News @ M-Media

Blog

  • ဆိုးရွားသော ဆောင်းရာသီကြောင့် နယူးယောက်ပြည်နယ်အား အရေးပေါ် အခြေအနေကြေညာ

    ဖေဖော်ဝါရီ ၆၊ ၂၀၁၄
    M-Media
    133094308_13916444871431n
    – ဆိုးရွားသော ဆောင်းရာသီကိုကြုံတွေ့နေရပြီး ဆီးနှင်းများသည်းထန်စွာ ကျဆင်းမှု၊ အပူချိန် အလွန်အမင်း ကျဆင်းမှုတို့ ဆက်တိုက်ဖြစ်ပေါ်နေသော နယူးယောက် ပြည်နယ်ကို ပြည်နယ် အုပ်ချုပ်ရေးမှူး အန်ဒရူး ကူအိုမိုက ယမန်နေ့တွင် အရေးအပေါ်အခြေအနေ ကြေညာခဲ့သည်ဟု သိရသည်။

    “ဆိုးရွားတဲ့ ရာသီဥတုအခြေအနေဟာ ပြည်နယ် တစ်ခုလုံးကို သက်ရောက်နေပါတယ်။ နယူးယောက်ပြည်နယ် လုံခြုံဖို့အတွက် လိုအပ်တဲ့ လုပ်ဆောင်မှုတွေအားလုံးကို ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်” ဟု ကူအိုမိုက ပြောကြား ခဲ့သည်။

    ထို့ပြင် နယူးယောက်ရှိပြည်သူများအား အပြင်သို့မထွက်ရန်၊ မိမိ၏ မိသားစုဝင်များနှင့် မိတ်ဆွေများအား စောင့်ရှောက်ရန် ရာသီဥတု မကောင်းမီ အချိန်အထိ အိမ်တွင်း၌ပင်နေထိုင်ရန် သတိပေးထားကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ဆိုးရွားသော ရာသီဥတုကြောင့် လမ်းများမှာ နှင်းများဖြင့် ဖုံးလွှမ်းနေပြီး၊ အချက်ပြစနစ်မှာလည်း အလုပ်မလုပ်တော့သည့် အတွက် နယူးယောက်ရှိ ရထားလမ်းများ၊ ဘတ်စ်ကာများ သွားလာခြင်းကို ပိတ်ပင်ထားရကာ ပြည်နယ်၏ အဓိကလေယာဉ် ကွင်းများရှိ လေယာဉ်ခရီးစဉ် ၁၀၀၀ ခန့်ကိုလည်းဖျက်သိမ်းခဲ့ရသည်။

    Ref: ဆင်ဟွာ

  • ရာသီဥတုဆိုင်ရာ ရေဒါစခန်းများ ဖွင့်လှစ်ရန် မြန်မာအား ဒေါ်လာ သန်း ၄၀ ဂျပန်ကူညီမည်

    ရာသီဥတုဆိုင်ရာ ရေဒါစခန်းများ ဖွင့်လှစ်ရန် မြန်မာအား ဒေါ်လာ သန်း ၄၀ ဂျပန်ကူညီမည်

    ဖေဖော်ဝါရီ ၆၊ ၂၀၁၄
    M-Media

    – မြန်မာနိုင်ငံတွင် မိုးလေ၀သရေဒါစခန်း ၃ ခုနှင့် ရာသီဥတု စောင့်ကြည့် လေ့လာရေးစခန်း ၃၀ ဆောက်လုပ်ရန် အတွက် ဂျပန်နိုင်ငံက ကန်ဒေါ်လာ သန်း ၄၀ ကူညီထောက်ပံ့မည်ဟု နိုင်ငံပိုင် မီဒီယာများက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    မြန်မာနိုင်ငံရှိ ရာသီဥတု ကြိုတင် သတိပေးချက်စနစ်ကို ပိုမိုအားကောင်းစေရန် ရည်ရွယ်၍ ဂျပန်နိုင်ငံက ထိုကဲ့သို့ ကူညီထောက်ပံ့ခြင်းဖြစ်ပြီး ၄ နှစ် သတ်မှတ်ထားသည့် ထိုပရောဂျက်အား ၂၀၁၄ ခုနှစ်တွင်စတင်ကာ ၂၀၁၇ ခုနှစ်တွင် အပြီးသတ်မည်ဖြစ်သည်ဟု နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် မိုးလေ၀သ စောင့်ကြည့်ရေးနှင့် သတင်း အချက်အလက် ရယူရေး စနစ် အဆင့်မြှင့်တင်ရေး ပရောဂျက် အလုပ်ရုံဆွေးနွေးပွဲတွင် သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောကြားခဲ့သည်။

    ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့မှုများအပြင် ဒေါ်လာ ၃၅ သန်း တန်ဖိုးရှိပြီး ခေတ်မီကိရိယာများနှင့် နည်းစနစ်များ တပ်ဆင်ထားသည့် မိုးလေ၀သ စောင့်ကြည့်ရေး စင်တာ တစ်ခု တည်ဆောက်ရန်အတွက် ပဏာမ လုပ်ဆောင်မှုများကိုလည်း ကမ္ဘာ့ဘဏ်က ကူညီထောက်ပံ့ပေးလျက်ရှိနေသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ယခင်ကလည်း ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA က မြန်မာနိုင်ငံ၏ မိုးလေ၀သ ခန့်မှန်းရေး ဆောင်ရွက်မှုအား အဆင့်မြှင့်တင်ရန် အတွက် ရန်ကုန်၊ မန္တလေးနှင့် ကျောက်ဖြူမြို့များတွင် ရေဒါစနစ်များ တပ်ဆင်ပေးခဲ့ဖူးသည်။

    Ref: ဆင်ဟွာ

  • အီရန်-မော်ရိုကို သံတမန် အဆက်အသွယ် ပြန်လုပ်မည်

    ဖေဖော်ဝါရီ ၆၊ ၂၀၁၄
    M-Media

    349439_Iran-Morocco-relations
    – ၄ နှစ်ကြာရပ်တန့်နေခဲ့သည့် သံတမန်ရေးရာ အဆက်အသွယ်ပြတ်တောက်မှုကို အဆုံးသတ်ရန် အီရန်နိုင်ငံနှင့် မော်ရိုကိုတို့ သဘော တူညီမှု ရရှိခဲ့ပြီဟု အီရန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးက ယမန်နေ့တွင်ပြောကြားခဲ့သည်။

    အီရန်နှင့် မော်ရိုကိုတို့မှာ သံရုံးများ ပြန်ဖွင့်ရေး ကိစ္စကို စီစဉ်ခဲ့ကြပြီး မကြာမီကာလတွင် တီဟီရန်နှင့် ရာဘတ်မြို့များတွင် ဖွင့်လှစ် သွားမည်ဟု သိရသည်။ ထိုဆုံးဖြတ်ချက်မှာ အီရန်နိုင်ငံခြားရေး ၀န်ကြီး မိုဟာမက် ဂျာဗဒ်ဇာရစ်ဖ်နှင့် မော်ရိုကိုနိုင်ငံခြားရေး ၀န်ကြီး ဆလာဟက်ဒင် မီဇိုအာတို့ တယ်လီဖုန်းဖြင့် ဆွေးနွေးမှုနောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်ဟု အာရပ်နှင့် အာဖရိကရေးရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး အမီရန် အဗ်ဒူလာဟီယန်က ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံခြားရေး ၀န်ကြီးများမှာ ထိုဆွေးနွေးမှုအတွင်း သံတမန်ရေးအရ ပြန်လည် ဆက်သွယ်ရန်အတွက် အလေးထားခဲ့ကြသည်ဟု ဆိုသည်။

    ဆက်ဆံရေးတိုးတက်ရေး လက္ခဏာ တစ်ရပ်အဖြစ် ရီဘတ်မြို့တွင် ဇန်န၀ါရီလအတွင်းက ပြုလုပ်ခဲ့သည့် OIC အဖွဲ့ al-Quds ကော်မတီ၏ အကြိမ် ၂၀ မြောက် အစည်းအဝေးကို တက်ရောက်ရန် မော်ရိုကိုနိုင်ငံခြားရေး ၀န်ကြီးက ဇာရစ်ဖ်အား ဖိတ်ခေါ်ခဲ့သေးသည်။

    အီရန်နှင့် မော်ရိုကိုတို့မှာ ၂၀၀၉ ခုနှစ်က ပြဿနာ အချို့ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သံတမန် အဆက်အသွယ် ပြတ်တောက် ခဲ့ခြင်းဖြစ်သည်။

    ဓါတ်ပုံ အညွှန်း-  အာရပ်နှင့် အာဖရိကရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အမီရန် အဗ်ဒူလာဟီယန်

    Press TV

  • Mizzima: ပြည်ခိုင်ဖြိုးအမတ် ဦးရွှေမောင်ကို မိခင်ပါတီနှင့် လွှတ်တော်တို့က စစ်ဆေး အရေးယူရန် အစီအစဉ် မရှိဟုဆို

    ဖေဖော်ရီ ၆၊ ၂၀၁၄
    မဇ္ဈိမ
    စိုးသန်းလင်း

    Shwe_Maung_-_2014-02-06_15.53.16
    လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ၄င်းအားစိတ်ပူနေသူများကို မိမိ အဆင်ပြေကြောင်း ပြောကြားခဲ့သိ ဦးရွှေမောင်၏ ရေးသားမှု

