News @ M-Media

Blog

  • မူလတန်းအဆင့်မှစ၍ ကွန်ပျူတာပရိုဂရမ်းမင်းသင်ကြားရေးစီမံကိန်း ဘရူနိုင်းတွင် စတင်

    မူလတန်းအဆင့်မှစ၍ ကွန်ပျူတာပရိုဂရမ်းမင်းသင်ကြားရေးစီမံကိန်း ဘရူနိုင်းတွင် စတင်

    မေ ၁၆၊ ၂၀၂၁
    M-Media

    ဓာတ်ပုံ – ဆုရသွားသည့် ကလေးငယ် ၅ ဦး

    -ကလေးငယ်တွေကို မူလတန်းအဆင့်ကနေ ကွန်ပျူတာပရိုဂရမ်းမင်း သင်ကြားပေးမယ့်အစီအစဥ်ကို ဘရူနိုင်းနိုင်ငံမှာ စတင်လိုက်ပါတယ်။

    ဘန်ဒါဆရီ ဘက်ဂ၀မ်မြို့က Seri Mulia Sarjana ကျောင်းမှာ ၂ တန်းနဲ့ ၃ တန်းကလေးတွေကို ဇန်န၀ါရီ ၁၈ ရက်နေ့ကနေ မတ်လ ၆ ရက်နေ့အထိ Bee-Bot နဲ့ Microbit ဆိုတဲ့ စက်ရုပ်လေးတွေနဲ့ ပရိုဂရမ်းမင်း အခြေခံတွေကို အစမ်းလေ့ကျင့်ပေးခဲ့တာပါ။

    အခုအချိန်မှာတော့ ပရိုဂရမ်းမင်းသင်ကြားရေး ရှေ့ပြေးစီမံကိန်းကို စတင်တော့မှာဖြစ်ပြီး လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေလည်း ကျောင်းမှာ ရောက်ရှိနေပါပြီ။ ဒီစီမံကိန်းကို ဘရူနိုင်းအစိုးရရဲ့ ဆက်သွယ်ရေး၀န်ကြီးဌာန (AITI) က ဆောင်ရွက်တာ ဖြစ်ပါတယ်။

    Seri Mulia Sarjana က လေ့ကျင့်သင်ကြားပေးမှုမှာ ကုဒ်ရေးနိုင်မှု၊ တွေးခေါ်ဖန်တီးမှု၊အုပ်စုဖွဲ့လုပ်ဆောင်နိုင်မှု၊ စဥ်းစားတွေးခေါ်နိုင်မှု စတဲ့ ကျွမ်းကျင်မှုတွေကို စစ်ဆေးပြီး ထူးချွန်တဲ့ ကလေးငယ် ၅ ဦးကို ဆုချီးမြှင့်ခဲ့ပါတယ်။

    Ref: The Star

  • စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူအရေအတွက် ၈၀၀ ကျော်ပြီ

    စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူအရေအတွက် ၈၀၀ ကျော်ပြီ

    မေ ၁၈၊ ၂၀၂၁
    M-Media

    -ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၈၀၀ ကျော်ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ပြောပါတယ်။

    မေလ ၁၇ ရက်နေ့အထိ သေဆုံးသူဟာ ၈၀၂ ဦး ရှိနေပြီး နိုင်ငံတစ်ဝှမ်းမှာလည်း အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက်ဖြိုခွင်းမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

    “ဒီအရေအတွက်က AAPP က အတည်ပြုနိုင်တဲ့ အရေအတွက်ပါ။ အမှန်တကယ်သေဆုံးတဲ့အရေအတွက်ဟာ ဒီထက်ပိုပြီး များနိုင်ပါတယ်” လို့ AAPP က ပြောပါတယ်။

    စစ်တပ်ကတော့ AAPP ရဲ့ ထုတ်ပြန်မှုဟာ မမှန်ကန်ဘူးလို့ ပြောထားပါတယ်။ မနေ့က မင်းတပ်မြို့မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ စစ်ကောင်စီတပ်တွေ ဖြိုခွင်းမှုကြောင့် အနည်းဆုံး ၆ ဦး သေဆုံးခဲ့ပါတယ်။

    နိုင်ငံတစ်ဝှမ်း စစ်ကောင်စီက ဖမ်းဆီးထားသူအရေအတွက်ဟာ ၄၁၂၀ ဦး ရှိနေပြီး၊ အဲဒီအထဲမှာ သေဒဏ်ချမှတ်ခံရသူ ၂၀ လည်း ပါဝင်ပါတယ်။

