News @ M-Media

Blog

  • မောင်တောမှ အကြမ်းဖက်မှု စုံစမ်းစစ်ဆေးပေးရန် ကုလသမဂ္ဂ တောင်းဆို

    ဇန်နဝါရီ ၂၄၊ ၂၀၁၄
    M-Media
    USG Amos Statement on Myanmar 23 January 2014-page-001
    – ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွာတစ်ရွာတွင် ပြီးခဲ့သည့် သီတင်းပါတ်က ဖြစ်ပွားခဲ့သော ရိုဟင်ဂျာများအား အစုလိုက် သတ်ဖြတ်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Valerie Amos က ဇန်န၀ါရီ ၂၃ ရက်နေ့(ယမန်နေ့) ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

    ထိုကြေညာချက်တွင် ဒူချီရာတန်း (အလယ်တန်းရွာ) ရွာတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ရဲတပ်သားတစ်ဦးသေဆုံးမှု၊ အရပ်သား အများအပြား သေဆုံးမှုတို့အား မိမိတို့ဘက်မှ အလွန်အမင်းစိုးရိမ် ပူပန်မိကြောင်းဖော်ပြခဲ့ပြီး၊ အရပ်သားများကို ကာကွယ်မှု အပြည့်အ၀ပေးရေးနှင့် ထိုဒေသများတွင် ရှိနေသည့် အကြမ်းဖက်ခံပြည်သူများကို လူသားချင်းစာနာသည့် အကူအညီများပေးနေသော နိုင်ငံတကာမှ ၀န်ထမ်းများအား ၀င်ရောက်ခွင့်ပေးရန် မြန်မာအစိုးရအား တိုက်တွန်းခဲ့သည်။

    ထို့ပြင် အကြမ်းဖက်သတ်ဖြတ်မှုများနှင့် ပတ်သက်၍ သမာသမတ်ကျသော စုံစမ်း စစ်ဆေးမှုများပြုလုပ်ရန်၊ ထိုကိစ္စနှင့် ဆက်စပ်၍ ဖမ်းဆီး ထားသူများ၏ လူ့အခွင့်အရေးများကို လေးစားရန် စသည်တို့ကိုလည်း Valerie Amos က တောင်းဆိုခဲ့သည်။

    မြန်မာအစိုးရကမူ ပျောက်ဆုံးနေသော ရဲတပ်ကြပ်ကြီး တစ်ဦး ပျောက်ဆုံးမှုတွင် လူ ၁၉ဦးပါဝင်ပြီး ခေါင်းဆောင်ဖြစ်သူမှာ ဘင်္ဂလားဒေ့ရှ်တွင် သင်တန်းတက်ခဲ့သူဖြစ်သည်ဟု အစိုးရသတင်းစာများတွင်ဖော်ပြခဲ့ပြီး  အရပ်သားများ အများအပြား သတ်ခံရမှုသတင်းများကို လုံးဝငြင်းဆိုထားဆဲဖြစ်သည်။

  • မလေးရှားတွင် မြန်မာပြည်မှ တင်သွင်းသည့် မှတ်ပုံတင် မထားသော ဆေးဝါးများ ဖမ်းဆီး

    ဇန်နဝါရီ ၂၄၊ ၂၀၁၄
    M-Media
    main_jz_2401_p18a
    –  နိုင်ငံတစ်ဝှမ်း မလေးရှား ကျန်းမာရေးဌာနမှ ပြုလုပ်ခဲ့သော စစ်ဆင်ရေးများတွင် ဆေးဝါးများအား တရားမ၀င်ရောင်းဝယ်သော မြန်မာလုပ်ငန်းရှင်များကို ဖမ်းဆီးမိခဲ့ပြီး တရားမ၀င် ဆေးဝါး ၁၀ တန်ခန့်ကိုလည်း သိမ်းဆည်းခဲ့သည်ဟု မလေးရှားအာဏာပိုင်းများက သတင်းထုတ်ပြန်ခဲ့သည်။

