News @ M-Media

Blog

  • ဒရုန်းဖြင့်တိုက်ခိုက်မှု ဆန့်ကျင်သူအား ဖမ်းထားပါက ပြန်လွှတ်ရန် ပါကစ္စတန် တရားရုံး အမိန့်ချ

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၄
    M-Media
    _72923380_021009916
    အစ္စလာမ်မာဘတ်၊။ ပြီးခဲ့သည့် သီတင်းပတ်က ပြန်ပေးဆွဲခံခဲ့ရသည့် အမေရိကန်၏ ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှု ဆန့်ကျင်ရေး လှုပ်ရှားသူ ကရင်မ်ခန်းအား လာမည့် ၂၀ ရက်နေ့မတိုင်မီ ထုတ်ပေးရန် သို့မဟုတ် ၎င်းအား ထိန်းသိမ်းထားခြင်း မရှိကြောင်းကို ပြတ်ပြတ်သားသား ငြင်းဆိုရန် ပါကစ္စတန် တရားရုံးတစ်ခုက နိုင်ငံ၏ ထောက်လှမ်းရေး အေဂျင်စီများကို အမိန့်ပေးခဲ့သည်ဟု သိရသည်။

    အဆိုပါ အမိန့်အား ယမန်နေ့တွင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ကရင်မ်ခန်း၏ ဥပဒေအ ကျိုးဆောင်အဖွဲ့ အကြီးအကဲ ရှာဇဒ် အက်ဘာက ဖေဖော်ဝါရီ ၅ ရက်နေ့ညပိုင်းက ရာဝါလ်ပင်ဒီမြို့ရှိ နေအိမ်မှ ခန်းပျောက်ဆုံးသွားမှုမှာ အစိုးရမှ ပြန်ပေးဆွဲခြင်း လက္ခဏာဖြစ်ပြီး၊ ထိုအဖြစ်အပျက် အတွက် ပါကစ္စတန်ရှိ ထောက်လှမ်းရေး အေဂျင်စီများတွင် တာဝန်ရှိသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ ခန်း၏ နေအိမ်အတွင်းသို့ လူ ၂၀ ခန့်က လက်နက်များ ကိုင်ဆောင်၍ ၀င်ရောက်ကာ ခန်းအား ဖမ်းဆီးသွားခြင်းဖြစ်သည်။

    ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က အမေရိကန်တို့ပြုလုပ်သော ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုတွင် ခန်း၏ ဆယ်ကျော်သက် သားငယ်နှစ်ဦးမှာ သေဆုံးခဲ့ရပြီးနောက် ခန်းမှာ အမေရိကန်၏ ဒရုန်းလေယာဉ် အသုံးပြု တိုက်ခိုက်မှုများအား ဥပဒေအကြောင်းအရ ဆန့်ကျင်ခဲ့သည်။

    ပါကစ္စတန်ရှိ လူမျိုးစုဒေသများတွင် အမေရိကန်မှ ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဥရောပ ပါလီမန်အဖွဲ့ဝင်များ၊ ယူကေ ဥပဒေပြုအမတ်များအား ဘရပ်ဆဲလ်နှင့် လန်ဒန်တို့တွင် ဆွေးနွေးရန်နှင့် နိုင်ငံတာ ရာဇ၀တ်ခုံရုံးတွင် သက်သေခံရန် အတွက် ဖေဖော်ဝါရီ ၁၅ ရက်နေ့၌ ခရီးသွားရန် ရှိနေချိန်တွင် ယခုကဲ့သို့ ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်။

    သို့သော်လည်း ပါကစ္စတန်ရဲတပ်ဖွဲ့ကမူ ခန်းအား ပြန်ပေးဆွဲမှုနှင့် ပက်သက်၍ ၎င်းတို့သိရှိခြင်း မရှိဟု ယမန်နေ့တွင် တရားရုံး၌ ထွက်ဆိုခဲ့သည်။
    Ref:aljazeera

    Photo-AFP

  • Breaking News: တောင်ငူ မြို့မဈေးကြီး မီးလောင်မှု ဖြစ်ပွား ၊ ဆိုင်ခန်းအားလုံးနီးပါး မီးလောင်ပြာကျ

