News @ M-Media

Blog

  • အာဆင်နယ်၊ အေစီ ရှုံး ၊ အိမ်ရှင် ၄ သင်း စလုံးရှုံးတဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပထမအကျော့

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄
    M-Media

    အီမရိတ်မှာ လက်ရှိချန်ပီယံကို အရှုံးပေးခဲ့ရတဲ့ အာဆင်နယ်၊ အခွင့်အရေးကောင်းတွေနဲ့ ရှုံးပွဲတွေ့ခဲ့တဲ့ အေစီမီလန်တို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပထမအကျော့ ပွဲစဉ်များ

    2058568_w2
    – ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်နှစ်ပွဲကို ယနေ့ နံနက်က ကစားခဲ့ရာမှာတော့ အိမ်ရှင်အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ အေစီမီလန်တို့ ရှုံးပွဲကိုယ်စီ တွေ့ခဲ့ကြပါတယ်။ ထူးခြားတာကတော့ ဒီတစ်ပတ် ကစားခဲ့တဲ့ ချန်ပီယံလိဂ် လေးပွဲစလုံးမှာ ဧည့်သည်အသင်းတွေကပဲ အနိုင်ရခဲ့ကြတာပါ။

    ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ အာဆင်နယ်တို့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ မနှစ်က အီမရိတ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ တစ်ယောက်အထုတ်ခံရမှုနဲ့အတူ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ လက်ရှိချန်ပီယံ ဘိုင်ယန်ကို အရှုံးပေးခဲ့ရပါတယ်။

    အခုပွဲမှာ အာဆင်ဝင်းဂါး လူစုံထုတ်ခဲ့ပြီး ဖလာမီနီလည်း ကွင်းလယ်မှာ ပြန်ပါလာခဲ့ပါတယ်။ ဘိုင်ယန်ကလည်း ရော်ဘင်၊ မန်ဇူကစ်တို့နဲ့အတူ အင်အားပြည့် ပွဲထွက်လာခဲ့တာပါ။ ပထမပိုင်း ၉ မိနစ်မှာပဲ အာဆင်နယ်တို့ ပင်နယ်တီရခဲ့ပေမယ့် အိုဇေးလ်ရဲ့ကန်ချက်ကို ဘိုင်ယန်ဂိုးသမားနူအာ ကာကွယ်နိုင်ခဲ့ပါတယ်။

    ၃၈ မိနစ်မှာတော့ ဧရီယာထဲ ဘောလုံးဆွဲဝင်လာတဲ့ ရော်ဘင်ကို အာဆင်နယ်ဂိုးသမား ရှက်ဇနီ ကြမ်းကြမ်းတမ်းတမ်း ပြစ်ဒဏ် ကျူးလွန်ခဲ့တဲ့အတွက် တိုက်ရိုက် အနီကဒ်နဲ့ အထုတ်ခံခဲ့ရပြီး ပင်နယ်တီပါပေးခဲ့ရပါတယ်။ ဒါပေမယ့် ဒေးဗစ်အလ်ဘာရဲ့ ပင်နယ်တီ ကန်ချက် လွဲချော်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ တစ်ယောက်လျော့သွားတဲ့ အာဆင်နယ်ကို ဘာကာတို့ စိတ်ကြိုက်ဖိကစားခဲ့ပြီး ၅၄ မိနစ်မှာ တိုနီကရူးစ်နဲ့၊ ၈၈ မိနစ်မှာ လူစားဝင် တိုက်စစ်မှူး မူလာတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂ ဂိုး ဂိုးမရှိနဲ့ ပွဲသိမ်းနိုင်ခဲ့ပြီး နောက် တစ်ဆင့်တက်ရေး အခြေအနေကောင်းခဲ့ပါတယ်။

