News @ M-Media

Blog

  • ၂၀၁၄ ကမ္ဘာ့ဖလား ဂုဏ်ပြုသီချင်း ထွက်ပေါ်၊ ဂျနီဖာလိုပက်ဇ် ပါဝင်သီဆိုမည်

     

    ဇန်နဝါရီ ၂၄၊ ၂၀၁၄
    M-Media
    article-2544849-1AE878A400000578-639_634x421
    – ယခုနှစ်အတွင်း ဘရာဇီးလ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဂုဏ်ပြုသီချင်းမှာ ထွက်ပေါ်လာခဲ့ပြီဟု သိရသည်။

    We Are One (Ola Ola) ဟု အမည်ရသည့် အဆိုပါသီချင်းအား အမေရိကန် နာမည်ကြီးအဆိုတော် ဂျနီဖာလိုပက်ဇ်နှင့် ရက်ပ်စတား ပင့်ဘူးလ်တို့က ပူးတွဲသီဆိုမည်ဖြစ်ပြီး ဘရာဇီး အဆိုတော် ကလော်ဒီယာ လီတ်က ဟာမိုနီ လိုက်ပေးမည်ဖြစ်သည်။

    ထိုသီချင်းအား ဇွန်လ ၁၂ ရက်နေ့တွင်ပြုလုပ်မည့် ဖွင့်ပွဲအခမ်းအနားတွင် သီဆိုသွားမည်ဖြစ်ပြီး၊ MTV ကိုလည်း ထိုအဆိုတော်များဖြင့် ရိုက်ကူးသွားမည် ဖြစ်သည်။ ထို့ပြင် ဘရာဇီးအဆိုတော် ကလော်ဒီယာက ထိုသီချင်းတွင် ဘရာဇီး၏ ရိုးရာအကဖြစ်သော ဆမ်ဘာအက ပုံစံကိုလည်း ထည့်သွင်းသွားမည်ဟုဆိုသည်။ ထိုသီချင်းအား အင်္ဂလိပ်၊ စပိန်၊ ပေါ်တူဂီ စသည့် ဘာသာစကားများဖြင့်လည်း ထွက်ရှိမည်ဖြစ်ကာ တစ်ကမ္ဘာလုံးသို့ဖြန့်ချီမည်ဟု သိရသည်။

    ယခုကဲ့သို ပါဝင်သီဆိုခွင့်ရခဲ့သောကြောင့် ကလော်ဒီယာမှာ ရှာကီရားနှင့် ရစ်ကီမာတင်တို့နောက် ကမ္ဘာ့ဖလားသီချင်းအား သီဆိုခွင့်ရသည့် တတိယမြောက် လက်တင် တေးသံရှင် ဖြစ်လာမည်ဖြစ်သည်။
    Ref:dailymail.

  • နေးမာ၏ အပြောင်းအရွှေ့ ပြဿနာကြောင့် ဘာစီလိုနာ ဥက္ကဌ ရာထူးမှ နှုတ်ထွက်

    ဇန်နဝါရီ ၂၄၊ ၂၀၁၄
    M-Media
    Barca president Rosell resigns
    – နေးမာ၏ အပြောင်းအရွှေ့ ပြဿနာများ ပေါ်ပေါက်လာခဲ့ပြီးနောက် ဘာစီလိုနာအသင်း ဥက္ကဌအဖြစ် ၃ နှစ်ခွဲကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဆန်ဒရို ရိုဆဲလ်မှာ ယမန်နေ့က ရာထူးမှ နှုတ်ထွက်သွားခဲ့သည်ဟု သိရသည်။

    နေးမာ၏အပြောင်းအရွှေ့ ကိစ္စတွင် မသမာမှုများရှိနေသည်ဟု စပိန်တရားရုံးက သတ်မှတ်ခဲ့ပြီး၊ ထိုကိစ္စအား ကြားနာစစ်ဆေးရန်အတွက် ရိုဆဲလ်အား ဗုဒ္ဓဟူးနေ့က ဆင့်ခေါ်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ နှုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။

    အသက် ၄၉ နှစ်အရွယ်ရှိ ရိုဆဲလ်၏ ဥက္ကဌသက်တမ်းမှာ ၂၀၁၆ ခုနှစ်အထိဖြစ်ပြီး အသင်းဘုတ်အဖွဲ့ဝင်များ၏ ရွေးချယ်မှုအရ အသင်း၏ အားကစားလက်ထောက် ဥက္ကဌ ဂျိုးဆက်ပ်မာရီယာ ဘာတိုမြူက ရိုဆဲလ်၏နေရာအား တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်သည်။

    ရိုဆဲလ်ကမူ ထိုအပြောင်းရွှေ့ကိစ္စမသမာမူတွင် ၎င်းအနေဖြင့်ပါဝင် ပက်သက်ခြင်း မရှိကြောင်း ငြင်းဆိုသွားခဲ့ပြီး၊ ၎င်းအား စွပ်စွဲမှုများမှာ အကျိုးအကြောင်း ဆီလျော်ခြင်းမရှိဟု ပြောကြားသွားခဲ့သည်။

