News @ M-Media

Blog

  • ပါလက်စတိုင်းငြိမ်းချမ်းရေး အဆုံးမသတ်နိုင်ပါက နိုင်ငံတကာမှ သပိတ်မှောက်မှုများ ခံစားရမည်ဟု အစ္စရေးအား ဂျွန်ကယ်ရီသတိပေး

    ပါလက်စတိုင်းငြိမ်းချမ်းရေး အဆုံးမသတ်နိုင်ပါက နိုင်ငံတကာမှ သပိတ်မှောက်မှုများ ခံစားရမည်ဟု အစ္စရေးအား ဂျွန်ကယ်ရီသတိပေး

    ဖေဖော်ဝါရီ ၃၊ ၂၀၁၄
    M-Media

    – ပါလက်စတိုင်း အာဏာပိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဆုံးမသတ်နိုင်ပါက အစ္စရေးအနေဖြင့် နိုင်ငံတကာ၏ သပိတ်မှောက်မှုကို ခံစားရလိမ့် မည်ဟု အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက သတိပေးပြောကြားခဲ့သည်။

    ဖေဖော်ဝါရီ ၁ ရက် စနေနေ့က ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ပြုလုပ်ခဲ့သည့် လုံခြုံရေးဆိုင်ရာ ညီလာခံတွင် ကယ်ရီက ပြောကြားခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်းပိုင်နက်အတွင်းသို့ ကျူးကျော်ကာ အစ္စရေးက အိမ်ရာများ ဆောက်လုပ်နေခြင်းကိုလည်း ပြစ်တင်ဝေဖန်ခဲ့သည်။

    “အစ္စရေးအတွက် အလောင်းအစားက ကြီးမားလှပါတယ်။ (ပါလက်စတိုင်းပိုင်နက်မှာ) အိမ်ရာတွေတိုးချဲ့ဆောက်လုပ်နေတာတွေနဲ့ ပက်သက်ပြီး လူတွေက ဆတ်ဆတ်ထိမခံဖြစ်နေကြပါပြီ။ သပိတ်မှောက်ဖို့နဲ့ အခြားသောပုံစံတွေနဲ့(တုန့်ပြန်ဖို့) ပြောဆိုနေပါတယ်” ဟု ကယ်ရီက ပြောကြားခဲ့သည်။

    ထိုမှတ်ချက်နှင့် ပက်သက်၍ အစ္စရေးဘက်မှ ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး အစ္စရေးအပေါ် ပိတ်ဆို့မှုများပြုလုပ်ရန်အတွက် ဂျူးဆန့်ကျင်ရေး အားထုတ်မှုအား ထောက်ခံပေးသူအဖြစ် ဂျွန်ကယ်ရီအား စွပ်စွဲခဲ့သည်။ထို့ပြင် ဂါဇာကမ်းမြောင်ဒေသအား သိမ်းပိုက်မည်ဟုလည်း ခြိမ်းခြောက် ပြောဆိုခဲ့သည်။

    ပါလက်စတိုင်းတို့၏ အခွင့်အရေးများကို ချိုးဖောက်မှုကြောင့် နိုင်ငံတကာ ပိတ်ဆို့မှုပြုလုပ်ရေး၊ သပိတ်မှောက်ရေးအဖွဲ့ BDS က အစ္စရေးအပေါ် ပိတ်ဆို့မှုများပြုလုပ်ရေးလှုပ်ရှားမှုမှာ လွန်ခဲ့သည့် လအနည်းငယ်က စတင် အရှိန်ရလာခဲ့သည်။ ၂၀၁၃ ခုနှစ် ဧပြီလတွင် အမေရိကန်အခြေစိုက် အာရှ-အမေရိကန်လေ့လာရေးအသင်းက အစ္စရေးပေါ် ပထမဆုံးအကြိမ် ပညာရေးဆိုင်ရာ သပိတ်မှောက်မှု ပြုလုပ်ခဲ့ပြီး၊ ဒီဇင်ဘာလတွင် အမေရိကန်ရှိ ပါမောက္ခများ ပါဝင်သည့် အမေရိကန်လေ့လာရေးအသင်း ASA က အစ္စရေးတက္ကသိုလ်များအား သပိတ်မှောက်ခဲ့ကြသည်။

    ထို့ပြင် ၁၉၆၇ ခု စစ်ပွဲအပြီးကစ၍ အစ္စရေးအား ပေးအပ်နေသည့် ထောက်ပံ့ကြေးများအား ယခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့တွင် ဥရောပသမဂ္ဂမှ ရပ်တန့်ခဲ့သည်။ ပါလက်စတိုင်းနယ်မြေအတွင်း အိမ်ရာများဆောက်လုပ်မှုကို ဆန့်ကျင်သည့် အနေဖြင့် နယ်သာလန်၊ ဆွီဒင်နှင့် နော်ဝေ စသည့်နိုင်ငံများမှ အချို့သော ကုမ္ပဏီများကလည်း အစ္စရေးနှင့် ဆက်သွယ်လုပ်ဆောင်မှုများအားလုံးကို ရပ်တန့်ခဲ့သည်ဟု သိရသည်။

