News @ M-Media

Blog

  • ဆိုချီအိုလံပစ်တွင် ဆေးကျသူနှစ်ဦးထွက်ပေါ်

    ဆိုချီအိုလံပစ်တွင် ဆေးကျသူနှစ်ဦးထွက်ပေါ်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄
    M-Media

    Untitled

    – ရုရှားနိုင်ငံ၌ လက်ရှိကျင်းပလျက်ရှိနေသည့် ၂၀၁၄ ဆိုချီအိုလံပစ်ပြိုင်ပွဲတွင် ဆေးကျသော ကစားသမားများ ပထမဆုံးထွက်ပေါ်လာခဲ့သည်ဟု သိရသည်။

    ယမန်နေ့က စစ်ဆေးမှုတွင် ဂျာမနီ ဘိုင်အသလွန် အမျိုးသမီးကစားသမား အီဗီ ရှန်ဘာချာ စတီလီနှင့် အီတလီ နှင်းကားမောင်းကစားသမား ၀ီလီယံ ဖရူလာနီတို့မှာ တားမြစ်ဆေးဝါးများ သုံးစွဲထားကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    ပြီးခဲ့သည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ခု ဆွတ်ခူးရရှိခဲ့သည့် စတီလီကလည်း ၎င်းမှာ ဆေးကျကြောင်း ၀န်ခံခဲ့ပြီး စဉ်းစား၍မရသည့် အိပ်မက်ဆိုးဖြစ်သည်ဟု ပြောကြားခဲ့သည်။ အီတလီ အိုလံပစ်ကော်မတီကမူ ၎င်းတို့၏ ကစားသမား ဖရူလာနီ ဆေးကျကြောင်း အတည်ပြုခဲ့ပြီး ဆိုချီအိုလံပစ်မှ နှုတ်ထွက်ခဲ့ပြီဟု ကြေညာခဲ့သည်။

    တားမြစ်ဆေးသုံးစွဲမှုအား နှစ်ပေါင်းများစွာ ဆန့်ကျင်တိုက်ခိုက်လာခဲ့သူဟု လူသိများသည့် စတီလီ ဆေးကျခဲ့သည့်ဖြစ်ရပ်က ဂျာမနီ အားကစား လောကအတွက် တုန်လှုပ်စရာဖြစ်ခဲ့သည်။

    ၂၀၁၀ ခုနှစ်က ကနေဒါတွင်ပြုလုပ်ခဲ့သည့် ဗန်ကူးဗား ဆောင်းရာသီအိုလံပစ်တွင် ဆေးကျသူတစ်ဦးသာရှိခဲ့သည်။ ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်ခဲ့ သည့် ဆိုချီအိုလံပစ်ပြိုင်ပွဲမှာ ၂၃ ရက်နေ့တွင်ပြီးဆုံးမည်ဖြစ်ပြီး ယခုအချိန်အထိ နော်ဝေနိုင်ငံက ရွှေ ၁၀ခု၊ ငွေ ၄ ခု၊ ကြေး ၈ ခုနှင့် နိုင်ငံအလိုက် ပထမ နေရာတွင် ရှိနေသည်။

    Ref : ChannelNewsAsia

  • ရူနီအား အင်္ဂလန် ဘောလုံးလောက၏ အမြင့်ဆုံးလစာဖြင့် မန်ယူသက်တမ်းတိုး

    ရူနီအား အင်္ဂလန် ဘောလုံးလောက၏ အမြင့်ဆုံးလစာဖြင့် မန်ယူသက်တမ်းတိုး

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄
    M-Media

    – အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် နှောင့်နှေးနေခဲ့သည့် မန်ယူအသင်း၏ အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရူနီမှာ မန်ယူအသင်းနှင့် ယမန်နေ့က စာချုပ်သစ် ချုပ်ဆိုခဲ့ပြီဟု သိရသည်။

    ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က အသင်းမှ ပြောင်းရွှေ့ချင်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည့် ၀ိန်းရူနီမှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းဖြင့် လေးနှစ် သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လအထိ အသင်းတွင် ရှိနေမည်ဖြစ်သည်။ ထို့ပြင် ရူနီမှာ ဘောလုံးလောကမှ အနားယူ သွားပါက မန်ယူအသင်း၏ သံတမန်လည်း ဖြစ်လာမည်ဖြစ်သည်။