    Breaking News: တောင်ငူ မြို့မဈေးကြီး မီးလောင်မှု ဖြစ်ပွား ၊ ဆိုင်ခန်းအားလုံးနီးပါး မီးလောင်ပြာကျ

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး

    တောင်ငူ ။ ။ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ မြို့မဈေးကြီးတွင် ယနေ့ညနေ ၆-နာရီကျော်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ညနေ ၆း၁၅-နာရီအချိန်ခန့်က မီး စတင်လောင်ကျွမ်းခဲ့ပြီး ယခုအခါ မီးညွန့်ကျိုးသွားကြောင်း၊ မြို့မဈေးကြီးမှာ တစ်ထပ်ဈေးကြီးဖြစ်ပြီး ဈေးကြီးတစ်ခုလုံး မီးလောင်သွားကြောင်း တောင်ငူမြို့ခံများက ပြောသည်။

    မီးလောင်ကျွမ်းမှုမှာ မြို့မဈေးအတွင်း လ္ဘက်ရည်ဆိုင်မှ စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်သည်ဟု တောင်ငူမြို့ခံများက ဆိုသော်လည်း မီးလောင်ကျွမ်းရခြင်း အကြောင်းကို စုံစမ်းဆဲဖြစ်ကြောင်း သိရှိရပါသည်။

  • ထိုင်းသို့ ပြေးဝင် ခိုလှုံလာသည့် ရိုဟင်ဂျာ ၁၃၀၀ ခန့် ပြန်လက်ခံရန် မြန်မာ သဘောတူခဲ့

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၄
    M-Media

    595256

    – ၂၀၁၃ ခုနှစ် ဇန်န၀ါရီကကတည်းက ထိုင်းနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းများနှင့် ယာယီ ဒုက္ခသည်စခန်းများတွင် ထိန်းသိမ်းထားသော ရိုဟင်ဂျာ ၁၃၀၀ခန့်အား မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ပြီးဖြစ်သည်ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိ၏ ပြောကြားချက်ကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာက ယနေ့တွင် ဖော်ပြခဲ့သည်။

    မြန်မာနှင့် ထိုင်းနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ထိုကဲ့သို့ ပို့ဆောင်မှုများတွင် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်မှု လုပ်ငန်းများကို လုပ်ကိုင်နေသော အစိုးရ မဟုတ်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားခဲ့ဟု လူဝင်မှုကြီးကြပ်ရေးမှ လက်ထောက်ရဲချုပ် Pharnu Kerdlarpphon က ဆိုသည်။

    ရိုဟင်ဂျာများအား ထိုင်းနိုင်ငံ ရနောင်းရှိ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ထိန်းသိမ်းထားပြီးနောက် စက်လှေဖြင့် ကော့သောင်းဘက်သို့ လွန်ခဲ့သည့် ၃ လက ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ တစ်သုတ်ပြီးတစ်သုတ် စေလွှတ်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံအစိုးရများက ရှင်းလင်းစွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ အထောက်အထားများလည်း ရှိသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံတွင်ရှိနေစဉ်အတွင်း ရိုဟင်ဂျာများအား လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေး အပ်ခဲ့ပြီး နိုင်ငံတကာ ရွှေ့ပြောင်း လုပ်သားများအဖွဲ့ IOM မှ ဆရာဝန်များကလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့သည်ဟုသိရသည်။

    သို့သော်လည်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ ကိုယ်စားလှယ် Sunai Pasuk ကမူ မြန်မာအစိုးရက ရိုဟင်ဂျာများအား မြန်မာနိုင်ငံသားများ အဖြစ် အသိအမှတ် မပြုသောကြောင့် ၎င်းတို့၏ လုံခြုံရေးအား စိုးရိမ်မိကြောင်း၊ ဒုက္ခသည်များအား ထိုကဲ့သို့ ပြန်လည် ပို့ဆောင်ခြင်းမှာ နိုင်ငံတကာ ဥပဒေအား ချိုးဖောက်ခြင်းပြီး၊  ရိုဟင်ဂျာများ မြန်မာနိုင်ငံတွင် ဒုက္ခနှင့် ကြုံတွေ့မည်ကို ထိုင်း အာဏာပိုင်များက သိသော်လည်း ပြန်လည် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့် ဇန်န၀ါရီလကတည်းက ရိုဟင်ဂျာ ၁၃၀၀ ခန့်မှာ ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း၊ အများစုမှာ မလေးရှားသို့သွားရောက် အလုပ်လုပ်ကိုင် လိုပြီး ထို့နောက် သြစတေးလျသို့ သွားရောက်ရန် မျှော်လင့်နေကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။