    Ref: Reuters

  • က​နေဒါ၊ အမေရိကန်နှင့် ဗြိတိန်တို့က စစ်ကောင်စီကို ပိတ်ဆို့မှုထပ်လုပ်

    က​နေဒါ၊ အမေရိကန်နှင့် ဗြိတိန်တို့က စစ်ကောင်စီကို ပိတ်ဆို့မှုထပ်လုပ်

    မေ ၁၈၊ ၂၀၂၁
    M-Media

    -ရွေးကောက်ခံအစိုးရကို ဖြုတ်ချအာဏာသိမ်းပြီးနောက် ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို ကနေဒါ၊ အမေရိကန်နဲ့ ဗြိတိန်တို့က ထပ်မံပြီး ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်လိုက်ပါတယ်။

    မြန်မာစစ်တပ်နဲ့ အဆက်အသွယ်ရှိတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ထပ်လုပ်ခဲ့တယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး မာ့ခ် ဂါနူက ပြောကြားခဲ့သလို၊ နိုင်ငံပိုင်ဖြစ်ပြီး လက်ရှိ စစ်ကောင်စီလက်အောက်ရောက်နေတဲ့ မြန်မာ့ကျောက်မြတ်ရတနာလုပ်ငန်းကို ပိတ်ဆို့အရေးယူမှုတွေ လုပ်လိုက်တယ်လို့ ဗြိတိန်က ထုတ်ပြန်ပါတယ်။

    မြန်မာ့ကျောက်မြတ်ရတနာလုပ်ငန်းကို အမေရိကန်ကလည်း အရေးယူမှု လုပ်ထားပါတယ်။

    အမေရိကန်ကတော့ စစ်ကောင်စီတစ်ဖွဲ့လုံးနဲ့ အခြား လူပုဂ္ဂိုလ် ၁၃ ဦးကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီအထဲမှာ ဗဟိုဘဏ်အကြီးအကဲနဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌတို့လည်း ပါဝင်ပါတယ်။

    ဒီလူတွေ အမေရိကန်မှာ ပိုင်ဆိုင်မှုရှိမယ်ဆိုရင် ခေတ္တထိန်းသိမ်းထားမှာဖြစ်ပြီး သူတို့ပိုင်ဆိုင်တဲ့လုပ်ငန်းတွေနဲ့ အမေရိကန်တွေ ဆက်သွယ်လုပ်ကိုင်မှုကို တားမြစ်မှာဖြစ်ပါတယ်။

    စစ်ကောင်စီဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးကို လုပ်ဆောင်ခြင်းမရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားခဲ့ပြီး စစ်ကောင်စီကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့နဲ့ စစ်တပ်ပိုင်လုပ်ငန်းတွေနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

    Ref: Global News

  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကို Facebook က ယခုအချိန်အထိ အသုံးပြုခွင့် ပိတ်ပင်ထား

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကို Facebook က ယခုအချိန်အထိ အသုံးပြုခွင့် ပိတ်ပင်ထား

    မေ ၁၆၊ ၂၀၂၁
    M-Media

    (ဓာတ်ပုံ – မြောက်ပိုင်းမဟာမိတ်အဖွဲ့)

    -စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ချို့ကို Facebook က သူတို့ရဲ့ ပလက်ဖောင်းပေါ်မှာ တည်ရှိခွင့် ပိတ်ပင်ထားဆဲလို့ သိရပါတယ်။

    ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နဲ့ သူတို့ရဲ့ မဟာမိတ်အဖွဲ့တွေကို အရင် အရပ်သားအစိုးရက ၂၀၁၉ ခုနှစ်မှာ အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေငြာခဲ့တာပါ။

    အဲဒီနောက်ပိုင်း Facebook က ဒီအဖွဲ့အစည်းတွေရဲ့ Group တွေ၊ Page တွေကို ဖြုတ်ချခဲ့ပါတယ်။ ဒီလို ဖြုတ်ချလိုက်တာဟာ မြန်မာစစ်တပ်က တိုင်းရင်းသားဒေသတွေမှာ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုသတင်း ပြန့်နှံ့မှုကို တားဆီးလိုက်သလို ဖြစ်သွားစေတယ်လို့ ကျွမ်းကျင်သူတွေက ၀ေဖန်ခဲ့ကြပါတယ်။

    ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တက်လာတဲ့ စစ်ကောင်စီ၊ ဖြုတ်ချခံ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အ၀ေးရောက်အစိုးရအဖွဲ့ နှစ်ခုစလုံးက AA ကို အကြမ်းဖက်အဖွဲ့အစည်း စာရင်းကနေ ပယ်ဖျက်ခဲ့ပါတယ်။

