News @ M-Media

Blog

  • အသင်း၏ အောင်မြင်မှုတွင် ဇီဒိန်းက အဓိက ကျသည်ဟု အန်ဆယ်လော့တီပြော

    အသင်း၏ အောင်မြင်မှုတွင် ဇီဒိန်းက အဓိက ကျသည်ဟု အန်ဆယ်လော့တီပြော

    ဇန်န၀ါရီ ၂၅၊ ၂၀၁၄
    M-Media

    – မိမိကိုင်တွယ်နေသော ရီးယဲလ်အသင်း အောင်မြင်နေခြင်းမှာ ရီးယဲလ် ကစားသမားဟောင်း ဇီဒိန်း၏ နည်းစနစ်များက အဓိကကျသည်ဟု ရီးယဲလ် နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် နွေရာသီက အန်ဆယ်လော့တီအသင်းသို့ ရောက်ရှိလာပြီးနောက် ဇီဒိန်းမှာ ရီးယဲလ်အသင်းတွင် ဒုတိယအရးပါသူဖြစ်လာခဲ့ပြီး ၎င်း၏ နည်းစနစ်များကြောင့် ဘင်ဇီမာ၊ မော်ရာတာနှင့် ဂျီစီတို့မှာ ခြေစွမ်းပြနိုင်ခြင်းဖြစ်သည်။

    “ဇီဒိန်းဟာ ကျွန်တော့အတွက်တော့ အရေးပါပါတယ်။ ဘင်ဇီမာ၊ မော်ရာတာနဲ့ ဂျီစီတို့အတွက် သူ့ရဲ့လုပ်ဆောင်မှုက အကျိုးဖြစ်ထွန်းနေပါတယ်။ အသင်းကစားပုံ ကောင်းမွန်နေတာဟာ အမျိုးမျိုးသော အကြောင်းအရာတွေကြောင့် ဖြစ်နိုင်ပြီး နည်းပြအနေနဲ့ အကောင်းဆုံး လုပ်ဆောင် နေတာ ကြောင့်လို့လည်း ပြောလို့ရပါတယ်” ဟု အန်ဆယ်လော့တီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ရီးယဲလ်အသင်းမှာ ရာသီအစက အနည်းငယ်ယိမ်းယိုင်မှုများရှိခဲ့ပြီ ဦးဆောင်သူ ဘာစီလိုနာနှင့် အမှတ်ပြတ်ခဲ့သော်လည်း နောက်ပိုင်းတွင် တောက်လျှောက် ခြေစွမ်းပြကာ ယခုလက်ရှိတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် ဘာစီလိုနာနှင့် အက်သလက်တီကိုတို့ထက် ၁ မှတ်သာ ကွာဟ တော့သည်။

    Ref : Goal

  • ဂါဇာမှ ပြည်သူများအား အားပေးသည့် အနေဖြင့် ဗြိတိန်တွင် ချီတက် လမ်းလျှောက်မှုပြုလုပ်မည်

    ဇန်နဝါရီ ၂၅၊ ၂၀၁၄
    M-Media

    Muslim-Hands-Walks-For-Gaza

    – အစ္စရေးမှ ပိတ်ဆို့ထားသော ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြောင်ရှိ ချို့တဲ့သော ပြည်သူများအား အားပေးထောက်ခံခြင်းနှင့် ရန်ပုံငွေရရှိရန်ရည်ရွယ်၍ လမ်းလျှောက်ချီတက်သော လှုပ်ရှားမှုတစ်ခု လန်ဒန်မြို့တွင် သိရသည်။

    လန်ဒန်အခြေစိုက အန်ဂျီအိုအဖွဲ့ဖြစ်သည့် Muslim Hands မှ ပြုလုပ်မည့် Walk for Gaza အမည်ရ အဆိုပါလှုပ်ရှားမှုတွင် လန်ဒန်ရှိ မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူ ထောင်ချီပါဝင်မည်ဟုဆိုသည်။

    “ဂါဇာမှာရှိတဲ့ ကလေးတွေကို ကယ်တင်ခြင်းဟာ ဂါဇာကိုကယ်တင်တာပါပဲ” ဟု ထိုလှုပ်ရှားမှုအား ဦးဆောင်ပြုလုပ်သူများက ပြောကြားခဲ့သည်။