    ဓါတ်ပုံအညွှန်း- ထိုင်းနိုင်ငံသို့ ထွက်ပြေး ခိုလှုံလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၁၃ ဇူလိုင်လက  ထိန်းသိမ်းရေးစခန်းတခုတွင်တွေ့ရစဉ်  (Bangkok Post file photo)

    ကိုးကား- ဘန်ကောက်ပိုစ့်

  • Mizzima: ဦးကိုနီနှင့် ဦးမြအေး ပါဝင်ဟောပြောမည့် စာပေဟောပြောပွဲ ကန့်ကွက်ခံရ၍ ဖျက်သိမ်း

    ဖေဖော်ဝါရီ ၁၃ ရက်၊၂၀၁၄
    မဇ္ဈိမ
    ဟိန်းကိုစိုး၊ ရွှေရည်ဝင်းထက်

    1009979_528113847286844_804525407_n

    ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဂ)ရပ်ကွက် ၌ပြုလုပ်မည့် စာပေဟောပြောပွဲတွင် ဦးကိုနီနှင့် ဦးမြအေးတို့ ဟောပြောမည့်အစီအစဉ်ကို မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂက ကန့်ကွက် ခဲ့သောကြောင့် ဟောပြောပွဲ ဖျက်သိမ်းခဲ့သည်ဟု ပွဲစီစဉ်သူ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ဦးမျိုးထွဋ်က ပြောသည်။

    ဦးကိုနီနှင့် ဦးမြအေးတို့ကို ပြည်ထောင်စုနေ့ကဲ့သို့သော အခမ်းအနားမျိုးတွင် လက်မခံနိုင်ဟူသော အကြောင်းပြချက်ဖြင့် မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂမှ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သူလည်းဖြစ်သည့် ဦမျိုးထွဋ်က ဆိုသည်။

    ဟောပြောမည့်သူနှစ်ဦးကို မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ အရှင်သုစိတ္တက ကန့်ကွက်သည့်စာကို မြောက်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးမှူးထံ ဖေဖော်ဝါရီ ၁၀ ရက်တွင်ပေးပို့ခဲ့ပြီး ပွဲဖြစ်မြောက်ရေးစီစဉ် သည့် မြောက်ဥက္ကလာပမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဖေဖော်ဝါရီ ၁၁ ရက်တွင် ကန့်ကွက် စာရောက်ရှိသည်ကို သိရှိသည်ဟု ဆိုသည်။

    အဆိုပါကန့်ကွက်စာနှင့်ပတ်သက်ပြီး မြို့နယ် အန်အယ်လ်ဒီအဖွဲ့ဝင်များမှ ရဟန်းအဖွဲ့ကို သွားရောက် ဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရခဲ့ပေ။

    မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂမှ အရှင်သုစိတ္တ၏ ကန့်ကွက်စာတွင် “မဖြစ်သင့်တာတွေ ဖြစ်လာနိုင် ပါတယ်ဆိုတဲ့ အကြောင်းသက်ဆိုင်ရာမှ အချိန်မီတားဆီးပေးနိုင်ပါရန် အသိပေးတင်ပြအပ်ပါသည်”ဟု ပါ ရှိပြီး အဆိုပါရဟန်းအဖွဲ့ကိုမူ မီဒီယာများမှ သီးသန့်မေးမြန်းခွင့်မရခဲ့ပါ။

    ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးဦးထွန်းမြတ်က “ကျွန်တော်တို့က အရှင်ဘုရားတို့ကိုလည်း မေတ္တာရပ်ခံပြီးပြီ။ အရှင်ဘုရားက ဦးမြအေးနဲ့ ဦးကိုနီ နှစ်ဦးကို ဖြုတ်ပေးပါဆိုပြီး ပြော တယ်။ တစ်ဖက်ကလည်း စာရေးဆရာလေးဦးရဲ့ဆန္ဒကို မေးတယ်။ စာရေးဆရာ လေးဦး ကလည်း နှစ်ဦး ကိုဖြုတ်ပြီးတော့ ကျန်တဲ့ နှစ်ဦးတည်းနဲ့တော့ မဟောနိုင်ဘူးဆိုပြီး အပြတ်ပဲ။ တစ်ဖက်နဲ့တစ်ဖက်လည်း ပြဿနာ မဖြစ်ရအောင် ဦးမြအေးတို့ ဘက်ကလည်း နောက်ဆုတ်ပေး သွားတယ်”ဟု ပြောသည်။

    စာပေဟောပြောပွဲ တက်ရောက်ဟောပြောရန် တရား လွှတ်တော်ရှေ့နေ ဦးကိုနီ၊ ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေး၊ ဆင်ဖြူကျွန်း အောင်သိန်းနှင့် ဆရာသန်းစိုးနိုင်တို့ကို ဖိတ် ကြားထားခြင်းဖြစ်သည်။ အဆိုပါ ဟောပြောပွဲပြုလုပ်ရန် အန်အယ်လ်ဒီ ဘက်မှ ဇန်န၀ါရီ ၄ ရက်ကတည်း က စီစဉ်ခဲ့ခြင်းဖြစ်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကလည်း ပွဲကျင်းပရန် တရားဝင်ခွင့်ပြုထားပြီးဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဆိုသည်။

    ဟောပြောရန်ကန့်ကွက်ခံရသူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက “တိုင်းပြည်က နှစ်ပေါင်း ၅၀ လောက် အာဏာရှင်စနစ်အောက်မှာနေခဲ့ရပြီး အခု ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားနေတဲ့ အခြေအနေမှ ဘာသာခြားဖြစ်လို့ ဖျက်ဖို့ တောင်းဆိုတာ ဒီမိုကရေစီကို အနှောင့်အယှက်ပေးသလို ဖြစ် နေတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ခက်ခဲနေဦးမယ်”ဟု သုံးသပ် ပြောဆိုသည်။

    ဦးကိုနီသည်“ပဉ္စမပြည်ထောင်စု မြန်မာနိုင်ငံ”ဟူသော ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ ရှေ့ဆက်မည့် ဒီမိုက ရေစီလမ်းကြောင်း အခြေအနေများကို ဟောပြောရန် စီစဉ်ထား သည်ဟု သိရသည်။

    အဆိုပါကိစ္စနှင့်ပတ်သက်၍ ၈၈ မျိုးဆက် ငြိမ်း/ပွင့်မှ ဦးမြအေးကို ဆက်သွယ်မေးမြန်းရာ ပွဲစီစဉ်သူကို သာ တိုက်ရိုက် မေးမြန်းရန် ပြောကြားခဲ့သည်။

    Link =>https://www.facebook.com/permalink.php?story_fbid=718504198184488&id=216265185075061&stream_ref=10

    Photo Credit=> DrTin Win Aung FB

  • ဗိုလ်ချုပ်နဲ့ နိုင်ငံသားအခြေပြု မျိုးချစ်စိတ်

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၄
    M-Media
    ရေးသားသူ- Dr နေလင်းအောင်

    483996_519263994782742_89105766_n

    ဗိုလ်ချုပ်ကို စတုတ္ထမြန်မာနိုင်ငံတော် တည်ထောင်သူလို့ အချို့ကဆိုကြပါတယ်။ တချို့ပညာရှင်များကတော့ ဒီအဆိုကို လက်မခံပဲ ဗိုလ်ချုပ်ဟာ ပထမပြည်ထောင်စုမြန်မာနိုင်ငံကို ထူထောင်သူသာဖြစ်တယ် လို့ဆိုပါတယ်။ ဆိုလိုတာကတော့ အင်္ဂလိပ်ထံက လွတ်လပ်ရေးယူဖို့ ကြိုးပမ်းချိန်မှာ သက်မှတ်ခဲ့တဲ့ နိုင်ငံတော် နယ်နမိတ်အတွင်းမှာ ရှေးယခင် ကာလကထဲ ရှိခဲ့ကြတဲ့ ပြည်ထောင်တွေအားလုံး စုပေါင်းထားတဲ့ ပြည်ထောင်စုကို အတင်းအဓမ္မမဟုတ်ပဲ အားလုံး သဘောတူညီမူနဲ့ တည်ထောင်ရန် အစပျိုးနိုင်ခဲ့သူ လို့ဆိုတာပါ။

