News @ M-Media
Blog
  • သီရိမင်္ဂလာဈေးဟောင်း မီးလောင်မှု သိန်းတစ်ရာခန့် ဆုံးရှုံး
    သီရိမင်္ဂလာဈေးဟောင်း မီးလောင်မှု သိန်းတစ်ရာခန့် ဆုံးရှုံး
    ဇန်န၀ါရီ ၂၉၊ ၂၀၁၄
    M-Media
    သီရိ
    ရန်ကုန်  ။         ။       ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် သီရိမင်္ဂလာဈေးဟောင်းတွင် ဇန်န၀ါရီလ ၂၈-ရက် ည ၁၁ နာရီအချိန်တွင် အပေါ်ဆုံးထပ်၌ ပရိဘောဂဆိုင်၌ မီးလောင်ကျွမ်းခဲ့ပါသည်။
    “ရေစုပ်ပန်ကာ ကနေ စတင်ပြီး လောင်တာပါ၊ အပူလွန်ကဲပြီးလောင်တာပါ။ ည ၁၁ နာရီ ကျော်လောက်ကစလောင်တာပါ။ ၁ နာရီလောက်ကျတော့ ငြိမ်းသွားတယ် မီးသတ်ကားကတော့ အစီး ၂၀-လောက်လာပါတယ်၊ ဒီအခန်းတစ်ခန်းပါပဲ တစ်ခြားအခန်းတွေကိုတော့ မီးမကူးသွားပါဘူး။ ထိခိုက်မှုလည်း တစ်စုံတစ်ယောက်မှ မရှိခဲ့ပါဘူး။ ညပိုင်းအလုပ်လုပ်နေရင်းနဲ့ ဖြစ်သွားတာပါ တစ်စုံတစ်ယောက်မှ ထိခိုက်မှုလဲမရှိခဲ့ပါဘူး။” ဟုမီးလောင်ကျွမ်းခဲ့သော ပရိဘောဂဆိုင်ပိုင်ရှင် ဦးအောင်ဝင်းမှ ပြောပါသည်။
    ကာလတန်ဖိုး သိန်းတစ်ရာကျော်ဖိုးလောက် ဆုံးရူံးခဲ့ပြီး သက်ဆိုင်ရာမှ မီးလောင်မှုနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်နေကြောင်း သိရှိရပါသည်။
  • နိုင်ငံရေးတည်ငြိမ်ရန် ရည်ရွယ်၍ ယူကရိန်း ၀န်ကြီးချုပ်နှင့် ကတ်ဘိနက် တစ်ဖွဲ့လုံး နှုတ်ထွက်
    ဇန်နဝါရီ ၂၉၊ ၂၀၁၄
    M-Media
    ukraine-prime-minister-resigns-390x285
    – အစိုးရနှင့် ဆန္ဒပြသူများအကြား နှစ်လကျော်ကြာဖြစ်ပွားနေသည့် တင်းမာမှုများကို အဆုံးသတ်ရန်ရည်ရွယ်၍ ဆန္ဒပြသူများအား ကန့်သတ်သော ဥပဒေများကို ယူကရိန်းအစိုးရက ပယ်ဖျက်ပေးခဲ့ပြီး ၀န်ကြီးချုပ်အပါအ၀င် ကတ်ဘိနက် အဖွဲ့အားလုံးကို နှုတ်ထွက်ခဲ့သည်ဟု သိရသည်။
    ယမန်နေ့က မြို့တော့်ကိဗ်တွင်ပြုလုပ်ခဲ့သည့် ပါလီမန်အထူးအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ ထိုအစည်းအဝေးမတိုင်မီကလည်း ၀န်ကြီးချုပ် မိုကိုလာ အဇာရော့ဗ့်က ဆန္ဒပြသူများနှင့် အစိုးရအကြား တင်းမာမှုများကို ပြေလျှော့ရန် ကမ်းလှမ်းခဲ့သည်။
    သမ္မတနှုတ်ထွက်ရန်အတွက် အလိုရှိနေသည့် အတိုက်အခံခေါင်းဆောင်များကမူ ၀န်ကြီးချုပ်နှုတ်ထွက်မှုအား အားပေးခဲ့ပြီး အောင်မြင်မှုအတွက် ခြေလှမ်းတစ်ရပ်ဟု ပြောကြားခဲ့သည်။
