News @ M-Media

Blog

  • မန္တလေးမြို့ နိဗ္ဗာန်ဆော်အဖွဲ့ ၆၂-နှစ်ပြည့် အကြို စာပေဟောပြောပွဲ

    မန္တလေးမြို့ နိဗ္ဗာန်ဆော်အဖွဲ့ ၆၂-နှစ်ပြည့် အကြို စာပေဟောပြောပွဲ

    ဇန်န၀ါရီ ၂၄၊ ၂၀၁၄
    M-Media
    ပြည့်ပြည့်

    မန္တလေး    ။      ။    မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် လူမျိုးဘာသာမရွေး လူမှုကူညီရေး လုပ်ငန်းများကို လုပ်ဆောင်လာခဲ့သည် နိဗ္ဗာန်ဆော် အသင်းကြီး၏ ၆၂-နှစ်ပြည့်ကို ကြိုဆိုသောအားဖြင့် စာပေဟောပြောပွဲ တစ်ရပ်ကို ဇန်န၀ါရီ ၃၀-ရက် ညနေ ၆း၀၀-နာရီတွင် မန္တလေးမြို့ ချမ်းအေးသာဇံ မြို့နယ်၊ ၂၇-လမ်း၊ ၈၂x၈၃လမ်းကြားတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါ မန္တလေးရဲ့ ငြိမ်းချမ်းရေး အနှစ် စာပေဟောပြောပွဲကို ဆရာ ညီပုလေးက လူတွေထဲက ၀တ္ထုများ၊ ဦးမင်းကိုနိုင်က ဘာသာမခြား ညီညွတ်ရေးမှ ငြိမ်းချမ်းရေးဆီသို့ ခေါင်းစဉ်များဖြင့် ဟောပြောမည် ဖြစ်ပြီး ဦးကျော်သူမှ အနိစ္စတရားသို့ အလည်အပတ်သွားခြင်း ဖျော်ဖြေ တင်ဆက်မှု ပြုလုပ်မည်ဖြစ်ပြီး ၎င်းဟောပြောပွဲမှ ရရှိသော အလှူငွေများကို ကျန်းမာရေး စောင့်ရှောက်မှုအတွက် လှူဒါန်းသွားမည်ဟု သိရသည်။

    မန္တလေး နိဗ္ဗာန်ဆော်အဖွဲ့ကြီးသည် စတင်ဖွဲ့စည်း တင်ထောင်စဉ်မှစ၍ ယခုအချိန်ထိ လူမှုကူညီရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး လေဘေး၊ ရေဘေး၊ မီးဘေး ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ကိုင်လျက် ရှိသည်။ ၎င်းပြင် အကျဉ်းထောင်တွင်း သေဆုံးသွားသော အကျဉ်းသားများ၏ နာရေးများကိုလည်း ယခုအချိန်ထိ ကူညီဆောင်ရွက်နေကြောင်းသိရသည်။

    “ဟုတ်ကဲ့ အခုက ၆၂-နှစ်ပြည့်မှာပါ။ ၆၃-နှစ်မဟုတ်ပါဘူး။ အဲဒါ print လုပ်တာ နည်းနည်းလွဲသွားလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အသင်းကြီးအနေနဲ့ စတင်ဖွဲ့စည်းချိန်မှစပြီး အခုအချိန်ထိ လူမှုကူညီရေးလုပ်ငန်းများစွာကို ဆောင်ရွက်နိုင်ခဲ့တာကို ဂုဏ်ယူပါတယ်။ နောင်လည်း ဆက်ပြီးလုပ်ဆောင်နေဦးမှာပါ။ အခု စာပေဟောပြောပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်က ဘာသာလူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက်ကို ရည်ရွယ်ပါတယ်။ ဒါကြောင့် ဟောပြောမယ့် ဆရာတွေကလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်တာတွေ ဟောပြောမယ်။ နာရေး ကိုကျော်သူကလည်း ဖျော်ဖြေ တင်ဆက်မှုလုပ်မယ်။ ရတဲ့အလှူငွေတွေကိုလည်း ကျန်းမာရေးလုပ်ငန်းတွေအတွက် လှူဒါန်းသွားမှာပါ”ဟု နိဗ္ဗာန်ဆော်အဖွဲ့ကြီး၏ အတွင်းရေးမှူးမှ ပြောသည်။

    မန္တလေးမြို့ နိဗ္ဗာန်ဆော်အဖွဲ့ နှစ် (၆၀) ပြည့် တိုင်ခဲ့ပြီ >> http://www.m-mediagroup.com/news/1922

