News @ M-Media

Blog

  • ဆီးရီးယား ဓာတုလက်နက်ဖျက်သိမ်းရေး လုပ်ဆောင်မှုများ ကြန့်ကြာနေဟု အမေရိကန်ဆို

    ဆီးရီးယား ဓာတုလက်နက်ဖျက်သိမ်းရေး လုပ်ဆောင်မှုများ ကြန့်ကြာနေဟု အမေရိကန်ဆို

    ဇန်န၀ါရီ ၃၁၊ ၂၀၁၄
    M-Media

    – ဆီးရီးယားအနေဖြင့် ၎င်းတို့တွင်ရှိနေသည်ဟု ကြေညာထားသည့် ဓာတုလက်နက်များ၏ ၄ ရာခိုင်နှုန်းကိုသာ ရှင်းလင်းနိုင်သေးပြီး၊ ကျန်ရှိနေသည့် ဓာတုလက်နက်များအား ဖျက်ဆီးရန်အတွက် ကုလနှင့် အမြန်ဆုံး ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် အမေရိကန်မှ တိုက်တွန်းပြောဆိုလိုက်သည်။

    ဆီးရီးယား၏ ဓာတုလက်နက်ဖျက်သိမ်းရေးကြိုးပမ်းမှုမှာ တိုးတက်မှုမရှိဘဲ ကြန့်ကြာနေသည်ဟု နိုင်ငံတကာ ဓာတုလက်နက်တားဆီးရေးအဖွဲ့ OPCW ၏ ယမန်နေ့ကထုတ်ပြန်ချက်တွင် OPCW မှ အမေရိကန်ကိုယ်စားလှယ် ရောဘတ် မီကူလက်က ပြောကြားခဲ့သည်။

    “ဆီးရီးယားအနေနဲ့ ဓာတုလက်နက်ကွန်ဗန်းရှင်း အမှုဆောင်ကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီသဘောတူညီချက် အမှတ် ၂၁၁၈ စတဲ့ သဘောတူညီချက်တွေကို လိုက်နာဖို့အတွက် လိုအပ်တာတွေကို ချင်းခြင်းလုပ်ဆောင်ရပါလိမ့်မယ်” ဟု မီကူလက်က ဆိုသည်။

    ဆီးရီးယားရှိ “ဦစားပေး အဆင့် ၁” သတ်မှတ်ထားသည့် ဓာတုလက်နက်များအားလုံးအား ဖယ်ရှားပစ်ရန် နောက်ဆုံးရက်ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ သတ်မှတ်ခဲ့သော်လည်း အချိန်မီ ဖယ်ရှားနိုင်ခြင်းမရှိပေ။ ထို့ပြင် “ဦစားပေး အဆင့် ၂” ဓာတုလက်နက်များ ဖယ်ရှားရေး နောက်ဆုံးရက်ကို ဖေဖော်ဝါရီ ၅ ရက်နေ့တွင် သတ်မှတ်ထားပြီး ထိုသတ်မှတ်ရက်ပြည့်မီအောင်လည်း ဆောင်ရွက်နိုင်မည့် အလားအလာလည်း မရှိချေ။

    ဆီးရီးယားအစိုးရကမူ ဓာတုလက်နက်ဖျက်သိမ်းရေး ကြန့်ကြာနေခြင်းမှာ လုံခြုံရေးစိုးရိမ်ရသည့်အတွက်ကြောင့်ဖြစ်ပြီး၊ ထိုလက်နက်များအား အန္တရာယ်ကင်းရှင်းစွာ သယ်ယူပို့ဆောင်ရေးအတွက် ပစ္စည်း ကိရိယာများ လိုအပ်ခြင်းကြောင့်လည်း ဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

    Ref : Aljazeera

  • ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ပိုင်နက်အတွက် ရုရှားနှင့် ဂျပန်တို့ ဆွေးနွေး