    စာချုပ်သစ်ကြောင့် ရူနီ၏ တစ်နှစ်လုပ်ခမှာ ပေါင် ၁၅ သန်းရှိမည်ဖြစ်ပြီး အင်္ဂလိပ်ဘောလုံးလောကတွင် လုပ်ခအမြင့်ဆုံး ကစားသမားဖြစ်လာကာ၊ ခရစ္စ တီယာနို ရော်နယ်ဒို၊ လီယွန်နယ် မက်ဆီတို့၏ လုပ်ခများထက်လည်း ပိုမိုများပြားသည်။ စာချုပ်သစ် ချုပ်ဆိုပြီးနောက် ရူနီက “နွေရာသီမှာ ကောလဟလ တွေအများကြီးထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဒေးဗစ်မိုယက်စ် အသင်းကိုရောက်လာတဲ့အခါ ကျွန်တော် တော်တော်ကျေနပ်မိပါတယ်။ သူနဲ့ကျွန်တော်ဟာ ဆက်ဆံရေးကောင်းတစ်ခုရှိပြီး၊ သူကလည်း ကျွန်တော်အပေါ် ယုံကြည်မှု တော်တော်လေးရှိပါတယ်” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် မန်ယူအသင်းမှာ ကမ္ဘာ့အကောင်းဆုံးအသင်းများမှ တစ်သင်းဖြစ်ပြီး၊ မိမိ၏ ကစားသမားဘ၀ အချိန်တော်တော်များများကို မန်ယူအသင်းတွင် ကစားခဲ့ကြောင်း၊ ယခုအချိန်တွင် အားလုံးပြီးဆုံးသွားပြီဖြစ်သည့်အတွက် ပျော်ရွှင်မိကြောင်း၊ အလုပ်တွင် အာရုံစူးစိုက်၍ ရှေ့သို့ ဆက်လျှောက်သွားမည် ဖြစ်ကြောင်း ရူနီက ထည့်သွင်းပြောကြားခဲ့သည်။

    ရူနီအား စာချုပ်သက်တမ်းတိုးနိုင်ခဲ့ခြင်းတွက် ပျော်ရွှင်မိသည်ဟု နည်းပြ မိုယက်စ်က ပြောကြားခဲ့ပြီး ရူနီကိုလည်း ချီးကျုးခဲ့သည်။ ပြီးခဲ့သည့်နွေရာသီက ချယ်ဆီးအသင်းမှ ရူနီအား ခေါ်ယူရန် နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့သော်လည်း မန်ယူအသင်းက ငြင်းပယ်ခဲ့သည်။

    Ref : Dailymail

  • နိုင်ငံရဲ့ အနာဂတ်က လူငယ်တွေရဲ့လက်ထဲမှာ ရှိတယ်လို့ မြန်မာမွတ်စလင် Youth Forum တွင် ကိုဒီငြိမ်းလင်းပြော

    နိုင်ငံရဲ့ အနာဂတ်က လူငယ်တွေရဲ့လက်ထဲမှာ ရှိတယ်လို့ မြန်မာမွတ်စလင် Youth Forum တွင် ကိုဒီငြိမ်းလင်းပြော

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန် ။        ။ လူငယ်များ ခေါင်းဆောင်မှု အရည်အသွေး မြင့်မားလာစေရန်၊ လူငယ်များအချင်းချင်း ချိတ်ဆက်မှု အားကောင်းလာစေရန်၊ လူငယ်များ၏ အခက်အခဲ များ၊ စိတ်ကူးစိတ်သန်းများ၊ အကြံညဏ်များနှင့် နည်းပညာဆိုင်ရာကျွမ်းကျင်မှုများကို ဆွေးနွေးနှီးနှော ဖလှယ်ခြင်းအားဖြင့် စွမ်းဆောင်ရည် ပြည့်ဝသော လူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြန်မာမွတ်စလင်လူငယ်များမှ ၂-ရက်တာကာလ Muslim Youth Forum ကို ပထမဆုံး အကြိမ်အဖြစ် ယနေ့ ဖေဖော်ဝါရီ ၂၂-ရက်နေ့မှာ စတင်ကျင်းပခဲ့သည်။