  • ဇန်န၀ါရီ ၂၃၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၂၃၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၂၃၊ ၂၀၁၄
    M-Media
    – ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ဦးတည်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပါရှိသော သမ္မတ အရည်အချင်းအား ပြင်ဆင်မည်မဟုတ်ကြောင်း
    ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားလိုက်ကြောင်း သိရသည်။
    ________________________

    တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံက တင်ပို့သည့် တရားမ၀င် ကုန်ပစ္စည်း အမှုတွဲမှာ နည်းသော်လည်း ငွေကြေးအားဖြင့် ပမာဏများနေကြောင်းကို
    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှတ်တမ်းများအရ သိရကြောင်း မြန်မာ့ခေတ်သတင်း၌ ဖော်ပြထားသည်။
    ________________________

    – တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့ဟု ခေါ်ဆိုရန်နှင့် ဖက်ဒရယ်တပ်မတော်နဲ့ပတ်သက်၍
    မူကြမ်းမှာ ထည့်သွင်းရေးဆွဲထားကြောင်း KNU ထိန်းချုပ်နယ်မြေ လေးဝါးတွင် ကျင်းပနေသည့် ဆွေးနွေးပွဲအပြီးမှာ ဦးနိုင်ဟံသာက ပြောကြား ခဲ့ကြောင်း သိရသည်။
    ________________________

  • ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်ခရီးစဉ်၌ တောင်ကြီးမြို့လူထုအား တွေ့ဆုံနှုတ်ဆက်မည်

    ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်ခရီးစဉ်၌ တောင်ကြီးမြို့လူထုအား တွေ့ဆုံနှုတ်ဆက်မည်

    ဇန်န၀ါရီ ၂၃၊ ၂၀၁၄
    M-Media
    ဇာဏီ

    တောင်ကြီး ။      ။         အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ် ခရီးစဉ်တွင် တောင်ကြီးမြို့ လူထုအား တွေ့ဆုံနှုတ်ဆက်မည်ဟု သိရှိရသည်။

    ရှမ်းပြည်နယ် နမ့်စန်၊ လင်းခေး၊ မိုးနဲမြို့များသို့ ဇန်န၀ါရီလ ၂၄-ရက်နေ့တွင် သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီလ ၂၆-ရက်၊ တနင်္ဂနွေနေ့ ညနေ ၃း၀၀-နာရီအချိန်၌ ဒေသခံ လူထုအား တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်း၌ တွေ့ဆုံ နှုတ်ဆက်မည် ဖြစ်ပြီး တက်ရောက် အားပေးကြရန် တောင်ကြီးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကြေငြာ ထားကြောင်း သိရသည်။

  • တို့ပြည်ကြီးမှာ မီးလောင်ရင်ဖြင့်

    တို့ပြည်ကြီးမှာ မီးလောင်ရင်ဖြင့်

    ဇန်နဝါရီ ၂၃၊ ၂၀၁၄
    ရေးသူ- အတီး ဝါးလုံးရှည်

    မြန်မာနိုင်ငံရှိ ဈေးတစ်ဈေး တွင် ညလူခြေတိတ်ချိန်တွင် မီးလန့်လေသည်။(ဖွဟဲ့ မပြောကောင်း မဆိုကောင်း) မီးသတ်ကား ဥဩဆွဲသံများ လူများ၏ ဆူဆူညံညံ အသံများကြောင့် လူအများသည် မီးလောင်နေရာသို့ စုရုံးရောက်ရှိသွားပြီး မီးခိုးလုံးဖြူဖြူကြီးများမှာ ကောင်းကင်ပေါ်သို့ တလိမ့်လိမ့်တက်နေပြီ ဖြစ်သည်။

    ထို လူအုပ်ထဲမှ လူတစ်ယောက် သည် လူအုပ်ကြီးအား တိုးဝှေ့ကာ ဓာတ်ပုံရိုက်ပြီး ဘယ်နေရာ ဘယ်ဈေးတွင် ဘယ်အချိန်မီးလောင်ဟု ဖေ့ဘုတ်ပေါ်တွင် စတေးတပ်တင်လိုက်လေသည်။ စက္ကန့် အနည်းငယ် အကြာတွင် အောက်မှ ကောမန့်များ ရှယ်လုပ်သူများ ဝေဝေ ဆာဆာ တက်လာလေသည်။