    ဇန်နဝါရီ ၃၁ ၊ ၂၀၁၄
    M-Media

    kurilraw

    တိုကျို။ ။ နှစ်နိုင်ငံ အငြင်းပွားနေသည့် ပိုက်နက်ကိစ္စနှင့် စီးပွားရေးဆိုင်ရာအပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးအတွက် ရုရှားနှင့် ဂျပန်နိုင်ငံမှ တာဝန်ရှိသူများမှာ ရုရှားနိုင်ငံ ဆိုချီမြို့၌ ဇန်န၀ါရီ ၃၁ ရက် (ယနေ့တွင်) ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ တွေ့ဆုံရန်ကိုလည်း စီစဉ်ခဲ့သည်ဟု သိရသည်။

    ဂျပန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရှင်ဆူကီ ဆူဂီယာမာနှင့် ရုရှား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အီဂေါ် မော်ဂူလို့ဗ်တို့ ပါဝင်ခဲ့သည့် ထိုဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးပြည်နယ် အတွင်းရှိ ကျွန်းစုတစ်ခု ပိုင်ဆိုင်နှင့်ပက်သက်ပြီး ဆွေးနွေးခဲ့ကြသည်။ ထိုကျွန်းစုအတွက် ဂျပန်နှင့် ရုရှားတို့မှာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက အငြင်းပွားနေခဲ့ခြင်းဖြစ်သည်။

    “နိုင်ငံမြောက်ဘက်က ပိုင်နက်ကိစ္စနဲ့ ငြိမ်းချမ်းစွာအဆုံးသတ်နိုင်ဖို့အတွက် ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးချင်ပါတယ်” ဟု ဆွေးနွေးပွဲတွင် ဆူဂီယာမာက ပြောကြားခဲ့ကြောင်း ဂျပန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

    ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး မော်ဂူလို့ဗ်ကလည်း နှစ်ပေါင်းများစွာကြာနေပြီဖြစ်သည့် အဆိုပါ ပိုင်ဆိုင်မှုကိစ္စအား ဆွေးနွေးရန် ဆန္ဒရှိနေသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် နှစ်နိုင်ငံ အပြင်အလှန်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ယဉ်ကျေးမှုဖလှယ်ရေးကိစ္စရပ်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအားအေးနှင့် ရုရှားသမ္မတ ပူတင်ကတို့တွေ့ဆုံရန်ကိုလည်း စီစဉ်ခဲ့ပြီး၊ ပူတင်နှင့်မတွေ့ဆုံမည် အာဘေးမှာ ဆိုချီ၌ ကျင်းပမည့် ဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်သည်။ ရုရှားသမ္မတ ပူတင်မှယ ယခုနှစ်အတွင် ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ရန်ရှိနေသည်။

    Ref: ဆင်ဟွာ

  • ပရဟိတအသင်းအဖွဲ့များ၏ ညီညွတ်ရေး ဈေးရောင်းပွဲတော်

    ပရဟိတအသင်းအဖွဲ့များ၏ ညီညွတ်ရေး ဈေးရောင်းပွဲတော်

    ဇန်န၀ါရီ ၃၁၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး

    ရန်ကုန် ။      ။      မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သော ပရဟိတအသင်းအဖွဲ့များ၏ ညီညွတ်ရေး ဈေးရောင်းပွဲတ်ာကြီး ကို ယနေ့ ဇန်န၀ါရီလ ၃၁-ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ဥယျာဉ်ရှိ ရေပေါ်ဘောလုံးကွင်းအနီးတွင် နံနက် ၉း၀၀-နာရီမှ ည ၁၀း၀၀-နာရီ ထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

