News @ M-Media

Blog

  • Muslim Medical Family (မန္တလေး) မိတ်ဆုံစားပွဲ ပြုလုပ်

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၄
    M-Media
    ချို

    Muslim Medical Family (မန္တလေး) ရဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် မွတ်စလင် သက်ကြီး ဆရာဝန်ကြီးများအား ဂုဏ်ပြုပွဲနှင့် မိတ်ဆုံစားပွဲပြုလုပ်
    1507587_683842388334127_1308964840_n
    Muslim Medical Family (မန္တလေး) ရဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် မွတ်စလင် သက်ကြီး ဆရာဝန်ကြီးများအား ဂုဏ်ပြုပွဲနှင့် မိတ်ဆုံစားပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက် ၉ နာရီမှာ မန္တလေးမြို့ ပန်းသေးဗလီဝင်းများ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    အဆိုပါအခမ်းအနားမှာ ၂၀၁၄ ခုနှစ်အတွက် မန္တလေး ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင်မှု တက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ၊ သူနာပြုတက္ကသိုလ် နှင် တိုင်းရင်းဆေးတက္ကသိုလ်များမှာ ပထမနှစ်တက်ရောက်ခွင့်ရရှိတဲ့ ပထမနှစ် မွတ်စလင် ကျောင်းသား/သူများကို မောင်မယ် သစ်လွင် ကြိုဆိုသည့်အစီအစဉ်အစဉ်နှင့် မန္တလေးမြို့မှ မွတ်စလင် သက်ကြီး ဆရာဝန်ကြီးများကို ဂုဏ်ပြုခြင်း နှင့် မိတ်ဆုံစားပွဲ အစီအစဉ်များပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

    Photo via- Ah Tuu FB

  • ပရီးမီးယားလိဂ်ရှုံးကြွေး ပြန်ဆပ်တဲ့ မန်စီးတီး၊ လက်ရှိချန်ပီယံ ၀ီဂန် နောက်တစ်ဆင့်တက်တဲ့ FA ဖလား ပဉ္စမအဆင့် ပွဲစဉ်များ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၄
    M-Media

    Stevan Jovetic scores the first goal for Manchester City in their 2-0 win over Chelsea in FA Cup.
    – FA ဖလား ပဉ္စမအဆင့်ရဲ့ ၄ ပွဲ ယမန်နေ့ညက ကစားဖို့ရှိပေမယ့် ရှက်ဖီးနဲ့ ချာလ်တန်တို့ရဲ့ပွဲကို ရွှေ့ဆိုင်းခဲ့ရတာကြောင့် ၃ ပွဲပဲ ကစားဖြစ်ခဲ့ပြီး မန်စီးတီးက ချယ်ဆီးကို ပရီးမီးယားလိဂ် ရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့ပါတယ်။ ဆန်းဒါးကလည်း နောက်တစ်ဆင့်တက်ခဲ့ပြီး ပရီးမီးယားလိဂ် ဇယားအောက်ခြေရောက်နေတဲ့ ကာဒစ်ဖ်ကတော့ လက်ရှိချန်ပီယံ ၀ီဂန်ကို အိမ်ကွင်းမှာ ရှုံးခဲ့လို့ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။

    ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ ကစားစဉ်က အိမ်ကွင်းမှာ ချယ်ဆီးကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ရတဲ့ မန်စီးတီး ဒီပွဲမှာတော့ အနိုင်ရအောင်ကစားနိုင်ခဲ့ပါတယ်။ လူငယ်ကစားသမားတွေနဲ့ ပွဲထွက်မယ်လို့ အစောပိုင်းက ပြောထားပေမယ့် ပွဲထွက်လာတဲ့အခါမှာတော့ နှစ်သင်းစလုံး ပထမကစားသမား တော်တော်များများပါဝင်လာခဲ့ပါတယ်။

    ပွဲစကတည်း မန်စီးတီးတို့ အသာရခဲ့ပြီး ၁၅ မိနစ်မှာ တိုက်စစ်မှူး ဂျိုဗီတစ်ရဲ့ ကန်ချက် ဘားထိထွက်ခဲ့ပေမယ့်၊ တစ်မိနစ်အကြာမှာတော့ မန်စီးတီးအတွက် ဦးဆောင်ဂိုးကို ဂျီုဗီတစ်က အနိမ့်ကန်ချက်နဲ့ သွင်းယူပေးခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း အိမ်ရှင် မန်စီးတီးအသင်းကသာ ဖိထားနိုင်ခဲ့ပြီး ပွဲပြီးကာနီး ၂ မိနစ်အလိုမှာ နောက်ထပ်ဂိုးရလုနီးပါးဖြစ်ခဲ့ပါသေးတယ်။

