News @ M-Media

Blog

  • FA ဖလား ပဉ္စမအဆင့် မဲခွဲမှုများထွက်ပေါ်၊ ပရီးမီးယားလိဂ် ထိပ်သီးလေးသင်း အချင်းချင်းတွေ့ဆုံ

    FA ဖလား ပဉ္စမအဆင့် မဲခွဲမှုများထွက်ပေါ်၊ ပရီးမီးယားလိဂ် ထိပ်သီးလေးသင်း အချင်းချင်းတွေ့ဆုံ

    ဇန်န၀ါရီ ၂၇၊ ၂၀၁၄
    M-Media

    – FA ဖလား ပဉ္စမအဆင့်အတွက် မဲခွဲမှုများကို ၀င်ဘလေကွင်းတွင် ယမန်နေ့ညနေက ပြုလုပ်ခဲ့ရာ ပရီးမီးယားလိဂ်ထိပ်ဆုံးလေးသင်းမှာ အချင်းချင်း တွေ့ဆုံခဲ့ကြသည်။

    စတုတ္ထအဆင့်တွင် ကိုဗင်ထရီကို ၄ ဂိုးပြတ်ဖြင့်အနိုင်ရခဲ့သည့် အာဆင်နယ်အသင်းမှာ လီဗာပူးလ်အား အိမ်ကွင်းတွင် ဧည့်ခံကစားရမည် ဖြစ်ပြီး စတုတ် အား ၂-ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ချယ်ဆီးအသင်းမှာ မန်စီးတီး၏ အီတီဟတ်ကွင်းသို့ သွားရောက် ကစားရမည်ဖြစ်သည်။ တတိယအဆင့်တွင် မန်ယူအား ဖြုတ်ချနိုင်ခဲ့သည့် ဆန်းဒါးလန်းမှာ ဆောက်သက်တမ် အသင်းနှင့်တွေ့ဆုံရမည်ဖြစ်ကာ၊ အဲဗာတန်မှာ ဆွမ်းဆီးနှင့် ကစားရမည်ဖြစ်သည်။

    ပဉ္စမအဆင့် မဲခွဲမှုရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

    မန်ချက်စတာ စီးတီး VS ချယ်ဆီး
    အာဆင်နယ် VS လီဗာပူးလ်
    ရှက်ဖီးယူနိုက်တက်/ဖူလ်ဟမ် VS နော်တင်ဟမ်ဖောရက်စ်/ပရက်စတန်
    ဘရိုက်တန် VS ဟားလ်စီးတီး
    ကာဒစ်ဖ် VS ၀ီဂန်
    ရှက်ဖီးဝင်းစ်ဒေး VS ချာလ်တန်
    ဆန်းဒါးလန်း VS ဆောက်သက်တမ်
    အဲဗာတန် VS ဆွမ်ဆီး

    Ref : Goal

  • ကမ္ဘာ့ဖလား ကျင်းပခြင်းအား ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဘရာဇီးတွင် ရဲတပ်ဖွဲ့က ရာချီဖမ်းဆီးခဲ့

    ကမ္ဘာ့ဖလား ကျင်းပခြင်းအား ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဘရာဇီးတွင် ရဲတပ်ဖွဲ့က ရာချီဖမ်းဆီးခဲ့

    ဇန်န၀ါရီ ၂၇၊ ၂၀၁၄
    M-Media

    – ယခုနှစ်အတွင်း ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် ကုန်ကျငွေ များပြားမှုကို မကျေနပ်သောကြောင့် နိုင်ငံတစ်ဝှမ်းဖြစ်ပေါ်လာသည့် ဆန္ဒပြမှုများအား ဘရားဇီးလ်ရဲတပ်ဖွဲ့က အင်အားသုံး နှိမ်နင်းခဲ့သည်ဟုသိရသည်။

    စနေနေ့က စတင်ကာ ဆော်ပေါ်လိုမြို့တွင် ထောင်ပေါင်းများစွာသော ပြည်သူများက ဆန္ဒပြခဲ့ကြခြင်း ဖြစ်ပြီး ယမန်နေ့တွင် ရဲတပ်ဖွဲ့က လူ ၁၀၀ ကျော် ဖမ်းဆီးခဲ့သည်။ ရဲတပ်ဖွဲ့၏ အင်အားသုံး လူစုခွဲမှုကြောင့် အချို့မှာ နီးစပ်ရာ ဟိုတယ်အတွင်းသို့ ၀င်ရောက် ပုန်းအောင်းခဲ့ သော်လည်း နောက်ပိုင်းတွင် ရဲကားများ ရောက်လာကာ ၎င်းတို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။

