်ဖော်ပြခဲ့သော အိန္ဒိယနိုင်ငံသား ၂၂ ဦးအား စင်ကာပူ လူ့စွမ်းအားဝန်ကြီးဌာန MOM က အင်္ဂါနေ့တွင် တရားစွဲဆိုခဲ့သည်ဟု သိရသည်။

    အဆိုပါ နိုင်ငံခြားအလုပ်သမား ၂၂ ဦးမှာ ၂၀၁၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း EP ၁၉ ခု နှင့် S Pass ၃ ခုတို့ကို လျှောက်ထားရာတွင် လိမ်လည်ဖော်ပြထားမှုများ ရှိခဲ့ကြောင်း MOM က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ၎င်းတို့အားလုံးမှာ စင်ကာပူရှိ 7-Eleven ဆိုင်များကို ဖွင့်လှစ်သော ကုမ္ပဏီလေးခုတွင် အလုပ်လုပ်နေကြသူများဖြစ်သည်။ စင်ကာပူတွ၌ နေထိုင် အလုပ်လုပ်ခွင့် EP နှင့် S Pass ရရှိရန်အတွက် အစိုးရက အနည်းဆုံး လစာနှုန်းထားကို သတ်မှတ်ထားပြီး လျှောက်ထားသူများမှာ ထိုသတ်မှတ်ချက်ကို ပြည့်မီ ရမည်ဖြစ်သည်။

    EP နှင့် S Pass လျှောက်ထားရာတွင် အနိမ့်ဆုံး လစာမှာ စင်ကာပူ ဒေါ်လာ ၂၄၀၀ နှင့် ၄၅၀၀ အကြား ဖော်ပြထားသော်လည်း တကယ့်လက်တွေ့တွင် ထိုထက်လျှော့၍ ရမည်ကို အလုပ်သမားများကလည်း သိရှိကြောင်း MOM က ပြောကြားခဲ့သည်။

    စုံစမ်းစစ်ဆေးမှုများအရ အလုပ်သမားများမှာ ၀န်ကြီးဌာနသို့ လျှောက်ထားရာတွင် ဖော်ပြထားသော လစာအတိုင်း ရရှိကြသော်လည်း နောက်ပိုင်းတွင် အလုပ်ရှင်အား စင်ကာပူဒေါ်လာ ၆၀၀ မှ ၃၃၅၀ ပမာဏကို ပြန်လည်ပေးအပ်ရသည်ဟု တွေ့ရှိရသည်။

    အဆိုပါ နိုင်ငံခြားအလုပ်သမား ၂၂ ဦးမှ ၁၀ ဦးအား ဒဏ်ငွေ စင်ကာပူဒေါ်လာ ၅၀၀၀ နှင့် ၇၀၀၀ အကြား ပေးဆောင်ရန်၊ သို့မဟုတ်ပါက ထောင်ဒဏ် ၅ ပတ်မှ ၇ ပတ် ကျခံရန်  အမိန့်ချမှတ်ခဲ့ပြီး ၎င်းတို့မှာ ဒဏ်ကြေးပေးဆောင်ခြင်း မရှိဘဲ ထောင်ဒဏ်ကိုသာ ကျခံခဲ့သည်။ ပြစ်ဒဏ်ကျခံပြီးနောက် ၎င်းတို့မှာ မိမိနိုင်ငံသို့ ပြန်ရမည်ဖြစ်ပြီး စင်ကာပူတွင် အလုပ် လုပ်ကိုင်ခြင်းအား ရာသက်ပန် ပိတ်ပင်ခံရမည်ဖြစ်သည်။

    ကျန်ရှိသည့် ၁၂ ယောက်မှ ၁၁ ယောက်၏ အမှုကို လာမည့် အင်္ဂါနေ့နှင့် မတ်လ ၁၈ ရက်နေ့တို့တွင် ကြားနာရန် ရွှေ့ဆိုင်းထားခဲ့ပြီး၊ အခြားတစ်ယောက်မှာလည်း တရားရင်ဆိုင်နေရသည်။

