News @ M-Media

Blog

  • ဂျူးလက်ယာအစွန်းရောက်များ ပါလက်စတိုင်းတွင် ချီတက်ဆန္ဒပြရန် စီစဉ်နေ

    ဂျူးလက်ယာအစွန်းရောက်များ ပါလက်စတိုင်းတွင် ချီတက်ဆန္ဒပြရန် စီစဉ်နေ

    မေ ၁၀၊ ၂၀၂၁
    M-Media

    အစ္စရေးတပ်ဖွဲ့ကြောင့် ဒဏ်ရာရသွားသည့် ပါလက်စတိုင်းအမျိုးသမီးတစ်ဦး

    -အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်မှာ တင်းမာမှုတွေ မြင့်တက်နေချိန် ဂျူးအမျိုးသားရေး လက်ယာစွန်းသမားတွေက ချီတက်ဆန္ဒပြပွဲ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဂျူးအခြေချသူတွေက ပါလက်စတိုင်းတွေရဲ့နေအိမ်တွေကို လုယူတာ၊ ဒါကို မကျေနပ်လို့ အလ်အက္ကဆွာဗလီထဲမှာ ထိုင်သပိတ်လုပ်တဲ့ ပါလက်စတိုင်းပြည်သူတွေကို အစ္စရေးစစ်သားတွေက ဝင်ရောက်အကြမ်းဖက်တာတွေကြောင့် ပါလက်စတိုင်းပိုင်နက်တွေမှာ တင်းမာမှုတွေ မြင့်တက်နေတာပါ။

    အစ္စရေးတပ်ဖွဲ့တွေရဲ့လက်ချက်ကြောင့် ဒီအဖြစ်အပျက်အတွင်း ပါလက်စတိုင်းပြည်သူ ၃၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    ၁၉၆၇ ခုနှစ် ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ကို အစ္စရေးတပ်တွေက သိမ်းပိုက်ခဲ့တာကို အစွဲပြုပြီး ဂျူးလက်ယာစွန်းသမားတွေက Jerusalem Day Flag ချီတက်ဆန္ဒပြမှုကို နှစ်စဉ် ဆောင်ရွက်ကြတာပါ။

    ပါလက်စတိုင်းရပ်ကွက်တွေမှာ အလံတွေဝှေ့ယမ်းတာ၊ ကြွေးကျော်သံတွေ ရွတ်ဆို လှည့်လည်ကြတာဖြစ်ပြီး ပါလက်စတိုင်းတွေကတော့ ဒါဟာ သူတို့ကို ရန်စမှုလို့ ရှုမြင်ပါတယ်။ ဒီနှစ် ချီတက်ပွဲကို လာမယ့်ရက်အနည်းငယ်အတွင်း လုပ်ဖို့ ဂျူးလက်ယာစွန်းသမားတွေက စီစဉ်ထားပါတယ်။

    အစ္စရေးတပ်တွေဟာ ပြီးခဲ့တဲ့ရက်တွေမှာ နေ့စဉ်လိုလို အလ်အက္ကဆွာဗလီထဲကို ဝင်ရောက်ပြီး အကြမ်းဖက်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

    တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန် ဂျူးလက်ယာစွန်းရောက်တွေရဲ့ ဒီဆန္ဒပြမှုကြောင့် အခြေအနေ ပိုမိုဆိုးရွားသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

    Ref: BBC

  • မလေးရှားတွင် တစ်နိုင်ငံလုံး လှုပ်ရှားသွားလာမှုကန့်သတ်မိန့် ထုတ်ပြန်

    မလေးရှားတွင် တစ်နိုင်ငံလုံး လှုပ်ရှားသွားလာမှုကန့်သတ်မိန့် ထုတ်ပြန်

    မေ ၁၀၊ ၂၀၂၁
    M-Media

    မလေးရှားဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်

    -ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းကို ထိန်းနိုင်ဖို့အတွက် မလေးရှားက တစ်နိုင်ငံလုံးကို လှုပ်ရှားသွားလာမှုကန့်သတ်မိန့် (MCO) ကို မေလ ၁၂ ရက်နေ့ကနေ ဇွန်လ ၇ ရက်နေ့အထိ ထုတ်ပြန်လိုက်ပါတယ်။