    ပြည်တွင်းနေ၊ပြည်ပနေများ။        

    ။အင်း ဒီဈေးမှာ မွတ်စလင်တွေ ပိုင်တာများလို့ မနာလို မရှူစိမ့်လို့ လုပ်ကြံပြီး တစ်ယောက်ယောက်က မီးတင်ရှို့တာပဲဖြစ်ရမယ်။ ဪ အတော်အကြင်နာတရား ကင်းမဲ့ပြီး ယုတ်မာတဲ့ လူတွေပါပဲလား။

    ဒီမို သာကူး။ ။

    ဟာကွာ၊ ဒီအစိုးရတော့ သက်သက် ယုတ်မာပြီ၊ဒီနယ်မြေဟာ ရွေးကောက်ပွဲ မှာ အမေစုကို မဲ အများဆုံးပေးခဲ့လို့ သက်သက် ယုတ်မာတာပဲဖြစ်ရမယ်။တော်တော် ယုတ်မာတဲ့ အစိုးရ။အဆင့်ကိုမရှိတာ။ ဒီလို အချိုးမျိုးနဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ အမျိုးသမီး ရင်ညွန့် ဖော်ရေးတွေ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ထွီ၊

    လူ အခွင့်အရေး သမား။ ။

    ဟ မြန်မြန်ငြိမ်းပါဟ၊ တကတည်းမှပဲ လူ့ အသက်တွေဟာ အားလုံးထက် ပိုအရေးကြီးတယ် ဆိုတာ မသိကြဘူးလား။ ငါတို့ မြန်မာပြည်သူတွေ အသိဉာဏ် မဖွံ့ဖြိုးသေးတာ ဘာဆန်းလဲ၊အဲဒါပဲကြည့်တော့ ၊မဖြစ်သေးပါဘူး။အင်း ငါသိ ငါတတ်ထားတာလေးတွေ ချရေးပြီး ဖေ့ဘုတ်ပေါ်ကပြည်သူတွေကို အလင်းရောင် ဖြန့်ဝေဦးမှပါပဲ။

    အွန်လိုင်း မျိုးချစ် ကီးဘုတ် သူရဲကောင်း။ ။

    တောက် ကုလားတွေတော့ ယုတ်မာပြီဟေ့၊ ကဲ အဲဒါပဲကြည့်ကြပေတော့ မြန်မာ အမျိုးသားကောင်းတို့ရေ၊ ဒီကုလားတွေဟာ မီးရှို့မယ်။ ပြီးရင် မီးရှို့ခံရလို့ ဆို အသနားခံပြီး မြန်မာမလေးတွေကို ရအောင်ယူမယ်၊သူတို့ ဘာသာထဲကိုဝင်ခိုင်းမယ်။အဆုံးသတ်မှာတော့ အမျိုးရော၊ဘာသာကိုပါ ဖျက်ဖို့ ကြံနေကြပြီ၊ကုလားမှန်ရင် မသနားနဲ့ အကုန်ရှင်း။

    တိုင်းချစ်ပြည်ချစ် တပ်မတော်သားတစ်ဦး။ ။

    ကြည့်လေ ကြည့်ပါလား၊ ဒီ ပြည်သူဆိုတဲ့ကောင်တွေ မီးလောင်တာလေးကို များပွဲလုပ်နေသေးတယ်၊ ငါတို့ဆို နေ့တိုင်း ငပိစား၊ ပဲကြီးရည်သောက်၊ ငှက်ပျောအူကို ဟင်းလုပ်ပြီး အသက်ဆက်နေရတာ၊ဘယ်လောက် သနားဖို့ကောင်းလိုက်တဲ့ ငါတို့ ဘဝ။ငါတို့တပ်မတော်သားတွေ ဘယ်လောက်သေသေ အကောင်းပြောမဲ့ကောင်တွေ မဟုတ်ပါဘူးကွာ။

    ကြံ့ဖွတ် လွှတ်တော် အမတ်တစ်ဦး။ ။

    ဒီကိစ္စဟာ အတော်အရေးကြီးပါတယ်၊ ဒါတွေကို ကျွန်တော်တို့ အတွေ့အကြုံ ယူပြီး ဒီလိုမျိုး နောင် မဖြစ်အောင်လို့ မီးသတ် ထောက်ပံ့ရေး ပစ္စည်းတွေ၊ဆောက်လုပ်ရေး ပစ္စည်းကောင်းကောင်းတွေကို ဦးပိုင် မှတဆင့် တရုတ်နိုင်ငံက ဝယ်ယူတင်သွင်းဖို့ လွှတ်တော်မှာ အဆိုတင်သွင်းဖို့ ကျွန်တော်ကြိုးစားပါ့မယ်။ စကားမစပ် သမ္မတကြီး ဦးသိန်းစိန် ကျန်းမာချမ်းသာပါစေ။