    ထို့ပြင် အလုပ်ရှင် ၇၅ ဦးနှင့် နိုင်ငံခြား အလုပ်သမား ၂၃၀ ပါဝင်ပက်သက်နေသည့် ထိုကဲ့သို့ EP နှင့် S Pass လိမ်လည်လျှောက်ထားမှုများကို ဆက်လက် စုံစမ်းနေသည်ဟု MOM က ထပ်လောင်းပြောကြားခဲ့သည်။
    Ref: CNA

  • မြန်မာ့ e-government အခန်းကဏ္ဍ အတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာ ၃၁.၅ သန်း ရံပုံငွေချပေး

    မြန်မာ့ e-government အခန်းကဏ္ဍ အတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာ ၃၁.၅ သန်း ရံပုံငွေချပေး

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄
    M-Media

    မြန်မာနိုင်ငံ e-government  ကဏ္ဍအား ပြုပြင်မွမ်းမံရေးအတွက် အမေရိကန်ဒေါ်လာ ၃၁.၅ သန်းတန် ရေရှည်စီမံချက်၏ တစ်စိတ်တစ်ဒေသအဖြစ် ကမ္ဘာ့ဘဏ်မှ ရံပုံငွေချပေးရန် သဘောတူလိုက်သည်။ ၎င်းကို ပြည်တွင်း e-government ထူထောင်ရေး၌ အသုံးချသွားမည်ဖြစ်သည်။

    အဆိုပါစီမံချက်တွင် ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ၀င်ရောက်ကြည့်ရှုသူများကို အစိုးရပိုင်း သတင်းအချက်အလက်နှင့် ၀န်ဆောင်မှုများ သီးသန့်ဖော်ပြပေးနိုင်သော Myanmar National Portal အင်တာနက်အွန်လိုင်း စာမျက်နှာတစ်ခု တည်ဆောက်ရန်လည်း အပါအ၀င်ဖြစ်သည်။

    မိုဘိုင်းလ်ဖုန်း အသုံးပြုသူများသည် မြန်မာ၊ အင်္ဂလိပ်ဘာသာ စကားနှစ်ခုစလုံးဖြင့် သတင်းအချက်အလက်များ ရှာဖွေနိုင်အောင် ၎င်းအွန်လိုင်း စာမျက်နှာမှ ပြုလုပ်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

    ပြည်သူများအနေဖြင့် လုံခြုံစိတ်ချ၍ အဆင်ပြေချောမွေ့စေမည့် အွန်လိုင်းဝန်ဆောင်မှုအတွင်း နိုင်ငံအတွင်း ၀န်ဆောင်မှုညံ့ဖျင်းချက်များ၊ အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ အကြံပြုချက်၊ အကြောင်းကြားခြင်း များကို ပြုလုပ်နိုင်မည်ဟုသိရသည်။

  • VOA: ရခိုင်နဲ့ ကချင်ပြည်နယ် လူ့အခွင့်အရေး အခြေအနေ ကင်တားနား အလေးပေးပြောဆို

    ဖေဖော်ဝါရီ ၂၀၁၄
    VOA (မြန်မာပိုင်း)

    ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို နောက်ဆုံးအကြိမ် ရောက်ရှိလာတဲ့ သူ့ရဲ့ခရီးစဉ် အဆုံးသတ်တဲ့နေ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

    D132618A-FFB3-4927-AA0F-AF17772F708D_w640_r1_s

    ရန်ကုန်လေဆိပ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူထားတဲ့ ၀ိုင်းတော်သား ကိုသားညွန့်ဦး ကို မဆုမွန် က ဆက်သွယ်မေးမြန်းထားပါတယ်။

    မေး။          ။ ဒီနေ့ မစ္စတာ ကင်တားနားက ရန်ကုန်လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တယ်ဆိုတော့ အဓိကက သူ ဘယ်လိုအကြောင်းရာတွေကို အလေးပေး ပြောဆိုသွားပါသလဲရှင့်။