    နယူးယောက်မှာ ကုလသမဂ္ဂရုံးမှာ ချိတ်ဆွဲထားတဲ့ ဦးသန့်ရဲ့ ဓာတ်ပုံကိုမြင်ရတိုင်း စိတ်ထဲမှာ အတိုင်းမသိဝမ်းသာမိကြောင်း၊ မြန်မာ့လူ့ဘောင်နဲ့ တစ်သားတဲ့ဖြစ်နေတဲ့ အစ္စလာမ်လူငယ်များသည်လည်း တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်တဲ့နေရာမှာ စံပြထိုက်လောက်တဲ့ ပုဂ္ဂိုလ်မျိုးတွေကို အတုယူသင့်စေလိုကြောင်း၊ တိုင်းပြည်ရဲ့ကောင်းရာ ကောင်းကြောင်းတွေကို ပါဝင်လုပ်ဆောင်သင့်ကြောင်း တက်ရောက်လာသော သံတမန်တစ်ဦးက ပြောကြားခဲ့သည်။

    “နိုင်ငံအနှံ့အပြားမှာလည်း အခုလို ဖိုရမ်တွေလုပ်နေကြပါတယ်။ အခုလည်း ဒီမှာ ဘာတွေဆွေးနွေးကြမလည်း ဆိုတာလည်း သိချင်တာနဲ့ လာခဲ့တာပါ။ ကျွန်တော့်အနေနဲ့လည်း ၀င်ရောက်ဆွေးနွေးသွားမှာပါ။ နိုင်ငံရဲ့ အနာဂတ်က လူငယ်တွေရဲ့လက်ထဲမှာ ရှိပါတယ်။ လူငယ်တွေအနာဂတ်မှာ ကောင်းမွန်မှ တိုင်းပြည်သာယာမှာပါ။ ဒီပွဲကနေ ရလဒ်ကောင်းတွေးအသိပညာတွေရလာမယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်” ဟု ကျောင်းသားသမဂ္ဂမှ ကိုဒီငြိမ်းလင်းက ပြောခဲ့သည်။

    လူငယ်တွေဦးဆောင်နိုင်တဲ့အရာတွေကို လုပ်နိုင်သလောက်လုပ်ရမယ်။ လူကြီးမဖြစ်ခင် အားလုံးဟာ လူငယ်ဘ၀ကိုဖြတ်သန်းခဲ့ရတာဖြစ်တယ်၊ လူငယ်တွေဆိုတာ လူကြီးတွေရဲ့ ဖခင်တွေပါပဲဟု ဥပမာပေးကာ ဟု Muslim Youth Forum 2014 MYANMAR တွင် အစ္စလာမ့်ဓမ္မဗိမာန်မှ ဦးဆောင်ဆော်သြရေးမှူး အလ်ဟာဂ်ျ ဦးအေးလွင်က ပြောကြားခဲ့သည်။

    “၁၁ ရာစု အနော်ရထာမင်းကြီး ပုဂံနေပြည်တော်ကိုတည်ထောင်ချိန်မှာ မြန်မာမွတ်စလင်များက နန်းတော်ထဲတွင် အမှုတော်ထမ်းလျက်ရှိကြောင်း ပုဂံကျောက်စာများတွင် ပါရှိပါတယ်။ မိမိချက်မြုပ်ရာနေရာမှာ တာဝန်ကျေပွန်ခဲ့ကြတယ်။ ဒီတိုင်းပြည်မှာမွေးဖွားပြီး ဒီတိုင်းပြည်ရဲ့ သားကောင်း ဖြစ်တယ်ဆိုတာ ပြသရမှာဖြစ်တယ်။ အရည်အသွေးပြည့်ဝတဲ့ လူသားရင်းမြစ်တွေကိုလိုအပ်ပါတယ်။ ဒီဖိုရမ်ကနေ အရည်အချင်းရှိတဲ့လူငယ်တွေကို မွေးထုတ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ အနာဂတ်မြန်မာနိုင်ငံအတွက် မွတ်စလင်လူငယ်များမှ တတ်နိုင်သမျှပါဝင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