    ဒုတိယပိုင်းမှာတော့ မော်ရင်ဟိုက အသစ်ရောက်လာတဲ့ မိုဟာမက်ဆာလာကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးရဲ့ ကစားကွက်ကို ယှဉ်နိုင်ခြင်းမရှိခဲ့ဘဲ ၆၇ မိနစ်မှာ နာဆရီရဲ့ ဒုတိယဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ ဒေးဗစ်ဆေးလ်ဗါးနဲ့ အပေးအယူလုပ်ပြီး လူကျွံထောင်ချောက်ကို ထိုးကျော်ဖြတ်ကာ သွင်းယူပေးခဲ့တာပါ။ နောက်ပိုင်းမှာတော့ မန်စီးတီးကပဲ ပွဲကို ထိန်းကစားခဲ့ပြီး ပရီးမီးယားလိဂ်ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ကာ၊ ကွာတားဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။

    ပရီးမီးယားလိဂ်မှာ ခြေမမှန်ပေမယ့် FA ဖလားမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ပိုယက်ရဲ့ ဆန်းဒါးလန်းအသင်းကတော့ အိမ်ကွင်း အလင်းရောင်မှာ ဆောက်သက်တမ်ကို ချေမှုန်းနိုင်ခဲ့ပါတယ်။ ဂိုးသွင်းခွင့်တော်တော်များများရခဲ့ပေမယ့် အဆုံးသတ်ပိုင်း မသေချာမှုတွေကြောင့်သာ တစ်ဂိုးတည်းနဲ့ ကျေနပ်ခဲ့ရတာဖြစ်ပြီး၊ ဆန်းဒါးလန်းအတွက် အနိုင်ဂိုးကိုတော့ ၄၉ မိနစ်မှာ ခရေ့ဂ်ျ ဂါဒနာက အဝေးကနေ သွင်းယူပေးခဲ့တာပါ။

    ဆိုးလ်ရှားရဲ့ ကာဒစ်ကတော့ အိမ်ကွင်းမှာ လက်ရှိချန်ပီယံ ၀ီဂန်ကို အရှုံးပေးခဲ့ရပါတယ်။ ပွဲအစ အထနှေးခဲ့ပေမယ့် ၀ီဂန်တို့ ၁၈ မိနစ်မှာ ဂိုးစရခဲ့ပြီး မက်ကန်က သွင်းယူပေးခဲ့တာပါ။ ဒါပေမယ့် ၁၀ မိနစ်အကြာမှာတော့ မန်ယူကနေ ပြောင်းရွှေ့လာတဲ့ ၀ီလ်ဖရိုင်းဇာဟာရဲ့ ထိုးဖောက်မှုကတစ်ဆင့် ကမ်းဘဲလ်က ချေပဂိုး သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ၀က်စ်တန်ရဲ့ မိနစ် ၄၀ ဂိုးကိုတော့ ကာဒစ်ဖ်တို့ ပြန်လည်ချေပနိုင်ခြင်းမရှိခဲ့ဘဲ နောက်တစ်ဆင့်တက်ရေးကို စွန့်လွှတ်ခဲ့ရပါတယ်။

    ကစားပြီးသမျှ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    မန်စီးတီး ၂-၀ ချယ်ဆီး
    ဆန်းဒါးလန်း ၁-၀ ဆောက်သက်တန်
    ကာဒစ်ဖ် ၁-၂ ၀ီဂန်

  • ခြိမ်းခြောက် ဖိအားပေးမှုကြောင့်ကိုမြအေး မပါဘဲ စာပေဟောပြောပွဲပြုလုပ်ခဲ့

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး

    DSCN4772
    အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း(၉၉) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သည့် စာပေဟောပြောပွဲတွင် ဟောပြောမည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေးအား လူမျိုး/ဘာသာ မတူညီမှု အပေါ်အခြေခံပြီး ဟောပြောခွင့် မပြုရန် သံဃာအချို့ ခြိမ်းခြောက် ဖိအားပေး လုပ်ဆောင်မှုကြောင့် ကိုမြအေးမပါဘဲ ကျန် စာရေးဆရာများဖြင့် ဟောပြောပွဲကို ပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