    ဆန်စီရိုမှာ ကစားခဲ့တဲ့ အေစီမီလန်နဲ့ အက်သလက်တီကိုတို့ရဲ့ပွဲမှာ အိမ်ရှင်တို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးကောင်းတွေလည်း ရခဲ့ပါတယ် ဒါပေမယ့် အန်ဒရီယာပိုလီ နဲ့ ကာကာတို့ရဲ့ အဆုံးသတ်မသေချာမှုတွေ၊ အက်သလက်တီကို ဂိုးသမား သီဘောက် ကော့တီယို့စ်ရဲ့ လက်စွမ်းပြမှုတွေကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာပါ။ ပထမပိုင်းပြီးကာနီးမှာ ဘာလော့တယ်လီရဲ့ အဝေးကန်ချက် ကောင်းပေမယ့် ဂိုးပေါက်လွဲသွားတာက အိမ်ရှင်တို့အတွက် နစ်နာစရာ ဖြစ်ခဲ့ပါတယ်။

    ဒုတိယပိုင်းမှာတော့ အက်သလက်တီကိုတို့ ပိုကောင်းလာခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရလာပါတယ်။ အက်သလက်တီကိုရဲ့ တစ်လုံးတည်းသော အဖိုးတန်အနိုင်ဂိုးကိုတော့ ၈၃ မိနစ်မှာ တိုက်စစ်မှူး ဒီယေဂိုကော်စတာက ခေါင်းတိုက် သွင်းယူပေးခဲ့တာပါ။ အုပ်စုအဆင့်ကတည်းက ကံတရားရဲ့ ဖေးမမှုကြောင့် ဒီအဆင့်ရောက်လာတဲ့ အေစီမီလန်ဟာ ဒီပွဲအရှုံးကြောင့် မတ်လ ၁၁ ရက်နေ့ စပိန်မှာကစားမယ့် ဒုတိယအကျော့မှာ ကံဆက်ကောင်းနိုင်ဦးမလားဆိုတာကိုတော့ စောင့်ကြည်ရတော့မှာပါ။

    ဒီတစ်ပါတ်ရဲ့ ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    အေစီမီလန် ၀-၁ အက်သလက်တီကို
    အာဆင်နယ် ၀-၂ ဘိုင်ယန်မြူးနစ်
    မန်စီးတီး ၀-၂ ဘာစီလိုနာ
    လေဗာကူဆင် ၀-၄ ပီအက်စ်ဂျီ

    Photo-UEFA

  • အာဖဂန်နှင့် ဒေသတွင်း လုံခြုံရေးအတွက် အမေရိကန်-ပါကစ္စတန် ထိပ်တန်း စစ်ခေါင်းဆောင်များတွေ့ဆုံ

    ဖေဖော်ဝါရီ ၊ ၁၉၊ ၂၀၁၄
    M-Media
    2638628-3758473
    – အမေရိကန် ဗဟိုစစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ် လွိုဒ် ဂျေ အော်စတင် ၃ နှင့် ပါကစ္စတန် အကြီးတန်းစစ် ခေါင်းဆောင်များတွေ့ဆုံကာ အာဖဂန်နစ္စတန်အရေးကိစ္စနှင့် ဒေသတွင်း လုံခြုံရေး အခြေအနေကို အလေးထားဆွေးနွေးခဲ့ကြသည်ဟု ပါကစ္စတန် စစ်တပ်မှ ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ထိုတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံစစ်တပ်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း သုံးသပ်ခဲ့ကြသည်ဟု စစ်တပ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ဗိုလ်ချုပ်အော်စတင်မှာ ယနေ့တွင် ပါကစ္စတန်သို့ ရောက်ရှိလာခဲ့ပြီး ခံတပ်မြို့တစ်ခုဖြစ်သည့် Rawalpindi တွင် တပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အကြီးအကဲများ ကော်မတီ ဥက္ကဌ ရရှဒ်မဟ်မူးဒ်နှင့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ရာဟီးလ် ရှရစ်ဖ်တို့နှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

    ပါကစ္စတန်ရှိ တာလီဘန်များနှင့် ငြိမ်းချမ်ရေးဆွေးနွေးမှု၊ မကြာခင်ပြုလုပ်တော့မည့် အာဖန်နစ္စတန်ရွေးကောက်ပွဲ စသည်တို့အပါအ၀င် ဒေသတွင်း အရေးပါသောတိုးတက်မှုများ ဖြစ်ပေါ်နေချိန်အတွင်း အမေရိကန် တပ်မှူးတစ်ဦး ယခုကဲ့သို့ လာရောက်ခြင်းဖြစ်ပြီး၊ လာမည့် ဧပြီလ အာဖဂန်နစ္စတန်တွင် ငြိမ်းချမ်းသော ရွေးကောက်ပွဲများဖြစ်ပေါ်လာရေးတွင် အမေရိကန်နှင့် ပါကစ္စတန်တို့မှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။