    ယူကရိန်းနိုင်ငံတွင် အစိုးရဆန့်ကျင်ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်မှာ နှစ်လကျော်ကြာမြင့်နေပြီးဖြစ်ပြီး တစ်စထက်တစ်စ ဆိုးရွားလာကာ အစိုးရကလည်း အတိုက်အခံများနှင့် ဆွေးနွေညှိနှိုင်းမှုများပြုလုပ်ခဲ့သည်။
  • ဝေဖန်ခံနေရသည့် ဂွာတာနာမို အကျဉ်းစခန်းအား ယခုနှစ်တွင်း ပိတ်သိမ်းသင့်သည်ဟု အိုဘာမားဆို
    ဇန်နဝါရီ ၂၉၊ ၂၀၁၄
    M-Media
    Obama urges Guantanamo closure this year
    – အာဖဂန်နစ္စတန်မှ အမေရိကန် တပ်များရုပ်သိမ်းမည့် ယခုနှစ်သည် ဂွာတာနာမိုကျဉ်းစခန်းပိတ်သိမ်းသင့်သောနှစ်ဖြစ်သည်ဟု ယမန်နေ့က ပြောကြားခဲ့သော နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။
    ထိုကဲ့သို့ပြောကြားခဲ့ခြင်းမှာ လွန်ခဲ့သည့် ငါးနှစ်အရင်က ရွေးကောက်ပွဲ ၀င်စဉ်က နိုင်ငံတကာမှ ဝေဖန်နေသော ကျူးဘားရှိ အမေရိကန်ရေတပ်စခန်းမှ ဂွာတာနာမိုအကျဉ်းစခန်းအား ပိတ်သိမ်းနိုင်အောင်ဆောင်ရွက်ပေးမည်ဟု ၎င်းပေးခဲ့သော ကတိအား ပြန်လည်ဖော်ပြခဲ့ခြင်းလည်းဖြစ်ပြီး ထိုကိစ္စအားဆောင်ရွက်ရာတွင် ကူညီမှုများပေးရန် ကွန်ဂရက်ကိုလည်း အိုဘားမားက တိုက်တွန်းခဲ့သည်။
    “ဂွာတာနာမိုမှာ ရှိတဲ့အကျဉ်းသား လွှဲပြောင်းပေးရေးအတွက် ကျန်ရှိနေတဲ့ ကန့်သတ်မှုတွေကို ကွန်ဂရက်က ရုပ်သိမ်းဖို့ လိုအပ်နေပြီး၊ ပြီးရင်တော့ ကျွန်တော်တို့ အကျဉ်းစခန်းကို ပိတ်ပစ်မှာပါ” ဟု အိုဘားမားက နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
    ဂွာတာနာမိုအကျဉ်းစခန်းတွင် လက်ရှိ အကျဉ်းသား ၁၅၅ ဦးရှိနေပြီး၊ ၎င်းတို့အားလုံးမှာ နိုင်ငံခြားသားများဖြစ်ကြသည်။ ၎င်းတို့အား ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်းတွင် သံသယဖြင့် ဖမ်းဆီးထားခြင်းဖြစ်ကာ မည်သည့် တရားစွဲဆိုမှုမှ မပြုလုပ်ဘဲ ဖမ်းဆီးထားခြင်းဖြစ်သည်။
    ဂွာတာနာမိုအကျဉ်းစခန်းတွင် အကျဉ်းသားများအား လူမဆန်စွာ နှိပ်စက်ညှင်းပန်းမှုများရှိနေသည်ဆိုသည့် သတင်းများမှာ ကာလကြာရှည်စွာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခဲ့ပြီး ထိုအကျဉ်းစခန်းတွင် တာဝန်ထမ်ဆောင်ခဲ့သည့် ၀န်ထမ်းဟောင်းအချို့ကလည်း ထိုသတင်းအား ဟုတ်မှန်ကြောင်း ၀န်ခံမှုများရှိခဲ့သည်။
    Ref: aljazeera
  • အမေရိကန် GE ကုမ္ပဏီ မြန်မာနိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍသို့ ဝင်ရောက်လာ
