News @ M-Media

Blog

  • ပစိဖိတ်သမုဒ္ဒရာထဲတွင် ၁ နှစ်ကျော်ကြာ မျောပါနေခဲ့သူ အဲလ်ဆာဗေဒိုးသို့ ပြန်လည်ရောက်ရှိ

    ပစိဖိတ်သမုဒ္ဒရာထဲတွင် ၁ နှစ်ကျော်ကြာ မျောပါနေခဲ့သူ အဲလ်ဆာဗေဒိုးသို့ ပြန်လည်ရောက်ရှိ

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄
    M-Media

    –  ပစိဖိတ်သမုဒ္ဒရာအတွင်းတွင် ၁ နှစ်ကျော်မျောနေခဲ့သည့် အဲလ်ဆာဗေဒိုး ငါးဖမ်းလုပ်သားတစ်ဦးမှာ နေရပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်ဟု သိရသည်။

    အသက် ၃၇ နှစ်အရွယ်ရှိ ဂျိုဆေး ဆာဗေဒိုး အဲလ်ဗာရန်ဂါမှာ ငါးဖမ်းသွာရာမှ မုန်တိုင်းမိကာ သမုဒ္ဒရာထဲတွင် မျောပါနေခဲ့ပြီးနောက် ဇန်န၀ါရီလ နှောင်းပိုင်းက မာရှယ်ကျွန်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

    ဟိုနိုလူလူနှင့် လော့စ်အိန်ဂျလိစ်တို့တွင် ဆေးကုသမှု ခံယူခဲ့ပြီး ယခုတစ်ပါတ် အင်္ဂါနေ့တွင် အဲလ်ဆာဗေးဒိုးသို့ ရောက်ရှိလာသည့် အဲလ်ဗာရန်ဂါအား မိသားစု၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ပြည်သူများစွာက ကြိုဆိုခဲ့ကြသည်။ ထို့နောက် ၎င်းအား ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ရန် ဆေးရုံသို့ ဘီးတပ် ကုလားထိုင်ဖြင့် ပို့ဆောင်ခဲ့သည်။

    မိမိအနေဖြင့် လိပ်သွေးများကို သောက်ခဲ့ရကာ၊ ငါးများ၊ ငှက်များကို လက်ဖြင့် ဖမ်းဆီးစားသောက်၍ အသက်ဆက်ခဲ့ရသည်ဟု ဖွင့်ဟခဲ့သည့် အဲလ်ဗာရန်ဂါ က “ကျွန်တော် ပြောစရာစကားကိုရှာလို့မရပါဘူး” ဟု စိတ်လှုပ်ရှားစွာဖြင့်ပြောကြားခဲ့သည်။

    နိုင်ငံခြားရေးဝန်ကြီး မီရန်ဒါကမူ အဲလ်ဗာရန်ဂါ၏ ထိုအဖြစ်အပျက်အား “ယုံကြည်မှု သို့မဟုတ် ဘ၀အတွက် ရုန်းကန်လှုပ်ရှားမှု” ဟု ကင်ပွန်းတပ်ခဲ့ပြီး၊ အသက် ၁၄ နှစ်အရွယ်ရှိ အဲလ်ဗာရန်ဂါ၏ သမီးဖြစ်သူ ဖာတီမာက “အဖေအသက်ရှင်နေတယ်လို့ သိရတဲ့အတွက် ကျွန်မတော်တော်ပျော်ပါတယ်။ အခုတော့ အဖေပြန်လာပါပြီ၊ ကျွန်မအဖေ့ကို အားရပါးရဖက်လိုက်ချင်တော့တာပဲ” ဟု ၀မ်းသာစွာဖြင့် ပြောကြားခဲ့သည်။

    နေ့ရက်အတိအကျကို မသိရှိရသော်လည်း အဲလ်ဗာရန်ဂါမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း မက္ကဆီကိုတောင်ပိုင်းမှ ငါမန်းဖမ်းရန်အတွက် ထွက်ခွာ သွားခဲ့ပြီးနောက် မုန်းတိုင်းနှင့် ကြုံတွေ့ခဲ့ကာ သင်္ဘောပျက်၍ ပင်လယ်ထဲတွင် မျောပါနေခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် မာရှယ်ကျွန်းရှိ သန္တာ ကျောက်တန်းတစ်ခုပေါ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

    Ref : Aljazeera

  • ဂျာဗားကျွန်း အန္တရာယ်အရှိဆုံးမီးတောင် လှုပ်ခတ်မှုကြောင့် ဒေသခံ သိန်းနှင့်ချီ ပြောင်းရွှေ့ပေးခဲ့ရ