    လူကြီးသူမတွေကို သွားရောက် စလာမ်ပေး ဂါရ၀ပြုတာ၊ သုသာန်ကိုသွားကာ ကွယ်လွန်သွားသူတွေအတွက် ဆုတောင်းအမျှပေးဝေတာတွေအပါအဝင် အီဒွလ်ဖိသီရ် ဝါကျွတ်အီးဒ်နေ့ လှုပ်ရှားမှုအားလုံးကိုလည်း ပိတ်ပင်လိုက်ပါတယ်။ ဝါကျွတ်အီးဒ်နေ့ဟာ အခုတစ်ပတ် ကြာသာပတေးနေ့မှာ ကျရောက်မှာပါ။

    မလေးရှားဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်က ခပ်ခွာခွာနေထိုင်ဖို့ ခက်ခဲတဲ့ လူစုလူဝေးတွေ၊ အခမ်းအနားတွေက ကိုဗစ်ပြန့်နှံ့မှု အဓိကအကြောင်းအရင်းဖြစ်နေတဲ့အတွက် တစ်နိုင်ငံလုံး တင်းကြပ်တဲ့ MCO အမိန့် ထုတ်ပြန်လိုက်တာလို့ ဒီကနေ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မလေးရှားဟာ ပြီးခဲ့တဲ့တစ်ပတ်က ပြည်နယ်အချို့မှာသာ လှုပ်ရှားသွားလာမှု တင်းတင်းကြပ်ကြပ် ကန့်သတ်တဲ့ MCO အမိန့် ထုတ်ထားတာပါ။

    MCO မှာ ဘယ်လို လူစုလူဝေးမှ လုပ်ခွင့်မရှိဘဲ ကျောင်းတွေလည်း ပိတ်ထားရမှာဖြစ်ပါတယ်။ ကားတွေဟာ ယာဉ်မောင်းအပါအဝင် လူ ၃ ဦးသာ စီးနင်းနိုင်မှာဖြစ်ပြီး စားသောက်ဆိုင်တွေမှာ ထိုင်စားမှုကိုလည်း ခွင့်မပြုပါဘူး။

    မလေးရှားဟာ တစ်နိုင်ငံလုံး ခရိုင်ကျော်သွားလာမှု၊ ပြည်နယ်ကျော် သွားလာမှုကိုလည်း ပိတ်ပင်ထားပါတယ်။

    Ref: CNA

  • စစ်ကောင်စီတပ်များက တိုင်းရင်းသားပြည်သူများကို သတ်ဖြတ်ရာတွင် တရုတ်ဒရုန်းများကို အဓိကအသုံးပြုနေ

    စစ်ကောင်စီတပ်များက တိုင်းရင်းသားပြည်သူများကို သတ်ဖြတ်ရာတွင် တရုတ်ဒရုန်းများကို အဓိကအသုံးပြုနေ

    မေ ၁၀၊ ၂၀၂၁
    M-Media

    (ဂြိုဟ်တုဓာတ်ပုံ – မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းဌာချုပ်တွင် တွေ့ရသည့် တရုတ်ဒရုန်းများ)

    -နိုင်ငံတစ်ဝှမ်းက ဆန္ဒပြသူတွေကို စောင့်ကြည့်ထောက်လှမ်းမှုနဲ့ တိုင်းရင်းသားဒေသတွေက စစ်ပွဲတွေမှာ စစ်ကောင်စီတပ်တွေဟာ တရုတ်ထုတ် တိုက်ခိုက်ရေးဒရုန်းတွေကို အသုံးပြုနေတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောကြားလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံတစ်ဝှမ်းက ဆန္ဒပြမှုတွေမှာ စစ်ကောင်စီတပ်တွေရဲ့လက်ချက်ကြောင့် အနည်းဆုံး လူ ၇၅၀ လောက် အသတ်ခံခဲ့ရပါတယ်။

    ဆန္ဒပြသူအများအပြားကို စစ်ကောင်စီ စနိုက်ပါတပ်သားတွေက သတ်ဖြတ်ခဲ့တဲ့ မန္တလေးမှာ ဆန္ဒပြပွဲတွေကို ဒရုန်းနဲ့ ပျံသန်းကြည့်ရှုတာမျိုး တွေ့ရပြီး စနိုက်ပါသမားတွေဟာ ဒရုန်းထောက်လှမ်းရေးစနစ်က ပေးပို့တဲ့ အချက်အလက်တွေကို အသုံးပြုကာ ပစ်ခတ်တာမျိုး ရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    လက်ရှိ တိုက်ပွဲတွေဖြစ်နေပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာမျိုးတွေ ရှိနေတဲ့ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာလည်း စစ်ကောင်စီက တရုတ်ဒရုန်းတွေ အသုံးပြုနေတာကို တွေ့ရပါတယ်။