    ယခုကဲ့သို့ လူငယ်များတွေ့ဆုံခြင်းဖြင့် တစ်ယောက်နှင့်တစ်ယောက် အတွေးအမြင်များကို ဖလှယ်ကြပြီး ဒေသအသီးသီးရှိ လူငယ်များ မိမိတို့၏ မြို့ရွာများ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင် ပိုမိုချိတ်ဆက်နိုင်ပြီး အာဆီယံနှင့် နိုင်ငံတကာ လူငယ် ဖိုရမ်များသို့ မြန်မာနိုင်ငံကိုယ်စားပြု လူငယ်များတက်ရောက်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

    Muslim Youth Forum 2014 MYANMAR ကို နှစ်ရက်တိုင် သန်လျင်မြို့ ငါးပါးသခင်ဒါရ်ဂါတော်ဝင်းအတွင်းကျင်းပမည် ဖြစ်ပါသည်။ အခမ်းအနားဖွင့်ပွဲကို ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီတွင် နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာပြည်တစ်ဝန်းမှ ကြွရောက်လာကြသော အစ္စလာမ် ညီအကိုမောင်နှမများမှ နှစ်ရက်တိုင်တိုင် Muslim Youth Forum တွင် ပါရှိသည့် အကြောင်းအရာများကို ဆွေးနွေးသွားကြမည် ဖြစ်သည်။

  • SMS မဲပေးစနစ်ဖြင့် တစ်နှစ်တာ အကောင်းဆုံး ဗလီ ရှေ့ဆောင်ဆရာ ရွေးပွဲကို ရုရှားရှိ ပြည်နယ်တစ်ခုတွင် ပြုလုပ်မည်

    ဖေဖော်ဝါရီ ၂၂ ၊ ၂၀၁၄
    M-Media

    imami
    – ရုရှားနိုင်ငံ Tatarstan ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တွင် တစ်နှစ်တာအကောင်းဆုံး ရှေ့ဆောင်ဆရာတော် (အီမာမ်) ရွေးချယ်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်သွားမည်ဟု ပြည်နယ်မွဖ်သီ ကမီးလ် ဆာမီဂူလ်လင်က ပြောကြားခဲ့သည်။

    ပြည်နယ်အတွင်းရှိ ခရိုင်တစ်ခုချင်းစီမှ တစ်နှစ်တာအတွင်း အကောင်းဆုံး အီမာမ်များကို အဆိုပြုတင်သွင်းရမည်ဖြစ်ပြီး၊ ပြည်သူများမှ SMS ပေးပို့၍ မဲပေးရွေးချယ်ရမည်ဖြစ်သည်။ တစ်နှစ်တာ အကောင်းဆုံး အီမာမ်အဖြစ် ရွေးချယ်ခြင်းခံရသူအား ဟဂ်ျဘုရားဖူးခရီးသွားရန် ဆော်ဒီအာရေဗျ နိုင်ငံသို့ စေလွှတ်သွားမည်ဟု မွဖ်သီ ဆာမီဂူလင်က Interfax  သတင်းဌာနသို့ ပြောကြားခဲ့သည်။

    “ဒီလို နွေးထွေးစွာယှဉ်ပြိုင်မှုရဲ့ စွမ်းအားကနေ ကျွန်တော်တို့ အီမာမ်တွေ တိုးတက်စေဖို့ အကျိုးကျေးဇူးအချို့ရပါလိမ့်မယ်” ဟု မွဖ်သီချုပ်ကဆိုသည်။

    Tatarstan ပြည်နယ်အတွင်း ဗလီဝတ်ကျောင်းတော်ပေါင်း ၁၅၂၃ လုံးရှိပြီး ရှေ့ဆောင်ဆရာတော် အီမာမ်ပေါင်း ၁၃၇၃ ဦးရှိသည်ဟု ပြည်နယ်ရှိ အစ္စလာမ်ရေးရာဌာနက ပြောကြားခဲ့သည်။

