News @ M-Media

Blog

  • မောင်တောမြို့ ဒူချီရာတန်းကျေးရွာ ရိုဟင်ဂျာမွတ်စလင် အိမ်များ မီးရှို့ခံနေရ

    ဇန်န၀ါရီ ၂၈၊ ၂၀၁၄
    ထွန်းတောက်
    M-Media

    Maung-Daw-Buthidaung1
    မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဒူချီရာတန်းမှ ရိုဟင်ဂျာအိမ်များအား မီးရှို့ခံနေရကြောင်း သိရပါတယ်။

    ယနေ့ည ၈း၃၀-နာရီခန့်က ဒူချီရာတန်းရှိ အိမ်များမီးရှို့ခံနေရပြီး ည ၁၀း၃၀-နာရီခန့်အထိ အိမ် ၅-လုံး မီးရှို့ခံခဲ့ရပြီး နောက်ထပ်လည်း မီးတောက်များ မြင်နေရဆဲဖြစ်တာကြောင့် မီးများ ဆက်လက် လောင်ကျွမ်းနေကြောင်း သိရသော်လည်း အိမ်ခြေ မည်မျှ မီးရှို့ခံရကြောင်း အတည်မပြုနိုင်သေးကြောင်း ဒေသခံတစ်ဦးမှ ပြောပါတယ်။

    ၎င်း မီးရှို့ခံရသည့် အိမ် ၅-အိမ်မှာ ဆက်တိုက်လောင်ကျွမ်းခြင်း မဟုတ်ဘဲ တစ်အိမ်ပြီးမှ တစ်အိမ် ရှို့ခံရခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

    မီးလောင်နေသည့်အတွက် ဒေသခံလူများ စိုးရိမ်ထိတ်လန့်နေကြကြောင်း၊ မောင်တောမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်းက ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် ဒေသဆိုင်ရာ အာဏာပိုင်များကို အကြောင်းကြားထားပြီး လက်ရှိအခြေအနေမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မောင်တောအခြေစိုက် ရဲမှူးချုပ်ပါ ရောက်ရှိပြီး ယခုအရေးကိစ္စကို ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ဦးရွှေမောင်မှ အတည်ပြု ပြောကြားပါတယ်။

    ဒူချီရာတန်းသည် အိမ်ခြေ ၄၀၀ ခန့်ရှိသည့် ရွာငယ် ၇-ရွာ ပေါင်းစုထားသည့် ဒူချီရာတန်းကျေးရွာအုပ်စု ဖြစ်ပြီး ယခု ဖြစ်နေသည်မှာ အရှေ့ရွာ၊ အလယ်ရွာနှင့် အနောက်ရွာတို့တွင် ဖြစ်နေတယ်လို့လည်း သိရပါတယ်။

    မောင်တောမှာ ဇန်နဝါရီ ၉ရက်နေ့နဲ့ ၁၃ရက်နေ့တွေမှာ ဒူချီရာတန်းကျေးရွာက ဒေသခံ မွတ်ဆလင် အနည်းဆုံး ၄ဝကျော်ကို အစိုးရလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရခိုင်လူမျိုးတွေ တိုက်ခိုက်သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂ မှ သတင်းထုတ်ပြန်ခဲ့ပြီး အေပီ သတင်းဌာနနှင့် နိုင်ငံတကာ သတင်းဌာများမှာ ခေါင်းကြီးပိုင်းသတင်းအဖြစ် ဖော်ခဲ့ပြခဲ့ကြတယ်။

  • ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အိုလမာ အစ္စလာမ် သာသနာ့ ပညာရှင်များ အဖွဲ့ချုပ်မှ အကြံပြုချက်ပေးပို့

    ဇန်နဝါရီ ၂၈ ၊ ၂၀၁၄
    M-Media
    သတင်း- ဘုန်းမင်းခန့်

    1

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အိုလမာအစ္စလာမ် သာသနာ့ပညာရှင်များ အဖွဲ့ချုပ်မှ အကြံပြုချက်များကို ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက် နေစွဲဖြင့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ၊ ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော်သို့  တင်ပြပေး ပို့ခဲ့ကြောင်း သိရှိရပါသည်။

    ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြခဲ့သော အကြံပြုချက်များတွင်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ၁၉၁၆ ခုနှစ်မှ စတင် တည်ထောင်ခဲ့သော အိုလမာ အစ္စလာမ် သာသနာ့ ပညာရှင်များ အဖွဲ့ချုပ်ကြီးသည် ယနေ့ထက်တိုင် တိုင်းနှင့်ပြည်နယ်၊ မြို့နယ်ခွဲပေါင်း (၁၂၀)ကျော်ဖြင့် ရပ်တည်နေသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် လူထု၏ ယုံကြည်လေးစား အားထားမှု ခံယူရသော အဖွဲ့ချုပ်ဖြစ်ပြီး၊ မည်သည့် ပြည်ပ အဖွဲ့အစည်း အသင်းအဖွဲ့ တစ်ခုခု၏ လက်အောက်ခံ အဖွဲ့ခွဲ မဟုတ်သကဲ့သို့၊ ပြည်ပ ငွေကြေး၊ ပစ္စည်း၊ ထောက်ပံ့မှု လက်ခံရယူမှု လုံးဝ ကင်းရှင်းသော အဖွဲ့ကြီးဖြစ်ကြောင်း၊ အစ္စလာမ့် တရားတော်အရ အစ္စလာမ်ဘာသာကို သက်ဝင်သူတို့သည် မိမိတို့မှီတင်းနေထိုင်ရာ တိုင်းနိုင်ငံ၏ ဥပဒေ၊ စည်းကမ်းများကို တရားတော်နှင့် အညီ လေးစားလိုက်နာ၍ သစ္စာစောင့်ထိန်းကြရပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားတို့၏ အရေး ကိစ္စမှာ အစ္စလာမ် ဘာသာဝင်ဖြစ်ကြသော နိုင်ငံသူ နိုင်ငံသားတို့၏ အရေးကိစ္စပင်ဖြစ်သည်ဟု ခံယူကြသည့်အားလျော်စွာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အတွက် အကြံပြုချက်များ တောင်းခံထားသည့် အပေါ် တစ်တပ် တစ်အားအဖြစ် ယခုကဲ့သို့ အကြံပြုချက် တင်ပြရခြင်းဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အတွက် မူလပြဌာန်းချက်များအား ပြင်ဆင်ဖြည့်စွက်ပေးစေ လိုသည်များကို မူလပြဌာန်းချက် ၊ အကြံပြုပြင်ဆင်ချက်နှင့် ရှင်းလင်း တင်ပြချက်ဟူ၍ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေလေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြခဲ့ကြောင်း၊ စာမျက်နှာ(၅)မျက်နှာပါ ထိုအကြံပြုချက်များတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ – မူလပြဌာန်းချက်ပါ အခန်း(၁) နိုင်ငံတော် အခြေခံမူများ တွင် ပုဒ်မ ၆(င) ၊ ပုဒ်မ ၃၄ နှင့် ပုဒ်မ ၆၅ တို့အား အကြံပြုပြင်ဆင်ချက်များ ပါဝင်ပြီး  အခန်း(၈)နိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များတွင် မူလပြဌာန်းချက် ဖြစ်သော ပုဒ်မ ၃၄၅၊  ပုဒ်မ ၃၄၅(ဃ)၊ ပုဒ်မ ၃၄၅(င)တို့အပြင် ပုဒ်မ ၃၅၇ ၊ ပုဒ်မ ၃၆၃၊  ပုဒ်မ ၃၆၄ နှင့် ပုဒ်မ ၃၆၈  တို့အား အကြံပြုပြင်ဆင်ချက်များ၊ ရှင်းလင်းချက်များဖြင့် အိုလမာအစ္စလာမ် သာသနာ့ ပညာရှင်များအဖွဲ့ချုပ် ဥပဒေအကြံပေး အရာရှိများမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနိုင်ရေးနှင့် ဖြည့်စွက် ပြဌာန်းပေးစေလိုသည့် အချက်များ အတွက် အကြံပြု တင်ပြခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။

    PDF File Download Link =>Click Here (File Size 1 MB)

  • တမန်တော် မုဟမ္မဒ်သခင် ဖွားမြင်သည့်လကို ဂုဏ်ပြုသောအားဖြင့် ချို့တဲ့သူများအား ကူညီသည့် လှုပ်ရှားမှုတစ်ခု ရုရှားတွင်ပြုလုပ်

