News @ M-Media

Blog

  • တောင်းဆိုမှု မလိုက်လျောက တိုက်ခိုက်မည်ဟု ယူကရိန်း သမ္မတအား အတိုက်အခံ ခေါင်းဆောင်ခြိမ်းခြောက်

    ဇန်နဝါရီ ၂၃၊ ၂၀၁၄
    M-Media
    Ukraine opposition sets 24-hour deadline
    – တိုင်းပြည်အတွင်း ဖြစ်ပွားနေသည့် ဆန္ဒပြမှုများတွင် သမ္မတ ဗစ်တာယာနူကိုဗစ်ခ်ျအနေဖြင့် အလျှော့ပေးခြင်းမရှိပါက ဆန္ဒပြသူများက တိုက်ခိုက်မှုများပြုလုပ်သွားမည်ဟု ယူကရိန်း အတိုက်အခံခေါင်းဆောင် ကလစ်ရှ်ကိုက ယမန်နေ့တွင် သတိပေးပြောကြားခဲ့သည်။

    ယမန်နေ့တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူမျာကြား ပြင်းထန်သော ရုန်းရင်းဆန်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီး ဆန္ဒပြသူ ၃ ဦး သေဆုံးခဲ့ပြီးနောက် ကိဗ်မြို့ရှိ လွတ်လပ်ရေးရင်ပြင်သို့ ဆန္ဒပြသူ တောင်ပေါင်းများစွာ ရောက်ရှိလာခဲ့ကြသည်။

    အတိုက်အခံခေါင်းဆောင် ကလစ်ရှ်ကိုက ထိုသူများအား ပြောကြားသော မိန့်ခွန်းတွင် သမ္မတအနေဖြင့် ယခုခြေအနေအား သွေးထွက်သံယို မဖြစ်ဘဲ ဖြေရှင်းနည်းမှာ ရွေးကောက်ပွဲ စောစီးစွာပြုလုပ်ခြင်းဖြစ်ကြောင်း၊ လိုက်လျောက်ခြင်းမရှိပါက တိုက်ခိုက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “တကယ်လို့ ယာနူကိုဗစ်ခ်ျက လိုက်လျောမှုတွေမလုပ်ခဲ့ရင် မနက်ဖြန်(ကြာသာပတေးနေ့)မှာ ကျွန်တော်တို့ တိုက်ခိုက်မှုတွေ ပြုလုပ်သွားမှာပါ” ဟု ကလစ်ရှ်ကိုက ဆိုသည်။

    ရုရှားနှင့် ဆက်ဆံရေးထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဥရောပကုန်သွယ်ရေးစာချုပ်အား လက်မှတ်ထိုးရန် ယူကရိန်းအစိုးရက ငြင်းဆန်ခဲ့ပြီးနောက် ပြီးခဲ့သည့် တစ်လကျော်ကတည်းက နိုင်ငံတစ်ဝှမ်းတွင် လက်ရှိအစိုးရအား ဖြုတ်ချရန် ဆန္ဒပြမှုများ အဆက်မပြတ်ဖြစ်ပွားနေခဲ့သည်။

    ထို့ပြင် ဆန္ဒပြသူများအနေဖြင့် မျက်နှာအား ဖုံးအုပ်ခြင်းမပြုရဟူသည့် ဥပဒေကို ပြီးခဲ့သည့် တစ်ပါတ်က ပြဌာန်းခဲ့ပြီးနောက်ပိုင်းတွင် ဆန္ဒပြမှုများမှာ ပိုမိုဆိုးရွားလာခဲ့ပြီး ရဲတပ်ဖွဲ့လည်း အကြမ်းဖက် နှိမ်နင်းမှုများ ပြုလုပ်လျက်ရှိသည်။
    Ref: aljazeera

  • အိန္ဒိယတွင် မျိုးနွယ်မတူသူကို ကြိုက်မိသူ အမျိုးသမီးအား အုပ်စုဖွဲ အဓမ္မကျင့်ရန် ရွာလူကြီးအမိန့်ပေး၊

