News @ M-Media

Blog

  • ကုလ လက်အောက်ခံ တန်ပြန် အကြမ်းဖက် တိုက်ဖျက်ရေး ဌာနသို့ ဆော်ဒီမှ ဒေါ်လာ သန်း ၁၀၀ လှူ

    ဇန်နဝါရီ ၂၆ ၊ ၂၀၁၄
    M-Media
    1390397889625753000
    ကမ္ဘာ့ကုလသမဂ္ဂ၏ လက်အောက်ရှိ အပြည်ပြည်ဆိုင်ရာ တန်ပြန် အကြမ်းဖက် တိုက်ဖျက်ရေးဌာန – International Center for Counterterrorism (ICCT) သို့ ဆော်ဒီအာရေဗျမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို လှူဒါန်းလိုက်သည်။

    ၎င်းအလျင်ကလည်း ဆော်ဒီဘုရင့်နိုင်ငံသည် နယူးယော့ခ်အခြေစိုက် ICCT တည်ထောင်ရေးအတွက် ဒေါ်လာ ၁၀ သန်း ထောက်ပံ့ခဲ့၏။

    ကုလသမဂ္ဂ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး အားထုတ်ခြင်းအပေါ် အားပေးပါဝင်သောအားဖြင့် အလှမ်းကျယ်စွာကူညီမှုအပေါ် မြင့်မြတ်ဝတ်ကျောင်းတော်နှစ်ခု၏ ထိန်းသိမ်းသူဖြစ်သော ဘုရင် အဗ်ဒုလ္လာဟ်ကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ ကျေးဇူးတင်ကြောင်း ပြောကြားသည်။ ဆွစ်ဇာလန်၊ Montreux မြို့၌ ဗုဒ္ဓဟူးနေ့က စတင်သော ဂျီနီဗာ ၂ ကွန်ဖရင့် မကျင်းပမှီ အင်္ဂါနေ့တွင် ဘန်ကီမွန်းနှင့် ဆော်ဒီနိုင်ငံခြားရေး ၀န်ကြီး မင်းသား စအူးဒ် အလ် ဖိုင်ဆဲလ်တို့ တွေ့ဆုံစဉ်ဝယ် ယင်းသို့ ချီးမွှမ်းလိုက်ခြင်းဖြစ်သည်။

    ဆီးရီးယားရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် လွန်ခဲ့သောသုံးနှစ်ကစပြီး အဆက်မပြတ်ဖြစ်ပွားလာသော ဆီးရီးယားအကြပ်အတည်းအား အလျဉ်အဆုံးသတ်ရန် အပါအ၀င် အရေးအရာများစွာကို ၎င်းတို့မှ ဆွေးနွေးခဲ့ကြသည်။ အထက်ပါစင်တာဌာနအား တည်ထောင်ရန် ၂၀၀၅ ခုနှစ်တွင် ဆော်ဒီအာရေဗျမှ အစပြုနှိုးဆော်ခဲ့ပြီး၊ ၎င်းကို ပုံဖော်နိုင်ရေး သဘောတူညီချက်တစ်ရပ်ကို ကုလသမဂ္ဂနှင့် ၂၀၁၁ ခုနှစ်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

    Source : IINA

  • ဇန်န၀ါရီ ၂၅၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၂၅၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၂၅၊ ၂၀၁၄
    M-Media
    – ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင် ရိုဟင်ဂျာ ၄၈-ဦး အသတ်ခံရကြောင်းကို ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး မစ္စ နဗီပေလေးက စုံစမ်းစစ်ဆေးရေး ပြုလုပ်ပေးရန် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာနှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနိုင်းဆောင်ရွက်ရေးမှူး မစ္စ ဗလာရီအမော့စ်က ဇန်န၀ါရီလ ၂၂-ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် တောင်းဆိုထားသည်ကို မြန်မာအစိုးရက လက်ခံနိုင်ဖွယ်ရာမရှိဟု ပြောဆို ပယ်ချခဲ့ကြောင်း သိရသည်။
    ________________________

    – သန်းခေါင်စာရင်းကောက်ယူမှုတွင် ဇိုမီးဆိုသည့် အမည်ကိုသာ တစ်စုတစ်ဝေးတည်း သုံးစွဲရန် ဇိုမီးမျိုးနွယ်စုများနေထိုင်သည့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ဂါလီလဲ ဘုရားကျောင်းတွင် မနေ့က ပြုလုပ်သည့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)၏ ဆွေးနွေးပွဲတွင် ပြောကြားလိုက်ကြောင်း သိရသည်။
    ________________________

    – ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲတစ်ရပ်ကို ဇန်န၀ါရီလ ၂၅-ရက်နေ့ ညနေ ၃း၃၀-နာရီက ပြုလုပ်ခဲ့ရာ တက်ရောက်သူ ရာနှုန်းပြည့်က အခြေခံဥပဒေကို ပြင်ဆင်ရန် ထောက်ခံခဲ့ကြောင်း သိရသည်။
    ________________________

  • ၂၁၀၃-ခုနှစ် ဟာဂျီများအား ဂုဏ်ပြုပွဲနှင့် အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ

    ၂၁၀၃-ခုနှစ် ဟာဂျီများအား ဂုဏ်ပြုပွဲနှင့် အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ

    ဇန်န၀ါရီ ၂၅၊ ၂၀၁၄
    M-Media
    သီရိ

    ရန်ကုန် ။      ။      ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဟဂ်ျခရီးစဉ် ကူညီရေးအဖွဲ့ချုပ်က ဦးစီးကျင်းပသည့် ၂၀၁၃ ခုနှစ် ဟာဂျီများအား ဂုဏ်ပြုခြင်းနှင့် ဟာဂ်ျအတွေ့ကြုံ ရှင်းလင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဟာဂျီမ ဒေါ်စောရွှေခန်းမတွင် ဇန်န၀ါရီလ ၂၅-ရက် နေ့လည် ၂း၀၀-နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အခမ်းအနားကို ကျမ်းတော်မြတ်ကုရ်အာန်ဖြင့် ဖွင့်လှစ်ခဲ့ပြီး ဟာဂ်ျခရီးစဉ်ကူညီရေးအဖွဲ့ချုပ် ဥက္ကဌ အလ်ဟာဂ်ျ ဦးဇော်ဝင်းက “ကျွန်တော်တို့အဖွဲ့ ကလုပ်ငန်းလုပ်ကိုင်နေတဲ့ စီးပွားရေး ကုမ္မဏီကြီးတွေကို တိုက်ခိုက်ဖို့ မဟုတ်ပါဘူး၊ ဟာဂ်ျသွားမဲ့ ဟာဂျီတွေ တကယ်ကို အဆင်ပြေ ချောမွေ့စေရန် အတွက် ဖြစ်ပါတယ်။ ဟိုမှာလည်း အဆင်ပြေပြေနဲ့ နေထိုင်နိုင်အောင် ကူညီဆောင်ရွက်ပေးပါတယ်၊ ဟာဂ်ျသွားရင် ဘယ်သွားရမယ် ဘယ်မှာနေရမယ် စတဲ့ ဒုက္ခရောက်နေတဲ့လူတွေကိုကူညီပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအဖွဲ့ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်း၏ အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

    ထို့နောက် မော်လ၀ီအဖွဲ့ချုပ်မှ အထွထွေအတွင်းရေးမှူးချုပ် အလ်ဟာဂ်ျ ဦးကျော်စိုးမှ လည်းကောင်း၊ အစ္စလာမ့် ဓမ္မဗိမာန်မှ အလ်ဟာဂ်ျ ဦးခင်မောင်မြင့်က လည်းကောင်း၊ ဟာဂ်ျကူညီရေးအဖွဲ့ချုပ် နာယကကြီးက လည်းကောင်း မိတ်ဆက်အမှာစကားများ ပြောကြားခဲ့ပါသည်။

    ဆက်လက်ပြီး ဟာဂ်ျအတွေ့ကြုံများကို ယခုနှစ် ၂၀၁၃ တွင် သွားရောက်ခဲ့သော ဟာဂျီ၊ ဟာဂျီမ များမှ ၎င်းတို့ကြုံတွေ့ခဲ့ရသည်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

    ဟာဂ်ျကူညီရေး အဖွဲ့ချုပ်သည် ဟာဂ်ျခရီးသွားလုပ်ငန်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများပေါ်ပေါက်ရေးကို ကြိုးပမ်း ဆောင်ရွက်လျက် ရှိပြီး အစ္စလာမ်ဘာသာဝင်တို့၏ ဟာဂ်ျခရီးစဉ်တွင် အခက်အခဲမရှိဘဲ ဟာဂ်ျဝတ်ပြုနိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

  • အသင်း၏ အောင်မြင်မှုတွင် ဇီဒိန်းက အဓိက ကျသည်ဟု အန်ဆယ်လော့တီပြော

    အသင်း၏ အောင်မြင်မှုတွင် ဇီဒိန်းက အဓိက ကျသည်ဟု အန်ဆယ်လော့တီပြော

    ဇန်န၀ါရီ ၂၅၊ ၂၀၁၄
    M-Media

    – မိမိကိုင်တွယ်နေသော ရီးယဲလ်အသင်း အောင်မြင်နေခြင်းမှာ ရီးယဲလ် ကစားသမားဟောင်း ဇီဒိန်း၏ နည်းစနစ်များက အဓိကကျသည်ဟု ရီးယဲလ် နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် နွေရာသီက အန်ဆယ်လော့တီအသင်းသို့ ရောက်ရှိလာပြီးနောက် ဇီဒိန်းမှာ ရီးယဲလ်အသင်းတွင် ဒုတိယအရးပါသူဖြစ်လာခဲ့ပြီး ၎င်း၏ နည်းစနစ်များကြောင့် ဘင်ဇီမာ၊ မော်ရာတာနှင့် ဂျီစီတို့မှာ ခြေစွမ်းပြနိုင်ခြင်းဖြစ်သည်။