    ဂျာဗားကျွန်း အန္တရာယ်အရှိဆုံးမီးတောင် လှုပ်ခတ်မှုကြောင့် ဒေသခံ သိန်းနှင့်ချီ ပြောင်းရွှေ့ပေးခဲ့ရ

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄
    M-Media

    –   အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းတွင် မီးတောင်လှုပ်ရှားမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ချော်ရည်များ၊ ပြာများ မှုတ်ထုတ်ခဲ့သောကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာကို အစိုးရမှ ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု သိရသည်။

    အဆိုပါကျွန်းရှိ အန္တရာယ်အရှိဆုံး မီးတောင်ဖြစ်သည့် Kelud မီးတောင်မှာ ယမန်နေ့ ညပိုင်းက လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး နာရီအနည်းငယ်အကြာတွင် ပြာများ၊ ချော်ရည်များ၊ ကျောက်ခဲများ မှုတ်ထုတ်ခဲ့ကာ အနီးအနားရှိရွာများသို့ အဆက်မပြတ် ကျရောက်ခဲ့သည်။

    ဂျာဗားကျွန်းမှာ လူဦးရေ သိပ်သည်းထူထပ်သော ကျွန်းတစ်ကျွန်းဖြစ်ပြီး ကျွန်းအရှေ့ပိုင်း Kediri ခရိုင် မီးတောင် ပတ်ဝန်းကျင် ၁၀ ကီလိုမီတာ အတွင်း ရှိ ရွာပေါင်း ၃၆ ရွာမှ လူပေါင်း ၂ သိန်းခန့်ကို ဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့ပေးခဲ့ရပြီး၊ အဓိက လေဆိပ်သုံးခုကိုလည်း ပိတ်ထားခဲ့ရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မီးတောင် လှုပ်ရှားမှုကြောင့် စောစောပိုင်းက အသေအပျောက် မရှိသော်လည်း ယခုနောက်ဆုံးရ သတင်းများ အရ လူနှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ၁၇၃၁ မီတာ အမြင့်ရှိသည့် အဆိုပါ Kelud မီးတောင်မှာ သက္ကရာဇ် ၁၀၀၀ မှ စ၍ ၂၀၁၄ ခုနှစ်အထိ အကြိမ်ပေါင်း ၃၀ ကျော် လှုပ်ခတ်ခဲ့ပြီး ထို မီးတောင်ကြောင့် လူပေါင်း ၁၅၀၀၀ ကျော် သေဆုံးခဲ့ရသည်။

    Ref : Aljazeera

  • ၉၉-နှစ်တိုင်အောင် ဗိုလ်ချုပ်ကို လူတွေကဘာလို့ တမ်းတနေကြတာလဲဆိုတာ ကလေးတွေကို သိစေချင်တယ်ဟု နိုင်ငံရေးလှုပ်ရှားသူ ကိုစည်သူပြော

    ၉၉-နှစ်တိုင်အောင် ဗိုလ်ချုပ်ကို လူတွေကဘာလို့ တမ်းတနေကြတာလဲဆိုတာ ကလေးတွေကို သိစေချင်တယ်ဟု နိုင်ငံရေးလှုပ်ရှားသူ ကိုစည်သူပြော

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄
    M-Media
    လင်းလင်း

    DSC01571

    ရန်ကုန် ။     ။ ဗိုလ်ချုပ်အောင်ဆန်း၏ ၉၉-နှစ်မြောက် မွေးနေ့အခမ်းအနားကို နိုင်ငံရေးလှုပ်ရှားသူ လူငယ်တစ်ခုဖြစ်သော ကိုအောင်စိုး၊ ကိုစည်သူ တို့မှ ဦးဆောင်၍ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အား ဗိုလ်ချုပ်ကိုချစ်သောပြည်သူများ၊ ကလေးငယ်များနှင့် ရန်ကုန်မြို့မဟာဗန္နုပန်းခြံတွင် ဖေဖော်ဝါရီလ ၁၃-ရက်နေ့တွင် ကျင်းပခဲ့ကြသည်။

    “လူငယ်များက လွတ်လပ်ရေး ကျောက်တိုင်ကြီးရှိရာ မဟာဗန္နုလ ပန်းခြံကြီးထဲမှာ နှစ်တွေအကြာကြီးမေ့ဖျောက်ခံထားရတဲ့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ကလေးများ နောင်လာနောင်သားတွေ သိစေချင်တဲ့ရည်ရွယ်ချက်နဲ့ မေးခွန်းလေးတွေမေးပြီး လက်ဆောင်ပစ္စည်းလေးတွေ ပေးတာပါ” ဟု လယ်သမားရေးလှုပ်ရှားသူ တစ်ဦးဖြစ်သူ ဦးဝင်းချိုကပြောကြားခဲ့ပါသည်။