    ကမ္ဘာ့ဖလား ကျင်းပရေးအတွက် ငွေအမြောက်အများ သုံးစွဲမှုကို မကျေနပ်သောကြောင့် ဆန္ဒပြမှုများမှာ ပြီးခဲ့သည့် နှစ်ကတည်းက စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ထိုဆန္ဒပြမှုအား Anonymous Rio အဖွဲ့က ဆိုရှယ်မီဒီယာများကို သုံးကာ စီစဉ်ကျင်းပခြင်းဖြစ်သည်။ Black Block ဟုခေါ်သည့် အဆိုပါ ဆန္ဒပြမှုများ အတွင်း ရဲကားများ၊ ကားအငယ်စားများအား မီးရှို့ဖျက်ဆီးခြင်း၊ ဘဏ်များ၏ မှန်များကို ရိုက်ခွဲခြင်းများပြုလုပ်ခဲ့ကြပြီး၊ ရဲတပ်ဖွဲ့ ကလည်း မျက်ရည်ယို ဗုံးများ၊ ရာဘာကျည်ဆံများ အသုံးပြုကာ နှိမ်နင်းခဲ့ကြသည်။

    မိမိတို့မှာ ဘောလုံးအားကစားအား ရူးသွပ်ကြသူများဖြစ်သော်လည်း တိုင်းပြည်အတွင်း လိုအပ်နေသည့် ပညာရေး၊ ကျန်းမာရေး၊ အိုးအိမ်နှင့် လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများအား လစ်လျူရှုကာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ငွေသန်းပေါင်းများစွာ သုံးစွဲသော အစိုးရအား မကျေနပ်၍ ဆန္ဒပြခြင်းဖြစ်သည်ဟု ပြည်သူတစ်ဦးက ပြောကြားခဲ့သည်။

    Ref : Aljazeera

  • မိတ္ထီလာ အကြမ်းဖက်ခံရသူများ ကယ်ဆယ်ရေး စခန်းတွင် ၁၀-ရက်တွင်း ၃-ကြိမ် မီးလောင်မှုဖြစ်၊ အချိန်မီ ငြိမ်းသတ်နိုင်ခဲ့

    မိတ္ထီလာ အကြမ်းဖက်ခံရသူများ ကယ်ဆယ်ရေး စခန်းတွင် ၁၀-ရက်တွင်း ၃-ကြိမ် မီးလောင်မှုဖြစ်၊ အချိန်မီ ငြိမ်းသတ်နိုင်ခဲ့

    ဇန်န၀ါရီ ၂၇၊ ၂၀၁၄
    M-Media
    ဇာနည်

    အကြမ်းဖက်ခံရသူများ နေထိုင်ရာ ကယ်ဆယ်ရေးစခန်း တခုဖြစ်ပါတယ်။

    မိတ္ထီလာ ။      ။      မိတ္ထီလာမြို့တွင် ပြီးခဲ့သည့် ၂၀၁၃-ခုနှစ် မတ်လအတွင်းက ရွှေအရောင်းအ၀ယ်မှ အစပြုကာ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု အတွင်း အကြမ်းဖက်ခံရသည့် အစ္စလာမ်ဘာသာဝင်များ ယာယီနေထိုင်သော ကယ်ဆယ်ရေးစခန်းတစ်ခုတွင် ဇန်န၀ါရီ ၂၄-ရက် သောကြာနေ့က မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ကယ်ဆယ်ရေး စခန်းများအနက် ရေအရင်းအမြစ် ကယ်ဆယ်ရေးစခန်းရှိ အဆောင်တစ်ခု၏ ခေါင်မိုး(မိုးကာဖျင်) လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ နံနက် ၃ နာရီခန့်တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ စခန်းအတွင်းရှိနေသူများက အချိန်မီသိရှိပြီး မီးငြှိမ်းသက်နိုင်ခဲ့သည်ဟု ထိုစခန်းတွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

