News @ M-Media

Blog

  • အဖျက်သမားများကို လက်တွဲချေမှုန်းရန် မန္တလေး တိုင်းဝန်ကြီး တမန်တော်နေ့ အခမ်းအနားတွင်ပြော

    အဖျက်သမားများကို လက်တွဲချေမှုန်းရန် မန္တလေး တိုင်းဝန်ကြီး တမန်တော်နေ့ အခမ်းအနားတွင်ပြော

    ဇန်န၀ါရီ ၂၇၊ ၂၀၁၄
    M-Media
    ချို(မန္တလေး)

    ရှေးမင်းများ လက်ထက်ကတည်းက ဘာသာစုံ တပြေးညီ နေရာပေးခဲ့ကြောင်း နှင့် အဖျက်သမားများကို လက်တွဲချေမှုန်းရန် မန်းတိုင်းဝန်ကြီး တမန်တော်နေ့ အခမ်းအနားတွင်ပြော

    941497_10201096565607325_1548761383_n

    မန္တလေး  ။        ။     တမန်တော် မုဟမ္မဒ် သခင်(ဆွ) အား ချစ်ခင်ကြည်ညိုလေးစားခြင်း အထိမ်းအမှတ် ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ညီနောင်များတွေ့ဆုံပွဲ တစ်ရပ်အား မန္တလေးမြို့ Oriental House ခန်းမတွင် ဇန်န၀ါရီလ ၂၆-ရက်နေ့ နေ့လည် ၁း၀၀-နာရီမှ ညနေ ၄း၀၀-နာရီအထိ ကျင်းပပြုလုပ်ခဲ့သည်။

    အဆိုပါပွဲသို့ မန္တလေးတိုင်း သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးသန်းစိုးမြင့်၊ ဗုဒ္ဓသာသနာတော်မှ မြ၀တီမင်းကြီး စာသင်တိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တအရိယာဘိဝံသ၊ အာရှအလင်းရောင် ပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တစိန္တိတ၊ ခရစ်ယာန် သာသနာတော်မှ သိက္ခာတော်ရ ဆရာတော် ဂျော့ဦးခင်မောင်ထွေး၊ ဟိန္ဒူသာသနာတော်မှ ကရိသျှန သာသနာအသင်း ဆရာတော် ရာမစန္ဒြာဒါတ်စ် နှင့် K.A.F.T.G ဃရာနာ အစ္စလာမ်သာသနာ ပရမတ္တ မိသားစုအဖွဲ့ ဦးစီးရှေ့ဆောင်ဆရာတော် ခလီဖွှဟ် ဦးသိန်းဝင်းအောင် အပါအ၀င် ဧည့်ပရိသတ်ပေါင်း ၁၀၀၀-ကျော် တက်ရောက်ခဲ့သည်။

    အခမ်းအနားကို ပထမဦးစွာ ကုရ်အာန်ကျမ်းမြတ်မှ မုက္ခပါတ်တော်များ ဖတ်ကြား၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဌကြီးထံမှ သ၀ဏ်လွှာ၊ မြန်မာမွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ် (မ.အ.ဖ)ဌာနချုပ်မှ ပေးပို့သည့် သ၀ဏ်လွှာ၊ မြန်မာ မွတ်စလင် သာသနာ့ ပညာရှင်များ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဆွလာဟီယသွလ် အိုလမာအဖွဲ့မှ ပေးပို့သည့် သ၀ဏ်လွှာတို့အား ဖတ်ကြားခဲ့သည်။

    သစ်တောနှင့် သတ္ထုတွင်းဝန်ကြီး ဦးသန်းစိုးမြင့်မှ “ယုံကြည်ကိုးကွယ်ရာ ဘာသာကြီးလေးခုကို အခြေခံဥပဒေမှာ အတိအလင်း ပြဋ္ဌာန်း ပြီးသားဖြစ် ပါတယ်။ ရှေးအစဉ်အလာ မင်းအဆက်ဆက်တည်းက ချစ်ကြည် ရင်းနှီးစွာ နေထိုင်ပြီး ဘာသာ အားလုံးကို တပြေးညီ နေရာပေးထားခဲ့ပါတယ်။ ချစ်ကြည်စွာ ညီမျှစွာ တန်းတူ စည်းလုံးစွာနေခိုင်မှ အားလုံးသာယာနိုင်ပါမယ်။ ဒါကြောင့် အားလုံးလက်တွဲပြီး အဖျက်အမှောက် သမားများကို ချေမှုန်းကြပြီး မည်သူမျှ မနစ်နာအောင် ကာကွယ်စောင့်ရှောက်ကြပါစို့။”ဟု ပြောကြားခဲ့သည်။

    ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး ဥက္ကဌမှ ပေးပို့သည့် သဝဏ်လွှာတွင် “လေ့လာမိရသလောက် တမန်တော် မုဟမ္မဒ် ၏ လုပ်ရပ် လမ်းစဉ်များကို မည်သူမချီးမွမ်းပဲ ဂုဏ်မပြုဘဲ နေနိုင်ပါမည်လော။”ဟု တမန်တော်မုဟမ္မဒ် (ဆွ) ၏ လမ်းစဉ်ကို ချီးကျူးဂုဏ်ပြုသွားခဲ့သည်။

    ထို့နောက် တက်ရောက်လာသော ဘာသာအသီးသီး၏ ဆရာတော်များမှ ငြိမ်းချမ်းရေး တရားတော်များ မြွက်ကြားခဲ့ကြပြီး ခလီဖွှဟ် ဦးသိန်းဝင်းအောင် က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် ကြွရောက်လာသော ဆရာတော်များအား လှူဘွယ်ဝတ္တုများ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး ကမ္ဘာကြီး နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်း သာယာဝပြောစေရန်အတွက် ဆုမွန်တောင်း၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ ပါသည်။

     

     

  • ဒေါ်စုတောင်ကြီး ဟောပြောပွဲနေရာ ခွင့်မပြု၊ ဆယ်ဘီးကားကို စင်ထိုးဟောခဲ့ရ

    ဇန်နဝါရီ ၂၆၊ ၂၀၁၄
    M-Media
    သတင်း-ဓါတ်ပုံ – ကျောက်ခဲ/မင်းကောင်းထွဋ်
    ဒေါ်အောင်ဆန်းစုကြည် ရဲ့ တောင်ကြီး ဟောပြောပွဲနေရာမှာ စစ်ပိုင်မြေဖြစ်၍ ခွင့်မပြု ၊ ဆယ်ဘီးကားကို စင်ထိုးပြီး ဟောပြောခဲ့ရ
    999930_241531839361424_440363904_n

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ နမ့်စန်၊ လင်းခေး၊ မိုးနဲမြို့ ရှမ်းပြည်တောင်ပိုင်းခရီးစဉ် အတွင်း ၂၄.၁.၂၀၁၄ ရက်၊ သောကြာနေ့ညနေ ၅း၃၀ နှင့် ၆ နာရီအကြား တောင်ကြီးမြို့ပေါ်ဖြတ်သန်း သွားရာ လမ်းတစ်လျှောက် မြို့ခံလူထုမှ သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြသည်။

    ခရီးစဉ်မှအပြန် ၂၆.၁.၂၀၀၄ ရက်နေ့တွင် တောင်ကြီးမြို့ ပြည်သူလူထုနှင့် တွေ့ဆုံနှုတ်ဆက်ဟောပြောပွဲကို သက်ဆိုင်ရာမှ ဟောပြောခွင့်သာပေးသော်လည်း ဟောပြောရန် ခွင့်ပြုချက်တောင်းခံခဲ့သော အဝေရာ မီးပုံပျံကွင်းကို တပ်ပိုင်မြေနေရာဖြစ်၍ ခွင့်ပြုချက် မပေးနိုင်ကြောင်းတုံပြန်ခဲ့သည်။

    ဒါကြောင့် အနောက်မြို့ပတ်လမ်းတွင် ဆယ်ဘီးကား နောက်ပိုင်းပြတ်ပေါ်၌ စင်ထိုးကာ ဟောပြောရှင်းလင်းပွဲကို ညနေ ၄း၁၅ နာရီမှ စတင်ပြုလုပ်ခဲ့သည်။ လူထုပရိသတ်ပေါင်း တစ်သောင်းကျော်ရှိမည်ဟု ခန့်မှန်းရပါသည်။