     နိုင်ငံတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟူသည့် သမ္မတ သ၀ဏ်လွှာအရ ပြည်ခိုင်ဖြိုး အမတ် ဦးရွှေမောင်ကို ပြည်ထဲရေး ၀န်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်၌ စစ်ဆေးခဲ့သည်နှင့် ပတ်သက်ပြီး ၄င်းအား မိခင်ပါတီနှင့် လွှတ်တော်တို့က စစ်ဆေးအရေးယူ ရန် အစီအစဉ် ရှိနိုင်ပါသလားဟူသော မဇိ္ဈမ၏ အမေးကို ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် တရားစီ ရင်ရေး ကော်မတီဥက္ကဌ သူရဦးအောင်ကိုက အစီအစဉ် မရှိသေးကြောင်း ဖြေကြားခဲ့သည်။

    “အခုအထိတော့ အစီအစဉ် မရှိသေးပါဘူး။ ရှိရင် ပြောပါ့မယ်” ဟု ၎င်းက ယနေ့ ပြည်ထောင်စု လွှတ် တော် ခေတ္တနားချိန်တွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

    ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်သည် ပြည်ခိုင်ဖြိုးပါတီဝင် ဖြစ်သော ကြောင့် မိခင်ပါတီအနေဖြင့် ၎င်းအားစစ်ဆေး အရေးယူသွားဖို့ ရှိပါသလားဟု မေးခဲ့ရာ ပြည်ခိုင်ဖြိုး ပါတီ၏ ဒုတိယဥက္ကဌ တစ်ဦးဖြစ်သူ ဦးဌေးဦးက “ဒီကိစ္စကျွန်တော် မသိဘူးဗျ။ ရုံးမှာ တစ်နေ့လုံး ပြည်ထဲရေးက လာမေးတယ်လို့ ပြောပါတယ်။ ကျွန်တော်လည်း အဲ့ဒီနေ့က ရုံးမှာ ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်မသိ ဘူး။ မတွေ့ဘူး။ ပါတီအနေနဲ့ ဒီကိစ္စကို ဘာမှကို မသိသေးဘူး။ တကယ်ဟုတ်တယ်ဆိုရင် ကာယကံရှင် ကလည်း သတင်းပို့လို့ရတာပဲ။ ဌာနဆိုင်ရာကလည်း သတင်းပို့မှာပဲ။ အခုတော့ လောလောဆယ် ဘာမှ သတင်းပို့တာ မရှိသေးပါဘူး။ လွှတ်တော်ကိုလည်း သတင်းပို့ ရမှာပဲ။ အခုလွှတ်တော် ဘက်ကလည်း ဘာမှ သတင်းမကြားပါဘူး။ သိလာရင်တော့ သိတဲ့အပေါ်မူတည်ပြီး စဉ်းစားမှာပေါ့” ဟု ပြန်လည်ဖြေ ကြားသည်။

    ပြည်ခိုင်ဖြိုးပါတီသည် အာဏာရပါတီလည်းဖြစ်ပေရာ ၎င်းပါတီဥက္ကဋ္ဌ နိုင်ငံတော် သမ္မတက ပါတီဥက္ကဌ တာဝန်ကို ထမ်းဆောင်လျက်ရှိ၍ ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ် သည့် သူရဦးရွှေမန်းထံသို့ ပြည်ခိုင်ဖြိုးအမတ် ဦးရွှေမောင်အား စစ်ဆေးခွင့်တောင်းသည့် သ၀ဏ်လွှာကို ပို့ပြီးမှ ပြည်ထောင်စု လွှတ်တော် ခွင့်ပြုချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက ယမန်နေ့က စစ်ဆေးခဲ့ခြင်းကို ပြည်ခိုင်ဖြိုး ပါတီ ဒု-ဥက္ကဌတစ်ဦးဖြစ်သော ဦးဌေးဦးက လုံးဝမသိကြောင်း ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