    လွန်ခဲ့သည့် ၅-ရက်ခန့်ကလည်း မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး ထိုကဲ့သို့ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းမှာ ၁၀-ရက်အတွင်း ၃-ကြိမ်ရှိပြီ ဖြစ်ကာ ပထမအကြိမ်နှင့် တတိယအကြိမ် မီးလောင်သည့် ပုံစံနှင့် အချိန်မှာ အတူတူဖြစ်သည်ဟု သိရသည်။

    မီးလောင်သည့် အချိန်နှင့် လောင်ကျွမ်းပုံများမှာ မတော်တဆလောင်ကျွမ်းသည့် ပုံစံမျိုးမဟုတ်ဘဲ တမင်ရှို့သည့်မီးဟု ယူဆနိုင်ကြောင်း၊ စခန်းရှိ တာဝန်ရှိသူများက စုံစမ်းမှုများကို ပြုလုပ်နေကာ၊ စခန်းအတွင်း နေထိုင်သူများမှာလည်း ညစဉ် အလှည့်ကျ ကင်းစောင့်၍ သတိဝီရိယနှင့် နေထိုင် နေရကြောင်း ထိုစခန်းရှိ အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောကြားခဲ့သည်။

    မိတ္ထီလာမြို့တွင် ပြီးခဲ့သည့် မတ်လက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် မိသားစုထောင်ပေါင်းများစွာမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ အကြမ်းဖက်မှု များ ငြိမ်သက်သွားပြီးနောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများအား အိမ်ယာ များ ပြည်လည်ဆောက်လုပ်ပေးမည်ဟု အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့ သော်လည်း၊ တစ်နှစ်နီးပါး ကြာမြင့်လာခဲ့သည့်တိုင် မည်သည့် စီစဉ်ဆောင်ရွက်မှုမှ ပြုလုပ်ပေးခြင်း မရှိဘဲ ပြည်သူများမှာ ကယ်ဆယ်ရေး စခန်းများတွင်သာ ဆက်လက်နေထိုင်နေရပြီး မိမိတို့ အိမ်များသို့ အမြန်ဆုံး ပြန်လည်ပြောင်းရွေ့ နေထိုင်ရန်သာ ဆန္ဒရှိကြကြောင်း သိရသည်။

  • စင်္ကာပူထုတ် ဟာလလ် တံဆိပ်ဖြင့် ဝက်သားထုပ်ပုံများ ဆိုရှယ် မီဒီယာတွင် ပြန့်နှံ ၊ လုပ်ကြံသတင်း ဖြစ်ကြောင်းသိရ

    ဇန်နဝါရီ ၂၇၊ ၂၀၁၄
    M-Media

    PHOTO: NTUC
    PHOTO: NTUC

    – စင်ကာပူနိုင်ငံ NTUC FairPrice ကုမ္ပဏီမှ ထုတ်လုပ်သော ၀က်သားထုပ်များတွင် ဟာလာလ်တံဆိပ်ကပ်ထားသည့် ဓာတ်ပုံတစ်ပုံမှာ မကြာသေးခင်က Facebook စာမျက်နှာတွင် ပေါ်ထွက်လာခဲ့ပြီး ထိုဓာတ်ပုံမှာ လုပ်ကြံထားသော ဓာတ်ပုံဖြစ်သည်ဟု သိရသည်။

    ထိုဓာတ်ပုံမှာ ၂၀၀၇ ခုနှစ်မှ စတင်ကာ အင်တာနက် စာမျက်နှာများတွင် ပေါ်ထွက် လာခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ပျောက်ကွယ်သွားခဲ့ပြီး ၆ နှစ်ကြာမှ ပြန်လည် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

    ထိုကိစ္စနှင့် ပတ်သက်၍ FairPrice ၏ စီအီးအိုဖြစ်သူ Seah Kian Peng ကမူ ထိုကဲ့သို့ လုပ်ကြံမှုမှာ ဆိုးရွားသော ဘာသာရေးဆိုင်ရာ ဂယက်ရိုက်မှု တစ်ခုဖြစ်လာကြောင်း၊ တမင်အကွက်ချ ဖန်းတီးမှုဖြစ်ပြီး ရဲတပ်ဖွဲ့ကိုလည်း တိုင်ကြားထားကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းတို့ကုမ္ပဏီမှ ဖြန့်ချီသော ၀က်သားအထုပ်များတွင် စင်ကာပူအစ္စလာမ်ဘာသာရေးကောင်စီ(MUIS) က ထုတ်ပေးသော ဟာလာလ်တံဆိပ် ကပ်ထားမှုများမရှိကြောင်း၊ FairPrice ၏ အစားအသောက်များတွက် အဟာရနှင့် ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များအား ဂရုတစိုက်ဆောင်ရွက်ပြီး၊ အစားအသောက် များပေါ်တွင် ရိုက်နှိပ်ထားသော အချက်အလက်များမှာ တိကျ၍ အသိအမှတ်ပြုထားသော အချက်အလက်များဖြစ်ကြောင်း Kian Peng က ထည့်သွင်းပြောကြားခဲ့သည်။