    ယနေ့ပြည်ထောင်စုနယ်နိမိတ်အတွင်းမှာ နေထိုင်ကြတဲ့လူမျိုးများဟာ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်း နှင့် နေခဲ့ကြပါတယ်။ ပဒေသရာဇ်ခေတ် ထုံးစံအတိုင်း စစ်နိုင်သူက သိမ်းပိုက်၊ အင်ပါယာထူထောင်ခဲ့ကြရာမှာ ဗမာဘုရင့်နိုင်ငံတော်ဟာ တခါတရံ အခြား တိုင်းရင်းသားပြည်ထောင်များ ကိုကျော်လွန်ပြီး ယိုးဒယား နယ်ထိ သိမ်းပိုက်နိုင်ပြီး တခါတရံလည်း အခုလက်ရှိ နယ်နိမိတ်အချို့တောင် ဆုံးရှုံးခဲ့ရတာတွေရှိခဲ့ပါတယ်။  အင်္ဂလိပ်ထံက လွတ်လပ်ရေးရဖို့ ပြင်ဆင်ချိန်မှာတော့ သတ်မှတ်ထားတဲ့ မြန်မာ နယ်နိမိတ် အတွင်းက ပြည်ထောင်စု တိုင်းရင်းသား အားလုံး သာတူညီမျှရှိမဲ့ ပြည်ထောင်စုနိုင်ငံတော် ပေါ်ပေါက်ရေး ဗိုလ်ချုပ်ကြိုးပမ်း ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြိုးပမ်းခဲ့မှုဟာ တိုင်းရင်းသား လူမျိုးလို့ ယနေ့ခေါ်ဆိုခံရသူများ အတွက် သာမကပါဘူး၊ မြန်မာပြည်မှာမွေး၊ မြန်မာ့ရေသောက်သုံးကြသူ အားလုံးကို စုစည်းပေးခဲ့ပါတယ်။ Geo-Politically အရရော စီးပွားရေး လမ်းကြောင်းအရပါ အရေးပါတဲ့ နေရာမှာရှိတဲ့ မြန်မာပြည်မှာ လူမျိုးပေါင်းစုံ ရှေးယခင်တည်းက နေခဲ့ကြပါတယ်။ ဒပ်ခ်ျ၊ ပေါ်တူဂီ၊ အင်္ဂလိပ်၊ ပြင်သစ်၊ အာရပ်၊ ပါရှား အနွယ်တွေ၊ အိမ်နီးချင်း အိန္ဒိယ၊ တရုတ်နွယ်ဝင်တွေ ရာစုနှစ်နဲ့ချီ နေထိုင်ခဲ့ကြပါတယ်။ ဗိုလ်ချုပ်ဟာ မြန်မာ နယ်နိမိတ်အတွင်း နေထိုင်သူ အားလုံးပိုင်တဲ့၊ ဆိုင်တဲ့၊ သစ္စာစောင့် သိရမယ့် ပြည်ထောင်စုနိုင်ငံတော်ကို ထူထောင်ဖို့ ခေတ်ရှေ့ပြေးတဲ့ အမျိုးသားရေး စိတ်ဓာတ်၊ မျိုးချစ် စိတ်ဓာတ်ကို ချမှတ်ပေးခဲ့ပါတယ်။