    ထိုကဲ့သို့ စစ်ဆင်ရေးများပြုလုပ်ရန် ကျန်းမာရေးဌာနမှ မြန်မာလုပ်ငန်းရှင်များအား တစ်လကျော်ကြာ စုံစမ်း စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး၊ Bangsar နှင့် Persiaran Syed Putra ဒေသများရှိ ဂိုထောင် သုံးခုနှင့် ဘန်ဂလိုနှစ်ခု စုစုပေါင်း ၅ ခုအား ရှာဖွေရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု ကျန်းမာရေး(ဆေးဝါး) ဌာန၏ ဒုတိယဒါရိုက်တာ ဆရက်ဒ် ဖက်ဇ်လီ ဆိုင်ယာလွတ်ဒီန်းက ပြောကြားခဲ့သည်။

    ဖမ်းဆီးရမိသောဆေးဝါးများတွင် ကာမအားတိုးဆေး အပါအ၀င် မလေးရှား ရင်းဂစ် ၂.၁ သန်းတန်ဖိုးရှိ အကိုက်အခဲပျောက်ဆေး၊ ပဋိဇီဝဆေးဝါးများ၊ ဓာတ်မတည့်၍ ဖြစ်တတ်သော ရောဂါများအား သက်သာဆေသည့်ဆေးဝါးများ၊ အစာအိမ်ဆေးများ၊ စိတ်ငြိမ်ဆေးများနှင့် သန္ဓေတားဆေးများ ပါဝင်ပြီး မြန်မာနှင့် အိန္ဒိယ နိုင်ငံတို့မှ ထုတ်လုပ်သည့် ဆေးဝါးများဖြစ်ကြသည်။

ုထို့ပြင် ကျန်းမာရေးနှင့် ဆေးဝါးဌာနမှ ယမန်နေ့တွင် ပြုလုပ်ခဲ့သည့် အဆိုပါ စစ်ဆင်ရေးတွင် Lebuh Pudu ရှိ မြန်မာအသုံးအဆောင်များရောင်းသည့် ဆိုင်တစ်ခုမှ မြန်မာနိုင်ငံသား လေးဦးကိုလည်း ဖမ်းဆီးထားသည်ဟု သိရသည်။

    ဖမ်းဆီးရမိခဲ့သော အဆိုပါဆေးဝါးများမှာ မလေးရှားကျန်းမာရေး ဌာနသို့ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိဘဲ၊ အချို့မှာ အဆိပ်သင့်နိုင်ပြီး အစားအသောက် အက်ဥပဒေနှင့် ညီညွတ်ခြင်း မရှိဟု တာဝန်ရှိသူများကဆိုသည်။

    “ဒီဆေးတွေကို အစားအသောက်ပုံစံမျိုးနဲ့ ကုန်းလမ်း၊ ရေးလမ်းကနေ တရားမ၀င် တင်သွင်းလာပြီး ဒီမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို ရောင်းချခဲ့တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အဲဒီဆေးဝါးတွေဟာ မှတ်ပုံတင်ထားတဲ့ ဆေးတွေထက် နှစ်ဆလောက် ဈေးသက်သာတဲ့ အတွက်ကြောင့် တော်တော်လေး ရောင်းအားကောင်းပါတယ်။ ပြီးတော့ ဒီမှာရှိတဲ့ နိုင်ငံခြားသားတွေကလည်း အဲဒီဆေးတွေကိုပဲ ရွေးချယ် အသုံးပြုကြပါတယ်” ဟု ဆိုင်ယာလွတ်ဒီန်းက ဆိုသည်။

    ထို့ပြင် ထို့ကဲ့သို့ ဥပဒေမဲ့ဆေးဝါးများ ရောင်းချမှုများက ဆေးဝါး ကဏ္ဍမှရရှိသည့် အခွန်ငွေများအား ဆုံးရှုံးစေသောကြောင့် တိုင်းပြည်၏ စီပွားရေးကို ထိခိုက်ကြောင်း၊ ပြည်သူများအနေဖြင့် တရားဝင် မှတ်ပုံတင်ထားသော ဆေးဝါးများအား ၀ယ်ယူသုံးစွဲရန်အတွက် တိုက်တွန်းပါကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Lebuh Pudu တွင်ဖွင့်လှစ်ထားသော မြန်မာအသုံးအဆောင်များရောင်းသည့် အဆိုပါဆိုင်၏ သက်တမ်းမှာ ၁၀ နှစ်ကျော်ရှိနေပြီဖြစ်ပြီး တရားမ၀င်ဆေးဝါးများ ရောင်းချမှုမှ ရရှိငွေမှာ တစ်နေ့လျှင် အနည်းဆုံး ရင်းဂစ် ၅၀၀၀ ခန့်ရှိသည်ဟု ကျန်းမာရေးဌာန အရာရှိက ပြောကြားခဲ့သည်။