    အေးစိမ့်သော ရာသီဥတုရှိနေသော်လည်း ချီတက်လမ်းလျှောက်မှုအား ၂၅ ရက် စနေနေ့(ယနေ့) တွင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ ၅ မိုင် အကွာအဝေးရှိမည်ဖြစ်သည်။

    ဂါဇာကမ်းမြှောင်ရှိ ကလေးများအတွက် အလှူငွေရရှိရန် ရည်ရွယ်ပြုလုပ်သည့် အဆိုပါ လမ်းလျှောက်ချီတက်မှုကို  Muslim Hands မှ လန်ဒန်၊ မန်ချက်စတာ၊ ဘာမင်ဂမ် လက်စတာ စသည့်မြို့များတွင် ပြုလုပ်ခဲ့သည့်မှာ ၆ နှစ်ရှိလာခဲ့ပြီဖြစ်ပြီး ယမန်နှစ်က အလှူငွေ ပေါင် ၁၁၇၀၀၀ ရရှိခဲ့သည်။

    အစ္စရေးက ပိတ်ဆို့ထားပြီး၊ မီဒီယာက ဖော်ပြမှုအားနည်းသောကြောင့် ကမ္ဘာ့တစ်ဝှမ်းမှ လစ်လျူရှုခံထားရသည့် အမေ့ခံ ဂါဇာကလေးငယ်များအတွက် ကူညီရန်ဆုံးဖြတ်ထားသည်ဟု Muslim Hands အဖွဲ့က ပြောကြားခဲ့ပြီး ဂါဇာရှိ Al-Durrah ဆေးရုံတွင် ဆေးဝါးကုသမှုနှင့် စိတ်ပိုင်းဆိုင်ရာ ကူညီမှုများလည်း ပြုလုပ်ပေးနေသည်ဟု ဆိုသည်။

    Muslim Hands မှ ပြုလုပ်သည့် အဆိုပါ ချီတက်လမ်းလျှောက်မှုကို မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများက ထောက်ခံအားပေးခဲ့ကြပြီး ထိုအဖွဲ့၏ အွန်လိုင်းစာမျက်နှာများတွင် ထိုလှုပ်ရှားမှုတွင်ပါဝင်ရန်နှင့် အလှူငွေများပေးအပ်ရန် မှတ်ချက်များပေးခဲ့ကြသည်။

    Ref: OnIslam

  • နေးမာ၏ အပြောင်းအရွှေ့တွင် မိဘများအား သန်း ၄၀ ပေးခဲ့ရသည်ဟု ဘာကာဝန်ခံ

    နေးမာ၏ အပြောင်းအရွှေ့တွင် မိဘများအား သန်း ၄၀ ပေးခဲ့ရသည်ဟု ဘာကာဝန်ခံ

    ဇန်န၀ါရီ ၂၅၊ ၂၀၁၄
    M-Media

    နေးမာ၏ အပြောင်းအရွှေ့တွင် မိဘများအား သန်း ၄၀ ပေးခဲ့ရသည်ဟု ဘာကာဝန်ခံ၊ အရှုပ်အရှင်းများဖြစ်နေချိန်တွင် ပထမဆုံး ၀န်ခံခြင်းလည်းဖြစ်

    – ဘရာဇီးကလပ်ဆန်းတို့စ် အသင်းမှ တိုက်စစ်မှူး နေးမာအား ယူရို ၅၇.၁ သန်းဖြင့် ခေါ်ယူခဲ့ရာတွင် သန်း ၄၀ မှာ နေးမာ၏ မိဘများကို ပေးချခဲ့ရခြင်း ဖြစ်သည်ဟု ဘာစီလိုနာ ဥက္ကဌသစ် ဘာမူတိုက ယမန်နေ့တွင်ပြောကြားလိုက်သည်။