    ဖြေ။           ။ ဟုတ်ကဲ့ မဆုမွန်ရေ.. ဒီကနေ့ မစ္စတာ ကင်တားနား ပြောသွားတဲ့ အကြောင်းရပ်တွေကတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အကြောင်းရပ်တွေ တော်တော်များများ စုံတာ တွေ့ရပါတယ်။ သူ တော်တော်လေး အလေးအနက်ထားပြီးတော့ ပြောသွားခဲ့တဲ့အထဲမှာတော့ ရခိုင်ပြည်နယ်ကိစ္စပါတယ်။ နောက် ဒီ ကချင်ပြည်နယ်ကိစ္စနဲ့ ဒီအပစ်အခတ်ရပ်စဲရေး ကိစ္စတွေပါသလိုပဲ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ပေါ့နော် ယဉ်ကျေးမှု မြန်မာနိုင်ငံမှာ ထွန်းကားဖို့ဆိုတဲ့ကိစ္စတွေ ပြောသွားပါတယ်။ ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်လို့ဆိုရင်တော့ မကြာသေးခင်တုန်းက ဒူချီးရားတန်းမှာ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ သူ အလေးအနက် အခုလို ပြောသွားပါတယ်။

    သမ္မတကနေပြီးတော့ ဖွဲ့စည်းပေးလိုက်တဲ့ စုံစမ်းရေးကော်မရှင်လိုဟာမျိုး၊ နောက်တခုက မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်လိုမျိုး စုံစမ်းရေးဝင်တဲ့ဟာမျိုး၊ ပြည်တွင်းမှာလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ လွတ်လပ်မှု၊ နောက်တခုက တရားမျှတမှု ရှိ မရှိ ဆိုတာ အတော်လေးကို မေးခွန်းထုတ်ထားပါတယ်။ တကယ်တမ်း ဒီစုံစမ်းရေးကော်မရှင်တွေဟာဆိုရင် သူပြောတာက နိုင်ငံတကာ စံနှုန်းစံထားနဲ့ ကိုက်ညီမှု မရှိဘူးဆိုပြီးတော့ ဝေဖန်သွားတာ တွေ့ရပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း သူ့အနေနဲ့ ဒီလူ့အခွင့်အရေးကောင်စီကို တင်ပြပြီးတော့ လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာအစိုးရနဲ့ လက်တွဲပြီးတော့ ဒူချီးရားတန်းကိစ္စကို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ တိုက်တွန်းသွားမယ်ဆိုပြီးတော့ ထောက်ပြသွားပါတယ်။

    နောက် ရခိုင်ကိစ္စနဲ့ ပတ်သက်လို့ပဲ သူပြောသွားတာက ရခိုင်ပြည်နယ်ကိစ္စဟာ ပြည်တွင်းရေး ကိစ္စမဟုတ်ဘူး။ ဒေသတွင်း ကိစ္စမဟုတ်ဘဲနဲ့ ပတ်ဝန်းကျင်ဒေသ တခုလုံးကိုပါ ရိုက်ခတ်တဲ့ အခြေအနေ ရှိနေတယ်ဆိုပြီးတော့ ဥပမာ – မလေးရှားမှာ ဖြစ်သွားခဲ့တဲ့ ကိစ္စကိုပါ ထောက်ပြပြောဆို သွားတာရှိပါတယ်။ တချိန်တည်းမှာပဲ သူက ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကိစ္စတွေ၊ ဒီ မူဆလင် ဆန့်ကျင်ရေး အမုန်းတရားတွေ ပြန့်ပွားနေ၊ ပြောဆိုနေကြတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ သူ ထောက်ပြသွားတာကတော့ ရခိုင်ပြည်နယ်မှာရှိနေတဲ့ ရခိုင်လူမျိုးတွေရဲ့ ခံစားချက်တွေကို ပြောဆိုသင့်တယ်၊ ဒါကိုလည်း သိဖို့လိုတယ်၊ နားထောင်ဖို့ လိုပါတယ်။ ဒါပေမဲ့ တဘက်မှာ ဒီအခြေအနေတွေကို နိုင်ငံရေးအရ အမြတ်ထုတ်တာ၊ လှုံ့ဆော်တာတွေကို သူ တွေ့နေရတယ်။ အဲ့ဒီကနေပြီးတော့မှ အဖြစ်အပျက်တွေ၊ အခြေအနေတွေဟာ ရခိုင်ပြည်နယ်ကိုပါ ကျော်လွန်ပြီးတော့ တခြားနေရာတွေကိုပါ ရောက်လာပြီဆိုပြီးတော့ သူက ထောက်ပြသွားပါတယ်။