    နေးမာအား ဘရာဇီးကလပ် ဆန်းတို့စ်မှ ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့တွင် ပြောင်းရွှေ့ကြေး ယူရို ၅၇.၁ သန်းဖြင့် ခေါ်ယူခဲ့သည်ဟု ဘာစီလိုနာက ကြေညာခဲ့သော်လည်း ဆန်းတို့စ်ကမူ ၎င်းတို့မှာ ပြောင်းရွှေ့ကြေးအနည်းငယ်သာ ရရှိခဲ့ကြောင်း တိုင်ကြားခဲ့သောကြောင့် စပိန်ရှိ အားကစားဆိုင်ရာ တရားရုံးက ထိုအပြောင်းအရွှေ့အား စစ်ဆေးနေခြင်းဖြစ်သည်။
    Ref: CNA

  • အလုပ်သမားများ၏ လုပ်ငန်း တည်မြဲပိုင်ခွင့် ရရှိအောင် ကြိုးစားနေသည့် အလုပ်သမားသမဂ္ဂ

    ဇန်န၀ါရီ ၂၄၊ ၂၀၁၄
    M-Media
    သီရိ

    DSC00806

    ရန်ကုန်။      ။ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ (၂၀၁၂) နှင့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးနည်း ဥပဒေများကို ပြုပြင်ရန် အထူးလိုအပ်နေကြောင်း ယနေ့ ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ () အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (ယာယီ) တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အလုပ်သမားသမားသမဂ္ဂ အဖွဲ့ချုပ် (မန္တလေး) မှ ဦးသက်နှင်းအောင် က ပြောကြားခဲ့သည်။

    “ကျွန်တော့အလုပ်ရှင်က အလုပ်ပျက်ရက်များတဲ့ အတွက် ကျွန်တော့်ကို အလုပ်ထုတ်ခဲ့ပါတယ်၊ ညှိုနှိုင်းတော့လဲ အဆင်မပြေပါဘူး၊ ကျွန်တော် အလုပ်ရှင်နဲ့ အမှုရင်ဆိုင်ခဲ့ရပါတယ်၊ နောက်ဆုံးတော့ ကျွန်တော် လျော်ကြေးရပြီးတော့ပဲ အလုပ်ထွက်လိုက်ရတယ်၊ ကျွန်တော် လျော်ကြေးလိုချင်တာ မဟုတ်ပါဘူး  မှန်ကန်တဲ့ဥပဒေကိုပဲ လိုချင်တာ၊ အလုပ်ရှင်လိုက်နာရမဲ့ ဥပဒေကိုပဲလိုချင်တာပါ၊ အလုပ်ရှင်ကို ပြစ်မှုကြောင်းအရ တရားစွဲလို့ မရပါဘူး၊ ပုဒ်မ ၃ မှာ တရားစွဲလို့ရတယ်လို့ ပါရှိထားပေမဲ့ အမြင့်ဆုံးက ဒဏ်ငွေ တစ်သိန်းပါပဲ၊ အဲဒါမျိုးတွေကို ပြင်သင့်ပါတယ်” ဟု ၎င်းမှ ဆက်လက်ပြောကြားခဲ့ပါသည်။

    လွှတ်တော်ကိုယ်စားလှယ်တွေ အနေနှင့်လည်း အလုပ်သမားဥပဒေကို  ပြန်လည်သုံးသပ်သင့်ကြောင်း၊ အလုပ်သမားတစ်ယောက်အနေနဲ့ လုပ်ငန်း တည်မြဲ ပိုင်ခွင့်ကို လိုချင်ကြောင်း၊ အလုပ်သမားတွေရဲ့ ဂုဏ်သိက္ခာတွေကို ကာကွယ်ပေးတဲ့ ဥပဒေကို လိုအပ်ကြောင်း၊ ခပ်ညံ့ညံ့ ဥပဒေကို မလိုအပ်ကြောင်း ၎င်းမှပြောကြားခဲ့ပြီး အလုပ်သမားရေးရာ ဖြေရှင်းရေး ဥပဒေ စာအုပ်ကို ဆွဲဆုတ်ခဲ့ပြီး သက်သေပြခဲ့ပါသည်။

    “အခုချိန်ထိ အလုပ်သမားသမဂ္ဂကို ဖြိုခွင်းချင်နေတုန်းပဲ အလုပ်သမားဥပဒေကို ဖောက်ဖျက်ပါက ဒဏ်ငွေအပြင် ထောင်ဒဏ်ပါပေးသင့်နေသည်ကို လွှတ်တော်မှာ တင်သွင်းသင့်ပါတယ်။ သက်ဆိုင်ရာအဖွဲ့စည်းရဲ့ ခွင့်ပြုချက်မရဘဲ အလုပ်ထုတ်ပိုင်ခွင့် မရှိပါဘူး” ဟု မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ချုပ် (ယာယီ) မှ ဥပဒေအကြံပေး ဦးအောင်သူရိန်ထွန်းမှ ပြောကြားခဲ့ပါသည်။