    Ref: The Star

    Photo-Bernama

  • ပြင်သစ် လက်ရွေးစင်နှင့် နယူးကာဆယ် တောင်ပံကစားသမား ဟာတင်မ် ဘင် အာဖာ

    ဇန်နဝါရီ ၂၄၊ ၂၀၁၄
    M-Media
    ရှာဖွေတင်ဆက်သူ-ကိုလေး

    hatem_ben_arfa_in_action

    အမည်အပြည့်အစုံ    – ဟာတင်မ် ဘင် အာဖာ (Hatem Ben Arfa)
    မွေးသက္ကရာဇ်    – ၇. ၃. ၁၉၈၇
    ကစားသည့်နေရာ    – အလယ်တန်း တောင်ပံကစားသမား
    လက်ရှိကလပ်    – နယူးကာဆယ်
    နိုင်ငံ        – ပြင်သစ်

    ဟာတင်မ် ဘင် အာဖာမှာ ပြင်သစ်လက်ရွေးစင် ကစားသမားဖြစ်ပြီး ယခုလက်ရှိတွင် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းတွင် ကစားနေသူဖြစ်သည်။ ဘင်အာဖာအား ၁၉၈၇ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၌ မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူမှာလည်း တူနီးရှား လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်သည်။ ဘင်အာဖာမှာ တိုက်စစ်အားသန်သည့် ကွင်းလယ်တောင်ပံ ကစားသမားဖြစ်ပြီး ပြင်သစ်နိုင်ငံ၏ ပါရမီရှိသော ကစားသမားအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။ သို့သော်လည်း စည်းကမ်း မလိုက်နာမှုကြောင့် မီဒီယာများနှင့် ကစားသမားများ၏ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရသည်။

    ဘင်အာဖာမှာ ကစားသမားဘ၀ကို ပြင်သစ်ရှိ ကလပ်အသင်းများစွာတွင် စတင်ခဲ့ပြီး  ၁၉၉၉ ခုနှစ်တွင် ပြင်သစ်ဘောလုံးသမားများကို လေ့ကျင့်ပေးသည့် Clairefontaine ဘောလုံး အကယ်မီသို့ တက်ရောက်ခွင့်ရခဲ့သည်။ ဘောလုံးအကယ်ဒမီသို့ တက်ရောက်နေစဉ်အတွင်း စနေ၊ တနင်္ဂနွေနေ့များတွင် ဘင်အာဖာမှာ FC Versailles အသင်းတွင် ကစားခဲ့သည်။

    လိုင်ယွန်

    ထို့နောက် ၂၀၀၂ ခုနှစ် အသက် ၁၅ နှစ်အရွယ်တွင် လိုင်ယွန်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အသင်း၏ လူငယ်အသင်းတွင် ပါဝင်ခဲ့သည်။ လူငယ်အသင်းတွင် ၂ နှစ်ကြာကစားခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်တွင် လိုင်ယွန်အသင်းကြီးနှင့် သုံးနှစ် စာချုပ်ချုပ်ဆိုခဲ့ကာ ၎င်း၏ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀အား စတင်ခဲ့သည်။