    လူ့အဖွဲ့အစည်းတရပ် တိုးတက်ဖို့ အမျိုးသားရေး စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်နဲ့ ကြိုးပမ်းဖို့ အလွန်အရေးကြီးပါတယ်။ ဗိုလ်ချုပ်ဟာ စူးရှထက်မြက်တဲ့ အမျှော်အမြင်နဲ့ နိုင်ငံသားအခြေပြု မျိုးချစ် စိတ်ဓာတ်ကို မျိုးစေ့ချပေးခဲ့ပါတယ်။ Globalization ခေတ်မှာ လူမျိုးအခြေခံ၊ ဘာသာအခြေခံမျိုးချစ်စိတ်နဲ့ တိုင်းပြည် ထူထောင်လို့ မရတော့တဲ့ အတွက် ခေတ်မှီတိုးတက်တဲ့၊  ခေတ်မှီ တိုးတက်လိုတဲ့နိုင်ငံတိုင်းမှာ နိုင်ငံသား အခြေခံ မျိုးချစ်စိတ်ကိုသာ ရှင်သန်အောင် မွေးမြူပေးကြပါတယ်။ လူမျိုးတမျိုး၊ ဘာသာတစ်ခု၊ လူ့အဖွဲ့အစည်း တစ်ရပ် ကြီးပွားတိုးတက်ကောင်းစားရေး အတွက် တခြားလူမျိုး၊ ဘာသာ၊ လူ့အစုအဝေးကို မထိခိုက်ဘဲ ဆောင်ရွက်ခြင်းဟာ ကောင်းတဲ့အလုပ်ပါ။ သို့သော် လူမျိုးစုံ၊ ဘာသာစုံ၊ လူ့အသိုင်းအ၀ိုင်းစုံ ရှိကြတဲ့ ယနေ့ ကမ္ဘာ့နိုင်ငံတွေမှာ လူမျိုး၊ ဘာသာစွဲ မျိုးချစ်စိတ်နဲ့ တိုင်းပြည် ထူထောင်ဖို့ ကြိုးပမ်းခြင်းဟာ နိုင်ငံသား အချင်းချင်းသွေးကွဲပြီး ညီညွတ်မှု ပျက်ပြား၊ တိုးတက်မှုနှောင့်နှေးစေနိုင်ပါတယ်။

    ဒါကြောင့် ဗိုလ်ချုပ်ဟာ လွတ်လပ်ရေး တိုက်ပွဲဝင်စဉ် ကြွေးကျော်ခဲ့တဲ့ အမျိုး၊ ဘာသာ၊ သာသနာ ဆိုတာကို ခေတ်မှီစွာ အဓိပ္ပါယ် ဖွင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံ အတွက် နိုင်ငံတော် ဘာသာ သာသနာ တစ်ရပ် သတ်မှတ်ဖို့ကို လက်မခံပဲ ပြည်ထောင်စုနေ လူများကိုးကွယ်တဲ့ ဘာသာ သာသနာတိုင်းကို နိုင်ငံတော် အသိမှတ်ပြုတဲ့ ဘာသာ သာသနာ၊ ကာကွယ်စောင့်ရှောက်ပံ့ပိုး ရမယ့် ဘာသာ သာသနာတွေလို့ ဆိုခဲ့ပါတယ်။ ဘာသာစကားနဲ့ ပတ်သက်ပြီးတော့လဲ ပင်လုံ ညီလာခံမှာ လူမျိုး အမျိုးမျိုးရှိပေမယ့် အင်္ဂလိပ်စကားပဲပြောတဲ့ အမေရိကန် နဲ့ ဘာသာစကား အမျိုးမျိုးရှိပေမယ့် လူမျိုးတမျိုးထဲရှိတဲ့ ရုရှားတို့ကို ဥပမာပြပြီး ဘာသာစကား တခုထဲ စွဲလို့မရကြောင်းပြောခဲ့ပါသေးတယ်။ လူမျိုးကို အဓိပ္ပါယ်ဖွင့်ရာမှာလည်း “လူမျိုးဆိုသည်မှ သုခ၊ ဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေ ရေရှည်လျားစွာ တမျိုးတစားတည်းပင်ဟု စိတ်ထားရှိသူများကို တခုတည်းပေါင်း၍ခေါ်ဝေါ်ခြင်းဖြစ်သည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့်ဘာသာ၊ ပြောဆိုသည့် စကားတို့ကို အရေးထား ရမည်ဖြစ်သော်လည်း စင်စစ်မှာ အေးအတူ ပူအမျှ ကောင်းတူဆိုးဘက် ပူးပေါင်းနေလိုသောဆန္ဒအပေါ်တွင် ၀ံသာနုရက္ခိတ တရားသည် တည်နေပေသည်။” လို့ အလယ်ပစ္စယံ ညီလာခံမှာ ပြောကြားခဲ့ပါတယ်။ ဆိုလိုတာကတော့ မြန်မာ့ နယ်နိမိတ်တွင်းမှာ နေထိုင်တဲ့ လူမျိုးအားလုံး၊ ဘာသာဝင်အားလုံး၊ အယူဝါဒစုံရှိသူ အားလုံးဟာ နိုင်ငံသားဖြစ်မှုခေါင်းစဉ် တစ်ခုအောက်မှာ မျိုးချစ်စိတ် တည်ဆောက်ဖို့ ဖော်ဆောင်ပေးခဲ့ တာပဲဖြစ်ပါတယ်။

