News @ M-Media

Blog

  • ထိုင်းနိုင်ငံ Pattaya Open တင်းနစ်ပြိုင်ပွဲတွင် မာကာရိုဗာဗိုလ်စွဲ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၄
    M-Media

    Ekaterina-Makarova-o_3076996
    – ထိုင်းနိုင်ငံ ပတ္တယားမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် WTA Pattaya Open တင်းနစ်ပြိုင်ပွဲတွင် ချက်တင်းနစ်မယ် ရုရှားတင်းနစ်မယ် အီကတရီနာ မာကာရိုဗာက အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    ဗိုလ်လုပွဲကို စနေနေ့က ကစားခဲ့ရာ မာကာရိုဗာမှာ ချက်တင်းနစ်မယ် ကာရိုလိုင်း ပလစ်ကိုဗာအား ၆-၃၊ ၇-၆(၉-၇) ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ပထမပွဲငယ်တွင် အမှတ်ပြတ်ဖြင့် အနိုင်ရခဲ့သော်လည်း မာကာရိုဗာမှာ ဒုတိယပွဲငယ်တွင် အကြိတ်အနယ် ကစားခဲ့ရပြီး တိုင်းဘရိတ်ရိုက်ကာ အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
    ထိုဆုဖလားမှာ အသက် ၂၅ နှစ်အရွယ် မာကာရိုဗာ၏ ကစားသမားသက်တမ်းတစ်လျှောက် ဒုတိယမြောက် ဆုဖလားလည်းဖြစ်သည်။

  • ချယ်ဆီးပွဲ အရှုံးမှ ပြန်လာမည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီဆို

    ဖေဖော်ဝါရီ ၄၊ ၂၀၁၄
    M-Media

    365970_heroa
    – ချယ်ဆီးအသင်းအား အီတီဟတ်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် ထိုအရှုံးက အသင်း၏ လာမည့်ပွဲစဉ်များအတွက် အကျိုးသက်ရောက်မှုရှိနိုင်သည်ဆိုသည့် မှတ်ချက်များအား မန်စီးတီးနည်းပြ ပယ်လီဂရီနီက ငြင်းဆိုလိုက်သည်။

    မန်စီးတီးအသင်းမှာ ပြိုင်ပွဲအားလုံးတွင် နောက်ဆုံးကစားခဲ့သည့် ပွဲ ၂၀ တွင် ၁၉ ပွဲအထိအနိုင်ရခဲ့ပြီး၊ ယမန်နေ့က ကစားခဲ့သောပွဲတွင် ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ကစားနိုင်ခဲ့သော်လည်း ချယ်ဆီးနောက်တန်းအား ထိထိရောက်ရောက်ထိုးဖောက် နိုင်ခြင်းမရှိဘဲ အရှုံးပေးခဲ့ရသည်။

    ထိုပွဲမှာ ချယ်ဆီးအသင်းအတွက် အဆုံးအဖြတ်ပွဲဖြစ်ခဲ့ပြီး၊ မိမိတို့အတွက် ခက်ခဲပြီး အရေးကြီးသော ပွဲဖြစ်ကြောင်း မှတ်ချက်ပေးခဲ့သည့် ပယ်လီဂရီနီက

    “အဂူရို၊ နာဆရီ၊ ဖာနန်ဒင်ဟိုနဲ့ ဂျာဗီ ဂါစီယာတို့ မပါဝင်ဘဲ ကစားရတာ ခက်ခဲခဲ့ပါတယ်။ ဖနန်ဒင်ဟို မပါတာကတော့ ဆုံးရှုံးမှုပါပဲ” ဟု ဆိုသည်။

    ထို့ပြင် ထိုပွဲတွင် ချယ်ဆီးအသင်းအနေဖြင့် အကောင်းဆုံး ကစားနိုင်ခဲ့ကြောင်း၊ မိမိတို့အသင်း ရှုံးနိမ့်ခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် အကောင်းဆုံး ပြန်လာမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ယခုပွဲအရှုံးမှာ ၂၀၁၀ ခုနှစ်နောက်ပိုင်း မန်စီးတီးအနေဖြင့် အိမ်ကွင်း ရဂိုးမရှိဘဲ ပထမဦးဆုံး ရှုံးနိမ့်ခြင်းလည်းဖြစ်သည်။

  • ၁၉၈၄ ခုနှစ်က ဆစ်ခ်တို့၏ Golden Temple ဘုရားကျောင်း တိုက်ခိုက်ဖို့ အိန္ဒိယကို ဗြိတိန် အကြံဥာဏ်ပေးခဲ့