    တမန်တော် မုဟမ္မဒ်သခင် ဖွားမြင်သည့်လကို ဂုဏ်ပြုသောအားဖြင့် ချို့တဲ့သူများအား ကူညီသည့် လှုပ်ရှားမှုတစ်ခု ရုရှားတွင်ပြုလုပ်

    ဇန်န၀ါရီ ၂၈၊ ၂၀၁၄
    M-Media

    – မုဟမ္မဒ်သခင်ဖွားမြင်သည့် ရဗီအွလ် အောင်ဝလ်လ (အစ္စလာမ့်ပြက္ခဒိန်၏ တတိယမြောက်လ) ကို ဂုဏ်ပြုသောအားဖြင့် ရုရှားနိုင်ငံ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ Ingushetia ရှိ အစ္စလာမ်ဘာသာဝင်များမှာ ဆင်းရဲချို့တဲ့သူများအား ကူညီလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    Ingushetia ပြည်နယ်၏ မွတ်စလင် အုပ်ချုပ်ရေးမှူးက ကြီးမှူးစီစဉ်ခြင်းဖြစ်ပြီး၊ အစ္စလာမ်ဘာသာဝင်များမှာ ဆင်းရဲချို့တဲ့သော မိသားစုများ၊ မသန်းစွမ်း သူများ စုစုပေါင်း လူ ၃၀၀၀ ကျော်အား ငွေကြေးအပါအ၀င်၊ ဂျုံ၊ သကြား၊ ဆန်၊ လက်ဖက်ရည် စသည့် အစားအသောက်ပစ္စည်းများ လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

    တမန်တော် မုဟမ္မဒ်သခင်ဖွားမြင်သည့် ရဗီအွလ်အောင်ဝလ်လတွင် ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ် ဘာသာဝင်များမှာ အခမ်းအနားများပြုလုပ်၍ မုဟမ္မဒ် သခင်၏ ထေရုပတ္တိများ ဟောကြားခြင်း၊ မုဟမ္မဒ်သခင် သွန်သင်မှုများအား ပြန်လည် အမှတ်ရစေခြင်း အပါအ၀င် ချို့တဲ့သူများအား လှူဒါန်းခြင်း၊ စတုဒီသာများ ကျွေးမွေးခြင်း စသည့်လှုပ်ရှားမှုများကို ပြုလုပ်လေ့ရှိကြသည်။

    Ref : Islam RU

  • ဆေးစစ်ရန်အစီအစဉ်အား ပျက်ကွက်ခဲ့သည့် တောင်ကိုရီးယား ကြက်တောင်ကစားသမား ၂ ဦး ၁ နှစ်ပွဲပယ်ပြစ်ဒဏ်ကျ

    ဆေးစစ်ရန်အစီအစဉ်အား ပျက်ကွက်ခဲ့သည့် တောင်ကိုရီးယား ကြက်တောင်ကစားသမား ၂ ဦး ၁ နှစ်ပွဲပယ်ပြစ်ဒဏ်ကျ

    ဇန်န၀ါရီ ၂၈၊ ၂၀၁၄
    M-Media

    ဆေးစစ်ရန်အစီအစဉ်အား ပျက်ကွက်ခဲ့သည့် တောင်ကိုရီးယား ကြက်တောင်ကစားသမား ၂ ဦး ၁ နှစ်ပွဲပယ်ပြစ်ဒဏ်ကျ

    – တားမြစ်ဆေးသုံးစွဲကြောင်းရှိမရှိ ဆေးစစ်ရန် ပျက်ကွက်ခဲ့မှုကြောင့် တောင်ကိုရီးယား နာမည်ကြီး ကြက်တောင်ရိုက် အားကစားသမား နှစ်ဦးအား ၁ နှစ် ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်သည်ဟု ကမ္ဘာ့ကြက်တောင်ရိုက်အဖွဲ့ချုပ်က ယနေ့တွင် ကြေညာခဲ့သည်။