    ဟောပြောပွဲမှာ မြန်မာပြည်လွတ်လပ်ရေးရတာ နှစ် ၇၀ နီးပါးရှိပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးမရတဲ့ ဒဏ်ပြည်သူတွေခံစားနေရကြောင်း အကြမ်းမဖက်နိုင်ငံရေးယဉ်ကျေးမှု တခု ပေါ်လာဖို့ အားလုံး ကြိုးစားရန်လိုကြောင်း၊ အများလက်ခံတဲ့ အခြေခံဥပဒေတခုပေါ်လာဖို့ အချိန်ယူရအုံးမှာဖြစ်ပေမယ့် အဆိုးဆုံးအချက်တွေကို ပြင်ဆင်နိုင်ရင် စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကို ရရှိနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာတဲ့ လူထုကို ဟောပြောခဲ့ပါသည်။

  • မိမိအား မန်ယူသို့ရောင်းချခဲ့ခြင်း အပေါ် အံ့အားသင့်မိသည်ဟု မာတာဆို

    မိမိအား မန်ယူသို့ရောင်းချခဲ့ခြင်း အပေါ် အံ့အားသင့်မိသည်ဟု မာတာဆို

    ဇန်န၀ါရီ ၂၆၊ ၂၀၁၄
    M-Media

    – ပြီးခဲ့သည့်နှစ်က ချယ်ဆီးအသင်း၏ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည့် မာတာက ၎င်းအား မန်ယူသို့ အသင်းမှ ရောင်းချလိုက်ခြင်းအပေါ် အံ့သြမိသည်ဟု ပြောကြားလိုက်သည်။

    မာတာမှာ မန်ယူအသင်းသို့ ယူရို ၃၇.၁ သန်းဖြင့် ယမန်နေ့က ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး၊ ပရီးမီးယားလိဂ် သမိုင်းတွင် ချယ်ဆီးမှ မန်ယူသို့ ပြောင်းရွှေ့ သည့် ပထမဦးဆုံးကစားသမားဖြစ်လာခဲ့ကာ မနက်ဖြန်တွင်ကစားမည့် ကာဒစ်ဖ်အသင်းနှင့် ပွဲတွင် ပါဝင်ကစားဖွယ်ရှိနေသည်။

    “ရိုးရိုးသားသားပြောရရင် ကျွန်တော်နည်းနည်းတော့ အံ့သြမိပါတယ်။ ဒါပေမယ့် ချယ်ဆီးအသင်း၊ ပိုင်ရှင်၊ အသင်းမှာရှိတဲ့လူအားလုံးနဲ့ ပြီးခဲ့တဲ့ ရာသီ နှစ်ခုက ကျွန်တော့်ကိုအကောင်းဆုံးကစားသမားအဖြစ် မဲပေးခဲ့ကြတဲ့ ပရိတ်သတ်တွေအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ အမြဲတမ်းလည်း ကျေးဇူးတင်နေမှာပါ” ဟု MUTV နှင့် အင်တာဗျူးတွင် မာတာက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအား ၀ယ်ယူခဲ့သည့် ကြီးမြင့်သောဈေးနှုန်းက မိမိအပေါ် ရိုက်ခတ်လိမ့်မည်မဟုတ်ဘဲ အိုးထရက်ဖို့ဒ်တွင် ကစားခွင့်ရရန်သာ ရှေးရှု လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Goal

  • ရမ်းဆေးမှာ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဖြစ်လာသည်ဟု ဗီယာရာဆို

    ရမ်းဆေးမှာ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဖြစ်လာသည်ဟု ဗီယာရာဆို

    ဇန်န၀ါရီ ၂၆၊ ၂၀၁၄
    M-Media

    – အာဆင်နယ်အသင်း၏ ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးမှ ယခုနှစ်ရာသီတွင် ပရီးမီးယားလိဂ်၏ အကောင်းဆုံးကစားသမား ဖြစ်လာခဲ့သည်ဟု ယုံကြည်ကြောင်း အာဆင်နယ်၏ အသင်းခေါင်းဆောင်ဟောင်း ဗီယာရာက ပြောကြားခဲ့သည်။