    ပွဲမစခင်မှာ စင်မြင့်ပွဲမှ ကိုမြအေး ဓါတ်ပုံဖြုတ်ပေးရန် ဖိအားပေးသဖြင့် ဖြုတ်ပေးလိုက်ရကြောင်းသိရသည်။

    ဖေဖော်ဝါရီလ ၁၅-၁၆ ရက်နေ့၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ဖျာတန်း ဓမ္မာရုံရှေ့၌ပြုလုပ်မည့် စာပေဟောပြောပွဲတွင် ကိုမြအေး ပါဝင်နေမှုအား ကန့်ကွက်ခြင်းကို ပစ်စာသဖွယ်ပေးပို့ခဲ့ခြင်း ဖြစ်သည်။

    ယင်းကန့်ကွက်စာတွင် “ကိုမြအေးသည် ရန်ကုန်ဟောပြောပွဲ၌ ရန်ကုန်သံဃာထု၏ ကန့်ကွက်မှုကို ခံထားရခြင်း၊ သူ၏သမီးဖြစ်သူသည် တိုင်းတစ်ပါးမှနေ၍ မြန်မာပြည်၊ အစိုးရအဖွဲ့နှင့်တစ်ကွ သံဃာထုကို အမျိုးမျိုး ပုတ်ခတ်ဝေဖန်ခြင်းပြုခဲ့သောကြောင့် ပြဿနာ တစ်စုံတစ်ရာဖြစ်မည်ကို မန္တလေးသံဃာထုနှင့် ဗုဒ္ဓဘာသာဝင်များမှ စိုးရိမ်သဖြင့် အဆိုပါဟောပြောပွဲ၌ ကိုမြအေး ပါဝင်ခြင်းကို ကန့်ကွက်လိုက်သည် ”ဟုပါရှိသည်။

    အဆိုပါ ဟောပြောပွဲတွင် ဆရာ ညီမင်းညို၊ ဦးမြအေး၊ ဆရာ မောင်သွေးသစ်၊ ဦးကျော်သူ၊ ဆရာဇော်ခိုင်ဦး၊ ဆရာ ဦးဘုန်း(ဓာတု) တို့မှ ဟောပြောရန် စီစဉ်ထားခြင်းဖြစ်သည်။

    ဦးကိုနီနှင့် ကိုမြအေးပါဝင်မှုကြောင့် အလားတူ ဖိအားပေး ကန့်ကွက်မှုမျိုးအား မကြာသေးခင်ရက်ပိုင်းမှာပင် ရန်ကုန်မြို့၊မြောက်ဥက္ကလာပ စာပေဟောပြောပွဲတွင် ဖြစ်ပေါ်ခဲ့သဖြင့် စာပေဟောပြောပွဲ ပွဲစဉ်တစ်ခုလုံးကို စီစဉ်သူများက ဖျက်သိမ်းလိုက်ရသည်။ ဤသည်မှာ ယခု ရက်သတ္တပတ်အတွင်း ဒုတိယအကြိမ်မြောက် ဆက်တိုက်ဖြစ်ပွားခြင်းဖြစ်သည်။

    အဆိုပါကိံစ္စနှင့် ပတ်သက်ပြီး ပြဿနာ မဖြစ်ပွားခင် ပွဲစီစဉ်သူ တာဝန်ရှိသူ ဦးဇော်ဝင်းကို မေးမြန်းခဲ့ရာ