    ယူကေအခြေစိုက် တတ်သိပညာရှင်များအဖွဲ့ Janes International Defense Review နဲ့ အမေရိကန်အခြေစိုက် တတ်သိပညာရှင်များအဖွဲ့ Center for Strategic and International Studies (CSIS) က စစ်ကောင်စီတပ်တွေ အသုံးပြုနေတဲ့ တရုတ်ဒရုန်းဟာ CH-3A အမျိုးအစား ဖြစ်တယ်လို့ အတည်ပြုပါတယ်။

    မေလ ၆ ရက်နေ့ CSIS က ထုတ်ပြန်တဲ့ စာတမ်းမှာ မိတ္ထီလာက ရှမ်းတဲ လေတပ်စခန်းဌာနချုပ်အတွင်း CH-3A ဒရုန်းတွေ ချထားတာကို ဂြိုဟ်တုဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

    အဲဒီလေတပ်စခန်းဟာ ဧပြီလ ၂၉ ရက်နေ့က ရှော့တိုက်ဒုန်း ၅ လုံးနဲ့ အထုခံရတဲ့စခန်းလည်း ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရတာ၊ စစ်သုံးပစ္စည်းတွေ ပစ္စည်းတာ စတဲ့ သတင်းတွေတော့ ထွက်မလာပါဘူး။ တိုက်ခိုက်သူတွေဟာ တရုတ်ဒရုန်းတွေကို ပစ်မှတ်ထားတာလားဆိုတာကိုလည်း တိတိကျကျ မသိရပါဘူး။

    CH-3A ဒရုန်းတွေမှာ ဂြိုဟ်တုအချက်အလက်ပေးပို့မှုစနစ် ပါဝင်ပြီး ဒုံးကျည်အပါအဝင် အလေးချိန် ၁၈၀ ကီလိုဂရမ် သယ်ဆောင်နိုင်ပါတယ်။ အကွာအဝေး ၉၆၀ ကီလိုမီတာလောက်အထိ ပျံသန်းနိုင်ပြီး ၆ နာရီကြာ အသုံးပြုနိုင်ပါတယ်။ AR-1 လေဆာပဲ့ထိန်း ဝေဟင်ကမြေပြင်ပစ် ဒုံးကျည်၊ YC-200 ပဲ့ထိန်းဗုံးတွေကိုလည်း အဲဒီဒရုန်းမှာ တပ်ဆင်နိုင်ပါတယ်။

    CH-3A ဒရုန်းကို တရုတ်နိုင်ငံပိုင် လေကြောင်းကိုပိုရေးရှင်း CASC ရဲ့ အခွဲတစ်ခုဖြစ်တဲ့ Long-March International က ထုတ်လုပ်တာပါ။

    တရုတ်ဟာ ၂၀၁၄-၂၀၁၅ ခုနှစ်အတွင် CH-3A ဒရုန်းလေယာဉ် တစ်ဒါဇင်လောက်ကို ရှမ်းတဲလေတပ်စခန်းဌာနချုပ်ကို ပေးပို့ခဲ့တယ်လို့ စောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Stockholm International Peace Institute (SIPRI) က ရရှိခဲ့တဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။ စစ်တပ်ရဲ့ ဒီဝယ်ယူမှုဟာ နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားတပ်တွေကို တိုက်ခိုက်ရာမှာ အသုံးပြုဖို့ ရည်ရွယ်ပုံ ရပါတယ်။

    ဒီဒရုန်းကို ကချင်ပြည်နယ်မှာ အသုံးပြုတာ တွေ့ရသလို၊ ရခိုင်ပြည်နယ်က AA နဲ့ဖြစ်တဲ့ တိုက်ပွဲမှာလည်း ထောက်လှမ်းရေးအတွက် CH-3A ဒရုန်းကို အသုံးပြုတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဇန်နဝါရီလမှာ Myanmar Now သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    CH-3A ဒရုန်းကို တရုတ်က အလ်ဂျီးရီးယားကို ရောင်းထားသလို ဒီထက်ပိုပြီး အဆင့်မြင့်တဲ့ CH-4 ဒရုန်းတွေကို ပါကစ္စတန်၊ အင်ဒိုနီးရှား၊ အီဂျစ်၊ နိုက်ဂျီးရီးယားနဲ့ အီသီယိုးပီးယားတို့အပါအဝင် နိုင်ငံတော်တော်များများရဲ့ စစ်တပ်တွေက ဝယ်ယူထားကြပါတယ်။ ဒါပေမယ့် အဲဒီနိုင်ငံတွေက ဆန္ဒပြမှုတွေ၊ လူထုအုံကြွမှုတွေမှာ ဒီဒရုန်းကိုသုံးပြီး စောင့်ကြည့်တာမျိုး မရှိပါဘူး။