    ဖေဖော်ဝါရီလ ၄၊ ၂၀၁၄
    M-Media

    BlueStar-1 copy

    – ဆစ်ခ်ခွဲထွက်ရေးသမားများအား နှိပ်ကွပ်ရန်အတွက် အိန္ဒိယနိုင်ငံအနောက်ပိုင်း Amritsar မြို့ရှိ ဆစ်ခ် ဘာသာဝင်များ အထွဋ်အမြတ်ထားရာ Golden Temple ဘုရားကျောင်းတွင် ၁၉၈၄ ခုနှစ်ကဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအား ပြုလုပ်ရန် ဗြိတိန်မှ အကြံဥာဏ်ပေးခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုများအရ သိရှိရသည်ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံဟော့ဂ်က ယနေ့တွင် ပြောကြားခဲ့သည်။

    ထိုစဉ်က ၀န်ကြီးချုပ်ဖြစ်သည် မာဂရက်သက်ချာက ထိုတိုက်ခိုက်မှုကိုပြုလုပ်ရန် အတွက် အိန္ဒိယကို အကြံပေးရန် ဗြိတိန် အထူးလေတပ်မှ အရာရှိ တစ်ယောက်အား စေလွှတ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုဘုရားကျောင်း တိုက်ခိုက်မှုအား ပြန်လည် စစ်ဆေးရန် ပြီးခဲ့သည့်လက ၀န်ကြီးချုပ် ကင်မရွန်းမှ အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

    “ယူကေရဲ့ ကူညီမှုကတော့ (အဆိုပါတိုက်ခိုက်မှု ပြုလုပ်ဖို့) အကြံပေးခဲ့ခြင်းပါ။ အဲဒီအကြံပေးမှုဟာ သုံးလကြာတဲ့အခါ အဲဒီဘုရားကျောင်းမှာ ဖြစ်ခဲ့တဲ့ ၀မ်းနည်းဖို့ကောင်းတဲ့ အဖြစ်အပျက် အတွက် အတိုင်းအတာ တစ်ခုအထိ သက်ရောက်ခဲ့ပါတယ်” ဟု ၀ီလီယံဟော့ဂ်က လွှတ်တော်သို့ ပြောကြားခဲ့သည်။

    ၁၉၈၄ ခုနှစ် ဇွန်လ ၃ ရက်မှ ၈ ရက်နေ့ အထိ ဖြစ်ပွားခဲ့သည့် Golden Temple ဆစ်ခ်ဘုရားကျောင်း တိုက်ခိုက်မှုအား ၀န်ကြီးချုပ် အင်ဒရာဂန္ဒီ၏ အမိန့်ဖြင့် အိန္ဒိယ အစိုးရမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ဆစ်ခ် ခွဲထွက်ရေးသမားများအား နှိမ်နင်းခြင်းဟု ခေါင်းစဉ် တပ်ခဲ့သည်။ ဘုရားကျောင်းအတွင်း ပွဲတော် ကျင်းပနေချိန် တင့်ကားများ၊ ရဟတ်ယာဉ်များ၊ အမြောက်များ အသုံးပြုကာ တိုက်ခိုက်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုတွင် အရပ်သား ၄၉၂ ဦး သေဆုံးခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် လွတ်လပ်သော စုံစမ်း စစ်ဆေးရေး အဖွဲ့၏ စစ်ဆေးမှုများအရ အရပ်သားသေဆုံးမှုမှာ ၅၀၀၀ ခန့်အထိ ရှိနိုင်သည်ဟု သိရသည်။

  • မင်ဒဲလား၏ သေတမ်းစာ ထွက်ပေါ်လာ၊ ပိုင်ဆိုင်မှု အချို့အား တက္ကသိုလ်နှင့် ကျောင်းများအား ထောက်ပံ့ရန် သတ်မှတ်ခဲ့

    မင်ဒဲလား၏ သေတမ်းစာ ထွက်ပေါ်လာ၊ ပိုင်ဆိုင်မှု အချို့အား တက္ကသိုလ်နှင့် ကျောင်းများအား ထောက်ပံ့ရန် သတ်မှတ်ခဲ့

    ဖေဖော်ဝါရီ ၄၊ ၂၀၁၄
    M-Media

    – လွန်ခဲ့သည့် ၂ လ ခန့်က ကွယ်လွန်သွားခဲ့သော အာဖရိက လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ခဲ့သူ၊ အသားအရောင် ခွဲခြားမှုအား အဆုံးသတ်စေခဲ့သူ သမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလား၏ သေတမ်းစာအား သေတမ်းစာ အတည်ပြုရေး အဖွဲ့က ယနေ့တွင် မီဒီယာများကို ချပြခဲ့သည်ဟု သိရသည်။