    ထိုစဉ်ကတည်းက ပရီးမီးယားလိဂ်မှ ချယ်ဆီးအသင်းနှင့် ဟော်လန်မှ အေဂျက်အသင်းတို့က ဘင်အာဖာအား ခေါ်ယူရန် စိတ်ဝင်စားခဲ့သည်။ ထို့နောက် အသင်းဖော် ဘန်ဇီမာနှင့်အတူ လိုင်ယွန်အသင်းကြီးတွင် စတင်ကစားခဲ့ရသည်။ အစောပိုင်းတွင် လူစားဝင်ကစားသမားဖြစ်ခဲ့ပြီး၂၀၀၄ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့တွင် လိုင်ယွန်အသင်းအတွက် ပွဲထွက်ကစားသမားဖြစ်စတင်ကစားခဲ့ရကာ ၂ လအကြာတွင် လိုင်ယွန်အသင်းအတွက် ပထမဆုံး ဂိုးကို စတင်သွင်းယူပေးနိုင်ခဲ့သည်။ ဘင်အာဖာမှာ လိုင်ယွန်အသင်းနှင့်အတူ ချန်ပီယံလိဂ်တွင်လည်းပါဝင်ကစားခဲ့ပြီး၊ ထိုနှစ်တွင် လိုင်ယွန်အသင်းနှင့်အတူ  ပြင်သစ်လိဂ်ဝမ်းတွင် ဗိုလ်စွဲနိုင်ခဲ့သည်။ လိုင်ယွန်အသင်းတွင် ၄ နှစ်ကြာ ကစားခဲ့သည့် ဘင်အာဖာမှာ အစောပိုင်းကာလတွင် တိုက်စစ်မှူးအဖြစ်ကစားခဲ့သော်လည်း ၂၀၀၇-၀၈ ရာသီတွင် တောင်ပံကစားသမားအဖြစ် ပြောင်းလဲကစားခဲ့ရသည်။ သို့သော်လည်း အချိန်တိုအတွင်း နေရာသစ်နှင့် အသားကျခဲ့ပြီး ပရော်ရှင်နယ် ဘောလုံးသမားများအဖွဲ့က ပေးအပ်သည့် ၂၀၀၇-၀၈ ရာသီ အကောင်းဆုံး လူငယ်ကစား သမားဆုကိုလည်း ရရှိခဲ့သည်။ ဘင်အာဖာမှာ လိုင်ယွန်အသင်းတွင် ကစားခဲ့သည့် လေးနှစ်အတွင်း ပြင်သစ်လိဂ် ဖလားအား လေးကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။

    Hatem Ben Arfa

    မာဆေးလ်

    ထို့နောက် ၂၀၀၈ ခုနှစ် ဇူလိုင်လတွင် ဘင်အာဖာမှာ မာဆေးလ်အသင်းသို့ ယူရို ၁၂ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။ ထိုစဉ်က ဘင်အာဖာအား  ပရီးမီးယားလိဂ် ကလပ်များဖြစ်ကြသည့် အဲဗာတန်၊ မန်ယူနှင့် အာဆင်နယ်၊ လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်တို့က ခေါ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း ဘင်အာဖာက မာဆေးလ်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အပြောင်းအရွှေ့မှာ အလွယ်တကူဖြစ်ခဲ့ခြင်းမဟုတ်ဘဲ လိုင်ယွန်အသင်းနှင့် မာဆေးလ်တို့ အကြိတ်အနယ် ဆွေးနွေးခဲ့ရပြီးမှ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

    ဘင်အာဖာမှာ ကျောနံပါတ် ၂၀ ကို ၀င်ဆင်ကစားခဲ့ပြီး ရာသီအစကတည်းက မာဆေးလ်အသင်း၏ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး ပထမဆုံးပွဲတွင်ပင် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် အလယ်တန်းကစားအဖြစ် ဘင်အာဖာမှာ အသင်းအတွက် ကစားပေးခဲ့သည့် ပထမ ၁၁ ပွဲတွင် ၆ ဂိုး သွင်းယူပေးနိုင်သည်အထိ ခြေစွမ်းပြခဲ့သည်။ သို့သော်လည်း လီဗာပူးလ်အသင်းနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲမစတင်မီ သွေးပူလေ့ကျင့်ခန်းလုပ်နေချိန်တွင် အသင်းဖော် မိုဒက်စ်တီ အမ်ဘာမီနှင် အချင်းများခဲ့သည်။ ထို့နောက် ပြင်သစ်လိဂ်ဝမ်းပွဲစဉ် ပီအက်စ်ဂျီနှင့်ပွဲတွင် သွေးပူလေ့ကျင့်ခန်းလုပ်ရန် နည်းပြ အဲရစ်ဂီရတ်၏ ညွှန်ကြားမှုအား ငြင်းဆန်ခဲ့သောကြောင့် နည်းပြ၏ ငြိုငြင်မှုကို ခံခဲ့ရသည်။ နောက်ပိုင်းတွင် ဘင်အာဖာမှာ ၎င်း၏လုပ်ရပ်မှားယွင်းကြောင်း ၀န်ခံခဲ့ပြီး၊ နည်းပြဖြစ်သူကိုလည်း တောင်းပန်ခဲ့သည်။