    ရခိုင်ပြည်နယ်ထဲမှာဆိုရင် နောက်တခု သူ စိုးရိမ်တာတခုက ကုလသမဂ္ဂနဲ့ INGO အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ လုပ်နေရတဲ့ လက်ရှိ လူသားချင်းစာနာမှု ကိစ္စတွေမှာ ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာ သူ့အနေနဲ့ တော်တော် စိုးရိမ်တယ်လို့ ပြောသွားပါတယ်။

    နောက်တခု ကချင်ပြည်နယ်နဲ့ ပတ်သက်လို့ကတော့ ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သူ သွားခဲ့တဲ့အခါကျတော့ ဒုက္ခသည်တွေ ခံစားနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို သူ ထောက်ပြပါတယ်။ အဲ့ဒီမှာ ရှမ်းပြည်မြောက်ပိုင်း ကချင်ပြည်နယ်မှာဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တော်တော်များများရှိနေတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ နောက်တခုက အတင်းအဓမ္မ ဖမ်းဆီးမှုတွေ၊ နောက်တခုက ညှဉ်းပန်းနှိပ်စက်မှုတွေ ဒါမျိုးတွေဟာဆိုရင် အစိုးရဘက်ကရော၊ တဘက်က လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ သူပုန်အဖွဲ့အစည်းတွေကပါ လုပ်နေတာတွေ့ရတော့ KIO နဲ့ တွေ့တဲ့အခါမှာလည်း ဒီကိစ္စကို သူ တော်တော်လေး ပြောခဲ့တယ်လို့ ပြောပါတယ်။ တဘက်မှာ ဒီကိစ္စတွေ ပြေလည်ဖို့ဆိုရင် အပစ်အခတ်ရပ်စဲရေးကို အောင်အောင်မြင်မြင် လုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။

    KIO ဘက်ကလည်း သူ့ကို ဆွေးနွေးတာကတော့ အပစ်အခတ်ရပ်စဲရေး အောင်မြင်အောင် လုပ်ဖို့ဆိုရင်တော့ တဘက်မှာ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ရှိလာရမယ်ဆိုတဲ့ အာမခံချက်မျိုး ပေးဖို့လိုတယ်ဆိုပြီးတော့ ထောက်ပြပါတယ်။ သူမြင်တဲ့အချက်ကတော့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ အပစ်အခတ်ရပ်စဲရေးမှာ စောင့်ကြည့်ရေးစနစ်တွေ အားနည်းတဲ့အခါကျတော့ အပစ်အခတ်ရပ်စဲရေး လုပ်ကြတယ်သာပြောတယ်။ ပစ်ခတ်မှုတွေ ပြန်ပြန်ဖြစ်နေတာကို သူ ထောက်ပြသွားတယ်။ အဲတော့ မြန်မာနိုင်ငံဟာ အခု သွားနေတဲ့ အသွင်ကူးပြောင်းရေးမှာ ငြိမ်းချမ်းရေးရဖို့ဆိုတဲ့ကိစ္စက အတော်လေးကို Challenging စိန်ခေါ်ချက် ပြဿနာတရပ် ဖြစ်တယ်ဆိုတာကို သူ ထောက်ပြသွားပါတယ်။

    နောက်တချက်ကတော့ ဒီဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဒါဟာ ပြန်လည်သင့်မြတ်ရေးအတွက် လက်ရှိကာလမှာ အတော်လေး အရေးကြီးတယ်ဆိုတာကိုလည်း ထောက်ပြသွားတာ တွေ့ရပါတယ်။

    မေး။          ။ အဲတော့ မစ္စတာ ကင်တားနားက အင်းစိန်အကျဉ်းထောင်ကိုလည်း သူ့ဒီခရီးစဉ်ထဲမှာ သွားရောက် လေ့လာခဲ့တယ်ဆိုတော့ အခု အာဏာပိုင်တွေဘက်ကနေ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးနီးပါး ပြန်လွှတ်ပေးလိုက်ပြီလို့ ပြောတယ်။ ဆိုတော့ နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်လို့ရော သူ ဘာများ ပြောဆိုခဲ့တာ ရှိပါသလဲရှင့်။