    “စာပေဟောပြောပွဲဆိုတာ တရားဝင်ခွင့်ပြုချက်နဲ့ ပြောခြင်းဖြစ်ပါတယ်။ ဒါကို ဘာကြောင့် ပိတ်ပင်ရတာလဲ။ အခုလည်း ဂဠုန်နီဆရာတော် ဦးကာဝိယကို ဦးဆောင်စောင့်ရှောက်ပေးဖို့ အကူအညီတောင်းပါတယ်။ မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာသမဂ္ဂအဖွဲ့ချုပ်ကို အကူအညီတောင်းတော့ နာယက ဆရာတော် ဦးကာဝိယက ယခုပွဲပျက်မယ်ဆိုရင် – အစိုးရအမိန့်နဲ့ ခွင့်ပြုပါလျက် သံဃာတော်တွေက ဖျက်တယ်လို့ ဖြစ်လာပါလိမ့်မယ်။ အဲ့လိုတော့ အဖြစ်မခံနိုင်ဘူး ဆိုပြီး ဆရာတော်တွေကိုယ်တိုင် ညနေပိုင်းမှာ လာရောက်စောင့်ရှောက်ပေးပါမယ်။ ပွဲကို ကျွန်တော်တို့ ဆက်လုပ်ပါမယ်။ ဂဠုန်နီဆရာတော်၊ ၀ါခင်းကုန်းဆရာတော်၊ မြ၀တီဆရာတော်၊ ဘ၀အလင်း ဆရာတော်နဲ့ အနီးအနားကျောင်းတိုက်တွေက ဆရာတော် သံဃာတော်များက ၀ိုင်းဝန်းပြီး စောင့်ရှောက်ပေးမှာဖြစ်ပါတယ် ” လို့ပြောကြားခဲ့ပေမယ့် ကန့်ကွက်သူ သံဃာအချို့ရဲ့ ဖိအားပေးလုပ်ဆောင်မှုကြောင့် ကိုမြအေး ဟောပြောမှု မပြုလုပ်ဘဲ နောက်ဆုတ်ပေးလိုက်ရကြောင်း သိရှိရပါသည်။

  • အင်္ဂလန်၏ ဂန္တ၀င်ဘောလုံးသမား ဆာတွမ်ဖင်နီ ကွယ်လွန်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၄
    M-Media
    50825_heroa
    – တစ်ခေတ်တစ်ခါက နာမည်ကျော်ခဲ့ပြီး အင်္ဂလန်၏ ဂန္တ၀င် တောင်ပံကစားသမားဖြစ်သူဆာတွမ်ဖင်နီမှာ ယမန်နေ့က ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

    အင်္ဂလန်ရှိ ပရက်စတန်နော့သ်အန့် အသင်းတွင် နှစ်ပေါင်း ၂၀ နီးပါးကစားခဲ့သည့် ဖင်နီမှာ ကွယ်လွန်ချိန်တွင် အသက် ၉၁ နှစ်အရွယ်ရှိနေပြီဖြစ်သည်။

    “ဆာတွမ်ဖင်နီ ကွယ်လွန်သွားတယ်ဆိုတဲ့ စိတ်မကောင်းစရာ သတင်းကို ကျွန်တော်တို့အတည်ပြုပါတယ်။ ဆာတွမ်ဟာ ပရက်စတန်နော့သ်အန် အသင်းရဲ့ သမိုင်းမှာ အကောင်းဆုံးကစားသမားဖြစ်ပြီး၊ အင်္ဂလန်သမိုင်းမှာလည်း ကျော်ကြားတဲ့ ကစားသမားဖြစ်ပါတယ်” ဟု အသင်း၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည့် ကြေညာချက်တွင် ရေးသားထားသည်။

    အင်္ဂလန်ဘောလုံးလောကအား ကူညီပေးခဲ့သည့် ဖင်နီ ကွယ်လွန်သွားခြင်းနှင့် ပက်သက်၍ ကစားသမားများနှင့် နည်းပြများက ၀မ်းနည်းကြောင်းပြောကြား ခဲ့သည်။

    ၁၉၂၂ ခုနှစ်တွင် မွေးဖွားခဲ့သည့် ဖင်နီမှာ ကစားသမားဘ၀အား အလယ်တန်းလူအဖြစ် မွေးရပ်မြေအသင်း ပရက်စတန်နော့သ်အန့်တွင်စတင်ကစားခဲ့ပြီး အသင်းအတွက် ပွဲပေါင်း ၄၀၀ ကျော်ကစားပေးခဲ့ကာ ဂိုး ၂၀၀ ကျော် သွင်းယူပေးနိုင်ခဲ့သည်။

    ဖင်နီမှာ အင်္ဂလန်၏ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုအား ၂ ကြိမ်တိုင်တိုင်ရရှိခဲ့ပြီး ၁၉၅၄ နှင့် ၁၉၅၈ ကမ္ဘာ့ဖလား ပြိုင်ပွဲများအပါအ၀င် အင်္ဂလန်အသင်း အတွက် ၇၆ ပွဲ ကစားပေးခဲ့ကာ ဂိုး ၃၀ သွင်းယူပေးနိုင်ခဲ့သော ကစားသမားလည်းဖြစ်သည်။