    ဆက်လက်၍ မလိုအပ်သော ရှုပ်ထွေးမှုများအား ရှောင်ရှားရန် အတွက် ထိုလုပ်ကြံထားသည့် ပုံများကို ဆက်လက်ဖြန့်ဖြူးမှုများ မပြုလုပ်ရန်ကိုလည်း ပြည်သူများအား မေတ္တာရပ်ခံခဲ့ပြီး၊ စုံစမ်းမေးမြန်းလိုပါက ကုမ္ပဏီအား ဖုန်းဖြင့်ဖြစ်စေ၊ ကုမ္ပဏီ၏ ၀ဘ်ဆိုဒ်တွင်ဖြစ်စေ မေးမြန်းနိုင်ကြောင်း အသိပေးပြောကြားခဲ့သည်။
    Ref: CNA

  • Irrawaddy: မောင်တော အကြမ်းဖက်ခံရမှု စုံစမ်းရန် ICG တိုက်တွန်း

    ဇန်နဝါရီ ၂၇၊ ၂၀၁၄
    ဧရာဝတီ

    12.-Photo-Rohingya
    ရခိုင်ပြည်နယ်၊ ဒုက္ခသည်စခန်းတခုအတွင်းမှ အမျိုးသမီးနှင့် ကလေးတဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

    ရခိုင်ပြည်နယ်၊ မောင်တောမြို့ ဒုချီးရားတန်းရွာတွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ် ဖြစ်နေချိန်၌ မြန်မာအစိုးရနှင့် လက်တွဲ ဆောင်ရွက်နေသည့် ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ အခြေစိုက် နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး အဖွဲ့ (ICG) က ပွင့်လင်းမြင်သာသည့် စုံစမ်းမှု တခု အမြန်ဆုံး လုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။

    ဒုချီးရားတန်းရွာ၌ ရဲတပ်ကြပ်ကြီး တဦး သေဆုံးမှု အပါအ၀င် မွတ်စလင် ၄၀ ဦးကျော် သေဆုံးမှုတွင် ရာဇ၀တ်မှု ကျူးလွန်သူ အားလုံးကို မြန်မာ အစိုးရ အနေဖြင့် ထိထိရောက်ရောက် စုံစမ်း အရေးယူပေးရန် ICG က တိုက်တွန်းခြင်း ဖြစ်သည်။

    ICG ၏ ယခု သတင်းထုတ်ပြန်ချက်သည် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ ဒေသသို့ သွားရောက်ခဲ့သူများ အပါအ၀င် ယင်းအဖြစ်အပျက်နှင့် ပတ်သက်ပြီး မျက်မြင်သက်သေများနှင့် မေးမြန်း ပြောဆိုမှုပြီးနောက် မှတ်တမ်းဓာတ်ပုံ တချို့ပါ ရရှိခဲ့သောကြောင့် ဇန်န၀ါရီလ ၉ ရက်က ၁၃ ရက်အတွင်း အကြမ်းဖက်မှု ဖြစ်ရပ်တွင် လူပေါင်း ၄၉ ဦး ၀န်းကျင် အသတ်ခံခဲ့သည်ကို ယုံကြည်ရကြောင်းကို ယမန်နေ့ ရက်စွဲဖြင့် ထပ်မံ ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။

    ICG ၏ စုံစမ်းမှုများ အရ သေဆုံးသူများထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်ပြီး ရဲတပ်ဖွဲ့က အဆိုပါ လူသတ်မှု တချို့ကို ကျူးလွန်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

    ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများက အဆိုပါ အကြမ်းဖက်မှု အပေါ် အမှုမှန် ပေါ်လာရေး အမြန်ဆုံး ဆောင်ရွက်မှု ပြုရန် တိုက်တွန်းထားသော်လည်း မြန်မာ အစိုးရက ယင်းဖြစ်ရပ်သည် ဟုတ်မှန်ခြင်း မရှိကြောင်း ငြင်းဆိုဆဲ ဖြစ်သည်။