    စစ်ကောင်စီရဲ့ လေတပ်မှာ ရုရှားထုတ် MiG-29 တိုက်လေယာဉ်နဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကလွဲရင် ကျန်တဲ့ လေယာဉ်တွေ၊ လေတပ်သုံးစနစ်တွေအားလုံးဟာ တရုတ်ထုတ်တွေ ဖြစ်ပါတယ်။

    တရုတ်ထုတ်တွေဖြစ်တဲ့ မြေပြင်တိုက်ခိုက်ရေးယာဉ် Nanchang Q-5၊ တိုက်လေယာဉ် Chengdu J-7 fighters နဲ့ Shenyang J-6၊ ပို့ဆောင်ရေးလေယာဉ် Y-8 ကို စစ်ကောင်စီတပ်တွေက လက်ရှိမှာ အသုံးပြုနေပါတယ်။

    မြန်မာစစ်တပ်မှာ CH-3A က အဆင့်အမြင့်ဆုံး တရုတ်ဒရုန်းဖြစ်ပေမယ့် အခြားတစ်ခုဖြစ်တဲ့ Sky 02A ကိုလည်း အသုံးပြုနေပါတယ်။ တရုတ်ထုတ် ဒရုန်းကို ပြည်တွင်းမှာ အသွင်ပြောင်း ထုတ်လုပ်ထားတဲ့ Yellow Cat A2 ဒရုန်းလေယာဉ် အနည်းဆုံး ၂၂ စီး စစ်ကောင်စီတပ်မှာ ရှိနေပါတယ်။

    မြန်မာနိုင်ငံမှာ တရုတ်ထုတ်ဒရုန်းရှိတဲ့ နောက်ထပ်လက်နက်ကိုင်အဖွဲ့ တစ်ခုကတော့ ၀,တပ်ဖွဲ့ UWSA ဖြစ်ပါတယ်။ ၂၀၁၈ ပန့်ဆန်းမှာပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားမှာ ၀,တပ်ဖွဲ့က ဒီဒရုန်းတွေကို ထုတ်ပြခဲ့ပါတယ်။

    ၀,မှာ တရုတ်ထုတ် ပခုံးထမ်း လေယာဉ်ပစ်ဒုံး MANPADS တွေလည်း ရှိနေပါတယ်။

    တရုတ်ဟာ မြန်မာစစ်တပ်ကို အဓိက လက်နက်ရောင်းချတဲ့ နိုင်ငံဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်တွေ ထပ်ပြီး ထောက်ပံ့နေလားဆိုတာ တိတိကျကျ မသိရပါဘူး။

    Ref: Asia Times

  • ကိုဗစ်မြင့်တက်လာသည့် ပါကစ္စတန်တွင် လော့ဒေါင်းပြန်ချ

    ကိုဗစ်မြင့်တက်လာသည့် ပါကစ္စတန်တွင် လော့ဒေါင်းပြန်ချ

    မေ ၉၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကူးစက်မှု မြင့်တက်လာတာကို တားဆီးဖို့အတွက် ပါကစ္စတန်နိုင်ငံဟာ မနေ့ကစတင်ပြီး ၉ ရက်တာ လော့ဒေါင်း ချလိုက်ပါတယ်။

    ပါကစ္စတန်နိုင်ငံမှာ ကိုဗစ်တတိယလှိုင်းကို ကြုံတွေ့နေရတာဖြစ်ပါတယ်။ ​နိုင်ငံတစ်ဝှမ်း စီးပွားရေးလုပ်ငန်းတွေအားလုံး ပိတ်ထားရမှာဖြစ်ပြီး၊ လူတွေကို အပြင်ထွက်ခွင့်လည်း ပေးတော့မှာ မဟုတ်ပါဘူး။

    ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေဟာ လာမယ့်တစ်ပတ်အတွင်း ဝါကျွတ်အီးဒ်ပွဲတော် ဆင်နွှဲမှာဖြစ်ပါတယ်။ ပါကစ္စတန်မှာ အီးဒ်ပွဲတော်အတွင်း လူသိန်းသန်းချီ နေရပ်ပြန်ကြတာတွေရှိပြီး အခုလော့ဒေါင်းမှာတော့ ဒီလို သွားလာမှုတွေကို တားမြစ်ထားပါတယ်။