    Ref : Press TV

  • ၂၉ လက်မ တီဗီပြုတ်ကျခဲ့သောကြောင့် မလေးရှားတွင် သမီးငယ်တစ်ဦးသေဆုံး

    ၂၉ လက်မ တီဗီပြုတ်ကျခဲ့သောကြောင့် မလေးရှားတွင် သမီးငယ်တစ်ဦးသေဆုံး

    ဖေဖော်ဝါရီ ၃၊ ၂၀၁၄
    M-Media

    – နေအိမ်ရှိ တီဗီတစ်လုံးပြုတ်ကျရာမှ ကလေးငယ်တစ်ဦး သေဆုံးမှုတစ်ခု မလေးရှားနိုင်ငံ ပီနန်ရှိ မြို့တစ်မြို့တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    Prai မြို့တွင် ဖေဖော်ဝါရီ ၁-ရက်နေ့ ညကိုးနာရီခန့်က နေအိမ်ရှိ မိသားစုဝင်များ တရုတ်နှစ်ကူးအတွက် စုပေါင်း ဓာတ်ပုံရိုက်နေကြစဉ် ၂၉ လက်မ တီဗီမှာ အသက် ၃ နှစ်အရွယ် Chew Hui Zhen အပေါ်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။

    အခင်းဖြစ်ပွားစဉ် ကလေးငယ်၏ဖခင်နှင့် ထိုင်းနိုင်ငံသား မိခင် ၂ ဦးစလုံး နေအိမ်တွင် ရှိနေကြပြီး၊ အခင်းဖြစ်ပွားပြီးနောက် အဆိုပါ သမီးငယ်ကို Seberang Jaya ဆေးရုံးသို့ ပို့ဆောင်ခဲ့သော်လည်း အသက်အား ကယ်တင်နိုင်ခဲ့ခြင်းမရှိဘဲ သေဆုံးခဲ့သည်။

    ထို့နောက်ဆေးရုံမှရဲ့တပ်ဖွဲ့အား အကြောင်းကြားခဲ့သော်လည်း ရဲတပ်ဖွဲ့က ထိုဖြစ်စဉ်မှာ ရုတ်တရက် သေဆုံးခဲ့ခြင်းဖြစ်ပြီး ရာဇ၀တ်မှုမဟုတ်ဟု ပြောကြားခဲ့သည်။

    Ref: Thestar

  • ထိပ်ဆုံးက ဘာကာ ရှုံးနိမ့်ခဲ့ပြီး၊ ရော်နယ်ဒို အနီကဒ်နဲ့ ရီးယဲလ် သရေကျခဲ့တဲ့ လာလီဂါပွဲစဉ် ၂၂

    ဖေဖော်ဝါရိ ၃၊ ၂၀၁၄
    M-Media

    365616hp2
    – ဒီတစ်ပါရဲ့ လာလီဂါ ပွဲစဉ် ၂၂ မှာတော့ ဘာစီလိုနာ အသင်း ယခုနှစ် လာလီဂါ ဒုတိယမြောက်ရှုံးပွဲတွေ့ခဲ့ပြီး ရီးယဲလ်ကလည်း အဝေးကွင်းမှာ သရေသာရခဲ့ပါတယ်။ အက်သလက်တီကိုကတော့ အိမ်ကွင်းမှာ ဂိုးပြတ်နဲ့ နိုင်ခဲ့ပြီး ၃ မှတ်အသာနဲ့ ထိပ်ဆုံးရောက်ခဲ့ပါတယ်။

    ဗင်လင်စီယာကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရတဲ့ ဘာစီလိုနာတို့ကတော့ ပွဲအစ ၇ မိနစ်မှာပဲ စောစောစီးစီးဦးဆောင်ဂိုး ရခဲ့ပြီး ကစားကွက်အသာနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် အနိုင်မရခဲ့ဘဲ ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲပြီးကာနီး ၁၃ မိနစ်အလိုမှာ ဘာကာကစားသမား အလ်ဘာ နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပါတယ်။

    အဆင့် ၄ က ဘီဘာအိုအသင်းကို အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ ရီးယဲလ်တို့ကတော့ ဘာကာရဲ့ခြေချော်မှုကို အခွင့်ကောင်းမယူနိုင်ခဲ့ဘဲ ၁ ဂိုးစီ သရေသာရခဲ့ပါတယ်။ ၆၅ မိနစ်မှာ ရီးယဲက်တို့ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ၈ မိနစ်သာခံခဲ့ပြီး ၇၃ မိနစ်မှာ ချေပဂိုးပြန်ပေးခဲ့ရတာပါ။ ၇၅ မိနစ်မှာတော့ ဗလင်စီယာကစားသမားတစ်ဦးနဲ့ အခြေအတင်ဖြစ်ခဲ့တဲ့ ရော်နယ်ဒို တိုက်ရိုက်အနီကဒ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