    ပြည်ထဲရေးက ၎င်းအား စုံစမ်းမေးမြန်းစဉ် အဆင်ပြေမှု ရှိ၊မရှိ မဇ္ဈိမက မေးသည်ကို ဦးရွှေမောင်က “အဆင်ပြေပါတယ်။ သူတို့ သိချင်တာတွေကို မေးတာပါ။ ကျွန်တော်ကလည်း ပြန်ရှင်းပြတယ်။ အဓိက ကျွန်တော်ရှင်းပြတာကတော့ ဒီလိုစွပ်စွဲတာသည် ဒီဗွီဘီရဲ့ သတင်းခေါင်းစဉ်ကြောင့်သာ ဖြစ်ရတာပါ။ စာသားထဲမှာလည်း မပါဘူး။ ကျွန်တော်ကိုယ်တိုင် တိုက်ရိုက်ဖြေတာမျိုးလည်း မရှိဘူး။ ကျွန်တော်က ပြည် သူ့ကိုယ်စားလှယ်တစ်ဦးဖြစ်လို့ ရွာသားတွေက တင်ပြလာတာကို ပြန်ပြောရတဲ့ သဘောဖြစ်တယ် ဆို တာ ရှင်းပြပါတယ်။ သတင်းဌာနကလွှင့်တဲ့ Edited Version ကို မကြည့်ဘဲ Full Version ကို ကြည့်ဖို့ လိုပါတယ်” ဟု ဖြေခဲ့သည်။

    ထို့ပြင် ပြည်ထဲရေးက ၎င်းနှင့် နောက်ထပ်တွေ့ဆုံမေးမြန်း ချိန်းဆိုခဲ့ခြင်း မရှိကြောင်းလည်း ဖြည့်စွက်ပြော ကြားခဲ့သည်။ မည်သို့ဆိုစေ လောလောဆယ်၌ လွှတ်တော်ကရော၊ ပြည်ခိုင်ဖြိုးပါတီကပါ ပြည်ခိုင်ဖြိုး အမတ် ဦးရွှေမောင်အပေါ် စစ်ဆေးအရေးယူမှု မရှိသေးပေ။

    Link =>https://www.facebook.com/permalink.php?story_fbid=715090488525859&id=216265185075061&stream_ref=10

  • မြူများဆိုင်းနေသောကြောင့် ပန်းဆိုးတန်း-ဒလ ခရီးသည်များ နှောင့်နှေးကြန့်ကြာ

    ဖေဖော်ဝါရီ ၆၊ ၂၀၁၄
    M-Media
    လမင်း

    1620812_1500231066870034_18843644_n
    ရန်ကုန် ။ ။ ရန်ကုန်မြစ်တွင် နေ့စဉ်ပြေးဆွဲနေလျှက်ရှိနေသော ရန်ကုန်-ဒလ သဘောင်္များသည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်မြစ် အတွင်း မြူများဆိုင်းနေသောကြောင့် သဘောင်္များကို နောက်ကျပြေးဆွဲခဲ့ရသောကြောင့် ခရီးသည်များ အခက်အခဲ ကြုံတွေ့လျက်ရှိခဲ့ပါသည်။

    “၇း၁၅-နာရီ လောက်ကစပြီး မမြင်ရတော့လောက်အောင်ကို မြူတွေဆိုင်းနေတယ်။ သမ္မာန်တွေ တောင်သွားလို့ မရဘူး တချို့သမ္မာန်တွေကသွားကြတယ် ဘာမှမမြင်ရတော့ သွားတော့ အသက်အန္တရယ် စိုးရိမ်ရပါတယ်။ ၁ နာရီလောက် နားလိုက်ရတော့ ခရီးသည်တွေပုံသွားတယ်။ ခရီးသည်တွေ အဆင်ပြေသွားအောင်လို့ သဘောင်္ကို ခါတိုင်းနှစ်စီး ဆွဲရာကနေ သုံးစီးပြေးဆွဲ ခဲ့ပါတယ်။ အရင်ကမိနစ် နှစ်ဆယ်ကို  တစ်စီးထွက်တယ် အခုအခက်အခဲကြောင့် ဆယ်မိနစ်ကို တစ်စီး ထွက်ပေးခဲ့ရတယ်။ အခုလိုမြူဆိုင်းတာက နှစ်တိုင်း လိုလိုဖြစ်နေကြပါ ဖေဖော်ဝါရီနဲ့ မတ်လမှာ အဖြစ်များပါတယ်”ဟု ပန်းဆိုးတန်း ဆိပ်ကမ်း မန်နေဂျာ ဦးအေးမြင့်မောင်က ပြောကြားခဲ့ပါသည်။

    ပန်းဆိုးတန်းနှင့် ဒလသို့ နေ့စဉ်သဘောင်္နှစ်စီး ပြေးဆွဲပြီး တစ်ခေါက်လျှင်ခရီးသည် ၄၀၀ နှင့် ၅၀၀ ကြားပြေးဆွဲလျက် ရှိပါသည်။ တစ်နေ့လျှင် အခေါက်ရေ ၄၆ ခေါက်ပြေးဆွဲလျှက်ရှိပြီး ခရီးသည် ၂၇၀၀၀ သွားလာနေကြောင်း သိရှိရပါသည်။