    ခရိုနီ သူဌေးကြီး တစ်ဦး။ ။

    အို ဒီလို သတင်းမျိုးတွေ ကြားရတာ ကျွန်တော် အလွန် စိတ်မကောင်းဖြစ်မိပါတယ်ခင်မျာ။ မီးဘေးဒါဏ်ခံ ပြည်သူတွေကို ကူညီဖို့ အတွက် ကျွန်တော် အလကားရထားတဲ့ ဖုန်း sim card တွေကို တခါသုံးလို့ ပြောပြီး ဒေါ်လာတွေ၊ FEC တွေနဲ့ တင်ရောင်းလို့ ရတဲ့ အမြတ်ငွေတွေထဲက ခွဲဝေ လှူဒါန်းပါတယ်ခင်မျာ။ပြည်သူများ ဘေးရန် ကင်းဝေးကြပါစေ။

    ဖေ့ဘုတ်ပေါ်က လစ်ဘရယ်။ ။

    ဒီ မီးလောင်မှူဟာ သွေးရိုးသားရိုး မဟုတ်ပေမဲ့ လက်ရှိ အစိုးရက လုပ်တယ်လို့ တထစ်ချ ယူဆလို့ မရသလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုက်ရိုက် ပတ်သက်နေတယ်လို့ ကျွန်တော်မယုံကြည်ပါဘူး။ အရှိကို အရှိအတိုင်း ဝေဖန်သုံးသပ်ရမယ် ဆိုရင်တော့ ဒါတွေအားလုံးဟာ ပြည်သူတွေရဲ့ ပေါ့ဆမှူလို့ အမြဲ မှတ်ယူလို့ မရနိုင်သလို မီးသတ်သမားတွေရဲ့ ခေတ်မှီ မီးသတ် ကာကွယ်ရေး နည်းပညာနဲ့ ပစ္စည်းပိုင်း ဆိုင်ရာအားနည်းချက်ကိုလဲ ကျွန်တော်တို့ ထည့်စဉ်းစားသင့်ပါတယ်။ အသေးစိတ်ကိုတော့ ကျွန်တော် အိမ်ပြန်ရောက်ပြီး အမူးပြေတော့မှပဲ စတေးတပ် သက်သက်တင်ပြီး တင်ပြပါမယ် ခင်မျာ။ ဂေ့ (လေချဉ်တက်သံ)

    ဖျာခင်း နိုင်ငံရေးသမား။ ။

    ဟ ဟ ဒါမျိုးတော့ ကျွန်တော်တို့က လက်မခံနိုင်ပါဘူး။ဈေးတွေမီးလောင်မယ်။ လောင်ပြီး ကျန်တဲ့ မြေကွက်ကို ပြည်သူပိုင်သိမ်းပြီး တရုတ်ကုန်သည်တွေလတ်ကို ထိုးရောင်းမယ်။ ဟ ဟ ရိုးနေပြီ အဆင်တွေက၊ဒါမျိုးတွေ လက်မခံဘူး။ အတတ်နိုင်ဆုံး ကန့်ကွက်ဆန့်ကျင်ပြီး ဆန္ဒထုတ်ဖော်ပွဲ ကျင်းပရမယ်။စိတ်ဝင်စားသူများ မနက်ကျရင် မြို့တော်ခန်းမရှေ့ကိုလာခဲ့ကြပါ။ အခုတောင် ဗီနိုင်းတွေရိုက်ပြီးပြီ၊ ပြီးတာနဲ့ လယ်သမားတွေကို ကားတစီးနဲ့ အပြည့်သွားခေါ်လာဖို့ ကျွန်တော့တာဝန်ထားပါ။

    ထို အတိုင်း ကောမန့် နိုတီများ တတီတီတက်နေပြီးနောက် တစ်နာရီခန့် အကြာတွင် အောက်ဆုံးမှ ကောမန့်လေးတစ်ကြောင်း တက်လာသည်။ထို့ ကောမန့်တက်လာပြီးနောက် မည်သူမှ ထပ် မမန့်ရဲကြတော့ပဲ အပေါ်က မန့်ထားသူ အချို့ အရင် မန့်ပြီးသားကို မသိချင်ယောင်ဆောင်ကာ အသာလေး ဖျက်သူက ဖျက်သွားကြသည်။
    ထိုကောမန့်မှာကား