    မင်ဒဲလားက ၎င်း၏ ဒေါ်လာ ၄.၁ သန်းတန် အိမ်ခြံမြေများအား ဇနီးဖြစ်သူ Graca Machel၊ မိသားစုဝင်များ၊ ၎င်း၏ ၀န်ထမ်းများ၊ ၎င်းတက်ရောက်ခဲ့ သည့် စာသင်ကျောင်းများနှင့် ယခု အာဏာရ ပါတီ အာဖရိက အမျိုးသား ကွန်ဂရက်တို့ အတွက် ချန်ထားခဲ့သည်ဟု သေတမ်းစာ အတည်ပြုရေးအဖွဲ့က အတည်ပြု ပြောကြားခဲ့သည်။

    ၎င်းပိုင်ဆိုင်သော ငွေးကြေးများတွင် ဒေါ်လာ ၄၅၀၀ အား ၎င်း၏အတွင်းရေးမှူး Zelda la Grange အပါအ၀င် ၎င်း၏၀န်ထမ်းများအတွက် သတ်မှတ်ခဲ့ပြီး Wits တက္ကသိုလ်နှင့် Fort Hare တက္ကသိုလ် တို့ အတွက် ဒေါ်လာ ၉၀၀၀ လှူဒါန်းရန်နှင့် အခြားသော စာသင်ကျောင်း ၃ ကျောင်းအတွက်လည်း ထိုပမာဏအတိုင်း လှူဒါန်းရန် ရေးသားထားသည်။ ထို့ပြင် ၁၉၉၄ ခု နိုင်ငံ၏ ပထမဦးဆုံး ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ၎င်းဦးဆောင်ခဲ့သည့် အာဖရိကအမျိုးသား ကွန်ဂရက် ပါတီကလည်း မင်ဒဲလား ပိုင်ဆိုင်မှု၏ ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း အထိ ရရှိမည်ဖြစ်သည်။

    Ref : Aljazeera

  • ဆိုက်ဘာလုံခြုံရေး အတွက် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ဆိုးလ်တွင် ဆွေးနွေးခဲ့ကြ

    ဆိုက်ဘာလုံခြုံရေး အတွက် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ဆိုးလ်တွင် ဆွေးနွေးခဲ့ကြ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၄
    M-Media

    – မြောက်ကိုရီးယားနိုင်ငံမှ ပြုလုပ်လာနိုင်သည့် အင်တာနက်လုံခြုံရေး ခြိမ်းခြောက်မှုများအား မည်ကဲ့သို့ ရင်ဆိုင်ရမည်ကို ဆွေးနွေးရန်အတွက် အမေရိကန် ဆိုက်ဘာစစ်ဌာနချုပ်မှ အကြီးအကဲ ဗိုလ်ချုပ် ကိသ်အလက်ဇန်းဒါးမှာ တောင်ကိုရီးယား နိုင်ငံသို့ ယနေ့တွင် ရောက်ရှိလာခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    ထို့နောက် ဗိုလ်ချုပ် အလက်ဇန်ဒါးမှာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်မ်ကောင်ဂျင်န်နှင့် ဆိုးလ်မြို့တွင် တံခါးပိတ် ဆွေးနွေးမှု တစ်ခု ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းကာ မြောက်ကိုရီးယား၏ အင်တာနက်လုံခြုံရေး ခြိမ်းခြောက်မှုများအား မည်ကဲ့သို့ ရင်ဆိုင်မည်ဆိုသည်ကို ပြောဆို ဆွေးနွေးခဲ့ကြသည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်မင်ဆွတ်က ဆွေးနွေးပွဲအကျဉ်းချုပ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ု ထို့ပြင် အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီ၏ ဒါရိုက်တာလည်းဖြစ်သူ ဗိုလ်ချုပ်အလက်ဇန်းဒါးမှာ ၎င်း၏ အတွေ့အကြုံများကိုလည်း ဝေငှသွားခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထိုဆွေးနွေးပွဲတွင် အမေရိကန်မှ လျှို့ဝှက်ပြုလုပ်နေသည့် ထောက်လှမ်းရေးလုပ်ငန်းများမှ တောင်ကိုရီးယားနိုင်ငံအား ဖယ်ထုတ်ပေးမည်ဟု အလက်ဇန်းဒါးက ပြောဆိုခဲ့ကြောင်း တောင်ကိုရီးယားသတင်းစာတစ်စောင်ဖြစ်သည့် Kukmin Daily က ရေးသားဖော်ပြခဲ့သည်။ သို့သော်လည်း ကာကွယ်ရေးဝန်ကြီးဌာနကမူ ထိုသတင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။

    လာမည့်မတ်လတွင် ရာထူးမှထွက်ခွာတော့မည့် အလက်ဇန်းဒါးမှာ ဆိုးလ်မြို့တွင် တစ်ရက်တာ နေထိုင်ပြီးနောက် ဂျပန်နိုင်ငံသို့ သွားရောက် လည်ပတ် မည်ဖြစ်သည်။

    Ref : Xinhua