    ဗိုလ်ချုပ်ဘ၀မှာလည်း ဒီအတွေးအခေါ် အယူအဆကို လက်တွေ့ပုံဖေါ်သွားခဲ့ပါတယ်။ ဘာသာ၊ လူမျိုး အစွဲ မထားဘဲ အရည်အချင်းရှိတဲ့၊ တိုင်းပြည်ချစ်စိတ်ရှိသူ မှန်သမျှနဲ့ လက်တွဲလုပ်ဆောင်ခဲ့ပါတယ်။ နောက်ဆုံး လုပ်ကြံခံ ရချိန်မြင်ကွင်းက သူယုံကြည်ရာ နိုင်ငံသား အခြေပြု မျိုးချစ်စိတ်ရဲ့အကြီးဆုံး သက်သေပါ။ ဗိုလ်ချုပ်ရဲ့ သွေးဟာ နိုင်ငံတော်ဘာသာ အဆိုတင်သွင်းခဲ့သူ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင် ဒီးဒုတ် ဦးဘချိုသွေးနဲ့နှောခဲ့တယ်။ ရှမ်းစော်ဘွားကြီး စ၀်စံထွန်းနဲ့ ကရင်ခေါင်းဆောင် မန်းဘခိုင်တို့ရဲ့ သွေးနဲ့လည်း နှောခဲ့တယ်။ အိန္ဒိယ-ဗမာ နွယ်ဖွား အစ္စလာမ် ဘာသာဝင် ဦးရာဇတ်သွေးနဲ့လည်း နှောခဲ့တယ်။ နောက်ဆုံး ဗိုလ်ချုပ် တိုက်ခဲ့တဲ့ အင်္ဂလိပ် လူမျိုးတွေထဲက အိပ်ခ်ျဒဗလျူထရပ်ဝိန်းရဲ့သား ဦးအုန်းမောင်သွေးနဲ့လည်းနှောပြီး စီးဆင်းခဲ့ပါတယ်။

    အမေရိကန် လို ခေတ်မှီတဲ့ နိုင်ငံကြီးတွေမှာ ကမ္ဘာအနှံ့က လူတော်တွေကိုခေါ်၊ ကိုယ့်နိုင်ငံရဲ့ မျိုးချစ်စိတ်သွင်း Americanization လုပ်ပြီး နိုင်ငံကောင်းစားရေးဆောင်ရွက်နေတဲ့ ခေတ်ကာလမှာ ကျနော်တို့နိုင်ငံတွင်းက ရှိနှင့်ပြီးသား နိုင်ငံသားတွေကို Demyanmarization လုပ်ပြီး ကန်ထုတ်နေတဲ့ လုပ်ရပ်တွေကို ဆင်ခြင်ပြီး ဗိုလ်ချုပ် ချမှတ်ပေးခဲ့တဲ့ နိုင်ငံသား အခြေပြု မျိုးချစ်စိတ်ကို ရှင်သန်ထွန်းကား ပြန့်ပွားအောင်ကြိုးပမ်းရင်း လက်တွဲညီညီနဲ့ တိုင်းပြည် ထူထောင်ကြပါမှ တိုင်းပြည် ငြိမ်းချမ်း တိုးတက်နိုင်မယ်လို့ ဗိုလ်ချုပ်မွေးနေ့မှာ တွေးတောဆင်ခြင်မိကြောင်းပါ။