    ၂၀၀၈ ခုနှစ် ဘေဂျင်း အိုလံပစ် နှစ်ယောက်တွဲ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သည့် ကင်မ်ကီဂျွန်နှင့် လီယုံဒေးတို့ဖြစ်ကြပြီး ပွဲပယ်ပြစ်ဒဏ်မှာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၂၃ ရက်နေ့တွင်ပြည့်မည်ဖြစ်ကာ ကိုရီးယားကြက်တောင်ရိုက် အဖွဲ့ချုပ်ကမူ ထိုပြစ်ဒဏ်မှာ ပြင်းထန်ပြီး မမျှတသော ပြစ်ဒဏ်ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

    ကစားသမားများ၏ လှုပ်ရှားမှုများကို ကမ္ဘာ့ကြက်တောင်ရိုက်အဖွဲ့ချုပ်သို့ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် ကိုရီးယားကြက်တောင်ရိုက် အဖွဲ့ချုပ် အား အပြစ်ပေးသည့်အနေဖြင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကစားသမားနှစ်ဦးစလုံးမှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့မတိုင်မီအထိ အယူခံ ၀င်ခွင့်ရှိနေသည်ဟု ကွာလာလမ်ပူအခြေစိုက် ကမ္ဘာ့ကြက်တောင်ရိုက် အဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့သည်။

    Ref : Channel News Asia

  • မာတာအားခေါ်ယူနိုင်ခဲ့ခြင်းမှာ အသင်း၏ ပြောင်းလဲမှုများထဲမှ တစ်ခုဖြစ်သည်ဟု မိုယက်စ်ဆို

    မာတာအားခေါ်ယူနိုင်ခဲ့ခြင်းမှာ အသင်း၏ ပြောင်းလဲမှုများထဲမှ တစ်ခုဖြစ်သည်ဟု မိုယက်စ်ဆို

    ဇန်န၀ါရီ ၂၈၊ ၂၀၁၄
    M-Media

    – မာတာအား ခေါ်ယူနိုင်ခဲ့ခြင်းမှာ အသင်းတွင် ပြုလုပ်မည့် အပြောင်းအလဲများမှ တစ်ခုဖြစ်ပြီး မိမိအနေဖြင့် ကစားသမားခေါ်ယူမှုများကို ဆက်လက် ပြုလုပ်သွားမည်ဟု မန်ယူအသင်း၏ နည်းပြ မိုယက်စ်က ပြောကြားခဲ့သည်။

    ယခုနှစ်ရာသီတွင် အသင်း၏ ရလဒ်များ ဆိုးရွားနေသောကြောင့် ဝေဖန်မှုများကို ခံနေရသည့် မိုယက်စ်က ၎င်းအနေဖြင့် မည့်သည့်အခါကမှ မာတာအား ခေါ်ယူနိုင်မည်ဟု မမျှော်လင့်ခဲ့ကြောင်း ၀န်ခံခဲ့သည်။

    “ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ဟာ ခက်ခဲ့တဲ့နွေရာသီလို့ ကျွန်တော်တို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားတွေကို စောင့်ကြည့်ခွင့်ရခဲ့ပြီး၊ အခုဆောင်းရာသီ အပြောင်းအရွှေ့ကို ရောက်လာပါပြီ။ အသင်းကို ကျွန်တော် အပြောင်းအလဲတွေလုပ်နေပြီး ဂျူအန်(မာတာ) ကတော့ ပထမဆုံး ပြောင်းလဲမှုပါပဲ” ဟု မိုယက်စ်က မာတာခေါ်ယူခြင်းနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    မာတာကလည်း ယခုနှစ်ရာသီ ချယ်ဆီးအသင်းတွင် ရှိနေခဲ့သည့် ၆ လတာ ကာလမှာ ခက်ခဲခဲ့သည်ဟု ၀န်ခံခဲ့ပြီး အိုးထရက်ဖို့ဒ်တွင် မိမိ၏ ကစာသမားဘ၀ ပြန်လည်စတင်ရသည့် အတွက် ၀မ်းမြောက်မိကြောင်း၊ မန်ယူအသင်း အနေဖြင့်လည်း ပရီးမီးယားလိဂ် ဆုဖလားအား ကာကွယ်ရန် အခွင့်အရေးရှိကြောင်း စသဖြင့် ပြောကြားခဲ့သည်။

    Ref : Goal