    ပါကစ္စတန်မှာ အမေရိကန်၏ ကြီးမားသော စစ်လက်နက်ပစ္စည်းများ သယ်ဆောင်ရန်အတွက် အဓိကဒေသဖြစ်နေသောကြောင့် အာဖဂန်မှ နိုင်ငံခြားတပ်များ ထွက်ခွာရေးအတွက် ပါကစ္စတန်၏ အကူအညီကိုလည်း အမေရိကန်က မျှော်လင့်နေသည်။ ထို့ပြင် တာလီဘန်တို့နှင့် ဆွေးနွေးမှုမှာ ပါကစ္စတန်၏ ပြည်တွင်းရေးသာဖြစ်သည်ဟု အမေရိကန်က ပြောကြားထားသည်။

    အမေရိကန်တို့မှ လူမျိုးစုဒေသများတွင်ပြုလုပ်သော ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုများကို ဆန့်ကျင်သည့်အနေဖြင့် နေတိုး၏ အဓိက ထောက်ပံ့ရေးလမ်းကြောင်းဖြစ်သည့် ပါကစ္စတန်မြောက်ပိုင်းဒေသတွင် အာဏာရပါတီက နှစ်လကြာ ပိတ်ဆို့ထားမှုတစ်ခုလည်းဖြစ်ပွားနေပြီး၊ ထိုလမ်းကြောင်းအား ဖွင့်ပေးရန် အမေရိကန်က တောင်းဆိုထားသော်လည်း ယခုအချိန်အထိ ဖွင့်လှစ်ပေးခြင်းမရှိသေးပေ။

    ကိုးကား – ဆင်ဟွာ

    Photo- IRNA

  • သက်ကြီးရွယ်အိုများ အတွက် ဂေဟာသစ်များ ဖွင့်လှစ်ရန် နှင့် စောင့်ရှောက်ရေး ပေါ်လစီ ရေးဆွဲနေဟု ဦးခင်ရီပြော

    ဖေဖော်ဝါရီ ၊ ၁၉၊ ၂၀၁၄
    M-Media
    image_623ဘွားရိပ်သာမှာ မှီခိုနေရသော အဘွားအိုတစ်ဦး © Jessica Mudditt/ IRIN

    – လာမည့် ၁၀ နှစ်အတွင်း မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုအရေအတွက်မှာ တိုးပွားလာမည်ဟု ခန့်မှန်းရသောကြောင့် နိုင်ငံအတွင်း ဘိုးဘွားရိပ်သာအသစ်များ ဆောက်လုပ်ရန် လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက တိုက်တွန်းခဲ့သည်ဟု ပြည်တွင်း မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။

    ရန်ကုန်မြို့ရှိ မြို့နယ် ၂၀ တွင် အစမ်းပြုလုပ်ခဲ့သော သန်းခေါင်စာရင်း ကောက်ယူမှုများအရ အသက် ၅၇ နှစ်မှ ၅၉ နှစ်အတွင်းရှိ လူဦးရေမှာ ၁၉၇၃ ခုနှစ်၌ ၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ၁၂.၂ ရာခိုင်နှုန်းရှိနေသည်ကို တွေ့ရကြောင်းဦးခင်ရီ၏ ပြောကြားမှုကို  ကိုးကား၍ Myanma Freedom Daily နေ့စဉ် သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။

    ရန်ကုန်မြို့တွင် အိမ်ခြေမဲ့ဦးရေမှာ ၁ သောင်းကျော်ရှိပြီး ၎င်းတို့ထဲမှ ၈ ရာခိုင်နှုန်းမှာ သက်ကြီးရွယ်အိုများဖြစ်ကြသည်ဟု လူဦးရေဌာန၏ စစ်တမ်းကောက်ယူမှုအရ သိရသည်။