    လွှတ်တော်မှ မျှတသော ဥပဒေကို  ပြဌာန်းသင့်ကြောင်း၊ အလုပ်သမားတွေရဲ့ လုပ်ငန်း တည်မြဲပိုင်ခွင့်ကို ရရှိရန် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ ကြိုးပမ်း ဆောင်ရွက်လျှက်​ ရှိကြောင်း သိရှိရပါသည်။

  • ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်ခရီးစဉ်-တောင်ကြီး (ဓါတ်ပုံမှတ်တမ်း)

    ဇန်နဝါရီ ၂၄၊ ၂၀၁၄
    M-Media
    သတင်းဓါတ်ပုံ- ကျောက်ခဲ/မင်းထွဋ်ကောင်း

    အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်ခရီးစဉ်၌ တောင်ကြီးမြို့သို့ ဖြတ်သန်းသွားစဉ်(ဓါတ်ပုံမှတ်တမ်း)

    1011225_240712436110031_815761634_n

    အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ် နမ့်စန်၊ လင်းခေး၊ မိုးနဲမြို့များသို့ ဇန်န၀ါရီလ ၂၄-ရက်နေ့ သွားရောက်ရာ တောင်ကြီးမြို့ကို ဖြတ်သန်းသွားစဉ် တောင်ကြိးမြို့မှ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနှုတ်ဆက်ခဲ့ပုံဖြစ်ပါတယ်။

    မူလ အစီအစဉ်အရ ဇန်န၀ါရီလ ၂၆-ရက်၊ တနင်္ဂနွေနေ့ ညနေ ၃း၀၀-နာရီအချိန်၌ ဒေသခံ လူထုအား တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းတွင် နှုတ်ဆက်ဟောပြောမည်ဟု စီစဉ်ထားသောလည်း အဝေရာမီးပုံပျံကွင်းမှာ စစ်တပ်ပိုင်ဖြစ်ပြီး ခွင့်ပြုချက်မပေးကြောင်း ယနေ့ သတင်းများအရ သိရှိရပါသည်။

  • နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အီရန်ဖိတ်ခေါ်

    ဇန်နဝါရီ ၂၄၊ ၂၀၁၄
    M-Media
    Rouhani reaches out to Western countries
    – နိုင်ငံ၏ နျူးကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ကမ္ဘာ့ခေါင်းဆောင်များနှင့် ပြည့်စုံသော သဘောတူညီချက်ရရှိရန်အတွက် ညှိနှိုင်းဆောင်ရွက်သွားရန် ဆုံးဖြတ်ထားသည့် အီရန်နိုင်ငံ၏ စီးပွားရေးမှာ ဖွံ့ဖြိုးလာနိုင်သည်ဟု အီရန်သမ္မတ ရူဟာနီက ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ပြောကြားလိုက်သည်။

    ဆွစ်ဇလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ပြုလုပ်နေသည့် အဆိုပါ စီးပွားရေးဖိုရမ်တွင် အီရန်နိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ဥရောပ ကုမ္ပဏီများကိုလည်း ဖိတ်ခေါ်ခဲ့ပြီး၊ နျူးကလီးယား အရေးဆွေးနွေးမှုများပြုလုပ်နေသည့် အမေရိကန်နိုင်ငံ အနေဖြင့် ၎င်းတို့၏ စကားများကို အလုပ်ဖြင့် သက်သေပြခြင်းအား လိုချင်သည်ဟု ရူဟာနီက ထည့်သွင်းပြောကြားခဲ့သည်။

    အီရန်နိုင်ငံအား ပြင်ပကမ္ဘာနှင့် ဆက်ဆံရေးတိုးတက် ကောင်းမွန်ရန် ဆောက်ရွက်ပေးမည်ဆိုသော ကတိဖြင့် ယမန်နှစ်က ရွေးကောက် တင်မြှောက်ခြင်းခံခဲ့ရသည့် ရူဟာနီမှာ နျူးကလီးယား အစီအစဉ် ရပ်တန့်ရေးအတွက် အင်အာကြီး ၆ နိုင်ငံနှင့် ပဏာမ သဘောတူညီချက်ရရှိခဲ့ပြီးနောက် နိုင်ငံ၏ နျူးကလီးယားစက်ရုံရှိ ယူရေနီယံ သန့်စင်မှုလုပ်ငန်းအားရပ်ဆိုင်းခဲ့သည်။

    ရူဟာနီလက်ထက်တွင် အမေရိကန်၊ ဥရောပနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးများ ပိုမိုကောင်းမွန်လာခဲ့ပြီး မကြာသေးခင်ကလည်း အမေရိကန်နှင့် ဥရောပနိုင်ငံတို့က အီရန်အပေါ် ၎င်းတို့ထားရှိသည့် ပိတ်ဆို့မှုအချို့အား ဖယ်ရှားပေးခဲ့သည်။