    ဇန်နဝါရီ ၂၉၊ ၂၀၁၄
    M-Media
    cooperate in oil
    – အမေရိကန် ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီတစ်ခုဖြစ်သည့် General Electric ( GE) နှင့် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကပိုင် ကုမ္ပဏီ SMART Technology Service တို့မှာ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ယနေ့ထုတ် ပြည်တွင်း သတင်းစာများတွင် ဖေါ်ပြခဲ့သည်။
    ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အရ  SMART ကုမ္ပဏီမှ လက်နက် ကိရိယာများ၊ ၀န်ဆောင်မှုများကို ထောက်ပံ့ပေး သွားမည်ဖြစ်ပြီး GE ကုမ္ပဏီက ရှာဖွေမှုများ၊ တူးဖော် ထုတ်လုပ်မှုများကို ပြုလုပ် သွားမည်ဖြစ်သည်။
    GE ကုမ္ပဏီမှာ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံပေါ် စီးပွားရေး ပိတ်ဆို့ထားမှုများအား ဖြေလျှော့ပေးခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံသို့ လာရောက်ကာ ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်နေသော ကုမ္ပဏီတစ်ခုဖြစ်သည်။
    နိုင်ငံ၏ စွမ်အင်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်များ ရှာဖွေဖော်ထုတ်ခြင်းများအား နိုင်ငံခြား ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိနေသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက မြန်မာနိုင်ငံရှိ ကုန်းတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်အတွက် နိုင်ငံခြား ကုမ္ပဏီ ၇၈ ခုက လုပ်ကိုင်ရန် ကမ်းလှမ်းခဲ့ပြီး  ဗြိတိန်၊ ဘရူးနိုင်း၊ ကနေဒါ၊ အိန္ဒိယ၊ အီတလီ၊ လူဇင်ဘတ်၊ မလေးရှား၊ ပါကစ္စတန်၊ ရုရှားနှင့် ထိုင်နိုင်ငံများမှ ကုမ္ပဏီ ၁၀ ခုက လုပ်ကွက် ၁၆ ခုအား တင်ဒါအောင်မြင်ခဲ့သည်။
    မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ပရောဂျက် ၁၁၅ ခု  တွင် နိုင်ငံခြားကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ ၂၀၁၃ နှစ်ကုန်ပိုင်း၌ ကန်ဒေါ်လာ ဘီလီယံ ၁၄.၃၇၂ ( ၁ ဘီလီယံ= သန်း ၁၀၀၀) ရှိလာခဲ့သည်။ ထိုပမာဏမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ ၃၂.၄၆ ရာခိုင်နှုန်းဖြစ်ပြီး နိုင်ငံ၏ လျှပ်စစ်စွမ်းအား ကဏ္ဍနောက် နိုင်ငံခြား ရင်းနှီးမြှုပ်မှု ဒုတိယ အကြီးဆုံးဖြစ်သည်ဟု တရားဝင်ကိန်း ဂဏန်းများအရ သိရသည်။