    ၂၀၀၉-၁၀ ဘောလုံးရာသီ

    ၂၀၀၉-၁၀ ဘောလုံးရာသီတွင် ဘင်အာဖာမှာ ကျောနံပါတ် ၁၀ ဂျာစီ ၀တ်ဆင်ခဲ့ပြီး ရာသီအစပွဲစဉ်များတွင် ခြေစွမ်းပြခဲ့သည်။ သို့သော်လည်း အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်အား လွဲချော်ခဲ့မှုကြောင့် အောက်တိုဘာ ၈ ရက်နေ့တွင် ဘင်အာဖာအား မာဆေးလ်အသင်းမှ ဒဏ်ငွေ ယူရို ၁ သောင်း ဒဏ်တပ်ခဲ့သည်။ ဘင်အာဖာကမူ တူနီးရှားရှိ ၎င်း၏ ဆွေမျိုးများထံသို့ သွားရောက်လည်ပတ်ပြီးနောက် ပြန်လာချိန်တွင် လေယာဉ်အချိန်နောက်ကျခဲ့ခြင်းကြောင့် လေ့ကျင့်ခန်းအစီအစဉ်အား လွဲချော်ခဲ့ခြင်းဖြစ်သည်ဟု ဖြေရှင်းခဲ့သည်။ တစ်လကြာပြီးနောက် လေ့ကျင့်ခန်းအစီအစဉ်တွင် အသင်းနည်းပြ ဒီဒီယာ ဒက်ချမ့်စ်နှင့် စကားများခဲ့ပြီး၊ နောက်ပိုင်းတွင် ဘာင်အာဖာက ပြန်လည်တောင်းပန်ခဲ့သည်။

    ထိုရာသီ၏ ပထမရာသီဝက်တွင် ပြဿနာများကြောင့် ဘင်အာဖာမှာ ၁၅ ပွဲသာ ပါဝင်ခွင့်ရခဲ့ပြီး ပွဲချိန်ပြည့် ၂ ပွဲသာ ကစားခဲ့ရသည်။ သို့သော်လည်း ဒုတိယ ရာသီဝက်တွင် ပြသခဲ့သော ဘင်အာဖာ၏ ခြေစွမ်းကို အသင်းနည်းပြ ဒက်ချမ့်စ်နှင့် အားကစားဒါရိုက်တာ ဂျိုဆေး အန်နီဂိုတို့က ချီးကျူးခဲ့ကြသည်။ မာဆေးလ်အသင်းနှင့်အတူ ၂၀၀၉-၁၀ လိဂ်ဖလားအား ဆွတ်ခူးနိုင်ခဲ့ပြီး ကစားသမားဘ၀တစ်လျှောက် ငါးကြိမ်မြောက် ဖလားလည်းဖြစ်ခဲ့သည်။ ထို့နောက် ၂၀၁၀ ခုနှစ်တွင် ပြင်သစ်ရှုံးထွက်ဖလားကို မာဆေးလ်အသင်းနှင့် ရရှိခဲ့သည်။ မာဆေးလ်အသင်းတွင် ၂ နှစ်ကြာကစားခဲ့ပြီးနောက် ၂၀၁၀ ခုနှစ် သြဂုတ်လတွင် အင်္ဂလန်ကလပ် နယူးကာဆယ်အသင်းသို့ တစ်နှစ်အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သည်။

    နယူးကာဆယ်

    ၂၀၁၀-၂၀၁၁

    နယူးကာဆယ်အသင်းတွင် ကျောနံပတ် ၃၇ ၀တ်ဆင်ခဲ့ပြီးကစားခဲ့ပြီး စက်တင်ဘာ ၁၈ ရက်နေ့တွင် အဲဗာတန်အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသောပွဲတွင် အသင်းအတွက် ပထမဂိုး သွင်းယူပေးနိုင်ခဲ့သည်။ သို့သော်လည်း အောက်တိုဘာလ မန်စီးတီးအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် နစ်ဂဲလ် ဒီဂျုံးနှင့်ထိခိုက်မိပြီး ဘယ်ခြေထောက်၏ အရိုးနှစ်ခုစလုံး ကျိုးခဲ့သည်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၅ ရက်နေ့တွင် နယူးကာဆယ်အသင်းက ဘင်အာဖားအား အမြဲတမ်းကစားသမားအဖြစ် လေးနှစ် စာချုပ်ချုပ်ဆိုခဲ့သည်။ သို့သော်လည်း ပြောင်းရွှေ့ကြေးကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိချေ။