    ဈေးရောင်းပွဲတော်တွင် ဓမ္မစကူးလ်ဖောင်ဒေးရှင်း၊ ပရဟိတ ကျောင်းသားလူငယ်များအသင်း၊ မိဘမဲ့ကလေး ထောက်ပံ့ရေးအသင်း၊ တွဲလက် ပရဟိတ မိသားစု၊ မုဒိတာပျိုးခင်း၊ လှိုင်သာယာ လူငယ်များ ကွန်ယက်၊ စေတနာရှင် ပရဟိတ လူငယ်လေးများအဖွဲ့ နှင့် အခြားသော ပရဟိတ အသင်းအဖွဲ့များမှ
    ဈေးရောင်းပွဲတော် ပြုလုပ် ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါသည်။

    ပရဟိတ အသင်းအဖွဲ့တွေအနေနဲ့ တစ်နေရာထဲမှာ အစုအဖွဲ့တွေ စုပေါင်းပြီး ဆုံတွေ့ကြပြီး အတွေ့အကြုံများလည်း ဖလှယ်ရင်း တစ်ယောက် တစ်နေရာ စီက အင်အားတွေကနေ စုပေါင်းပြီး အစီအစဉ်တွေအားလုံးကို ဆက်လက် လုပ်ဆောင်သွားနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ကျင်းပရခြင်း ဖြစ်ပါသည်။ အနေအထားအမျိုးမျိုးဖြင့် ထိခိုက်ခံစားလျက်ရှိနေသော ပြည်သူများအတွက် ဖေးမကူညီစောင့်ရှောက်ခြင်းနဲ့ အထွေထွေပံ့ပိုးရေး လုပ်ငန်းစဉ်များ ကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

    ဈေးရာင်းပွဲတော်တွင် မိဘမဲ့ကလေးများ၏ သရုပ်ဖော်စွမ်းရည်များ၊ မြန်မာ့ရိုးရာ ခြင်းအလှခတ်ပြခြင်း၊ နာမည်ကျော်တေးသံရှင်များ၏ ဖျော်ဖြေ တင်ဆက်မှု များကိုလည်း ညအထိ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • ” နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက်ရင် ဒါကို ပြည်တွင်းရေးဆိုပြီး ပြောလို့မရပါဘူး။” (သူတို့ပြောစကား)

    ဇန်နဝါရီ ၃၀ ၊ ၂၀၁၄
    M-Media
    Burma Campaign UK
    “မြန်မာအစိုးရအနေဖြင့် ဒီကိစ္စ ဟာ မြန်မာပြည်တွင်းရေးဖြစ်တယ်လို့ပြောတာနဲ့ ယုံကြည် ခိုင်မာစရာ မရှိပါဘူး။ ပထမအချက်အနေနဲ့ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက်ရင် ဒါကို ပြည်တွင်းရေးဆိုပြီး ပြောလို့မရပါဘူး။ ဒုတိယအနေနဲ့က တော့ မြန်မာအစိုးရဟာ လတ်တလောမှာ လည်း မြန်မာပြည်ရဲ့ ပြည်တွင်းရေးလို့ ပြောလို့ရတဲ့ ကိစ္စတော် တော်များများမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ အကူအညီကို ရယူနေလို့ပါပဲ” ( Mark Farmaner)

    မောင်တောမှ ရိုဟင်ဂျာမွတ်စလင်များ အစုလိုက် အသတ်ခံရမှုသတင်းများအပေါ် ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် နိုင်ငံတကာ အဖွဲ့အစည်းများမှ ဖိအားပေးမှုအပေါ် “နိုင်ငံတကာကို ကျွန်တော်တို့ရဲ့နိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေကို စွက်ဖက်ခွင့် မပြုနိုင်ဘူး”ဟု နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ် ပြောစကားကို Burma Campaign UK ၏ ဥက္ကဌ Mark Farmaner ၏ တုံ့ပြန်ပြောကြားချက်ဖြစ်ပါသည်။