    ဗိုလ်ချုပ်၏ဘ၀ဖြစ်စဉ် သမိုင်းအကြောင်းအရာများကို မေးခွန်းများအဖြစ် စိတ်ပါဝင်စားသူများမှ လာရောက်ဖြေဆိုခဲ့ကြပြီး ဖြေဆိုသူများကို လက်ဆောင် ပစ္စည်းများဖြင့် ပြန်လည်ပေးအပ်ခဲ့ကြပါသည်။

    “အရင်အစိုးရလက်ထက်မှာ ဗိုလ်ချုပ်ဓာတ်ပုံတွေချိတ်ဆွဲထားတာ မတွေ့ရတော့ဘူး။ ကလေးတွေကလည်း ဗိုလ်ချုပ်အကြောင်းအရာတွေနဲ့ ဝေးကွာ နေတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပြည်သူတွေအတွက် ဘယ်လောက်အရေးပါတယ် လွတ်လပ်ရေးဖခင်ကြီးလို့ ဘာလို့ခေါ်တယ်၊ ဘယ်လိုလူ အမျိုးအစားလည်း ဆိုတာ သိစေချင်တယ်။ ၉၉-နှစ်တိုင်အောင် လူတွေက ဗိုလ်ချုပ်ကို ဘာလို့ တမ်းတနေတာလဲဆိုတာ ကလေးတွေကို သိစေချင်တယ်၊ သိအောင်လို့ ပြောပြချင်ပါတယ်။ အခုလို မေးခွန်းလေးတွေမေးတော့ ကလေးတွေသိလာမယ်လို့ ယုံကြည်ပါတယ်” ဟု ကိုစည်သူကပြောကြားခဲ့ပါသည်။

    ဖေဖော်ဝါရီလ ၁၃-ရက်နေ့သည် မြန်မာနိုင်ငံကလေးများနေ့ဖြစ်သောကြောင့် ပန်းခြံထဲသို့လာရောက်လည်ပတ်ကြသည့် ကလေးသူငယ်များကိုလည်း လက်ဆောင်များကို မဲဖောက်ပေးပြီး ဝေကာ သခင်အောင်ဆန်း၏ ၉၉-နှစ်မြောက် မွေးနေ့ကြီးကို ပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။

  • အမေရိကန်နိုင်ငံ တက္ကသိုလ်များမှ ပညာရေးအခွင့်အလမ်းများပြသ

    အမေရိကန်နိုင်ငံ တက္ကသိုလ်များမှ ပညာရေးအခွင့်အလမ်းများပြသ

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄
    M-Media
    လမင်း

    11-1

    ရန်ကုန်။        ။ အမေရိကန်အစိုးရမှ မြန်မာကျောင်းသူကျောင်းသားများအား ပညာသင်ဆုအခွင့်အလမ်းများကို ဖန်တီးပေးလျက်ရှိရာ အမေရိကန် နိုင်ငံရှိ တက္ကသိုလ် ကောလိပ် ၃၆-ခုမှတာဝန်ရှိသူများသည် မြန်မာကျောင်းသူ ကျောင်းသားများအတွက် ပညာရေးအခွင့်အလမ်း ပြပွဲတစ်ခုကို ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများ ဟိုတယ်၌ ဖေဖော်ဝါရီ ၁၃-ရက်နေ့တွင် ပြသခဲ့ကြသည်။

    ကယ်လီဖိုးနီးယားပြည်နယ်ရှိ တက္ကသိုလ်၊ ကိုလိုရာဒိုပြည်နယ် တက္ကသိုလ်၊ စိန့်လူးဝစ်တက္ကသိုလ်၊ စိန့်ပီတာ တက္ကသိုလ်၊ အရီဇိုနား တက္ကသိုလ် အစရှိ သည့် တက္ကသိုလ်များမှ တာဝန်ရှိပုဂ္ဂိုလ်များက အမေရိကန်နိုင်ငံရှိ ပညာရေးအခွင့်အလမ်းများစွာကို မြန်မာနိုင်ငံရှိ ပညာဆည်းပူးလိုသော ကျောင်းသူ ကျောင်းသားများကို လာရောက်ပြသ ရှင်းလင်းခဲ့ကြသည်။

    အမေရိကန်နိုင်ငံသို့သွားရောက် ပညာသင်ယူလိုသော ကျောင်းသား၊ ကျောင်းသူများအနေနှင့် အဆင့်ငါးဆင့်ကိုသတ်မှတ်ထားပြီး ပထမအဆင့် အနေနှင့် မိမိသင်ယူလိုသော အကြောင်းအရာကို သုတေသနပြုခြင်း၊ ကျောင်းဝင်ခွင့်လျှောက်လွှာဖြည့်စွက်ခြင်း၊ ကျောင်းစရိတ်စုဆောင်းခြင်း၊ ကျောင်းသားဗီဇာ စုဆောင်းခြင်း၊ မိမိတက်ရောက်ရမည့် တက္ကသိုလ်သို့ သွားရောက်ရန် ပြင်ဆင်ခြင်းတို့ ဖြစ်ကြောင်း ပြပွဲကျင်းပသည့် တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့ပါသည်။