    အသက် ၂၃ နှစ်အရွက်ရှိ ရမ်ဆေးမှာ ယခုနှစ်တွင် အသင်းနှင့် ၂၇ ပွဲကစားထားပြီး ၁၃ ဂိုးသွင်းယူပေးထားနိုင်သည်အထိ ခြေစွမ်းပြနိုင်ခဲ့ပြီး အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ထိပ်ဆုံးတွင် ရပ်တည်နေနိုင်ရာတွင် အရေးပါသူတစ်ဦးဖြစ်လာခဲ့သည်။

    ပေါင်ဒဏ်ရာကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်နေ့မှ စတင်က အသင်းတွင်ပါဝင်ကစားနိုင်ခြင်းမရှိသည့် ရမ်းဆေးမှာ ယခုလက်ရှိ အာဆင်နယ် အသင်းတွင် လွှမ်းမိုးမှုရှိနေကြောင်းကို ဗီယာရာက

    “အာရွန်(ရမ်ဆေး)ဟာ တော်တော်လေးကောင်းလာပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနဲ့ အရေးပါဆုံးလည်းဖြစ်လာပါတယ်။ အာဆင်နယ် ဒီရာသီမှာ ထိပ်ဆုံးရောက်နေတာဟာ ရာသီအစကတည်းက သူအစွမ်းပြတာကြောင့်ပါ” ဟု ဗီယာရာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ၂၀၁၀ ခုနှစ်က ခြေထောက်ကျိုးသွားခဲ့သည့် ရမ်ဆေးအပေါ် ယုံကြည်မှု ထားရှိသည့် အာဆင်ဝင်းဂါးကိုလည်း ချီးကျူးသွားခဲ့သည်။

    Ref : Goal

  • သြတေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် လီနာဗိုလ်စွဲ၊ မိမိအလိုချင်ဆုံး ဖလားတစ်ခုဖြစ်သည်ဟု ပြောကြား

    သြတေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် လီနာဗိုလ်စွဲ၊ မိမိအလိုချင်ဆုံး ဖလားတစ်ခုဖြစ်သည်ဟု ပြောကြား

    ဇန်န၀ါရီ ၂၆၊ ၂၀၁၄
    M-Media

    – သြစေလးလျနိုင်ငံ Melbourne Park တွင် ကျင်းပပြုလုပ်ခဲ့သည့် သြစတေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် တရုတ်တင်းနစ်မယ် လီနာက အနိုင်ရ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    ယမန်နေ့ ညနေက ကစားခဲ့သည့် ဗိုလ်လုပွဲတွင် လီနာမှာ စလိုဗက်ကီးယား တင်းနစ်မယ် စီဘူလ်ကိုဗာအား ၇-၆(၇-၃) ၆-၀ ဖြင့် အနိုင်ကစားနိုင်ခဲ့ကာ ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။

    ၂၀၁၁ နှင့် ၂၀၁၂ ပြိုင်ပွဲများတွင် ဗိုလ်ပွဲသို့တက်ရောက်နိုင်ခဲ့ပြီးမှ ကင်မ်ကလိုက်စကားနှင့် အဇာရန်ကာတို့ကို ရှုံးနိမ့်ခဲ့ပြီး ဒုတိယဆုသာ ရရှိခဲ့သည့် လီနာ အတွက် ယခုဆုဖလားမှာ ဒုတိယမြောက် ဂရန်းစလင်း ဆုဖလားဖြစ်ပြီး၊ ပြိုင်ပွဲသက်တမ်းတစ်လျှောက် အသက်အကြီးဆုံး ချန်ပီယံလည်း ဖြစ်လာခဲ့သည်။

    ထိုပြိုင်တွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်ခဲ့သည့် လီနာက “အနည်းဆုံးတော့ ကျွန်မ လုပ်နိုင်ခဲ့ပါတယ်။ အရင်နှစ်ကြိမ်တုန်းကလိုမဟုတ်ဘဲ အဆင့်တစ်ခုကို တက်နိုင်ခဲ့တယ်လို့ ကျွန်မခံစားရပါတယ်။ ကျွန်မကိုယ်ကျွန်မ အရမ်းဂုဏ်ယူမိပါတယ်။ ဒီဖလားကို ကျွန်မနှစ်သက်ပြီး ကျွန်မလိုချင်တဲ့ ဆုဖလားပါပဲ” ဟု ပွဲအပြီးတွင်ပြောကြားခဲ့သည်။

    Ref : Skysports