    ဖြေ။           ။ မစ္စတာ ကင်တားနားက သူ့ရဲ့ သက်တမ်းကာလအတွင်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ ကာလအတွင်းမှာ ထူးခြားတဲ့ အပြောင်းအလဲတွေ ခုန သူ့အနေနဲ့ အသိအမှတ်ပြုပြီးတော့ ပြောရမယ့် အပြောင်းအလဲတွေဆိုလို့ရှိရင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးလိုက်တာကို သူ အလေးအနက်ထားပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေးအကျဉ်းသားတချို့ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတယ်ဆိုတာကို သူ ထောက်ပြပါတယ်။ ဥပမာ – အင်းစိန်ထောင်ကိုသွားတယ်။ နိုင်ငံရေးအကျဉ်းသား ၄ ဦးနဲ့လည်း တွေ့ခဲ့ပါတယ်။ နောက်တခုက မကြာသေးခင်တုန်းက အဖမ်းခံရတဲ့ Unity သတင်းစာတိုက်က သတင်းထောက်တွေနဲ့ တွေ့ဖို့ သူ ကြိုးစားတယ်။ ဒါပေမဲ့ ထောင်ပြောင်းလို့ဆိုပြီး သူ မတွေ့ရဘူးလို့ ပြောပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားစိစစ်ရေး ကော်မတီက ဦးစိုးသိန်းနဲ့ တွေ့တယ်လို့ သိရပါတယ်။ တွေ့တဲ့အခါ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောတဲ့အခါမှာ မြန်မာအာဏာပိုင်တွေဘက်ကလည်း နိုင်ငံရေးအကျဉ်းသား စိစစ်မှုတွေကို ဆက်လုပ်သွားမယ်၊ လွှတ်ပေးစရာ ရှိတာတွေ လွှတ်ပေးသွားမယ်ဆိုတဲ့အတွက် သူ့အနေနဲ့ အားရမိတယ်လို့ ပြောပါတယ်။

    တချိန်တည်းမှာပဲ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ပတ်သက်ပြီးတော့ အဖမ်းခံထားရတဲ့ ဒေါက်တာထွန်းအောင်ပေါ့။ သူကတော့ INGO အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းက ပုဂ္ဂိုလ် ၃ ဦးဟာ နိုင်ငံရေးအကျဉ်းသား စာရင်းထဲမှာ မပါဘူးဆိုတာ သူသိရတော့ ဒီလူတွေကို ပြန်လွှတ်ပေးဖို့ ဆိုတဲ့ကိစ္စကိုလည်း သူ့အနေနဲ့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

    မေး။          ။ မစ္စတာ ကင်တားနားက အခု သူက သက်တမ်းကုန်တော့မယ့်အချိန်မှာ ပြန်သွားတော့မယ်ပေါ့နော်။ ဆိုတော့ သူ့ရဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းအတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေး တိုးတက်မှုတွေ၊ နောက် ဆုတ်ယုတ်မှုတွေ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ရော ဘာများသုံးသပ်ချက် ပေးသွားတာရှိပါသလဲရှင့်။

    ဖြေ။           ။ သူ ၆ နှစ်တာ တာဝန်ယူခဲ့တဲ့ ကာလအတွင်းပေါ့နော် အထူးသဖြင့် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ လုပ်ခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်ကာလအတွင်းမှာ ထူးခြားတဲ့ တိုးတက်မှုတွေ တော်တော်များများ ရှိခဲ့တာကိုတော့ သူ အသိအမှတ်ပြုပါတယ်။ ခုန ကျနော်ပြောသလိုပေါ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတဲ့ကိစ္စတွေ၊ နောက်တခုက တစုံတရာ နိုင်ငံရေးအရ လွတ်လပ်ခွင့်တွေ ပေးလိုက်တာတွေ၊ နောက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ပေးလိုက်တာတွေ ဒါတွေ ရှိတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ လက်ရှိ မြန်မာနိုင်ငံ သွားနေတဲ့ အသွင်ကူးပြောင်းရေးမှာ အကဲစမ်းချက်၊ အဓိကကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကိစ္စပါ။ တဘက်မှာ ဖယ်ထားလို့ မရဘူးပေါ့။ နိုင်ငံရေးအရ တိုးတက်မှုပဲဖြစ်ဖြစ်၊ စီးပွားရေးအရ တိုးတက်မှုပဲဖြစ်ဖြစ်၊ လူ့အခွင့်အရေးကိစ္စကို အလေးအနက်ထားဖို့ ဆိုတဲ့ကိစ္စကို သူ အတော်လေး ထောက်ပြသွားပါတယ်။