    မနှစ်က ဝါကျွတ်အီးဒ်ပွဲတော်အပြီးမှာ ပါကစ္စတန်ဟာ ကိုဗစ်မြင့်တက်မှုဒဏ်ကို ခံစားခဲ့ရပါတယ်။

    နိုင်ငံအတွင်း ဆေးဘက်ဆိုင်ရာ အခြေခံအဆောက်အဦးနဲ့ ဆေးဝါးပစ္စည်း မလုံလောက်တာကြောင့် ကိုဗစ်တတိယလှိုင်း မကျော်ဖြတ်နိုင်မှာကို ပါကစ္စတန်အစိုးရက စိုးရိမ်နေပါတယ်။

    အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာလည်း ကိုဗစ်ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရတဲ့အတွက် ဧပြီလကစပြီး လော့ဒေါင်းလုပ်ထားပါတယ်။

    Ref: Aljazeera

  • မလေးရှားတစ်နိုင်ငံလုံး ပြည်နယ်ကျော်၊ ခရိုင်ကျော် သွားလာ၍ မရတော့

    မလေးရှားတစ်နိုင်ငံလုံး ပြည်နယ်ကျော်၊ ခရိုင်ကျော် သွားလာ၍ မရတော့

    မေ ၉၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကူးစက်မှု မြင့်တက်လာတဲ့ မလေးရှားမှာ ပြည်နယ်ကျော်သွားလာမှု၊ ခရိုင်ကျော်သွားလာမှုကို တနင်္လာနေ့ကစတင်ပြီး အစိုးရက ပိတ်ပင်လိုက်ပါတယ်။

    ဒီပိတ်ပင်မှုဟာ ဇွန်လ ၆ ရက်နေ့အထိ ၄ ပတ်တာ ကြာမြင့်မှာဖြစ်ပြီး ပြည်နယ်ကျော်၊ ခရိုင်ကျော် သွားလာလိုတယ်ဆိုရင် ရဲတပ်ဖွဲ့ရဲ့ ခွင့်ပြုချက်ကို ရယူရမှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ကိုဗစ်ကူးစက်မှု သိသိသာသာ မြင့်တက်လာတာကြောင့် မလေးရှားအစိုးရဟာ ကွာလာလမ်ပူ ပြည်ထောင်စုနယ်မြေအပါအဝင် ပြည်နယ်အချို့ကို လှုပ်ရှားသွားမှု ကန့်သတ်တဲ့ MCO အမိန့် ထုတ်ပြန်ထားပါတယ်။

    တစ်ချို့ဒေသတွေမှာတော့ သိပ်မတင်းကြပ်တဲ့ CMCO အမိန့်ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ပြည်နယ်ကျော်၊ ခရိုင်ကျော် သွားလာမှု ပိတ်ပင်တာကို တစ်နိုင်ငံလုံးအတွက် ထုတ်ပြန်တာပါ။

    MCO ထုတ်ပြန်ထားတဲ့ ဒေသတွေမှာ လူစုလူဝေးပြုလုပ်ခွင့် ပိတ်ပင်ထားပြီး၊ ကျောင်းတွေ၊ ​ဖျော်ဖြေရေးနေရာတွေ၊ စျေးတစ်ချို့နဲ့ ကုန်တိုက်တစ်ချို့ ပိတ်ထားရပါတယ်။ လာမယ့်တစ်ပတ်ကျရောက်မယ့် အီဒွလ်ဖိသီရ် ဝါကျွတ်အီးဒ်ကိုလည်း ကျင်းပခွင့် မပေးပါဘူး။

    CMCO ထုတ်ထားတဲ့ ဒေသတွေမှာတော့ ဝါကျွတ်အီးဒ် ပထမ ၃ ရက်ကို ကျင်းပခွင့်ပြုထားပြီး လူ ၂၀ ကနေ အများဆုံး ၂၅ ယောက်အထိသာ စုခွင့်ရမှာ ဖြစ်ပါတယ်။

    မလေးရှားမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နေ့စဉ် ကိုဗစ်ကူးစက်မှုအရေအတွက်ဟာ ၃ ထောင်ကျော် ရှိနေပြီး သေဆုံးမှုတွေလည်း ရှိနေပါတယ်။

    Ref: CNA