    ဇန်နဝါရီ ၂၃၊ ၂၀၁၄
    M-Media

    201412194679734_20
    – အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ အနောက်ဘင်္ဂလား ပြည်နယ်တစ်ခုတွင် အမျိုးသမီးတစ်ဦးအား အပြစ်ပေးသည့်အနေဖြင့် အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ဆူဘာလ်ပါ ရွာတွင် ယခုသီတင်းပတ်အစောပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၂၂ နှစ်အရွယ်ရှိ အဆိုပါအမျိုးသမီး၏ အိမ်တွင် ၎င်းနှင့် မျိုးနွယ်မတူသည့် အမျိုးသားတစ်ဦးအား တွေ့မြင်ခဲ့ရသောကြောင့် ၎င်းတို့လူမျိုး၏ ဓလေ့ထုံးတမ်းအရ အပြစ်ရှိသည်ဟု ယူဆသည့်အတွက် salishi sabha ကော်မတီ၏ လူကြီးများက မုဒိမ်းကျင့်အပြစ်ပေးရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကာ စုစုပေါင်း လူ ၁၃ ဦးက ၀ိုင်း၍ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။

    ထိုပြဿနာဖြစ်ပွားပြီးနောက်ပိုင်း မပေါက်ကြားစေရန်အတွက် ကျေးရွာအုပ်ချုပ်သူများက တရားခံတစ်ဦးချင်းစီထံမှ ဒဏ်ကြေးအဖြစ် ရူပီး ၂၅၀၀၀ (ကန်ဒေါ်လာ ၄၀၀) ကောက်ခံပြီး မုဒိမ်းကျင့်ခံရသူ အမျိုးသမီးငယ်၏ မိသားစုများအား ပေးအပ်ခဲ့ရာ ထိုမိသားစုက လက်ခံခြင်းမရှိဘဲ တရားဥပဒေအတိုင်း ဆောင်ရွက်အပြစ်ပေးရန် အလိုရှိနေသည်။ ယခုအခါ ထိုအမျိုးသမီးမှာ ဆိုးရွားသော ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုခံယူနေရပြီး တရားခံ ၁၃ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။

    salishi sabha ဟုခေါ်သည့် ကော်မတီမှာ အိန္ဒိယနိုင်ငံရှိ ဆင်းရဲမွဲတေသောရွာများတွင် ရှိနေကြပြီး၊ ရိုးရာဓလေ့ထုံးတမ်းကို ဖောက်ဖျက်သူများအား အပြစ်ပေးသည့်အဖွဲ့ဖြစ်သည်။ သို့သော်လည်း ထိုအဖွဲ့မှာ တရားမ၀င်ဖြစ်ပြီး အိန္ဒိယ ဥပေဒ ကဏ္ဍတွင် ၎င်းတို့အား တရားဝင်အသိအမှတ် ပြုထားခြင်းမရှိပေ။

    အိန္ဒိယနိုင်ငံတွင် အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုများမှာ မကြာခဏဖြစ်ပွားလေ့ရှိပြီး၊ တရားဥပဒေစိုးမိုးမှုမရှိမှု၊ ရဲများ၏ အကျင့်ပျက်ခြစားမှုတို့ကြောင့် ထိရောက်သော အရေးယူမှုများ ပြုလုပ်နိုင်ခြင်းမရှိပေ။
    Ref: aljazeera

    ပုံအညွှန်း – အဓမ္မပြုကျင့်မှုများကို ဆန္ဒပြနေသည့် အိန္ဒိယ အမျိုးသမီးများ

  • မိမိစွမ်းရည်များမှာ အကောင်းဆုံး အနေအထားတွင်ရှိနေဆဲဟု တိုက်ဂါးဝုဒ်ဆို

    မိမိစွမ်းရည်များမှာ အကောင်းဆုံး အနေအထားတွင်ရှိနေဆဲဟု တိုက်ဂါးဝုဒ်ဆို

    ဇန်န၀ါရီ ၂၃၊ ၂၀၁၄
    M-Media

    Untitled

    – အမေရိကန်ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ်က မိမိ၏စွမ်းရည်မှာ အကောင်းဆုံးအနေအထားတွင်ရှိနေသည်ဟု ပြောကြားလိုက်ပြီး၊ အဓိက ဂေါက်သီးရိုက် ပြိုင်ပွဲကြီးများတွင် ၁၈-ကြိမ် ဗိုလ်စွဲနိုင်သည့် တစ်နိုင်ငံတည်းသား ဂေါက်သီးသမား ဂျက် နစ်က်လပ်စ်၏ စံချိန်အား လိုက်မီနိုင်မည် မဟုတ်ဟု ၀န်ခံခဲ့သည်။