    ဥပမာဆိုရင် – သီလ၀ါကိစ္စဆိုရင် ဖွံ့ဖြိုးရေးကိစ္စကို လုပ်တယ်ဆိုပေမဲ့ တဘက်မှာ လယ်သိမ်း၊ ယာသိမ်းတွေ လုပ်တဲ့အခါမှာ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေဖြစ်တယ်။ လူ့အခွင့်အရေးကိစ္စကို အလေးအနက်ထားမှ ဒီကိစ္စက အသွင်ကူးပြောင်းရေးက ချောချောမွေ့မွေ့နဲ့ ဖြစ်နိုင်မယ်ဆိုတာ သူ ထောက်ပြပါတယ်။ နောက် တချိန်တည်းမှာပဲ သူ ပြောတာက ရဲတပ်ဖွဲ့ဝင်တွေ၊ နောက် တရားရေးဆိုင်ရာ ကိစ္စတွေမှာ အားနည်းချက်တွေ တော်တော်များများ ရှိသေးတယ်။ သူပြောတာက – သူကိုယ်တိုင်က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ရဲစခန်းတခုမှာ ဖမ်းဆီးခံရပြီးတော့ နှိပ်စက်ညှဉ်းပန်းခံခဲ့ရလို့ သေဆုံးသွားခဲ့သူရဲ့ မိသားစုနဲ့ သူ တွေ့ဆုံခဲ့ပါတယ်။ လက်ရှိ အချိန်ထိကို ဒီတရားရေးစနစ်တွေနဲ့ ရဲဌာနတွေမှာ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ နောက်တခုက မမျှတမှုတွေ ရှိနေတုန်းပဲ။ ဒါတွေက တရားဥပဒေစိုးမိုးရေးအတွက် အတော်ကြီးကို အန္တရာယ်ရှိနေတုန်းပဲဆိုတာကို သူ ထောက်ပြသွားပါတယ်။

    ဒါကတော့ ရန်ကုန်လေဆိပ်ကို ကိုယ်တိုင်သွားရောက်ပြီးတော့ သတင်းယူထားတဲ့ ၀ိုင်းတော်သား ကိုသားညွန့်ဦးကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

    Link =>http://burmese.voanews.com/content/quintana-presser/1854831.html

  • အာဆင်နယ်၊ အေစီ ရှုံး ၊ အိမ်ရှင် ၄ သင်း စလုံးရှုံးတဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပထမအကျော့

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄
    M-Media

    အီမရိတ်မှာ လက်ရှိချန်ပီယံကို အရှုံးပေးခဲ့ရတဲ့ အာဆင်နယ်၊ အခွင့်အရေးကောင်းတွေနဲ့ ရှုံးပွဲတွေ့ခဲ့တဲ့ အေစီမီလန်တို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပထမအကျော့ ပွဲစဉ်များ

    2058568_w2
    – ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်နှစ်ပွဲကို ယနေ့ နံနက်က ကစားခဲ့ရာမှာတော့ အိမ်ရှင်အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ အေစီမီလန်တို့ ရှုံးပွဲကိုယ်စီ တွေ့ခဲ့ကြပါတယ်။ ထူးခြားတာကတော့ ဒီတစ်ပတ် ကစားခဲ့တဲ့ ချန်ပီယံလိဂ် လေးပွဲစလုံးမှာ ဧည့်သည်အသင်းတွေကပဲ အနိုင်ရခဲ့ကြတာပါ။

    ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ အာဆင်နယ်တို့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ မနှစ်က အီမရိတ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ တစ်ယောက်အထုတ်ခံရမှုနဲ့အတူ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ လက်ရှိချန်ပီယံ ဘိုင်ယန်ကို အရှုံးပေးခဲ့ရပါတယ်။