    အက်သလက်တီကိုကတော့ အဆင့် ၆ က ရီးယဲလ်ဆိုဆီဒက်ကို အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့နိုင်ခဲ့ပြီး အမှတ်ပေးဇယားကိုဦးဆောင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ၁ ဂိုးသာသွင်းယူနိုင်ခဲ့ပြီး မိနစ် ၇၀ ကျော်မှ အနိုင်ဂိုးသုံးဂိုး ထပ်ရခဲ့တာပါ။
    တန်းဆင်းဇုန်က ၃ သင်းမှာ ဘက်တစ်တစ်သင်းသာ အက်စပန်ညိုကို အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး အနိုင်ဂိုးတွေကို ၇၁ မိနစ်နဲ့ ၈၉ မိနစ်မှာ ရူဘင် ကက်စထရိုက သွင်းယူပေးခဲ့တာပါ။ ကျန်တဲ့ နှစ်သင်းဖြစ်တဲ့ ဗယ်လ်ကာနိုနဲ့ ဗယ်လာဒိုလစ်တို့ကတော့ ဝေးကွင်းမှာ ပြိုင်ဘက်တွေကို သရေသာကစားနိုင်ခဲ့ပါတယ်။

    ဒီတစ်ပတ် လာလီဂါဇယားကိုတော့ အက်သလက်တီကိုက ဦးဆောင်လိုက်ပြီး ဘာကာနဲ့ ရီးယဲလ်တို့က ၃ မှတ်အကွာနဲ့ နောက်က ထပ်ချပ်မကွာလိုက်နေပါတယ်။ လာလီဂါ ပွဲစဉ် ၂၂ ရဲ့ ကစားပြီးသမျှ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်

    ဘီဘာအို ၁-၁ ရီးယဲလ်
    အက်သလက်တီကို ၄-၀ ဆိုဆီဒက်
    ဘက်တစ် ၂-၀ အက်စပန်ညို
    မာလာဂါ ၃-၂ ဆီးဗီးလား
    ဂီတာဖေး ၀-၀ ဗယ်လာဒိုလစ်
    လီဗန်တေး ၀-၀ ဗယ်လက်ကာနို
    ဘာစီလိုနာ ၂-၃ ဗလင်စီယာ
    ဂရန်နာဒါ ၁-၂ ဆဲလ်တာဗီဂို
    အဲလ်ချီ ၁-၀ အလ်မာရီယာ

  • အေစီမီလန်အသင်း တိုးတက်လာခဲ့ပြီဟု ဆီးဒေါ့ဖ်ဆို

    ဖေဖော်ရီ ၃၊ ၂၀၁၄
    M-Media

    362054_heroa

    – ယမန်နေ့က တိုရီနိုအသင်းနှင့် ကစားခဲ့သည့် ပွဲတွင် ၁ ဂိုးစီ သရေကျခဲ့သော်လည်း မိမိအသင်းအနေဖြင့် တိုးတက်မှုများ ရှိနေသည်ဟု အေစီမီလန် နည်းပြသစ် ဆီးဒေါ့ဖ်က ပြောကြားလိုက်သည်။

    ဆန်စီရိုတွင်ကစားခဲ့သည့် ထိုပွဲတွင် တိုရီနိုအသင်းက ဂိုးအရင်သွင်းကာ ဦးဆောင်ခဲ့သော်လည်း အသစ်ရောက်ရှိလာသည့် ကစားသမား အဒီလ် ရာမီကချေပဂိုးသွင်းယူပေးခဲ့သည်။

    ထိုပွဲတွင်ကစားခဲ့သည့်အသင်း၏ခြေစွမ်း၊ ၎င်းအသုံးပြုသည့် နည်းစနစ်အား ပြောင်းလဲကစားနိုင်သည့် ကစားသမားများ၏ စွမ်းဆောင်ရည်နှင့်ပက်သက်၍ ဆီးဒေါ့ဖ်က

    “တိုးတက်မှုတွေကို ကျွန်တော်မြင်တွေ့ခဲ့ရပြီး၊ အကောင်းဘက်ကို အာရုံစူးစိုက်ဖို့ ပိုအရေးကြီးပါတယ်။ ပြီးတော့ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်နိုင်ပါတယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

