ဖေဖော်ဝါရီ ၆၊ ၂၀၁၄
M-Media

– ခြေထောက်ထဲတွင် ဘောလုံးထား၍ အပြေးပြိုင်ပါက မိမိမှာ တာတိုအပြေးချန်ပီယံ ဂျမေကာနိုင်ငံသား အူစိန်ဘော့ထက်ပင် အပြေးမြန်သူ ဖြစ်ကြောင်း ရိုးမားအသင်း၏ ကွင်းလယ်လူ ဂျာဗင်ဟိုက ပြောကြားလိုက်သည်။
ဗုဒ္ဓဟူးနေ့က ကစားခဲ့သည့် နာပိုလီအသင်းအား ၃ ဂိုး ၂ ဂိုးဖြင့်အနိုင်ရခဲ့သော ကိုပါအီတာလီယာဖလား ဆီးမီးဖိုင်နယ်ပထမအကျာ့တွင် ၂ ဂိုး သွင်းယူ ပေးခဲ့သည့် ဂျာဗင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ဘောလုံးကို ခြေထောက်တွင်ထား၍ မီတာ ၁၀၀၊ မီတာ ၂၀၀ တာတိုပြေးပွဲတွင် အူစိန်ဘော့ အား အနိုင်ယူနိုင်မည်ဟု အရွှန်းဖောက်ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဘောလုံးကို ခြေထောက်ထဲ ထားပြီးပြေးရင် ကျွန်တော် သူ့(အူစိန်ဘော့)ကို နိုင်မှာပါ။ ဘောလုံးမရှိရင်တော့ သူက ကျွန်တော့ထက်ပိုမြန်ပါလိမ့်မယ်” ဟု Rai Sport အားကစား သတင်းဌာနသို့ ဂျာဗင်ဟိုက ပြောကြားခဲ့သည်။
ထို့ပြင်ထိုပွဲတွင် နောက်ဆုံးပိတ်အရေးပါသော အနိုင်ဂိုးကို သွင်းယူခွင့်ရပြီး ကစားဖော်များ ပရိတ်သတ်များဖြင့် အောင်ပွဲခံခဲ့ရခြင်းမှာ ကောင်းမွန်သော ခံစားမှု ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ဂျာဗင်ဟိုမှာ အာဆင်နယ်အသင်းမှ ရိုးမားအသင်းသို့ ပြီးခဲ့သည့်နွေရာသီက ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းကောင်းများကို ပြသနေပြီး ရိုးမားအသင်း မှာလည်း စီးရီးအေ၏ ဒုတိယနေရာတွင်ရှိနေသည်။
Ref : Goal

Leave a Reply
You must be logged in to post a comment.