    ဘင်အာဖာ ဒဏ်ရာကြောင့် အနားယူနေရသည့် ကာလတစ်လျှောက်တွင် ပဲရစ်မြို့ရှိ Clairefontaine ဘောလုံးအကယ်ဒမီတွင် ကုန်ဆုံးခဲ့ပြီး၊ ၂၀၁၁ ခုနှစ် ဧပြီလတွင်မှ အသင်းနှင့် လေ့ကျင့်ခန်းပြန်လည်ဆင်းနိုင်ခဲ့သည်။ သို့သော်လည်း ၂၀၁၀-၁၁ ဘောလုံးရာသီ၏ လက်ကျန်ပွဲစဉ်များကို ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။

    ၂၀၁၁-၁၂

    ဘောလုံးရာသီမစတင်မီ အမေရိကန်တွင် ကစားခဲ့သည့် နယူးကာဆယ်အသင်း၏ ရာသီအကြိုခြေစမ်းပွဲတစ်ခုတွင် ဘင်အာဖာမှာ ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့ပြီး ပြင်သစ်သို့ပြန်၍ ဆေးကုသမှုခံယူခဲ့ကာ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင်မှ နယူးကာဆယ်အသင်းတွင် ပြန်လည်ကစားပေးနိုင်ခဲ့သည်။ ထို့နောက် နယူးကာဆယ်အသင်း၏ ပွဲစဉ်များတွင် ပုံမှန်ကစားခွင့်ရခဲ့သည့် ဘင်အာဖာမှာ ခြေစွမ်းကောင်းများကို ပြသခဲ့ပြီး ဂိုးများလည်း လှလှပပ သွင်းယူနိုင်ခဲ့သောကြောင့် ဘီဘီစီနှင့် The Independent သတင်းစာတို့က ချီးကျူးခဲ့ကြသည်။

    ၂၀၁၂-၁၃

    ယူရို ၂၀၁၂ ဘောလုံးပြိုင်ပွဲတွင် နိုင်ငံအသင်းနှင့် ယှဉ်ပြိုင်ခဲ့ရသောကြောင့် ရာသီ အစပွဲစဉ်များတွင် ခက်ခဲမှုများရှိခဲ့သော်လည်း နောက်ပိုင်းတွင်း ခြေစွမ်းကောင်းများကို ပြသနိုင်ခဲ့ပြီး၊ ဘောလုံးရာသီအတွင်း ဘင်အာဖာမှာ ဒဏ်ရာနှစ်ကြိမ်တိုင်တိုင်ရရှိသည်။ သို့သော်လည်း ၂၀၁၃-၁၄ ဘောလုံးရာသီတွင် ခြေစွမ်းပြ၍ ရလဒ်ကောင်းများရရှိနေသည့် နယူးကာဆယ်အသင်းတွင် ဘင်အာဖာမှာ အမာခံကစားသမားဖြစ်လာခဲ့ပြီး အသင်း၏ တောင်ပံတစ်လျှောက် မွှေနှောက်ထိုးဖောက်ကာ ပြိုင်ဘက်နောက်တန်းကစားသမား၏ အထူးဂရုစိုက်စရာ ကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။