    ကြာသာပတေးနေ့က ဥက္ကဌ ရာထူးကို စတင်ရယူခဲ့ပြီးနောက်ပိုင်း ပြုလုပ်ခဲ့သည့် ပထမဆုံး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်ပြီး၊ နေးမာ၏ အပြောင်းအရွှေ့ အရှုပ်အရှင်း အကြောင်းကို ပထမဆုံး ၀န်ခံလိုက်ခြင်းလည်းဖြစ်သည်။ ထို့ပြင် ထိုကိစ္စကို ကိုင်တွယ်နေသည့် ရှေ့နေဖြစ်သူ Felipe Izquierdo ကလည်း ထိုအရှုပ်အရှင်းတွင် ဘာမူတိုနှင့် အသင်း၏ စီးပွားရေးဆိုင်ရာ ဒုတိယဥက္ကဌ ဂျာဗီယာဖောက်လည်း ပါဝင် ပက်သက်သည်ဟု ပြောဆိုထားသည်။ “ကျွန်တော့်အနေနဲ့ ကိစ္စတစ်ခုကို ရှင်းရှင်းလင်းလင်း ဖြစ်ချင်ပါတယ်။ နေးမာရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရို ၅၇.၁ သန်း ဖြစ်ပါတယ်။ ကျွန်တော်တို့ လိမ်ညာထားတာ မရှိဘူးဆိုတာကို အာမခံပါတယ်။ ကျွန်တော်တို့ ဆောင်ရွက်ထားတဲ့ စာချုပ်တွေအပေါ် ကျွန်တော်တို့ အပြည့်အ၀ တာဝန်ယူပါတယ်” ဟု ဘာမူတိုက နျူးကမ့်တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    နေးမာအား ခေါ်ယူရာတွင် ယူရို ၅၇.၁ သန်းသုံးစွဲခဲ့သည့်ဟု ဘာစီလိုနာအသင်းက ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် ဆန်းတို့စ်အသင်းက မိမိတို့အနေဖြင့် ပြောင်းရွှေ့ကြေး အနည်းငယ်သာ ရရှိခဲ့သည်ဟု ကြေညာခဲ့သည်။ ထို့ကြောင့် ဘာစီလိုနာ ပရိတ်သတ်တစ်ဦးက အပြောင်းအရွှေ့ကိစ္စနှင့် ပက်သက်၍ မသမာမှုများ ရှိနေသည်ဟု စပိန်တရားရုံးအား တိုင်ကြားခဲ့သောကြောင့် လက်ရှိတွင် တရားရုံးက ထိုအပြောင်းအရွှေ့ကိစ္စအား ကြားနား စစ်ဆေးလျက် ရှိနေသည်။

    Ref : Goal

  • ဆီးရီးယား အစိုးရနှင့် အတိုက်အခံတို့ မျက်နှာချင်းဆိုင် ဆွေးနွေးမည်

    ဇန်နဝါရီ ၂၅၊ ၂၀၁၄
    M-Media

    rtx14wet.si

    – ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း အစိုးရနှင့် အတိုက်အခံတို့ ပထမဆုံးအကြိမ်အဖြစ် အခန်းတစ်ခန်းတည်းတွင် မျက်နှာချင်းဆိုင် ဆွေးနွေးမည်ဟု ကုလသမဂ္ဂမှ ကြားဝင်ညှိနှိုင်းပေးသူ လက်ခ်ဒါ ဘရာဟီမီက ပြောကြားခဲ့သည်။

    ဘရာဟီမီမှာ ဂျီနီဗာတွင် နှစ်ဘက်စလုံးအား ၂ ရက်ကြာ သီးခြားစီတွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ တစ်ခန်းတည်းတွင် တွေ့ဆုံရန် သဘောတူညီချက်ရခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးမှုအား ယနေ့တွင် ပြုလုပ်မည်ဖြစ်သည်။