    အခုပွဲမှာ အာဆင်ဝင်းဂါး လူစုံထုတ်ခဲ့ပြီး ဖလာမီနီလည်း ကွင်းလယ်မှာ ပြန်ပါလာခဲ့ပါတယ်။ ဘိုင်ယန်ကလည်း ရော်ဘင်၊ မန်ဇူကစ်တို့နဲ့အတူ အင်အားပြည့် ပွဲထွက်လာခဲ့တာပါ။ ပထမပိုင်း ၉ မိနစ်မှာပဲ အာဆင်နယ်တို့ ပင်နယ်တီရခဲ့ပေမယ့် အိုဇေးလ်ရဲ့ကန်ချက်ကို ဘိုင်ယန်ဂိုးသမားနူအာ ကာကွယ်နိုင်ခဲ့ပါတယ်။

    ၃၈ မိနစ်မှာတော့ ဧရီယာထဲ ဘောလုံးဆွဲဝင်လာတဲ့ ရော်ဘင်ကို အာဆင်နယ်ဂိုးသမား ရှက်ဇနီ ကြမ်းကြမ်းတမ်းတမ်း ပြစ်ဒဏ် ကျူးလွန်ခဲ့တဲ့အတွက် တိုက်ရိုက် အနီကဒ်နဲ့ အထုတ်ခံခဲ့ရပြီး ပင်နယ်တီပါပေးခဲ့ရပါတယ်။ ဒါပေမယ့် ဒေးဗစ်အလ်ဘာရဲ့ ပင်နယ်တီ ကန်ချက် လွဲချော်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ တစ်ယောက်လျော့သွားတဲ့ အာဆင်နယ်ကို ဘာကာတို့ စိတ်ကြိုက်ဖိကစားခဲ့ပြီး ၅၄ မိနစ်မှာ တိုနီကရူးစ်နဲ့၊ ၈၈ မိနစ်မှာ လူစားဝင် တိုက်စစ်မှူး မူလာတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂ ဂိုး ဂိုးမရှိနဲ့ ပွဲသိမ်းနိုင်ခဲ့ပြီး နောက် တစ်ဆင့်တက်ရေး အခြေအနေကောင်းခဲ့ပါတယ်။

    ဆန်စီရိုမှာ ကစားခဲ့တဲ့ အေစီမီလန်နဲ့ အက်သလက်တီကိုတို့ရဲ့ပွဲမှာ အိမ်ရှင်တို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးကောင်းတွေလည်း ရခဲ့ပါတယ် ဒါပေမယ့် အန်ဒရီယာပိုလီ နဲ့ ကာကာတို့ရဲ့ အဆုံးသတ်မသေချာမှုတွေ၊ အက်သလက်တီကို ဂိုးသမား သီဘောက် ကော့တီယို့စ်ရဲ့ လက်စွမ်းပြမှုတွေကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာပါ။ ပထမပိုင်းပြီးကာနီးမှာ ဘာလော့တယ်လီရဲ့ အဝေးကန်ချက် ကောင်းပေမယ့် ဂိုးပေါက်လွဲသွားတာက အိမ်ရှင်တို့အတွက် နစ်နာစရာ ဖြစ်ခဲ့ပါတယ်။

    ဒုတိယပိုင်းမှာတော့ အက်သလက်တီကိုတို့ ပိုကောင်းလာခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရလာပါတယ်။ အက်သလက်တီကိုရဲ့ တစ်လုံးတည်းသော အဖိုးတန်အနိုင်ဂိုးကိုတော့ ၈၃ မိနစ်မှာ တိုက်စစ်မှူး ဒီယေဂိုကော်စတာက ခေါင်းတိုက် သွင်းယူပေးခဲ့တာပါ။ အုပ်စုအဆင့်ကတည်းက ကံတရားရဲ့ ဖေးမမှုကြောင့် ဒီအဆင့်ရောက်လာတဲ့ အေစီမီလန်ဟာ ဒီပွဲအရှုံးကြောင့် မတ်လ ၁၁ ရက်နေ့ စပိန်မှာကစားမယ့် ဒုတိယအကျော့မှာ ကံဆက်ကောင်းနိုင်ဦးမလားဆိုတာကိုတော့ စောင့်ကြည်ရတော့မှာပါ။

    ဒီတစ်ပါတ်ရဲ့ ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    အေစီမီလန် ၀-၁ အက်သလက်တီကို
    အာဆင်နယ် ၀-၂ ဘိုင်ယန်မြူးနစ်
    မန်စီးတီး ၀-၂ ဘာစီလိုနာ
    လေဗာကူဆင် ၀-၄ ပီအက်စ်ဂျီ