    အသက် ၃၈-နှစ်အရွယ် ရှိပြီဖြစ်သည့် တိုက်းဂါးဝုဒ်မှာ ၂၀၁၃-ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ဂေါက်သီးရိုက် ပြိုင်ပွဲ ၅-ခုတွင် ဗိုစွဲခဲ့သော်လည်း ကလေးဘ၀ ကတည်းက ရည်ရွယ်ထားသည့် နစ်ကလပ်စ်၏ စံချိန်ကို ချိုးနိုင်တော့မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

    တိုက်ဂါးဝုဒ်မှာ အဓိက ဂေါက်သီးရိုက် ပြိုင်ပွဲကြီးများတွင် ၁၄ ကြိမ် ဗိုလ်စွဲထားသူ ဖြစ်ပြီး ကယ်လီဖိုးနီးယားတွင် ယနေ့စတင်ယှဉ်ပြိုင်မည့် PGA Farmers Insurance Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ် ပြိုင်မည်ဖြစ်သည်။

    “ဒါ(နစ်က်လပ်စ်ရဲ့ စံချိန်ကိုမီဖို့)ကို ကျွန်တော် လုပ်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ ကောင်းဆုံး အချိန်တွေ ရှိနေတုန်းပဲလို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော် ကောင်းကောင်း ကစားနိုင်တုန်းပါပဲ” ဟု တိုက်ဂါးဝုဒ်က ပြောကြားခဲ့သည်။

    Ref : Channel News Asia

  • လိဂ်ဖလားမှ ထွက်ခွာရခြင်းမှာ ထိုက်တန်သည်ဟု မိုယက်စ်ဆို

    လိဂ်ဖလားမှ ထွက်ခွာရခြင်းမှာ ထိုက်တန်သည်ဟု မိုယက်စ်ဆို

    ဇန်န၀ါရီ ၂၃၊ ၂၀၁၄
    M-Media

    – လိဂ်ဖလားဆီးမီးဖိုင်နယ်တွင် ဆန်းဒါးလန်း အသင်းအား ရှုံးနိမ့်ပြီး ထွက်ခွာရခြင်းမှာ ထိုက်တန်သော ရှုံးနိမ့်မှု ဖြစ်သည်ဟု မန်ယူအသင်း နည်းပြ ဒေးဗစ် မိုယက်စ်က ပြောကြားခဲ့သည်။

    မန်ယူ အသင်းမှာ ထိုပွဲတွင် အချိန်ပိုအထိ ကစားခဲ့ပြီး ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုးစီ သရေ ဖြစ်နေ သောကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာ ဆန်းဒါးလန်း အသင်းက အနိုင်ရရှိခဲ့ပြီး နောက်ဆုံး ဗိုလ်လုပွဲသို့ တက်ရောက် နိုင်ခဲ့သည်။

    အသင်းအနေဖြင့် ကောင်းမွန်စွာကစားနိုင်ခဲ့ခြင်း မရှိသောကြောင့်၊ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ဟု မိုယက်စ်က ၀န်ခံခဲ့သည်။

    “နောက်တစ်ဆင့်တက်ဖို့ အတွက် ကျွန်တော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့ဘဲ၊ လိုအပ်တဲ့ အကောင်းဆုံး ကစားပုံမျိုးလည်း မရခဲ့ပါဘူး။ ဆန်းဒါးလန်း ကတော့ ဗိုလ်လုပွဲကို တက်ရောက်ဖို့ ထိုက်တန်ခဲ့ပါတယ်။ နောက်ပြီး ပင်နင်တီ ကန်သွင်းခွင့် ရတဲ့အခါမှာလည်း ကျွန်တော်တို့ရဲ့ ပင်နယ်တီက ဆိုးရွားခဲ့ ပါတယ်” ဟု ပွဲအပြီးတွင် မိုယက်စ်က သတင်းထောက်များအား ပြောကြေားခဲ့သည်။

    နည်းပြ မိုယက်စ် စတင် ကိုင်တွယ်ပြီးနောက်ပိုင်း ကစားပုံ ဆိုးရွားနေခဲ့သည့် မန်ယူအသင်းမှာ ပရီးမီးယားလိဂ်တွင် အဆင့် ၇ နေရာတွင်ရှိနေပြီး၊ FA ဖလားနှင့် လိဂ်ဖလား ပြိုင်ပွဲတို့တွင်လည်း ထွက်ခဲ့ရသည်။

    Ref : Goal

  • Deloitte ၏ တစ်နှစ်တာ ၀င်ငွေအကောင်းဆုံး ဘောလုံးအသင်းများစာရင်းတွင် ရီးယဲလ်အသင်း ထိပ်ဆုံး၌ရှိနေ