    “ကျွန်တော်တို့ မနက်ဖြန်(စနေနေ့)မှာ တွေ့ဆုံမှာပါ။ ကောင်းမွန်တဲ့ အစပျိုးမှုဖြစ်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ပြီးတော့ ဆွေးနွေးပွဲကို နောက်တစ်ပါတ်ကုန်တဲ့အထိ ဆက်လက်ပြုလုပ်သွားမှာပါ” ဟု ဘရာဟီမီက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် ၂၀၁၂ ခုနှစ်တွင် ဂျီနီဗာမှ ကြေညာခဲ့သည် အသွင်ပြောင်းအစိုး ဖွဲ့စည်းရေး တိုက်တွန်းချက်တွင် ပါဝင်သော စည်းကမ်းချက်များကိုလည်း ဆီးရီးယားအစိုးရနှင့် အတိုက်အခံ နှစ်ဘက်စလုံးက လက်ခံမည်ဖြစ်ကြောင်း၊ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုများ မပြုလုပ်ခင် ဆီးရီးယာအစိုးရနေဖြင့် Geneva 1 ကြေညာချက်ကို လက်ခံကြောင်း အတည်ပြုရန် အတိုက်အခံဘက်က တောင်းဆိုခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    လက်ရှိသမ္မအာဆတ်အား ဖြုတ်ချရေးမှ အစပြုခဲ့ပြီး ၂ နှစ်နီးပါးကြာမြင့်လာခဲ့ပြီဖြစ်သည့် ဆီးရီးယားပြည်တွင်းစစ်တွင် အနည်းဆုံး ၁ သိန်း ၃ သောင်းခန့် သေဆုံးခဲ့ကာ သန်းချီသော ဆီးရီးယားပြည်သူများမှာလည်း အိုးအိမ်များကိုစွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    Ref: .aljazeera

  • စနိုးဒင်၏ ခိုလှုံခွင့် နှစ်စဉ် တိုးနိုင်ဟု ရှေ့နေပြော၊ နောက်ပိုင်းတွင် ရုရှားနိုင်ငံသား ခံယူဖွယ်ရှိနေ

    ဇန်နဝါရီ ၂၅၊ ၂၀၁၄
    M-Media

    NSA အေးဂျင့်ဟောင်း စနိုးဒင်၏ ခိုလှုံခွင့် နှစ်စဉ် တိုးနိုင်ဟု ရှေ့နေပြော၊ နောက်ပိုင်းတွင် ရုရှားနိုင်ငံသား ခံယူဖွယ်ရှိနေ

    snowden-extend-asylum-lawyer0.si

    – အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်ဆီ NSA ၏ လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့ပြီးနောက် ရုရှားနိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့်တောင်းခံကာ နေထိုင်နေရသည့် NSA ၀န်ထမ်းဟောင်း စနိုးဒင်အနေဖြင့် ခိုလှုံခွင့် သက်တမ်းအား နှစ်စဉ် တိုးသွားနိုင်သည်ဟု ၎င်း၏ ရှေ့နေဖြစ်သူက ပြောကြားခဲ့သည်။

    ရုရှားရှိ ၀ဘ်ဆိုဒ်ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသည့် စနိုးဒင်၏ ခိုလှုံခွင့် သက်တမ်းမှာ လာမည့် သြဂုတ်လတွင်ပြည့်မည်ဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့် အရည်အချင်းပြည့်မီသည်အထိ နှစ်စဉ် သက်တမ်းတိုးခွင့်ရှိနေသည်။

    ထို့ပြင် ရုရှားအစိုးရအေနနှင့်လည်း စနိုးဒင်အား သက်တမ်းတိုးပေးဖွယ်ရှိသည်ဟု စနိုးဒင်၏ ဥပဒေအကျိုးဆောင် Antoly Kucherena က Kommersant သတင်းစာသို့ ပြောကြားခဲ့ပြီး စနိုးဒင်အနေဖြင့် ခိုလှုံခွင့်သက်တမ်းတိုးပြီး နောက်ပိုင်းတွင် ရုရှားနိုင်ငံသားအဖြစ် ခံယူလိမ့်မည်ဆိုသည့်သတင်းကို ငြင်းဆိုခြင်းမပြုခဲ့ပေ။

    စနိုးဒင်မှာ ပြီးခဲ့သည့်နှစ် နှစ်လည်ပိုင်းက ဟောင်ကောင်သို့သွားရောက်ကာ အမေရိကန်၏ လျှို့ဝှက်ထောက်လှမ်းရေးလုပ်ငန်းများအား ဖွင့်ချခဲ့သောကြောင့် အမေရိကန်နိုင်ငံ၏ တရားစွဲဆိုခြင်း ခံထားရသူဖြစ်သည်။ သို့သော်လည်း စနိုးဒင်အနေဖြင့် ထိုဖွင့်ချမှုများကို ရပ်တန့်ခဲ့ပါက ၎င်းအပေါ်ထားရှိသော စွဲချက်များကို ရုပ်သိမ်းပေးမည်ဟု အိမ်ဖြူတော်က ကမ်းလှမ်းခဲ့ဖူးသည်။

    Ref: RT