    ဗြိတိန်ဘုရင်မကြီးမှ ချီးမြှင့်သော OBE ဘွဲ့ကို ၁၉၆၁ ခုနှစ်၊ သူရဘွဲ့အား ၁၉၉၈ ခုနှစ်တို့တွင် ရရှိခဲ့ပြီး၊ အင်္ဂလန်အသင်းအတွက် ဂိုးအများဆုံး သွင်းထားသူများ စာရင်းတွင် ဖင်နီမှာ အဆင့် ၆ နေရာတွင် ရှိနေသည်။

  • ဆေးခြောက်ဆိုင်ရာ ငွေကြေးနှင့် ပတ်သက်သည့် ဘဏ်များ စိုးရိမ်နေမှု အတွက် အမေရိကန်က ညွှန်ကြားချက်ထုတ်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၄
    M-Media
    2014214232017772734_20
    – လိုင်စင်ရ ဆေးခြောက်ရောင်းဝယ်ရေး ကုမ္ပဏီများနှင့် ဆက်သွယ်ဆောင်ရွက်ရန်အတွက် ဘဏ်များ၏ ကြောက်ရွံ့နေမှုများအား လျှော့ချရန်အတွက် အိုဘားမားအစိုးရက ညွှန်ကြားချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

    ဆေးခြောက်အား တရားဝင်ရောင်းချနေသည့် ကိုလိုရာဒိုပြည်နယ်နှင့် စမ်းသပ်လုပ်ဆောင်နေသည့် ၀ါရှင်တန် ပြည်နယ်တို့ကို အားပေးမှုများပါဝင်သည့် ထိုညွှန်ကြားချက်အား ဘဏ္ဍာရေးနှင့် တရားရေးဝန်ကြီးဌာနမှ ပြည်နယ်တရားသူကြီးများနှင့် ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများကို ပေးပို့ထားသည်ဟု သိသည်။

    ညွှန်ကြားချက်တွင် ဆေးခြောက်ရောင်းဝယ်မှုမှ ရရှိမည့် ငွေကြေးများ အတွက် လွတ်ကင်းခွင့်ရှိမည်ဟု ဖော်ပြထားသော်လည်း၊ ငွေကြေးခ၀ါချမှုနှင့် အခြားသောပြစ်မှုများအား ကျူးလွန်ခဲ့ပါက တရားစွဲဆိုခြင်းခံရမည်ဟု ဘဏ်များအား အသိပေးထားသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ဆေးခြောက်နှင့် ပတ်သက်၍ ရရှိလာမည့်ငွေများကို လောလောဆယ်တွင် အစိုးရက အာမခံထားသည့် ဘဏ်များတွင် အပ်နှံထားရပြီး တရားမ၀င် လုပ်ငန်းအတွက် တရားစွဲဆိုခြင်း ခံရမည့် အန္တရာယ်ကို စိုးရိမ်ရသည့်အတွက် အခြားသော ဘဏ်များက ဆေးခြောက်နှင့် ဆက်စပ်သည့် လုပ်ငန်းများ အတွက် ငွေစာရင်း ဖွင့်ပေးရန် ငြင်းဆန်ခဲ့ကြသည်။

    ထို့ကြောင့် ဆေးခြောက်တရားဝင် ရောင်းချနိုင်သည့် ပြည်နယ်များတွင် လက်ငင်းရောင်းဝယ်သည့် ဆိုင်များမှ ငွေများ သိမ်းဆည်းခြင်းနှင့် ငွေစာရင်းများ စစ်ဆေးခြင်းကဲ့သို့ ဘဏ်လုပ်ငန်းများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ အဆိုပါ ညွှန်ကြားချက်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့်လက အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်တွင် အပန်းဖြေရေး ရည်ရွယ်ချက်ဖြင့် အရွယ်ရောက်သူများအတွက် ဆေးခြောက် လက်လီ အရောင်းဆိုင်များအား ဖွင့်ခွင့်ပေးခဲ့ပြီး၊ ၀ါရှင်တန်ပြည်နယ်ကလည်း ထိုကဲ့သို့ ဖွင့်ခွင့်ရရှိရန် မျှော်လင့်နေသည်။

    ဆေးခြောက်များအား ကျန်းမာရေးဘက်တွင် အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် တရားဝင် ရောင်းချမှုအား ၁၉၉၆ ခုနှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ်၌ စတင်ခဲ့ပြီးနောက် ယခုအချိန်အတွင် အခြားပြည်နယ် ၂၀ နှင့် ၀ါရှင်တန်ပြည်နယ် ကိုလံဘီယာ ခရိုင်တို့တွင် ရောင်းချလျက်ရှိသည်။