News @ M-Media

Blog

  • မိမိစွမ်းရည်များမှာ အကောင်းဆုံး အနေအထားတွင်ရှိနေဆဲဟု တိုက်ဂါးဝုဒ်ဆို

    မိမိစွမ်းရည်များမှာ အကောင်းဆုံး အနေအထားတွင်ရှိနေဆဲဟု တိုက်ဂါးဝုဒ်ဆို

    ဇန်န၀ါရီ ၂၃၊ ၂၀၁၄
    M-Media

    Untitled

    – အမေရိကန်ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ်က မိမိ၏စွမ်းရည်မှာ အကောင်းဆုံးအနေအထားတွင်ရှိနေသည်ဟု ပြောကြားလိုက်ပြီး၊ အဓိက ဂေါက်သီးရိုက် ပြိုင်ပွဲကြီးများတွင် ၁၈-ကြိမ် ဗိုလ်စွဲနိုင်သည့် တစ်နိုင်ငံတည်းသား ဂေါက်သီးသမား ဂျက် နစ်က်လပ်စ်၏ စံချိန်အား လိုက်မီနိုင်မည် မဟုတ်ဟု ၀န်ခံခဲ့သည်။

    အသက် ၃၈-နှစ်အရွယ် ရှိပြီဖြစ်သည့် တိုက်းဂါးဝုဒ်မှာ ၂၀၁၃-ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ဂေါက်သီးရိုက် ပြိုင်ပွဲ ၅-ခုတွင် ဗိုစွဲခဲ့သော်လည်း ကလေးဘ၀ ကတည်းက ရည်ရွယ်ထားသည့် နစ်ကလပ်စ်၏ စံချိန်ကို ချိုးနိုင်တော့မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

    တိုက်ဂါးဝုဒ်မှာ အဓိက ဂေါက်သီးရိုက် ပြိုင်ပွဲကြီးများတွင် ၁၄ ကြိမ် ဗိုလ်စွဲထားသူ ဖြစ်ပြီး ကယ်လီဖိုးနီးယားတွင် ယနေ့စတင်ယှဉ်ပြိုင်မည့် PGA Farmers Insurance Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ် ပြိုင်မည်ဖြစ်သည်။

    “ဒါ(နစ်က်လပ်စ်ရဲ့ စံချိန်ကိုမီဖို့)ကို ကျွန်တော် လုပ်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ ကောင်းဆုံး အချိန်တွေ ရှိနေတုန်းပဲလို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော် ကောင်းကောင်း ကစားနိုင်တုန်းပါပဲ” ဟု တိုက်ဂါးဝုဒ်က ပြောကြားခဲ့သည်။

    Ref : Channel News Asia

  • လိဂ်ဖလားမှ ထွက်ခွာရခြင်းမှာ ထိုက်တန်သည်ဟု မိုယက်စ်ဆို

    လိဂ်ဖလားမှ ထွက်ခွာရခြင်းမှာ ထိုက်တန်သည်ဟု မိုယက်စ်ဆို

    ဇန်န၀ါရီ ၂၃၊ ၂၀၁၄
    M-Media

    – လိဂ်ဖလားဆီးမီးဖိုင်နယ်တွင် ဆန်းဒါးလန်း အသင်းအား ရှုံးနိမ့်ပြီး ထွက်ခွာရခြင်းမှာ ထိုက်တန်သော ရှုံးနိမ့်မှု ဖြစ်သည်ဟု မန်ယူအသင်း နည်းပြ ဒေးဗစ် မိုယက်စ်က ပြောကြားခဲ့သည်။

    မန်ယူ အသင်းမှာ ထိုပွဲတွင် အချိန်ပိုအထိ ကစားခဲ့ပြီး ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုးစီ သရေ ဖြစ်နေ သောကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာ ဆန်းဒါးလန်း အသင်းက အနိုင်ရရှိခဲ့ပြီး နောက်ဆုံး ဗိုလ်လုပွဲသို့ တက်ရောက် နိုင်ခဲ့သည်။

    အသင်းအနေဖြင့် ကောင်းမွန်စွာကစားနိုင်ခဲ့ခြင်း မရှိသောကြောင့်၊ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ဟု မိုယက်စ်က ၀န်ခံခဲ့သည်။