    “ဇီဒိန်းဟာ ကျွန်တော့အတွက်တော့ အရေးပါပါတယ်။ ဘင်ဇီမာ၊ မော်ရာတာနဲ့ ဂျီစီတို့အတွက် သူ့ရဲ့လုပ်ဆောင်မှုက အကျိုးဖြစ်ထွန်းနေပါတယ်။ အသင်းကစားပုံ ကောင်းမွန်နေတာဟာ အမျိုးမျိုးသော အကြောင်းအရာတွေကြောင့် ဖြစ်နိုင်ပြီး နည်းပြအနေနဲ့ အကောင်းဆုံး လုပ်ဆောင် နေတာ ကြောင့်လို့လည်း ပြောလို့ရပါတယ်” ဟု အန်ဆယ်လော့တီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ရီးယဲလ်အသင်းမှာ ရာသီအစက အနည်းငယ်ယိမ်းယိုင်မှုများရှိခဲ့ပြီ ဦးဆောင်သူ ဘာစီလိုနာနှင့် အမှတ်ပြတ်ခဲ့သော်လည်း နောက်ပိုင်းတွင် တောက်လျှောက် ခြေစွမ်းပြကာ ယခုလက်ရှိတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် ဘာစီလိုနာနှင့် အက်သလက်တီကိုတို့ထက် ၁ မှတ်သာ ကွာဟ တော့သည်။

    Ref : Goal

  • ဂါဇာမှ ပြည်သူများအား အားပေးသည့် အနေဖြင့် ဗြိတိန်တွင် ချီတက် လမ်းလျှောက်မှုပြုလုပ်မည်

    ဇန်နဝါရီ ၂၅၊ ၂၀၁၄
    M-Media

    Muslim-Hands-Walks-For-Gaza

    – အစ္စရေးမှ ပိတ်ဆို့ထားသော ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြောင်ရှိ ချို့တဲ့သော ပြည်သူများအား အားပေးထောက်ခံခြင်းနှင့် ရန်ပုံငွေရရှိရန်ရည်ရွယ်၍ လမ်းလျှောက်ချီတက်သော လှုပ်ရှားမှုတစ်ခု လန်ဒန်မြို့တွင် သိရသည်။

    လန်ဒန်အခြေစိုက အန်ဂျီအိုအဖွဲ့ဖြစ်သည့် Muslim Hands မှ ပြုလုပ်မည့် Walk for Gaza အမည်ရ အဆိုပါလှုပ်ရှားမှုတွင် လန်ဒန်ရှိ မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူ ထောင်ချီပါဝင်မည်ဟုဆိုသည်။

    “ဂါဇာမှာရှိတဲ့ ကလေးတွေကို ကယ်တင်ခြင်းဟာ ဂါဇာကိုကယ်တင်တာပါပဲ” ဟု ထိုလှုပ်ရှားမှုအား ဦးဆောင်ပြုလုပ်သူများက ပြောကြားခဲ့သည်။

    အေးစိမ့်သော ရာသီဥတုရှိနေသော်လည်း ချီတက်လမ်းလျှောက်မှုအား ၂၅ ရက် စနေနေ့(ယနေ့) တွင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ ၅ မိုင် အကွာအဝေးရှိမည်ဖြစ်သည်။

    ဂါဇာကမ်းမြှောင်ရှိ ကလေးများအတွက် အလှူငွေရရှိရန် ရည်ရွယ်ပြုလုပ်သည့် အဆိုပါ လမ်းလျှောက်ချီတက်မှုကို  Muslim Hands မှ လန်ဒန်၊ မန်ချက်စတာ၊ ဘာမင်ဂမ် လက်စတာ စသည့်မြို့များတွင် ပြုလုပ်ခဲ့သည့်မှာ ၆ နှစ်ရှိလာခဲ့ပြီဖြစ်ပြီး ယမန်နှစ်က အလှူငွေ ပေါင် ၁၁၇၀၀၀ ရရှိခဲ့သည်။

    အစ္စရေးက ပိတ်ဆို့ထားပြီး၊ မီဒီယာက ဖော်ပြမှုအားနည်းသောကြောင့် ကမ္ဘာ့တစ်ဝှမ်းမှ လစ်လျူရှုခံထားရသည့် အမေ့ခံ ဂါဇာကလေးငယ်များအတွက် ကူညီရန်ဆုံးဖြတ်ထားသည်ဟု Muslim Hands အဖွဲ့က ပြောကြားခဲ့ပြီး ဂါဇာရှိ Al-Durrah ဆေးရုံတွင် ဆေးဝါးကုသမှုနှင့် စိတ်ပိုင်းဆိုင်ရာ ကူညီမှုများလည်း ပြုလုပ်ပေးနေသည်ဟု ဆိုသည်။

    Muslim Hands မှ ပြုလုပ်သည့် အဆိုပါ ချီတက်လမ်းလျှောက်မှုကို မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများက ထောက်ခံအားပေးခဲ့ကြပြီး ထိုအဖွဲ့၏ အွန်လိုင်းစာမျက်နှာများတွင် ထိုလှုပ်ရှားမှုတွင်ပါဝင်ရန်နှင့် အလှူငွေများပေးအပ်ရန် မှတ်ချက်များပေးခဲ့ကြသည်။

    Ref: OnIslam