    နိုင်ငံတကာ ကစားသမားဘဝ

    ဘင်အာဖာမှာ ပြင်သစ်အသင်းတွင်လည်း လူငယ်ကစားသမားဘ၀ကတည်းက ပါဝင်ကစားခဲ့သည်။ ပြင်သစ် ယူ ၁၇ အသင်းနှင့်အတူ ၂၀၀၄ခုနှစ် အသက် ၁၇ နှစ်အောက် ဥရောပချန်ပီယံရှစ်ဖလားအား ဆွတ်ခူးနိုင်ခဲ့သည်။ ဘင်အာဖာမှာ ယူရို ၂၀၀၈ ခြေစစ်ပွဲအဖြစ် ဖာရိုးကျွန်းစုအသင်းနှင့် ကစားခဲ့သောပွဲတွင် လက်ရွေးစဉ်အသင်းအတွက် ပထမဆုံး ကစားပေးခဲ့သည်။ ထို့နောက် လက်ရွေးစင်အသင်းနှင့် ၂ နှစ်ကြာဝေးကွာနေခဲ့ပြီး ၂၀၁၀ ခုနှစ် သြဂုတ်လတွင် နော်ဝေအသင်းနှင့်ကစားခဲ့သည့် ခြေစမ်းပွဲတွင် ပြန်လည်ပါဝင်လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ကျင်းပသည့် ယူရို ၂၀၁၂တွင် ဘင်အာဖာမှာ နိုင်ငံအသင်းအတွက် ကိုယ်စားပြုခွင့်ရခဲ့သည်။

    အောင်မြင်မှုများ

    ကလပ်

    လိုင်ယွန်

    – ပြင်သစ်လိဂ်ဝမ်းချန်ပီယံ ၄-ကြိမ် (၂၀၀၄-၀၅၊ ၂၀၀၅-၀၆၊ ၂၀၀၆-၀၇၊ ၂၀၀၇-၀၈)
    – ပြင်သစ်ရှုံးထွက်ဖလား ၁-ကြိမ် (၂၀၀၇-၀၈)
    – ပြင်သစ် ချန်ပီယံဖလား ၂-ကြိမ် (၂၀၀၅-၀၆၊ ၂၀၀၆-၀၇)

    မာဆေးလ်

    – ပြင်သစ်လိဂ်ဝမ်းချန်ပီယံ ၁-ကြိမ် (၂၀၀၉-၁၀)
    – ပြင်သစ်လိဂ်ဖလား ၁-ကြိမ် (၂၀၀၉-၁၀)
    – ပြင်သစ်ချန်ပီယံဖလား ၁-ကြိမ် (၂၀၁၀)

    နိုင်ငံတကာ

    – ဥရောပ ယူ-၁၇ ချန်ပီယံ ၁-ကြိမ် (၂၀၀၄)

    တစ်ဦးချင်း
    – ပရော်ဖက်ရှင်နယ်ကစားသမားဖွဲ့၏ တစ်နှစ်တာ အကောင်းဆုံး လူငယ် အားကစားသမားဆု (၂၀၀၇-၀၈)
    – ပရော်ဖက်ရှင်နယ်ကစားသမားအဖွဲ့၏ တစ်လတာ အကောင်းဆုံး ဘောလုံးသမားဆု (၂၀၁၀ခုနှစ် ဖေဖော်ဝါရီလ)

  • မန္တလေးမြို့ နိဗ္ဗာန်ဆော်အဖွဲ့ ၆၂-နှစ်ပြည့် အကြို စာပေဟောပြောပွဲ

    မန္တလေးမြို့ နိဗ္ဗာန်ဆော်အဖွဲ့ ၆၂-နှစ်ပြည့် အကြို စာပေဟောပြောပွဲ

    ဇန်န၀ါရီ ၂၄၊ ၂၀၁၄
    M-Media
    ပြည့်ပြည့်

    မန္တလေး    ။      ။    မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် လူမျိုးဘာသာမရွေး လူမှုကူညီရေး လုပ်ငန်းများကို လုပ်ဆောင်လာခဲ့သည် နိဗ္ဗာန်ဆော် အသင်းကြီး၏ ၆၂-နှစ်ပြည့်ကို ကြိုဆိုသောအားဖြင့် စာပေဟောပြောပွဲ တစ်ရပ်ကို ဇန်န၀ါရီ ၃၀-ရက် ညနေ ၆း၀၀-နာရီတွင် မန္တလေးမြို့ ချမ်းအေးသာဇံ မြို့နယ်၊ ၂၇-လမ်း၊ ၈၂x၈၃လမ်းကြားတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါ မန္တလေးရဲ့ ငြိမ်းချမ်းရေး အနှစ် စာပေဟောပြောပွဲကို ဆရာ ညီပုလေးက လူတွေထဲက ၀တ္ထုများ၊ ဦးမင်းကိုနိုင်က ဘာသာမခြား ညီညွတ်ရေးမှ ငြိမ်းချမ်းရေးဆီသို့ ခေါင်းစဉ်များဖြင့် ဟောပြောမည် ဖြစ်ပြီး ဦးကျော်သူမှ အနိစ္စတရားသို့ အလည်အပတ်သွားခြင်း ဖျော်ဖြေ တင်ဆက်မှု ပြုလုပ်မည်ဖြစ်ပြီး ၎င်းဟောပြောပွဲမှ ရရှိသော အလှူငွေများကို ကျန်းမာရေး စောင့်ရှောက်မှုအတွက် လှူဒါန်းသွားမည်ဟု သိရသည်။