    “နောက်တစ်ဆင့်တက်ဖို့ အတွက် ကျွန်တော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့ဘဲ၊ လိုအပ်တဲ့ အကောင်းဆုံး ကစားပုံမျိုးလည်း မရခဲ့ပါဘူး။ ဆန်းဒါးလန်း ကတော့ ဗိုလ်လုပွဲကို တက်ရောက်ဖို့ ထိုက်တန်ခဲ့ပါတယ်။ နောက်ပြီး ပင်နင်တီ ကန်သွင်းခွင့် ရတဲ့အခါမှာလည်း ကျွန်တော်တို့ရဲ့ ပင်နယ်တီက ဆိုးရွားခဲ့ ပါတယ်” ဟု ပွဲအပြီးတွင် မိုယက်စ်က သတင်းထောက်များအား ပြောကြေားခဲ့သည်။

    နည်းပြ မိုယက်စ် စတင် ကိုင်တွယ်ပြီးနောက်ပိုင်း ကစားပုံ ဆိုးရွားနေခဲ့သည့် မန်ယူအသင်းမှာ ပရီးမီးယားလိဂ်တွင် အဆင့် ၇ နေရာတွင်ရှိနေပြီး၊ FA ဖလားနှင့် လိဂ်ဖလား ပြိုင်ပွဲတို့တွင်လည်း ထွက်ခဲ့ရသည်။

    Ref : Goal

  • Deloitte ၏ တစ်နှစ်တာ ၀င်ငွေအကောင်းဆုံး ဘောလုံးအသင်းများစာရင်းတွင် ရီးယဲလ်အသင်း ထိပ်ဆုံး၌ရှိနေ

    Deloitte ၏ တစ်နှစ်တာ ၀င်ငွေအကောင်းဆုံး ဘောလုံးအသင်းများစာရင်းတွင် ရီးယဲလ်အသင်း ထိပ်ဆုံး၌ရှိနေ

    ဇန်န၀ါရီ ၂၃၊ ၂၀၁၄
    M-Media

    – အင်္ဂလန်နိုင်ငံ၏ အကြီးဆုံး ငွေကြေးဆိုင်ရာ ကုမ္ပဏီ တစ်ခုဖြစ်သည့် Deloitte ၏ စစ်တမ်းကောက်ယူမှု အရ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီ ၀င်ငွေ အကောင်းဆုံး ဘောလုံးအသင်းများ စာရင်းတွင် စပိန်ကလပ် ရီးယဲလ်မက်ဒရစ် အသင်းမှာ ထိပ်ဆုံးနေရာတွင် ရှိနေသည်ဟု သိရသည်။

    ရီးယဲလ်မှာ စုစုပေါင်းဝင်ငွေ ယူရို ၅၁၈.၉ သန်းဖြင့် ထိပ်ဆုံးနေရာတွင် ရှိနေပြီး၊ ဒုတိယနေရာမှ ပြိုင်ဘက် ဘာစီလိုနာနှင့် ၃၆ သန်းအသာဖြင့် ထိပ်ဆုံး၌ ရပ်တည်နေခြင်း ဖြစ်သည်။ တတိယနေရာတွင် ချန်ပီယံလိဂ် ချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းက ၄၃၁.၂ သန်းဖြင့်ရှိနေပြီး၊ ၁၉၉၆-၉၇ ဘောလုံး ရာသီမှ ၂၀၀၃-၀၄ ဘောလုံးရာသီ အထိ ထိုစာရင်း၏ ပထမနေရာတွင် ရှိခဲ့သည့် မန်ယူ အသင်းမှာ အဆင့် ၄ နေရာသို့ရောက်ရှိခဲ့ပြီး ပထမဆုံးအကြိမ် အဖြစ် အဆင့် ၃ ပြင်ပသို့ရောက်ရှိခြင်းလည်း ဖြစ်သည်။

    ပြင်သစ်လိဂ်ဝမ်းဖလားအား ၁၉ နှစ်ကြာမှ ပြန်လည်ဗိုလ်စွဲနိုင်ခဲ့သည့် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းမှာ ယမန်နှစ်အဆင့် ၁၀ နေရာမှ ယခုနှစ်တွင် အဆင့် ၅ သို့ တက်ရောက်လာနိုင်ခဲ့သည်။

    အီတလီကလပ်အသင်းများမှာ ထိပ်ဆုံး ၅ သင်းစာရင်းသို့ပင် မ၀င်နိုင်ခဲ့ဘဲ ဂျူဗင်တပ်စ်က အဆင့် ၉ နှင့် အေစီမီလန်က အဆင့် ၁၀ တို့တွင် ရှိနေကြသည်။ ထိုစာရင်း၏ ထိပ်ဆုံး ၁၀ နေရာတွင် အင်္ဂလန်မှ လေးသင်းဖြင့် အများဆုံးဖြစ်နေပြီး စပိန်နှင့် အီတလီတို့မှ ၂ သင်းစီ၊ ဂျာမနီနှင့် ပြင်သစ်တို့မှ တစ်သင်းစီရှိနေကြသည်။