    KIA၊ KNU တို့ အပါအ၀င် မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် တော်တော်များများဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေနဲ့အတူ ရပ်တည်ထားပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုတွေလည်း လုပ်ဆောင်နေပါတယ်။

    Facebook က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို သူတို့ရဲ့ ပလက်ဖောင်းမှာ တည်ရှိခွင့် ပိတ်ပင်မှုဟာ အခုအချိန်အထိ ရှိနေဆဲလို့ လေ့လာဆန်းစစ်သူတွေက ဆိုပါတယ်။

    တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဂျာနယ်လစ်တွေက ဒါဟာ ပြည်သူတွေရဲ့ မျက်စိနဲ့နားကို ပိတ်ထားတာ ဖြစ်တယ်လို့ ၀ေဖန်ခဲ့ပါတယ်။

    Facebook ဟာ စစ်ကောင်စီကိုလည်း အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မသဥ္ဇာရွှန်းလဲ့ရည်က Facebook ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေး အပြောင်းအလဲတွေကို လိုက်မမီဘူးလို့ ၀ေဖန်ခဲ့သလို၊ မြန်မာနိုင်ငံအတွက် သီးသန့် စောင့်ကြည့်ရေးဘုတ်အဖွဲ့တစ်ခု ဖွဲ့စည်းဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    Ref: The Verge

  • စစ်ကောင်စီတပ်ကို လက်နက်မရောင်းရေးဆုံးဖြတ်ချက်တစ်ခု ကုလ ချမှတ်မည်

    စစ်ကောင်စီတပ်ကို လက်နက်မရောင်းရေးဆုံးဖြတ်ချက်တစ်ခု ကုလ ချမှတ်မည်

    မေ ၁၇၊ ၂၀၂၁
    M-Media

    FILE PHOTO: Myanmar’s military junta leader, General Min Aung Hlaing, speaks in a media broadcast in Naypyitaw, Myanmar February 8, 2021 in this still image taken from video. MRTV/Reuters TV via REUTERS

    -စစ်ကောင်စီတပ်ကို လက်နက်ပေးပို့မှု ချက်ခြင်းရပ်ဆိုင်းရေး ဆုံးဖြတ်ချက်ချမှတ်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ပြင်ဆင်နေပါတယ်။

    ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ အမေရိကန်တို့က ကျောထောက်နောက်ခံပြုပြီး လက်ချင်စတိန်းနိုင်ငံက တင်သွင်းမယ့် ဒီဆုံးဖြတ်ချက်မူကြမ်းကို မနက်ဖြန်ပြုလုပ်မယ့် အစည်းအဝေးမှာ အတည်ပြုမှာဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံအားလုံး တစ်ညီတစ်ညွတ်တည်း ​အတည်မပြုနိုင်ရင် မဲခွဲဆုံးဖြတ်မှာပါ။

    ‘လက်နက်၊ ခဲယမ်း၊ စစ်ဖက်ဆိုင်ရာ ပစ္စည်းအားလုံး မြန်မာစစ်တပ်ကို တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင့်ခံဖြစ်စေ ပေးပို့တာ၊ ရောင်းချတာ၊ လွှဲပြောင်းပေးအပ်တာကို ချက်ခြင်းရပ်ဆိုင်းရေး’ ဆုံးဖြတ်ချက်မူကြမ်းမှာ တိုက်တွန်းထားပါတယ်။

    ​ဒီဆုံးဖြတ်ချက်မူကြမ်းကို ၄၈ နိုင်ငံစုပေါင်း ဆွေးနွေးနေတာ သီတင်းပတ်အနည်းငယ် ကြာမြင့်နေပြီဖြစ်ပြီး အဲဒီနိုင်ငံတွေထဲမှာ အာရှက တောင်ကိုရီးယားတစ်နိုင်ငံတည်းသာ ပါဝင်ပါတယ်။

    အရေးပေါ်အခြေအနေကြေငြာထားမှု ရုပ်သိမ်းရေး၊ ပြည်သူတွေအပေါ် အကြမ်းဖက်မှု ချက်ခြင်းရပ်တန့်ရေး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံး လွှတ်ပေးရေး ဆုံးဖြတ်ချက်မူကြမ်းမှာ စစ်ကောင်စီကို တိုက်တွန်းထားသလို၊ အာဆီယံထိပ်သီးအစည်းအဝေးက ရရှိခဲ့တဲ့ အချက် ၅ ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ရေးကိုလည်း ဆော်ဩထားပါတယ်။

    Ref: South China Morning Post