    ကိုးကား- မဇ္ဈိမ

  • မောင်းတော အကြမ်းဖက်မှုနှင့် ပတ်သက်၍ BMA ကြေညာချက်ထုတ်

    ဇန်နဝါရီ ၃၀၊ ၂၀၁၄
    M-Media

    မောင်းတော ဒုချီရာတန်း မှ ရိုဟင်ဂျာ မွတ်စလင်များ အသတ်ခံရမှု နှင့် ပတ်သက်၍  မြန်မာမွတ်စလင် အစည်းအရုံး မှ သဘောထားကြေညာချက် တစ်စောင်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ နေစွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ပါသည်။ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    BMA

    မောင်းတော အစုအပြုံလိုက် လူသတ်မှုနဲ့ပတ်သက်၍ မြန်မာမွတ်စလင်အစည်းအရုံး၏ သဘောထားထုတ်ပြန်ချက်

    ၂၀၁၄ ခုနှစ် ဇန္န၀ါရီလ ဒုတိယပတ် အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း ဒုချီရာတန်းကျေးရွာတွင် ရိုဟင်ဂျာများအပေါ် အကြမ်းဖက်လူသတ်မှုကြီး ထပ်မံဖြစ်ပွားခဲ့သည့်အတွက် မြန်မာမွတ်စလင်အစည်းအရုံးမှ လွန်စွာပင် စိုးရိမ်မကင်းဖြစ်ရပါသည်။ ဒေသခံများမှတဆင့်ရရှိသော သတင်းများအရ ရိုဟင်ဂျာပြည်သူများ၏ အသက်အန္တရာယ်မှာ အင်မတန်မှစိုးရိမ်ဖွယ်ရာများဖြင့် ကြုံတွေ့နေသည်ဟု သုံးသပ်ရပါသည်။

    ယင်းအကြမ်းဖက်မှုကြီးမှာ ၂၀၁၂ ခုနှစ်အတွင်း ရိုဟင်ဂျာများအား လူမျိုးတုန်းသန့်စင်ရေးအခြေအနေသို့ တွန်းပို့ပေးခဲ့သည့် ဖြစ်ရပ်ကဲ့သို့ပင် ရဲအရာရှိ တစ်ဦးအား ရိုဟင်ဂျာများ သတ်ဖြတ်ရာမှ စတင်ခဲ့သည်ဟု မြန်မာအစိုးရမှ တုန့်ပြန်စွပ်စွဲကာ ဖြစ်ရပ်မှန်အား ဖုံးကွယ်ရန် ကြိုးပမ်းနေသည်ကိုလည်း သတိပြုမိပါသည်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ ဒုချီရာတန်း အကြမ်းဖက်မှုတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် ရိုဟင်ဂျာ ၄၀ ကျော် အသတ်ခံရသည်ဟု ထုတ်ဖော်ပြောဆိုနေသော်လည်း မြန်မာအစိုးရမှာ ဖုံးကွယ်နေဆဲဖြစ်သည်။

    ဒီဇင်ဘာလ ၂၀၁၃ ခုနှစ်တွင် မောင်တောမြို့နယ်အတွင်း ၉၆၉ ဘာသာရေးအစွန်းရောက် ဘုန်းကြီးများ၏ သွေးထိုးလှုပ်ဆော်မှု လုပ်ငန်းစဉ်အား အစိုးရအာဏာပိုင်များမှ တရားဝင်ခွင့်ပြုခဲ့ပါသည်။ လူမျိုးရေး-ဘာသာရေး တင်းမာနေသည့် နေရာဒေသအတွင်း ယင်းကဲ့သို့သော လူမျိုးရေး အစွန်းရောက်သည့် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခွင့်ပြုခဲ့ခြင်းကို ပြန်လည်သုံးသပ်ကြည့်လျင် အစိုးရ အာဏာပိုင်များ၏ လုပ်ရပ်မှာ သံသယရှိဖွယ်ရာဖြစ်ပါသည်။

    ဒုချီရာတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုအား စုံစမ်းစစ်ဆေးပေးရန် အမေရိကန်နှင့် အင်္ဂလန်အစိုးရတို့၏ ပူးတွဲ ထုတ်ပြန်ကြေညာချက်အား မြန်မာမွတ်စလင် အစည်းအရုံးမှ ကြိုဆိုပါသည်။ သို့သော်လည်း ရိုဟင်ဂျာများအား တဖက်သတ် ဖိနှိပ်နေသည့် မြန်မာ အစိုးရ၏ စုံစမ်းစစ်ဆေးရေး ရလဒ်မှာလည်း အဖြေရှိရာသို့ ဦးတည်နေမည်မဟုတ်ပေ။

    မြန်မာနိုင်ငံတော်အစိုးရမှ ပြည်တွင်းတရားဥပဒေစိုးမိုးမှုရှိစေရန်နှင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်းများအား အကာအကွယ်ပေးရန် အကြိမ်ကြိမ်ပျက်ကွက်ခဲ့ကြောင်း ဒုချီရာတန်း ဖြစ်ရပ်အား သက်သေအဖြစ်မြင်တွေ့ရပါသည်။ ထို့ကြောင့် ယင်းသို့စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာတွင် ယုံကြည့်စိတ်ချရသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်သင့်သည်ဟု ယုံကြည်ပါသည်။

    ၂၀၁၂ တွင် ရိုဟင်ဂျာများအား လူမျိုးတုန်းသုတ်သင်ရှင်းလင်းမှုကြီးစတင်ပြုလုပ်ခဲ့ချိန်မှ၍ ၎င်းတို့၏ အခြေနေမှာ ပိုမိုဆိုးရွားလာပါသည်။ ရိုဟင်ဂျာပြည်သူများအပေါ် ပိတ်ပင်တားမြစ်မှုများ၊ ညင်းပန်းနှိပ်စက်မှုများနှင့် ဖိနှိပ်ချုပ်ချယ်ခြင်းများလည်း ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်လာပါသည်။

    ဤကဲ့သို့သောအကြမ်းဖက်မှုများအား မြန်မာအစိုးရမှ ထိရောက်စွာကိုင်တွယ်ဖြေရှင်းခြင်း မပြုနိုင်ခဲ့သောကြောင့် ဘာသာရေး အသွင်ဆောင် အကြမ်းဖက်မှုကြီးမှာ မြန်မာနိုင်ငံအနှံ့သို့ လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများသို့လည်းကောင်း၊ အရှေ့တောင်အာရှနိုင်ငံများသို့လည်းကောင်း ပျံ့နှံ့ကူးစက်သွားခဲ့သည်ကိုလည်း တွေ့မြင်ခဲ့ရပြီးဖြစ်ပါသည်။

    ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းကြီးနေဖြင့် ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် လူနည်းစု အစ္စလာမ်ဘာသာဝင်များ၏ အသက်အန္တရာယ်အား အကာအကွယ်ပြုပေးရန်၊ နှင့် အခြားသော လူမျိုးစုများနည်းတူ လူ့အခွင့်အရေးအာမခံချက်ရရှိစေရန် လက်တွေ့ကျကျ ကိုင်တွယ်ဆောင်ရွက်ပေးရန်လိုအပ်ပါသည်။

    မြန်မာမွတ်စလင် အစည်းအရုံး                                ဇန္နဝါရီ ၂၈၊ ၂၀၁၄

    Media Contact; –
    ကိုကျော်စွာ +44 782 842 6801(UK) [email protected]; ကိုမျိုးဝင်း 0950 70304 (မြန်မာ) [email protected]; ကိုကျော်ဝင်း +44-740-345-2378(UK) [email protected]; ဒေါ်မော်လီ +1 416 516 7383 Canada [email protected]; Ma Yasmin +1 408 250 6227(USA) [email protected];

    BMA - Statement (Burmese) 28th Jan 2014.pdf-page-001 BMA - Statement (Burmese) 28th Jan 2014.pdf-page-002