    Deloitte ၏ တစ်နှစ်တာ ၀င်ငွေအကောင်းဆုံး ဘောလုံးအသင်းများစာရင်းတွင် ရီးယဲလ်အသင်း ထိပ်ဆုံး၌ရှိနေ

    ဇန်န၀ါရီ ၂၃၊ ၂၀၁၄
    M-Media

    – အင်္ဂလန်နိုင်ငံ၏ အကြီးဆုံး ငွေကြေးဆိုင်ရာ ကုမ္ပဏီ တစ်ခုဖြစ်သည့် Deloitte ၏ စစ်တမ်းကောက်ယူမှု အရ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီ ၀င်ငွေ အကောင်းဆုံး ဘောလုံးအသင်းများ စာရင်းတွင် စပိန်ကလပ် ရီးယဲလ်မက်ဒရစ် အသင်းမှာ ထိပ်ဆုံးနေရာတွင် ရှိနေသည်ဟု သိရသည်။

    ရီးယဲလ်မှာ စုစုပေါင်းဝင်ငွေ ယူရို ၅၁၈.၉ သန်းဖြင့် ထိပ်ဆုံးနေရာတွင် ရှိနေပြီး၊ ဒုတိယနေရာမှ ပြိုင်ဘက် ဘာစီလိုနာနှင့် ၃၆ သန်းအသာဖြင့် ထိပ်ဆုံး၌ ရပ်တည်နေခြင်း ဖြစ်သည်။ တတိယနေရာတွင် ချန်ပီယံလိဂ် ချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းက ၄၃၁.၂ သန်းဖြင့်ရှိနေပြီး၊ ၁၉၉၆-၉၇ ဘောလုံး ရာသီမှ ၂၀၀၃-၀၄ ဘောလုံးရာသီ အထိ ထိုစာရင်း၏ ပထမနေရာတွင် ရှိခဲ့သည့် မန်ယူ အသင်းမှာ အဆင့် ၄ နေရာသို့ရောက်ရှိခဲ့ပြီး ပထမဆုံးအကြိမ် အဖြစ် အဆင့် ၃ ပြင်ပသို့ရောက်ရှိခြင်းလည်း ဖြစ်သည်။

    ပြင်သစ်လိဂ်ဝမ်းဖလားအား ၁၉ နှစ်ကြာမှ ပြန်လည်ဗိုလ်စွဲနိုင်ခဲ့သည့် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းမှာ ယမန်နှစ်အဆင့် ၁၀ နေရာမှ ယခုနှစ်တွင် အဆင့် ၅ သို့ တက်ရောက်လာနိုင်ခဲ့သည်။

    အီတလီကလပ်အသင်းများမှာ ထိပ်ဆုံး ၅ သင်းစာရင်းသို့ပင် မ၀င်နိုင်ခဲ့ဘဲ ဂျူဗင်တပ်စ်က အဆင့် ၉ နှင့် အေစီမီလန်က အဆင့် ၁၀ တို့တွင် ရှိနေကြသည်။ ထိုစာရင်း၏ ထိပ်ဆုံး ၁၀ နေရာတွင် အင်္ဂလန်မှ လေးသင်းဖြင့် အများဆုံးဖြစ်နေပြီး စပိန်နှင့် အီတလီတို့မှ ၂ သင်းစီ၊ ဂျာမနီနှင့် ပြင်သစ်တို့မှ တစ်သင်းစီရှိနေကြသည်။

    ၂၀၁၂-၂၀၁၃ ဘောလုံးရာသီ ၀င်ငွေအကောင်းဆုံး ၁၀ သင်း

    ၁။ ရီးယဲလ်မက်ဒရစ် ၅၁၈.၉ သန်း(ယူရို)
    ၂။ ဘာစီလိုနာ ၄၈၂.၆ သန်း
    ၃။ ဘိုင်ယန်မြူးနစ် ၄၃၁.၂ သန်း
    ၄။ မန်ချက်စတာယူနိုက်တက် ၄၂၃.၈ သန်း
    ၅။ ပဲရစ်စိန့်ဂျာမိန်း ၃၉၈.၈ သန်း
    ၆။ မန်ချက်စတာစီးတီး ၃၁၆.၂ သန်း
    ၇။ ချယ်ဆီး ၃၀၃.၄ သန်း
    ၈။ အာဆင်နယ် ၂၈၄.၃ သန်း
    ၉။ ဂျူဗင်တပ်စ် ၂၇၂.၄သန်း
    ၁၀။ အေစီမီလန် ၂၆၃.၅ သန်း