    ကမ္ဘာတစ်ဝှမ်းရှိ သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေး အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံရှိ ပြည်သူ့ရေးရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်  HelpAge International အဖွဲ့က မြန်မာနိုင်ငံတွင် ယခင်က မရှိခဲ့သည့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးပေါ်လစီကို ရေးဆွဲလျက်ရှိနေသည်။

    မြန်မာနိုင်ငံသားများ၏ ပျမ်းမျှ သက်တမ်းမှာ ၆၇ နှစ်ဖြစ်ပြီး၊ ဒေသတွင်းနိုင်ငံများ၏ ပျမ်းမျှ သက်တမ်းထက် နိမ့်ကျလျက်ရှိနေသည်။

    နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သေချာစွာ ဆောင်ရွက်နိုင်ရန်တွက် ၂၀၁၄ ခုနှစ်တွင်ပြုလုပ်မည့် သန်းခေါင်စာရင်းကောက်ယူမှုတွင် မြန်မာနိုင်ငံသားများအနေဖြင့် မှန်ကန်စွာဖြေကြားသင့်သည်ဟု ဦးခင်ရီက ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကောက်ယူမှုကို နိုင်ငံတကာစံနှုန်းများ၊ လူ့အခွင့်အရေး စံချိန်များနှင့်အညီ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။

    ကိုးကား ဆင်ဟွာ

  • ပါလက်စတိုင်းရှိ ရှေဟောင်း လှေကားထစ် စိုက်ခင်းအား ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းရန် ယူနက်စကို စဉ်းစားမည်

    ဖေဖော်ဝါရိ ၁၉၊ ၂၀၁၄
    M-Media

    Terraced agricultural fields are seen in Battir, south of Jerusalem

    – ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေရှိ ရှေးဟောင်းလှေကားထစ်စိုက်ခင်းအား ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်စာရင်းတွင် ထည့်သွင်းရန် ပါလက်စတိုင်း၏ တောင်းဆိုမှုအား ယူနက်စကိုက လက်ခံခဲ့ပြီး လာမည့် ဇွန်လတွင်ပြုလုပ်မည့် အစည်းအဝေးတွင် သုံးသပ်ကာ မဲခွဲ ဆုံးဖြတ်သွားမည်ဟု သိရသည်။

    ကမ္ဘာ့ သမိုင်းဝင် အမွေအနှစ် သတ်မှတ်ရေး ကော်မတီမှာ ကာတာနိုင်ငံ ဒိုဟာမြို့တွင် လာမည့် ဇွန်လ ၁၅ ရက်နေ့မှ ၂၅ ရက်နေ့အထိ တွေ့ဆုံရန်ရှိနေပြီး သမိုင်းဝင် အမွေအနှစ် အဖြစ် သတ်မှတ်ရန် ကမ္ဘာတစ်ဝှမ်းမှ တင်သွင်ထားသည့် နေရာ ၄၁ ခုအား ကြည့်ရှုသုံးသပ်ကာ အရည်အချင်းပြည့်မှီခြင်း ရှိမရှိကို ဆုံးဖြတ်သွားမည်ဖြစ်သည်။

    အနောက်ဘက်ကမ်းခြေ Battir ရွာရှိ အဆိုပါ ရှေးဟောင်းလှေကားထစ်စိုက်ခင်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ခန့် ရောမခေတ်က စိုက်ခင်းတစ်ခုဖြစ်ပြီး ပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော နေရာတစ်ခုဖြစ်သည်ဟု ယူနက်စကို၏ ပြောရေးဆို ခွင့်ရှိသူ ရိုနီ အမီလန်က ပြောကြားထားပြီး ယူနက်စကိုမှ ကျွမ်းကျင်သူများကလည်း အဆိုပါရွာသို့သွားရောက်ကြည့်ရှုရန်ရှိနေသည်။

    ထိုစိုက်ခင်းအား ယခုအချိန်တွင် အစ္စရေးက လုံခြုံရေး အဆီးအတားအဖြစ် အသုံးပြုထားသည်။ ကုလမှ ထိုနေရာအား ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပါက ထိုနေရာတွင် အဆောက်အဦးများ ဆောက်လုပ်ခြင်းကို အစ္စရေးက ရပ်တန့်ရမည်ဖြစ်သည်။