    တစ်နှစ်တာအတွင်း အကောင်းဆုံး အီမာမ်ရွေးချယ်ပွဲကို ရုရှားရှိ Bashkiria ပြည်နယ်တွင် ယခုနှစ်အတွင်း ပထမဆုံးပြုလုပ်ခဲ့သည်။ ပြည်သူများ မဲပေးရွေးချယ်မှုမှတစ်ဆင့် တစ်နှစ်တာအကောင်းဆုံး အီမာမ်ကို အစ္စလာမ်ရေးရာဌာနက ဆုံးဖြတ်သွားမည်ဖြစ်သည်။

    Ref: islam.ru

  • ဆီးစစ်ရန် ငြင်းပယ်ခဲ့မှုကြောင့် မော်လ်ဒိုက် ပါလီမန် အမတ် တစ်ဦး ထောင်ဒဏ်တစ်နှစ် ချမှတ်ခံရ

    ဖေဖော်ဝါရီ ၂၂ ၊ ၂၀၁၄
    M-Media

    0_139290269446d2f9ee0fb0b05bf58e2e56a1ad1e15c674bc5d12f6b39885a4806b0ca1bc79_news

    – အရက်သောက်သုံးသည်ဟု သံသယရှိ၍ အဖမ်းခံခဲ့ရပြီးနောက် ရဲတပ်ဖွဲ့၏ ဆီးစစ်ရန် စီစဉ်မှုကို ငြင်းဆန်ခဲ့သော ပါလီမန်အမတ်တစ်ဦးအား မော်လ်ဒိုက် တရားရုံးက ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့သည်ဟု ပြည်တွင်းမီဒီယာများက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    အဗ်ဒူလာ ဂျာဘီရ်ဟုအမည်ရသည့် ပါလီမန်အမတ်တစ်ဦးအား အရက်သောက်သုံးသည် ဟူသော စွဲချက်ဖြင့် ၂၀၁၂ ခုနှစ်တွင်  Haa Dhaal Atoll Hondaidhoo ကျွန်း၌ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး၊ ဆီးစစ်ရန် စီစဉ်ခဲ့သည်။  သို့သော်လည်း အတိုက်အခံ မော်လ်ဒိုက်ဒီမိုကရပ်တစ်ပါတီ MDP မှ ပါလီမန်အမတ် ဂျာဘီရ်မှာ ငြင်းဆန်ခဲ့သောကြောင့် မော်လ်ဒိုက် ရာဇ၀တ်ခုံရုံးက ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

    ဂျာဘီရ်မှာ လာမည့်မတ်လ ၂၂ ရက်နေ့တွင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အစီအစဉ်ရှိနေသည်။ မော်လ်ဒိုက်နိုင်ငံ၏ ဥပဒေအရ ရာဇ၀တ်မှုကျူးလွန်ပြီး ထောင်ဒဏ် ၁ နှစ်အထက် ချမှတ်ခြင်းခံရသော သူတစ်ဦးမှာ ပါလီမန်အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်မရှိသော်လည်း ဂျာဘီရ်မှာ ပါလီမန်တွင် ဆက်လက်ရှိနေမည်ဖြစ်ပြီး၊ လာမည့်ရွေးကောက်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဟု ဒေသတွင်းမီဒီယာ Haveeru က ဖော်ပြခဲ့သည်။

    ထို့ပြင် ဂျာဘီရ်မှာ အရက်သောက်သုံးမှုနှင့် ဆေးခြောက်သုံးစွဲမှု စသည့် အမှုနှစ်ခုကိုလည်း ရင်ဆိုင်နေရပြီး၊ အရက်သောက်သုံးကြောင်း ပြစ်မှု ထင်ရှားပါကာ ထောင်ဒဏ် တစ်နှစ်မှ သုံးနှစ် သို့မဟုတ် ပြည်နှင်ဒဏ်နှင့် ဆေးခြောက် သုံးစွဲမှုအတွက် ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၁၅နှစ်နှင့် ငွေဒဏ်ချမှတ်ခံရမည်ဖြစ်သည်။
    Ref: ဆင်ဟွာ

    PHOTO/ MOHAMED WAHEED