    Photo-UEFA

  • အာဖဂန်နှင့် ဒေသတွင်း လုံခြုံရေးအတွက် အမေရိကန်-ပါကစ္စတန် ထိပ်တန်း စစ်ခေါင်းဆောင်များတွေ့ဆုံ

    ဖေဖော်ဝါရီ ၊ ၁၉၊ ၂၀၁၄
    M-Media
    2638628-3758473
    – အမေရိကန် ဗဟိုစစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ် လွိုဒ် ဂျေ အော်စတင် ၃ နှင့် ပါကစ္စတန် အကြီးတန်းစစ် ခေါင်းဆောင်များတွေ့ဆုံကာ အာဖဂန်နစ္စတန်အရေးကိစ္စနှင့် ဒေသတွင်း လုံခြုံရေး အခြေအနေကို အလေးထားဆွေးနွေးခဲ့ကြသည်ဟု ပါကစ္စတန် စစ်တပ်မှ ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ထိုတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံစစ်တပ်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း သုံးသပ်ခဲ့ကြသည်ဟု စစ်တပ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ဗိုလ်ချုပ်အော်စတင်မှာ ယနေ့တွင် ပါကစ္စတန်သို့ ရောက်ရှိလာခဲ့ပြီး ခံတပ်မြို့တစ်ခုဖြစ်သည့် Rawalpindi တွင် တပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အကြီးအကဲများ ကော်မတီ ဥက္ကဌ ရရှဒ်မဟ်မူးဒ်နှင့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ရာဟီးလ် ရှရစ်ဖ်တို့နှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

    ပါကစ္စတန်ရှိ တာလီဘန်များနှင့် ငြိမ်းချမ်ရေးဆွေးနွေးမှု၊ မကြာခင်ပြုလုပ်တော့မည့် အာဖန်နစ္စတန်ရွေးကောက်ပွဲ စသည်တို့အပါအ၀င် ဒေသတွင်း အရေးပါသောတိုးတက်မှုများ ဖြစ်ပေါ်နေချိန်အတွင်း အမေရိကန် တပ်မှူးတစ်ဦး ယခုကဲ့သို့ လာရောက်ခြင်းဖြစ်ပြီး၊ လာမည့် ဧပြီလ အာဖဂန်နစ္စတန်တွင် ငြိမ်းချမ်းသော ရွေးကောက်ပွဲများဖြစ်ပေါ်လာရေးတွင် အမေရိကန်နှင့် ပါကစ္စတန်တို့မှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။

    ပါကစ္စတန်မှာ အမေရိကန်၏ ကြီးမားသော စစ်လက်နက်ပစ္စည်းများ သယ်ဆောင်ရန်အတွက် အဓိကဒေသဖြစ်နေသောကြောင့် အာဖဂန်မှ နိုင်ငံခြားတပ်များ ထွက်ခွာရေးအတွက် ပါကစ္စတန်၏ အကူအညီကိုလည်း အမေရိကန်က မျှော်လင့်နေသည်။ ထို့ပြင် တာလီဘန်တို့နှင့် ဆွေးနွေးမှုမှာ ပါကစ္စတန်၏ ပြည်တွင်းရေးသာဖြစ်သည်ဟု အမေရိကန်က ပြောကြားထားသည်။

    အမေရိကန်တို့မှ လူမျိုးစုဒေသများတွင်ပြုလုပ်သော ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုများကို ဆန့်ကျင်သည့်အနေဖြင့် နေတိုး၏ အဓိက ထောက်ပံ့ရေးလမ်းကြောင်းဖြစ်သည့် ပါကစ္စတန်မြောက်ပိုင်းဒေသတွင် အာဏာရပါတီက နှစ်လကြာ ပိတ်ဆို့ထားမှုတစ်ခုလည်းဖြစ်ပွားနေပြီး၊ ထိုလမ်းကြောင်းအား ဖွင့်ပေးရန် အမေရိကန်က တောင်းဆိုထားသော်လည်း ယခုအချိန်အထိ ဖွင့်လှစ်ပေးခြင်းမရှိသေးပေ။

    ကိုးကား – ဆင်ဟွာ

    Photo- IRNA