    Battir ရွာအား ရှေးဟောင်းအမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့ပါက ဘက်သလင်ဟမ်ရှိ Church of the Nativity ခရစ်ယာန် ဘုရားကျောင်းပြီးနောက် ကမ္ဘာ့ သမိုင်းဝင်အမွေအနှစ်စာရင်းတွင် ဒုတိယမြောက် ပါဝင်သည့် ပါလက်စတိုင်းနိုင်ငံ၏ နေရာဖြစ်လာမည်ဖြစ်သည်။ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ ယူနက်စကိုမှာ ပါလက်စတိုင်းအား နိုင်ငံအဖြစ် ၂၀၁၁ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။

    အဆိုပါရှေဟောင်း လှေကားထစ်စိုက်ခင်းကို ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်စာရင်းထဲသို့ ထည့်သွင်းရန်အတွက် ယူနက်စကိုအဖွဲ့ဝင်နိုင်ငံပေါင်း ၂၁ နိုင်ငံက ဆုံးဖြတ်ရမည်ဖြစ်သည်။
    (Al Arabiya)

  • ဖွဲ့စည်းပုံပြင်ဆင်ရန် ပြည်မြို့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေသခံပြည်သူများ ဆန္ဒဖော်ထုတ်

    ဖွဲ့စည်းပုံပြင်ဆင်ရန် ပြည်မြို့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေသခံပြည်သူများ ဆန္ဒဖော်ထုတ်

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၄
    M-Media
    လမင်း

    ပြည်  ။          ။       ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပုဒ်မ ၅၉ (စ) တို့အား ပယ်ဖျက်ရေးအတွက် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် မြို့သူမြို့သားများမှ ပူးပေါင်း၍ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

    ယခုလိုဆန္ဒဖော်ထုတ်မှုကို မြို့နယ်ရဲတပ်ဖွဲ့မှူးက ငြင်းပယ်ခဲ့သော်လည်း ခရိုင်ရုံးနှင့် ညှိနှိုင်းပြီး တရားဝင်ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒဖော်ထုတ် ပွဲတွင် ပုဒ်မ ၅၉(စ) ကိုပယ်ဖျက်ရန်၊ ပုဒ်မ ၅၉ (ဃ) ကိုပြင်ဆင်ရန်၊ ပုဒ်မ ၄၃၆ တို့ကိုပြင်ဆင်ရန် တို့ကို ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရပါသည်။

    ပြည်သူလူထုတွေကလည်း ဒီပုဒ်မတွေကို အလိုမရှိကြပါဘူး။ ပယ်ဖျက်ချင်နေတယ်ဖြစ်တယ်ဆိုတာကို သိစေချင်လို့ အခုလိုဆန္ဒပြသမှုကို ပြုလုပ်ရခြင်း ဖြစ်တယ်လို့ မြို့နယ်တာဝန်ခံတစ်ဦးက ပြောခဲ့ပါတယ်။

    ဆန္ဒဖော်ထုတ်ပွဲကို မူယာပင်ရပ် NLD ရုံးခန်းရှေ့မှ စတင်ချီတက်ခဲ့ကြပြီး ဗိုလ်ချုပ်လမ်း၊ ရွှေတချောင်းလမ်း၊ လမ်းမတော်လမ်း အစရှိသည့် လူစည်ကား သည့်နေရာများသို့ လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။ ပေါင်းတည်၊ ပန်တောင်း၊ မှော်ဇာ၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ၀က်ထီးကန် အစရှိတဲ့ နီးစပ်ရာမြို့နယ်များမှ ပြည်သူများနှင့် ဒေသခံပြည်သူများအပါအ၀င် ဆန္ဒဖော်ထုတ်သူ ၆၀၀ ကျော်ပါဝင်ခဲ့သည်။ နိုင်ငံရေးပါတီက တရားဝင်ခွင့်တင်ပြီး ဆန္ဒပြသခဲ့တာဟာ ပြည်မြို့တွင် ပထမဆုံးအကြိမ်ဖြစ်ပါသည်။