    ၂၀၁၂-၂၀၁၃ ဘောလုံးရာသီ ၀င်ငွေအကောင်းဆုံး ၁၀ သင်း

    ၁။ ရီးယဲလ်မက်ဒရစ် ၅၁၈.၉ သန်း(ယူရို)
    ၂။ ဘာစီလိုနာ ၄၈၂.၆ သန်း
    ၃။ ဘိုင်ယန်မြူးနစ် ၄၃၁.၂ သန်း
    ၄။ မန်ချက်စတာယူနိုက်တက် ၄၂၃.၈ သန်း
    ၅။ ပဲရစ်စိန့်ဂျာမိန်း ၃၉၈.၈ သန်း
    ၆။ မန်ချက်စတာစီးတီး ၃၁၆.၂ သန်း
    ၇။ ချယ်ဆီး ၃၀၃.၄ သန်း
    ၈။ အာဆင်နယ် ၂၈၄.၃ သန်း
    ၉။ ဂျူဗင်တပ်စ် ၂၇၂.၄သန်း
    ၁၀။ အေစီမီလန် ၂၆၃.၅ သန်း

  • မုတ်ဆိတ်ထားခြင်း အပါအဝင် ဘာသာရေးဆိုင်ရာ အဆင်အပြင်များ ၀တ်ဆင်မှု အမေရိကန် စစ်တပ်ခွင့်ပြု

    ဇန်နဝါရီ ၂၃၊ ၂၀၁၄
    M-Media

    _72461030_sikh
    – အမေရိကန်စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်သားများအနေဖြင့် ၎င်းတို့၏ ဘာသာရေးဆိုင်ရာ အဆင်အပြင်များ ၀တ်ဆင်ခြင်းကို ကန့်သတ်ထားမှုအား လျှော့ချလိုက်ပြီး ပေါင်းထုပ်၊ ဦးထုပ်များဝတ်ဆင်ခြင်း၊ မုတ်ဆိတ်ထားခြင်းနှင့် ဆေးမင်ကြောင်ထိုးခြင်း စသည်တို့ကို ခွင့်ပြုပေးခဲ့သည်ဟု အမေရိကန် စစ်တပ် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ထို့ကြောင့် အမေရိကန် စစ်တပ်များရှိ အစ္စလာမ်၊ ဆစ်ခ်၊ ဂျူးနှင့် ၀ီကာ ဘာသာဝင်စစ်သားများအနေဖြင့် ယူနီဖောင်းနှင့် ပတ်သက်၍ စစ်တပ်၏ တင်းကျပ်သော ပေါ်လစီများနှင့် ကန့်သတ်မှုများအတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံနိုင်မည်ဖြစ်သည်။

    ထိုကဲ့သို့တောင်းခံလာပါက စစ်တပ်နေဖြင့် တစ်ဦးချင်းအလိုက် စစ်ဆေးမည်ဖြစ်ကာ စစ်ဆင်ရေးလုပ်ငန်းများအား နှောက်ယှက်မှုမရှိပါက ခွင့်ပြုမည်ဟု သိရပြီး၊ ယခင်က ဆစ်ခ်ဘာသာဝင် သုံးဦး၏ ၎င်းတို့ဘာသာ အယူဝါဒအရ ခေါင်းပေါင်းပေါင်းရန် တောင်းဆိုမှုကိုလည်း အမေရိကန် စစ်တပ်က ခွင့်ပြုပေးခဲ့သည်။

    အမေရိကန်စစ်တပ်အတွင်း တာဝန်ထမ်းဆောင်ကြသည့် စစ်သားများ၏ ဘာသာရေးဆိုင်ရာ အသွင်အပြင် အယူအဆများ ၀တ်ဆင်ဆောင်ရွက်ရန်အတွက် တောင်းဆိုမှုများက စစ်ဆင်ရေးဆောင်ရွက်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ အမိန့်နှင့် စည်းကမ်းလိုက်နာခြင်း စသည်တို့အား ထိခိုက်မရှိပါက ထိုတောင်းဆိုမှုများကို ခွင့်ပြုပေးသွားမည်ဟု တပ်မှူး နိတ် ခရစ်တန်ဆန်က ပြောကြားခဲ့သည်။
    BBC

  • မြန်မာနိုင်ငံတွင် မွေးမြူရေး၊ တိရစ္ဆာန်အစာနှင့် သားငါးဆိုင်ရာပြပွဲ ပထမဆုံးအကြိမ်ပြုလုပ်