    အမေရိကန်သို့ ပညာတော်သင်သွားရောက်ရန် စိတ်ဝင်စားသည့် ကျောင်းသား ကျောင်းသူ ဦးရေမှာ မြင့်တက်လျက်ရှိနေကြောင်းလဲ သိရှိရပါသည်။ အမေရိကန်တက္ကသိုလ် အခွင့်အလမ်းပြပွဲသို့ မြန်မာကျောင်းသား၊ ကျောင်းသူများစွာ လာရောက်လေ့လာ ဆည်းပူးခဲ့ကြပါသည်။

  • နှစ်ပေါင်း ၃၀ အဲဗာတန်ကို အားပေးသည့် မလေးနိင်ငံသား ပထမဆုံး ကွင်းတွင် လာကြည့်ချိန် ပွဲရွှေဆိုင်းမှုနှင့် ကြုံခဲ့ရ

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၄
    M-Media
    article-0-1B6EE2B000000578-300_634x636
    – အဲဗာတန်အသင်း၏ အိမ်ကွင်းပွဲစဉ်ကို မလေရှားမှ လာရောက်ကြည့်ရှုသည့် အဲဗာတန်အမာခံပရိတ်သတ်တစ်ဦးမှာ ပွဲစဉ်ရွှေ့ဆိုင်းခြင်းနှင့် ကြုံတွေ့ခဲ့ရသည်ဟု သိရသည်။

    မလေးရှားနိုင်ငံသား ရစ်ဝီဆိုသူမှာ အဲဗာတန်အသင်းအား နှစ်ပေါင်း ၃၀ ကျော် အားပေးလာခဲ့သူဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် အဲဗာတန်အသင်းအိမ်ကွင်း ဂွဒ်ဒီဆင်ပါ့ခ်တွင် ကစားမည့် အဲဗာတန်နှင့် ခရစ္စတယ်ပဲလေ့စ်တို့ ယမန်နေ့ပွဲအား ကြည့်ရှုရန် မလေးရှားမှ အခြား အဲဗာတန် ပရိတ်သတ်တစ်ဦးနှင့် တကူးတက လာရောက်ခဲ့ခြင်းဖြစ်သည်။

    ရစ်ကီမှာ ဂွဒ်ဒီဆင်ပါ့ခ်ကွင်းထဲသို့ရောက်ရှိခဲ့ပြီး ကွင်းအားနောက်ခံထား၍ ရိုက်ထားသော ၎င်း၏ ဓာတ်ပုံကိုလည်း Twitter စာမျက်နှာတွင် တင်ခဲ့သည်။ သို့သော်လည်း အင်္ဂလန်တွင်ရာသီဥတု ဆိုးရွားနေခြင်းကြောင့် ပြိုင်ပွဲအား ရွှေ့ဆိုင်းခဲ့ရကာ ရစ်ကီ၏ အိပ်မက်မှာ ပျက်ပြယ်ခဲ့ရသည်။  ထိုပွဲစဉ်ကြည့်ရှုခွင့်အား လက်လွှတ်ခဲ့ရသော်လည်း အနာဂတ်တွင် ထပ်မံကြည့်ရှုခွင့်ရရန် ကြိုစားသွားမည်ဟု ၎င်းက Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    ရစ်ဝီနှင့်အတူ အခြားမလေးရှားနိုင်ငံသား ရစ်ဝန်ရာဇက် နှစ်ဦးတို့အားအသင်း၏ အ၀တ်လဲခန်းအား ကြည့်ရှုနိုင်ရန် အသင်းမှ စီစဉ်ပေးခဲ့ပြီး၊ အသင်း၏ နောက်ခံလူ လေတန်ဘိန်း လက်မှတ်ထိုးထားသော အသင်းဂျာစီတစ်ထည်ကိုလည်း  ပေးအပ်ခဲ့သည်။ ထို့ပြင် သောကြာနေ့တွင် မလေးရှားသို့ ပြန်လည်ထွက်ခွာရန် ရှိနေသည့် ရစ်ဝီတို့နှစ်ဦးအား ကြာသာပတေးနေ့(ယနေ့)တွင် ကွင်းတစ်ကွင်းလုံးကို လိုက်လံပြသရန် စီစဉ်ထားသည်ဟု အဲဗာတန်အသင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။