    မန္တလေး နိဗ္ဗာန်ဆော်အဖွဲ့ကြီးသည် စတင်ဖွဲ့စည်း တင်ထောင်စဉ်မှစ၍ ယခုအချိန်ထိ လူမှုကူညီရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး လေဘေး၊ ရေဘေး၊ မီးဘေး ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ကိုင်လျက် ရှိသည်။ ၎င်းပြင် အကျဉ်းထောင်တွင်း သေဆုံးသွားသော အကျဉ်းသားများ၏ နာရေးများကိုလည်း ယခုအချိန်ထိ ကူညီဆောင်ရွက်နေကြောင်းသိရသည်။

    “ဟုတ်ကဲ့ အခုက ၆၂-နှစ်ပြည့်မှာပါ။ ၆၃-နှစ်မဟုတ်ပါဘူး။ အဲဒါ print လုပ်တာ နည်းနည်းလွဲသွားလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အသင်းကြီးအနေနဲ့ စတင်ဖွဲ့စည်းချိန်မှစပြီး အခုအချိန်ထိ လူမှုကူညီရေးလုပ်ငန်းများစွာကို ဆောင်ရွက်နိုင်ခဲ့တာကို ဂုဏ်ယူပါတယ်။ နောင်လည်း ဆက်ပြီးလုပ်ဆောင်နေဦးမှာပါ။ အခု စာပေဟောပြောပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်က ဘာသာလူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက်ကို ရည်ရွယ်ပါတယ်။ ဒါကြောင့် ဟောပြောမယ့် ဆရာတွေကလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်တာတွေ ဟောပြောမယ်။ နာရေး ကိုကျော်သူကလည်း ဖျော်ဖြေ တင်ဆက်မှုလုပ်မယ်။ ရတဲ့အလှူငွေတွေကိုလည်း ကျန်းမာရေးလုပ်ငန်းတွေအတွက် လှူဒါန်းသွားမှာပါ”ဟု နိဗ္ဗာန်ဆော်အဖွဲ့ကြီး၏ အတွင်းရေးမှူးမှ ပြောသည်။

    မန္တလေးမြို့ နိဗ္ဗာန်ဆော်အဖွဲ့ နှစ် (၆၀) ပြည့် တိုင်ခဲ့ပြီ >> http://www.m-mediagroup.com/news/1922

  • ဇန်န၀ါရီ ၂၃၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၂၃၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၂၃၊ ၂၀၁၄
    M-Media
    – ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ဦးတည်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပါရှိသော သမ္မတ အရည်အချင်းအား ပြင်ဆင်မည်မဟုတ်ကြောင်း
    ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားလိုက်ကြောင်း သိရသည်။
    ________________________

    တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံက တင်ပို့သည့် တရားမ၀င် ကုန်ပစ္စည်း အမှုတွဲမှာ နည်းသော်လည်း ငွေကြေးအားဖြင့် ပမာဏများနေကြောင်းကို
    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှတ်တမ်းများအရ သိရကြောင်း မြန်မာ့ခေတ်သတင်း၌ ဖော်ပြထားသည်။
    ________________________

    – တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့ဟု ခေါ်ဆိုရန်နှင့် ဖက်ဒရယ်တပ်မတော်နဲ့ပတ်သက်၍
    မူကြမ်းမှာ ထည့်သွင်းရေးဆွဲထားကြောင်း KNU ထိန်းချုပ်နယ်မြေ လေးဝါးတွင် ကျင်းပနေသည့် ဆွေးနွေးပွဲအပြီးမှာ ဦးနိုင်ဟံသာက ပြောကြား ခဲ့ကြောင်း သိရသည်။
    ________________________