    မြန်မာနိုင်ငံတွင် မွေးမြူရေး၊ တိရစ္ဆာန်အစာနှင့် သားငါးဆိုင်ရာပြပွဲ ပထမဆုံးအကြိမ်ပြုလုပ်

    ဇန်န၀ါရီ ၂၃၊ ၂၀၁၄
    M-Media
    သီရိ

    DSC00741

    ရန်ကုန်  ။        ။      မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သော မြန်မာ့မွေးမြူရေး၊ တိရစ္ဆာန်အစာနှင့် သားငါးဆိုင်ရာ နိုင်ငံတကာ ပြပွဲကြီး တစ်ခုကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ယနေ့ ဇန်န၀ါရီလ ၂၃-ရက်နေ့မှစ၍ ဇန်န၀ါရီလ ၂၅-ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်သည်။

    ၎င်းကုန်စည်ပြပွဲကြီးကို Livestock Asia၊ Vietstock Expo & Livestock Philippines Expo ပွဲများကို စီစဉ် ကျင်းပခဲ့သော အာရှပြပွဲ ကျင်းပရေးတွင် ဦးဆောင်လုပ်ငန်း တစ်ခုဖြစ်သည့် UBM Asia မှ စီစဉ်ကျင်းပခြင်းဖြစ်သည်။ မြန်မာနိုင်ငံ မွေးမြူရေး အဖွဲ့ချုပ်ကလည်း ထိုပြပွဲကြီးကို ပံ့ပိုးကူညီ ထားကြောင်း သိရပါသည်။

    အဆိုပါ ကုန်စည်ပြပွဲအား မွေးမြူရေး ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ၀န်ကြီး ဦးအုန်းမြင့်က ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် “စားသုံးသူများအတွက် ဈေးနှုန်း သက်သာပြီး သန့်ရှင်း လတ်ဆတ်ဖို့ ကြိုးစားလျက်ရှိပါတယ်။ မွေးမြူရေးဆိုင်ရာ ဥပဒေများကို ရေးဆွဲနေရာမှာလဲ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်၊ မွေးမြူရေးဟာ ပြည်သူကိုအကျိုးပြုတဲ့လုပ်ငန်း ဖြစ်တဲ့အတွက် အစဉ်မြဲ တိုးတက်သွားဖို့ ကြိုးပမ်းနေပါတယ်” ဟု မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် မှ ဒေါက်တာမြဟန်က ပြောကြားခဲ့ပါသည်။

    “ယခုပြပွဲကြီးသည် မြန်မာနိုင်ငံ၏ တိရစ္ဆာန် ပရိုတိန်း ထုတ်လုပ်မှုတွင် အခွင့်အလမ်းများနှင့် အပြောင်းအလဲများကို ဖြစ်ပေါ်လာစေမှာ ဖြစ်ပြီး အနာဂတ်တွင် များစွာ အကျိုးရှိပြီး အထောက်ကူပြုစေမှာ ဖြစ်ပါတယ်”ဟု UBM Asia , ASEAN Business မှ Managing Director Mr.M.Gandhi မှ ပြောကြားခဲ့ ပါသည်။

    ထို့နောက် ၂၀၁၃-ခုနှစ်အတွက် မွေးမြူရေးလုပ်ငန်းတွင် ထူးချွန်သော လယ်သမားများကို ဆုချီးမြှင့်ခဲ့ပြီး မြန်မာ့ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်သို့ လှူဒါန်းခဲ့သော သူတို့အား ဂုဏ်ပြု လက်မှတ်များ ချီးမြှင့်ခဲ့ပါသည်။ လာရောက်ကြည့်ရှုသူများ အတွက် နိုင်ငံတကာ နှင့် အစိုးရမှ ကျော်ကြားသော ဟောပြောသူများ ပါဝင်သည့် ပညာပေးဟောပြောပွဲ အစီအစဉ်များကိုလည်း မျှဝေသွားမည်ဖြစ်ကြောင်း သိရသည်။

    ၎င်းကုန်စည်ပြပွဲကြီးသည် မြန်မာ့မွေးမြူရေး၊ တိရစ္ဆာန်အစာနှင့် သားငါးဆိုင်ရာ လုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များ ပူးပေါင်း ပါဝင် လုပ်ဆောင်သည့် ပြပွဲကြီး တစ်ခုလည်း ဖြစ်ပြီး နိုင်ငံ(၁၃)ခုမှ ကုမ္ပဏီပေါင်း (၈၀)  ခင်းကျင်း ပြသသွားမည် ဖြစ်ပြီး ပြပွဲပြသသူ (၉၀) ရာခိုင်နှုန်းသည် ကမ္ဘာအနှံ့အပြားမှ ဖြစ်ကြောင်း သိရှိရသည်။