    ဓါတ်ပုံ အညွှန်း- မြန်မာ့ကမ်းလွန်ပင်လယ် သဘာဝဓါတ်ငွေ့ တူးစင်တခု
  • 2014Census: လူနည်းစုဝင်များမှ သန်းခေါင်စာရင်း ကောက်ခံမှုကို ရွှေ့ဆိုင်းစေလို
    ဇန်နဝါရီ ၂၉၊ ၂၀၁၄
    M-Media
    ဘာသာပြန်ဆိုသူ- မြင့်မိုရ်မောင်မောင်
    myanmar-census-2012
    မြန်မာနိုင်ငံအ၀ှမ်းတွင် မတ်လကုန်ချိန်မှသာလျှင် သန်းခေါင်စာရင်းကောက်ယူမှု စတင်မည်ဖြစ်သော်လည်း လူနည်းစုဝင်များမှာမူ အစိုးရ၏နည်းစဉ် လမ်းကြောင်းနှင့် ပတ်သက်၍ မေးခွန်းထုတ်နေကြပြီး၊ ယင်းကိစ္စအား ရွှေ့ဆိုင်းပေးစေ လိုကြောင်း အများစုက တိုက်တွန်းလောဆော် လျက်ရှိကြ၏။
    “ အချိန်ကိုက်ဆောင်ရွက်ထားမှုက မမှန်ကန်ပါဘူး။ ထိခိုက်နစ်နာမှုမရှိတဲ့ ရှုထောင့် အမြင်ကနေ ကျွန်မတို့ စဉ်းစားကြရပါမယ်။ ဒီသန်းခေါင်စာရင်းကောက်ယူမှုဟာ ထိခိုက်နစ်နာမှု အများအပြား ဖြစ်စေနိုင်လို့ပါ ” ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ အစီအစဉ်ဖော်ဆောင်သူ ဒေါ်ခွန်ဂျာက ဆိုပါသည်။
    ဒေါ်ခွန်ဂျာနည်းတူ များစွာသော လူမှုလှုပ်ရှားသူတို့ကလည်း သန်းခေါင်စာရင်းကောက်ခံမှုသည် တိုင်းရင်းနွယ် အုပ်စုများကို ပိုင်းခြားခွဲခြမ်းမည့် အသုံးချကိရိယာ တန်ဆာပလာလေလော ဟူ၍ စိုးရိမ်မကင်း ဖြစ်နေကြသည်။ ၎င်းက ကချင်ဟူသော ခေါင်းစဉ်အောက်၌ ခြုံငုံခေါ်ဆိုသည့် ဒါဇင်များစွာသော လူမျိုးနွယ်များအကြား သဘောထားကွဲလွဲစေရာ အချက် တစ်ရပ် ဖြစ်လာစေခဲ့ကြောင်း သူမက ပြောကြားခဲ့သည်။
    “ လက်ရှိသန်းခေါင်စာရင်းအတွက် သတ်မှတ်ချက်မှာ မျိုးနွယ်စု ၆ ခုထဲကိုဘဲ ကိုယ်စားပြုဖော်ပြထားပါတယ်။ လုံးဝပေါင်းစပ်စုစည်း မရတော့တဲ့ လူမျိုးနွယ်တွေအဖြစ် အဓမ္မပြုလိုက်သလို လူတွေ ခံစားနေကြရပါတယ် ”။
    ယင်းသို့ အမျိုးအစားခွဲခြားလိုက်ခြင်းမှာ မိမိပြည်နယ်တွင်းရှိ လက်နက်ကိုင်တော်လှန်သူများထံရှိကြသော “တော်လှန်ရေး စိတ်ဓာတ်” အား တိုက်ခိုက်ချိုးနှိမ်ရန် အလွန် ရှင်းလင်းသည့်ကြိုးပမ်းချက် တစ်ရပ်ဖြစ်သည်ဟု သူမက ဖော်ပြပြောဆိုသည်။ သန်းခေါင်စာရင်းကောက်ယူ သတ်မှတ်မှုမှာ “စစ်မက်၏အကြွင်းမဲ့ တပ်ဦးသစ်” တစ်ခုဖြစ်သည်ဟု ညွှန်းဆိုလိုက်ပါသည်။