    ဒုချီးရားတန်းရွာ ကိစ္စနှင့် ပတ်သက်ပြီး မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနက ဇန်န၀ါရီလ ၂၄ ရက် နေ့စွဲဖြင့် ထုတ်ပြန် ကြေညာချက်မှာ အောက်ပါ အတိုင်း ဖြစ်သည်။

    “၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်၊ ညပိုင်းတွင် အဖွဲ့ဝင် ၅ ဦးပါသည့် ရဲလှည့်ကင်း အဖွဲ့သည် ပုံမှန်လှည့်ကင်း တာဝန် ထမ်းဆောင်စဉ် မောင်တောမြို့နယ်၊ ဒုချီးရားတန်း (အလယ်) ရွာအရောက်၌ တုတ်၊ ဓါး ကိုင်ဆောင်ထားသည့် ဘင်္ဂါလီအုပ်စုအင်အား (၁၀၀) ခန့်မှ ဝိုင်းဝန်းရန်မူ မှုကို ခံရသဖြင့် လူစုခွဲ ရှောင်ပေးခဲ့သည်။”

    “ယင်းသို့ လူစုခွဲ တိမ်းရှောင်စဉ် ရဲလှည့်ကင်း အဖွဲ့ခေါင်းဆောင်မှာ လူစုကွဲ၍ ကျန်ရစ်ခဲ့ပြီး ၎င်းကိုင်ဆောင်သော လက် နက်နှင့်အတူ ယနေ့တိုင် ပျောက်ဆုံးလျက် ရှိပါသည်။

    နယ်မြေခံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အင်အားစု စည်းပြီး ယင်းလူစုကွဲ ပျောက်ဆုံး ကျန်ရစ်ခဲ့သူအား ပြန်လည် ရှာဖွေရန် ၎င်းကျေးရွာသို့ ထပ်မံ သွားရောက်ခဲ့ရာတွင် တုတ်၊ ဓါး ကိုင်ဆောင်ထားသည့် ဘင်္ဂါလီ အုပ်စု အင်အား ၅၀၀ ကျော်၏ ဝိုင်းဝန်းရန်မူ မှုကို ခံခဲ့ရသည်။ အကြမ်းဖက် အုပ်စုသည် အန္တရာယ်ပြုရန် ချန်းကပ်လာသည့် အတွက် မိမိဘက်မှ သေနတ် ၈ ချက်ဖောက်၍ သတိပေးခဲ့သည်”

    “ယင်းသို့ သတိပေး ပစ်ဖောက်ခဲ့ခြင်းကြောင့် အရပ်ဘက် ပြည်သူ တစုံတဦး တယောက်မျှ ထိခိုက် သေဆုံးခြင်း မရှိခဲ့ ပါ” ဟု မြန်မာအစိုးရက ကြေညာခဲ့သည်။

    မြန်မာအစိုးရ၏ ယင်းကြေညာချက် ထွက်ပေါ်လာပြီး ၂ ရက် အကြာတွင် ICG က ဒုချီးရားတန်းရွာ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယခုကဲ့သို့ ထပ်မံ ဖော်ပြလာခြင်း ဖြစ်သည်။

    ICG ၏ သတင်းထုတ်ပြန်ချက်တွင် ပထမဆုံး ပြဿနာ ဖြစ်ပွားခဲ့သည့် ဇန်န၀ါရီလ ၉ ရက်တွင် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဖြတ်ကူးရန် ကြိုးစားနေသည့် မွတ်ဆလင် ၈ ဦး အုပ်စု တစုကို ရခိုင်ဗုဒ္ဓဘာသာ ရွာလူကြီးက ဖမ်းဆီး သတ်ပစ်ပြီး ကျင်းတူး မြှုပ်နှံခဲ့သည်မှာ အထင်အရှား ဖြစ်သော်လည်း မည်သည့်အတွက် ယင်းသို့ သတ်ဖြတ်ရသည်ကို ရှင်းလင်း သဲကွဲမှု မရှိကြောင်း ICG က ဆိုသည်။