    ထို့ပြင် တိုရီနိုအသင်းကိုလည်း ချီးကျူးခဲ့ပြီး ပထမပိုင်းတွင် ကစားပုံ အလွန်ကောင်းခဲ့ကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့် ဒုတိယပိုင်းတွင် ကစားပုံ ပိုကောင်းခဲ့ပြီး လိုအပ်သော ချေပဂိုးကို ရရှိခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ဆီးဒေါ့ဖ်မှာ ကစားသမားဘ၀တွင် အေစီမီလန်အသင်းနှင့် ထူးခြားသော အောင်မြင်မှုများကို ရရှိခဲ့သူဖြစ်ပြီး၊ အေစီမီန်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရစဉ်က ၎င်း၏ နည်းပြ အတွေ့အကြုံမရှိမှုကြောင့် ဝေဖန်ခံခဲ့ရသေးသည်။

  • အာဆင်နယ် အနိုင်ရခဲ့ပေမယ့် လီဗာပူးလ် သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ ဆူပါ ဆန်းဒေးပွဲများ

    ဖေဖော်ဝါရီ ၃၊ ၂၀၁၄
    M-Media

    ars-cry-1314-020214-ps22
    – ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ ရဲ့ လန်ကျန်နှစ်ပွဲကို ယမန်နေ့က ကစားခဲ့ရာမှာ အာဆင်နယ်အသင်းက ချိန်ဘာလိန်ရဲ့ ဂိုးတွေနဲ့ သုံးမှတ်ရယူနိုင်ခဲ့ပြီး၊ လီဗာပူးလ်ကတော့ အဝေးကွင်းမှာ သရေသာရခဲ့ပါတယ်။

    ထိပ်ဆုံးက မန်စီးတီးအသင်း မနက်ဖြန်မှာ ချယ်ဆီးနဲ့ ကစားဖို့ရှိနေ့တဲ့အတွက် ထိပ်ဆုံးပြန်ရောက်ဖို့ အခွင့်အရေး အနည်းငယ်ရှိနေတဲ့ အာဆင်နယ်တို့ အိမ်ကွင်းမှာ အမှားမရှိခဲ့ဘဲ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ် ၂ ခုမှာ စတုတ်နဲ့ ဟားလ်စီးတီတို့ကို အနိုင်ယူနိုင်ခဲ့တဲ့ တန်းဆင်းဇုန်နားက ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ အခုပွဲမှာ အာဆင်နယ်ကို ကစားကွက်ပိုင်း ယှဉ်မကစားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အာဆင်နယ်ဂိုးပေါက်ကိုတော့ အနည်းငယ် ခြိမ်းခြောက် နိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် အနိုင်းဂိုးကိုတော့ ၄၇ မိနစ်နဲ့၊ ၇၃ မိနစ်မှာ ချိန်ဘာလိန်က သွင်းယူပေးခဲ့တာပါ။

    ပွဲစဉ် ၂၂ မှာ အာဆင်နယ်ရဲ့ သရေကျမှုကို အခွင့်အရေးမယူနိုင်ခဲ့တဲ့ လီဗာပူးလ်တို့ မနေ့ကပွဲမှာလည်း ဦးဆောင်ဂိုးအရင်သွင်းနိုင်ခဲ့ပေမယ့် ထိန်းမထားနိုင်ခဲ့တာကြောင့် ၀က်စ်ဘရွန်းကွင်းမှာ သရေတစ်မှတ်သာ ရခဲ့ပါတယ်။ ပထမပိုင်း ၂၄ မိနစ်မှာပဲ လီဗာပူးတို့ ဦးဆောင်ဂိုးရခဲ့ပြီး ဆွာရက်ဇ်ရဲ့ ဖန်တီးပေးမှုကတစ်ဆင့် နောက်ပိုင်းပွဲတွေမှာ ဂိုးတွေ ဆက်တိုက်သွင်းယူနေတဲ့ စတားရစ်ခ်ျက အကောင်းဆုံး အဆုံးသတ်ပေးနိုင်ခဲ့တာပါ။ ပထမပိုင်းမှာ လီဗာပူးလ်က အသာရခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အိမ်ရှင်တို့က အနည်းငယ် ပြန်ဖိကစားလာပြီး ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပါတယ်း ၀က်စ်ဘရွန်းအတွက် အဖိုးတန် ချေပဂိုးကိုတော့ ၆၇ မိနစ်မှာ အနီချီဘီက ဧရိယာအပြင်ဘက်က သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ အဲဗာတန်ကပြောင်းလာတဲ့ အနီချီဘီအနေနဲ့ ၀က်စ်ဘရွန်းကိုရောက်ပြီးမှ သွင်းယူခဲ့တဲ့ ဒုတိယမြောက်ဂိုးလည်းဖြစ်ပါတယ်။

    လီဗာပူးလ် ၁-၁ ၀က်စ်ဘရွန်း
    အာဆင်နယ် ၂-၀ ခရစ္စတယ်ပဲလေ့စ်