    မီးသတ်သမားတစ်ဦ။ ။ ဒီမှာ ဘာတွေဖြစ်နေကြတာလဲဗျို့၊ ကျွန်တော် အဲဒီနေရာက မီးသတ်သမားပါ၊ ညဘက် လူခြေတိတ်ချိန် ခြင်နိုင်ဆေး မီးခိုးငွေ့ လိုက်မှုတ်တာကို မီးခိုးငွေ့နဲ့ မှားပြီး လမ်းပေါ်က ပြည်သူတစ်ယောက်က အကြောင်းကြားလိုက်လို့ပါ။ စိတ်မပူကြပါနဲ့၊ ဟူး။

    စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။

  • တောင်းဆိုမှု မလိုက်လျောက တိုက်ခိုက်မည်ဟု ယူကရိန်း သမ္မတအား အတိုက်အခံ ခေါင်းဆောင်ခြိမ်းခြောက်

    ဇန်နဝါရီ ၂၃၊ ၂၀၁၄
    M-Media
    Ukraine opposition sets 24-hour deadline
    – တိုင်းပြည်အတွင်း ဖြစ်ပွားနေသည့် ဆန္ဒပြမှုများတွင် သမ္မတ ဗစ်တာယာနူကိုဗစ်ခ်ျအနေဖြင့် အလျှော့ပေးခြင်းမရှိပါက ဆန္ဒပြသူများက တိုက်ခိုက်မှုများပြုလုပ်သွားမည်ဟု ယူကရိန်း အတိုက်အခံခေါင်းဆောင် ကလစ်ရှ်ကိုက ယမန်နေ့တွင် သတိပေးပြောကြားခဲ့သည်။

    ယမန်နေ့တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူမျာကြား ပြင်းထန်သော ရုန်းရင်းဆန်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီး ဆန္ဒပြသူ ၃ ဦး သေဆုံးခဲ့ပြီးနောက် ကိဗ်မြို့ရှိ လွတ်လပ်ရေးရင်ပြင်သို့ ဆန္ဒပြသူ တောင်ပေါင်းများစွာ ရောက်ရှိလာခဲ့ကြသည်။

    အတိုက်အခံခေါင်းဆောင် ကလစ်ရှ်ကိုက ထိုသူများအား ပြောကြားသော မိန့်ခွန်းတွင် သမ္မတအနေဖြင့် ယခုခြေအနေအား သွေးထွက်သံယို မဖြစ်ဘဲ ဖြေရှင်းနည်းမှာ ရွေးကောက်ပွဲ စောစီးစွာပြုလုပ်ခြင်းဖြစ်ကြောင်း၊ လိုက်လျောက်ခြင်းမရှိပါက တိုက်ခိုက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “တကယ်လို့ ယာနူကိုဗစ်ခ်ျက လိုက်လျောမှုတွေမလုပ်ခဲ့ရင် မနက်ဖြန်(ကြာသာပတေးနေ့)မှာ ကျွန်တော်တို့ တိုက်ခိုက်မှုတွေ ပြုလုပ်သွားမှာပါ” ဟု ကလစ်ရှ်ကိုက ဆိုသည်။

    ရုရှားနှင့် ဆက်ဆံရေးထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဥရောပကုန်သွယ်ရေးစာချုပ်အား လက်မှတ်ထိုးရန် ယူကရိန်းအစိုးရက ငြင်းဆန်ခဲ့ပြီးနောက် ပြီးခဲ့သည့် တစ်လကျော်ကတည်းက နိုင်ငံတစ်ဝှမ်းတွင် လက်ရှိအစိုးရအား ဖြုတ်ချရန် ဆန္ဒပြမှုများ အဆက်မပြတ်ဖြစ်ပွားနေခဲ့သည်။

    ထို့ပြင် ဆန္ဒပြသူများအနေဖြင့် မျက်နှာအား ဖုံးအုပ်ခြင်းမပြုရဟူသည့် ဥပဒေကို ပြီးခဲ့သည့် တစ်ပါတ်က ပြဌာန်းခဲ့ပြီးနောက်ပိုင်းတွင် ဆန္ဒပြမှုများမှာ ပိုမိုဆိုးရွားလာခဲ့ပြီး ရဲတပ်ဖွဲ့လည်း အကြမ်းဖက် နှိမ်နင်းမှုများ ပြုလုပ်လျက်ရှိသည်။
    Ref: aljazeera