    ချင်းလူ့အခွင့်အရေးအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဘာဝီ သန်း Salai Bawi Thang ကလည်း သန်းခေါင်စာရင်း လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အာဏာပိုင်အစိုးရသည် ဒေသတွင်းပြည်သူများကို လုံလောက်သော အသိပညာပေးမှု မရှိကြောင်း၊ လုပ်ငန်းစဉ်တစ်ရပ်လုံးမှာ စော်ကားမှု နှင့် လွဲချော်သည့်ကိုင်တွယ်စီမံမှုဖြစ်အောင် တမင် ဖန်တီးထားကြောင်း ဝေဖန် ခဲ့သည်။
    “ လူထုနဲ့ ဆွေးနွေးတိုင်ပင်နှီးနှောမှု မရှိတဲ့အပြင်၊ ချင်းအမျိုးသားတွေအဖို့ ယုံကြည်ကိုးစားလောက်တဲ့ သတင်း အချက်အလက် တစ်စုံတစ်ရာမှ မရရှိကြပါဘူး။ ရလဒ်အားဖြင့် ချင်းလူမျိုးများစွာအကြား ရှုပ်ထွေးမှု ဖြစ်ပွားလာပြီး – ငါတို့ကို အစိပ်စိပ်အမြွာမြွာ ခွဲထုတ်လေတော့မလား လို့ စိုးရိမ်ပူပန်လာခဲ့ကြပါတယ် ”။
    Salai Bawi Thang သည် မိမိပြည်နယ်မှ သန်းခေါင်စာရင်းအရေးကိစ္စကျွမ်းကျင်သူတို့ကိုလည်း မေးမြန်းပြောဆိုခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးအရာရှိများနှင့်တွေ့ဆုံဆွေးနွေးပြီးနောက် သူက “ မျိုးကွဲအုပ်စုဝင်တစ်ချို့ရဲ့ အမည် စာလုံးပေါင်းတွေမှာလည်း အမှားမှား အယွင်းယွင်း ဖြစ်နေတယ်။ ဥပမာ – ခူမီးကို ခါမီးလို့ ရေးသားထားကြတယ် ” ဟု မှတ်ချက်စကားဆိုခဲ့သည်။
    Salai Bawi Thang နှင့် ဒေါ်ခွန်ဂျာကဲ့သို့လူများစွာက အစိုးရနှင့်တိုင်းရင်းနွယ်အုပ်စုတို့သည် အကောင်းဆုံးပုံချစံ သတ်မှတ်မှုကို သဘော မမျှနိုင်သေးသရွေ့ လုပ်ငန်းစဉ်တစ်ရပ်လုံး ဆိုင်းငံ့ထားပေးရန် တောင်းဆိုနေကြ၏။
    အခြားတစ်ဖက်မှာလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ၏ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က သန်းခေါင်စာရင်းကောက်ခံမှုနှင့် ပတ်သက်၍ ရိုဟင်ဂျာတို့အပေါ် ဥပဒေကြောင်းအရသာ သတ်မှတ်ဆောင်ရွက်ရန် အပြုသဘောဆောင် စာတစ်စောင် တင်သွင်းခဲ့သည်။
    ရခိုင်ပြည်နယ်၌ ဤအရေးမှာ ပြဿနာကြီးထွားနေဆဲပင်။ ဒေသတွင်းရှိ လူနည်းစုဝင် ရိုဟင်ဂျာတို့၏နိုင်ငံသားဖြစ်မှု ကိစ္စသည် ကြောက်စရာအကြောင်း တစ်ရပ်ဖြစ်နေပြီး ပြင်းထန်သော သဘောကွဲလွဲမှု မကြာခဏ ဖြစ်ပေါ်နေပေသည်။ ယမန်နှစ်က ဒေသခံမွတ်စ်လင်မ် လူ့အဖွဲ့အစည်းတို့အား သန်းခေါင်စာရင်း လုပ်သားတို့သည် ရိုဟင်ဂျာလူထုအား “ဘင်္ဂါလီ” ဟု တံဆိပ်တပ်ရန် အဓမ္မကြိုးပမ်းချက်များအပေါ် ၎င်းတို့မှ ခါးခါးသည်းသည်းငြင်းဆန်သောကြောင့် အကြမ်းဖက်ပြဿနာ အကြိမ်ကြိမ် ပေါ်ပေါက်ခဲ့ရပြီးဖြစ်သည်။