    ဒုချီးရားတန်းရွာရှိ မွတ်ဆလင်တဦးက သေဆုံးသူတွေကို မြှုပ်နှံထားသည့် သင်္ချိုင်းကို ဖြတ်သွားစဉ် အလောင်းများကို စမတ်ဖုန်းနှင့် ဓာတ်ပုံရိုက်ခဲ့သည်ဟု ICG က ရေးသားထားသည်။ အဆိုပါ ဓာတ်ပုံ အထောက်အထားရှိနေသည့် အတွက် ရဲတပ်ဖွဲ့က သတင်းမပေါက်ကြားအောင် ကာကွယ် ကြိုးစားခဲ့သည်ဟု ICG က ဆိုသည်။

    ၎င်းကြိုးပမ်းမှုတွင် ရဲတပ်ကြပ်ကြီး တဦးအား မွတ်ဆလင် ရွာသားများက ဖမ်းဆီး သတ်ဖြတ်လိုက်သောကြောင့် ပြဿနာ မီးပွား စတင် ဖြစ်ပွားကာ လူသတ်မှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ICG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ICG ၏ ထုတ်ပြန်ချက် အရ အဆိုဒေသရှိ ရဲဝန်ထမ်းများသည် ရခိုင်လူမျိုးများ ဖြစ်ပြီး ပြီးခဲ့သည့် သတ်ဖြတ်မှုတွင် ပါဝင်ကျူးလွန်ခဲ့သည်ဟု ယုံကြည်ရသဖြင့် ယင်းဒေသခံ ရခိုင်လူမျိုး ရဲတပ်ဖွဲ့ဝင်များကို ရုပ်သိမ်းသင့်ကြောင်း ထောက်ပြ ထားသည်။

    အခင်းဖြစ်ရပ်အပေါ် စုံစမ်းမှုနှင့် နယ်မြေ လုံခြုံရေး ကိစ္စများ အတွက် ရခိုင်ပြည်နယ် ပြင်ပက ရဲတပ်ဖွဲ့များဖြင့်သာ ဖော်ဆောင် သင့်ကြောင်း ဖြစ်နိုင်ပါက စစ်တပ်က အကူအညီပေးသင့်ကြောင်း ICG က ထောက်ပြသည်။

    မြန်မာနိုင်ငံ အစိုးရ အနေဖြင့် ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက် ရာဇ၀တ်မှုများကို ကျူးလွန်နေသူများ အပေါ် အပြစ်ပေး အရေးယူမှု လုပ်မည် ဆိုပါလျှင် အစွန်းရောက် လှုပ်ရှားမှုများ အဆုံးသတ်သွားနိုင်ကြောင်း ICG က ဆက်လက် ဖော်ပြထားသည်။

    ICG က မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် The Dark Side of Transition: Violence against Muslims in Myanmar “အသွင်ကူး ပြောင်းရေး၏ အမှောင်ဘက်ခြမ်း- မြန်မာနိုင်ငံတွင် မွတ်စလင်များအပေါ် အကြမ်းဖက်မှု” အစီရင်ခံစာတွင် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ပွင့်လင်းလာသည့် ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အကြံပြုထားသည်။

    ICG ၏ စာမျက်နှာ ၃၆ မျက်နှာရှိပါ ယင်းအစီရင်ခံစာတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ အတွင်း အစိုးရ၏ ထိရောက်သော ဖြေရှင်းမှု မရှိခြင်း၊ လူ့အဖွဲ့အစည်း အတွင်း ခံယူချက် သဘောထားများ ပြောင်းလဲ မပစ်နိုင်ခြင်း များသည် ဒေသတွင်းနှင့် ပြင်ပ ကမ္ဘာအထိပါ သက်ရောက်နိုင်ကြောင်း ICG က ထောက်ပြ ထားသည်။

    ယင်းအပြင် ရဲတပ်ဖွဲ့ဝင်များအား တရားဥပဒေ စိုးမိုးရေးကို လေးစားရန်၊ လူစုလူဝေးဖြင့် ဖြစ်ပေါ်လာသည့် ကိစ္စများကို နိုင်ငံတကာ စံချိန်စံနှုန်းမီ ကိုင်တွယ် ဖြေရှင်းရန်နှင့် လူနည်းစုများကို အကာအကွယ် ပေးနိုင်ရေး စသည့် ကိစ္စရပ်များကို လေ့ကျင့် သင်ကြားပေးရန် လိုအပ်ကြောင်း အကြံပြု ထားသည်။

    Link=> http://burma.irrawaddy.org/news/2014/01/27/53966.html