    “ ကျွန်တော် သိနားလည်ထားမှုအရ လူတစ်ဦးချင်းဆီမှာ မိမိကိုယ်ပိုင် မျိုးနွယ်အုပ်စုဝင်အမည်ကို ခံယူဖော်ပြခွင့် ရှိနေပါတယ်။  သန်းခေါင်စာရင်းကိစ္စက နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ဘာမှ မပတ်သက်ပါဘူး။ သူတို့အနေနဲ့ လွတ်လပ်စွာ ပြောဆိုနိုင်တယ်၊ လွတ်လွတ်လပ်လပ် ရေးသွင်းနိုင်ပါတယ် ” ဟူသောစကားနှင့်အတူ ဦးရွှေမောင်က – အကြမ်းဖက်မှု ထပ်မံ မဖြစ်ပွားစေရန် ရှောင်ကြဉ်အပ်သည့် အဓိကအချက်မှာ ဒေသခံပြည်သူများနှင့် ဆွေးနွေး တိုင်ပင်နှီးနှောမှုပြု၍ လူ့အဖွဲ့အစည်းဝင်များနှင့် ရင်းနှီးကျွမ်းဝင်သူများကိုသာ သန်းခေါင်စာရင်းကောက်ခံရေး၌ အသုံးပြုသွားရန်ဖြစ်ကြောင်း၊ သို့သာမက သတ်မှတ်စံနှုန်းနှင့် အညီ ရိုးဖြောင့်စွာဆောင်ရွက်ကြမည့် သန်းခေါင်စာရင်းကောက်ခံရေး အထောက်အကူပြု မွတ်စ်လင်မ်စေတနာ့ဝန်ထမ်း ၇၀၀ ဦး၏ အမည်စာရင်းကိုလည်း မိမိမှ တင်သွင်းထားပြီးဖြစ်ကြောင်း ပြောကြားပါသည်။
    သို့တစေ မိမိမှာ နစ်နာထိခိုက်မှုကြီးမားမည်ကို အလွန်အမင်းစိုးရိမ်ပူပန်နေကြောင်း၊ အာဏာပိုင်များအနေနှင့် တတ်နိုင်သမျှ အချက်အလက်ကောက်ခံခြင်းကိုသာ အာရုံထားအားစိုက်ကြပြီး နိုင်ငံသားအရေးနှင့်ရွေးကောက်ပွဲအခွင့်အရေးအပေါ် အခြေမပြုလျှင် မည်သည့်ပြဿနာမျှ မဖြစ်နိုင်ကြောင်း သူက ဆိုပါသည်။
    “ နိုင်ငံသားဖြစ်မှု နဲ့ မဲပေးခွင့်တွေဟာ သီးခြားအရေးအရာများသာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်းကောက်ယူမှုနဲ့ ဆက်နွှယ်ပြီး မလုပ်ဆောင်သင့်ပါဘူး ”။
    မည်သို့ဆိုစေကာမူ ဒေါ်ခွန်ဂျာသည် လက်ရှိသန်းခေါင်စာရင်းပုံစံအား မယိုင်မလဲ ဆန့်ကျင်လျက်ရှိနေပါသည်။
    “ ကျွန်မတို့အနေနဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို ရွှေ့ဆိုင်းလိုက်ဖို့ လိုအပ်ပါတယ်။ လုပ်ငန်းစဉ် တစ်ခုလုံးကို ပြန်လည် သုံးသပ် အစပြုရမှာဖြစ်ပါတယ်။ အာဏာပိုင်အစိုးရဟာ အချက်အလက် စာရင်းတွေလောက်ကိုသာ စိတ်ဝင်စားနေတာ မဟုတ်ဘဲ တိုင်းသူပြည်သားများရဲ့စည်းလုံးညီညွတ်မှုကို ဖြိုခွဲချင်နေတာပဲဖြစ်ပါတယ် ”။
    Myanmar Times တွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် Bill O’Toole ၏ “Minorities want survey delayed” ဆောင်းပါးကို မြင့်မိုရ် မောင်မောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။