News @ M-Media

Blog

  • ဥပဒေ အပေါ်တွင် ဘယ်သူ့မှ မရှိပါဘူး။ (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်)

    ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်  ဒုချီရာတန်းကျေးရွာအုပ်စုနှင့် အနီးတဝိုက်ကျေးရွာများတွင် ဖြစ်ပေါ်လျက်ရှိနေသော အခြေအနေများ အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦရွှေမောင်မှ ၄င်း၏ တရားဝင် Facebook စာမျက်နှာမှာ ရေးသားထားခြင်းဖြစ်ပါတယ်။

    U Shwe Maung

    ဥပဒေ အပေါ်တွင် ဘယ်သူ့မှ မရှိပါဘူး။
    Nobody is Above the Law.
    ======================
    ချစ်ခင်လေးစားအပ်ပါသော မောင်တောခရိုင်ရှိ မိဘပြည်သူ အပေါင်းတို့ခင်ဗျား-

    ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှစ၍ ရခိုင်ပြည်နယ၊် မောင်တောမြို့နယ်၊ ဒုချီရာတန်းကျေးရွာအုပ်စုနှင့် အနီးတဝိုက်ကျေးရွာများတွင် ဖြစ်ပေါ်လျက်ရှိနေသော အခြေအနေများအတွက် ကျွန်တော်တို့ မောင်တောခရိုင်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များမှ အထူးဝမ်းနည်းပြီး ဖြစ်စဉ်အားလုံးကိုလဲ အနီးကပ်စောင့်ကြည့် လေ့လာနေပါတယ်။ ပျေက်ဆုံးနေသော ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်းနှင့် အပြစ်မဲ့ ရွာသူရွာသားများ အတွက်လဲ အထူးစိုးရိမ်လျက် ရှိနေပါတယ်။

    ဒုချီရာတန်း (ခ) ကီလားတောင်ကျေးရွာအုပ်စုမှာ ဒေသခံ လူတစ်ဦးတစ်ယောက်မျှမရှိသောကြောင့် တစ်ရွာလုံး တိတ်ဆိတ်တည်ငြိမ်နေသော်လည်း ပတ်ဝန်းကျင်ရွာများတွင် တည်ငြိမ်မှု မရှိသေးကြောင်း ဒီကနေ့ မနက် ၁၁ နာရီ အချိန်တွင် ပြည်သူများ၏ တင်ပြချက်အရ သိရှိရပါတယ်။ အနီးပတ်ဝန်းကျင်ရှိ ဂေါ်ဒူဆော်ရား၊ နူရုလ်လာကျေးရွာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ရှာဖွေ ဖမ်ဆီးမှုများ ပြုလုပ်နေသောကြောင့် ပြည်သူများ အထိန့်တလန့်ဖြစ်ကာ စိုးရိမ်လျက်ရှိနေကြကြောင်း လေ့လာသိရှိရပါတယ်။ မောင်တောဒေသတွင် လုံခြုံရေးတာဝန်ယူဆောင်ရွက်နေသော ရဲမှုးချုပ် တင်ကိုကို အား အထူးကျေးဇူးတင်ရှိပါတယ်။ ရဲမှုးချုပ်မှ ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ညွှန်ကြားရင်လည်း အောက်ခြေ လုံခြုံရေး တပ်ဖွဲ့ဝင်များက အတိအကျ လိုက်နာမယ်လို့ ပြောလို့ မရပါဘူး။ ဒါကြောင်မလို့ ပြည်သူတွေရဲ့ပြောကြားချက်တွေကိုလဲ နားထောင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ကိုလည်း ပြည်သူတွေက အများကြီးတင်ပြထားတာ ရှိပါတယ်။ ပြည်သူ့တွေရဲ့ ခံစားချက်၊ တင်ပြချက်တွေကို အလေးအနက်ထားဖို့ လိုပါတယ်။ ပြည်သူတွေ ပြစ်မှု ကျူးလွန်နိုင်သလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေလဲ ပြစ်မှု ကျူးလွန်နိုင်ပါတယ်။ ပြည်သူတွေပြောတာ အားလုံး ကောလဟာလ၊ ရဲတပ်ဖွဲ့ဝင်တွေ ပြောတာ အားလုံးအမှန်လို့ ယူဆပြီး လုပ်ဆောင်နေသမျှ တရားဥပဒေစိုးမိုးမှု ဘယ်တော့မှ ရှိမှာမဟုတ် ပါဘူး။ တရားဥပဒေစိုးမိုးရေးဆိုတာ ရဲနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်နိုင်မှ ဖြစ်နိုင်မှာပါ။

    လူသတ်မှုတွေ၊ မုဒိန်းမှုတွေ မြန်မာနိုင်ငံ တဝှမ်း လုံးမှာ နေ့စဉ်နှင့်အမျှ ဖြစ်နေပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို ပြည်သူ့ရဲက ဘယ်လိုပုံစံနှင့် ဖေါ်ထုတ်ကြပါသလဲ၊ Police Procedures လို့ခေါ်တဲ့ ရဲလုပ်ထုံးလုပ်နည်းတွေရှိပါတယ်။ ပြစ်မှု ကျူးလွန်သူ တစ်ယောက် နှစ်ယောက် အတွက် တရွာလုံးက လူတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေကို ခြိမ်းခြောက်ဖမ်းဆီးလို့ မရပါဘူး။ အဲသလို ဥပဒေလဲမရှိပါဘူး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ ရာဇဝတ်မှုများကို စစ်ဆေးဖေါ်ထုတ်တဲ့အခါ ဥပဒေ၊ နည်းဥပဒေများအတိုင်း စံတစ်မျိုးတည်း ကိုသာ သုံးဖို့လိုအပ်ပါတယ်။

    ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က တောင်ကုတ် မြို့မှာ ခရီးသွားသူ ၁၀ ဦးကို အင်အား ၃ဝဝ ခန့်ရှိ လူအုပ်မှ သတ်ဖြတ်ခဲသည့် ရာဇဝတ်မှုများကို ဘယ်လိုကိုင်တွယ် ဖေါ်ထုတ်ခဲ့ပါသလဲ။ တစ်နှစ်ကြာအထိ တောင်ကုတ်နှင့် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက မဖေါ်ထုတ်နိုင်ခဲ့လို့ နေပြည်တော်မှ အထူး ရဲတပ်ဖွဲ့ဝင်များသွားပြီး ဖေါ်ထုတ်ဖမ်းဆီးခဲ့ရတယ်။ အဖမ်းခံရသူ ၆ ဦး သာ ရှိပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်နေကြောင်း လေ့လာသိရှိရပါတယ်။ ကျွန်တော် တင်ပြ လိုတာကတော့ ဒီတရားခံ ၆ ဦးကို ဖမ်းဆီးဖို့ လုံခြုံရေးတပ်ဖွဲ့ဝင် ဘယ်နှစ်ဦး အသုံးပြုခဲ့ပါသလဲ၊ ရွာဘယ်နှစ်ရွာကို ဝင်စီးခဲ့ပါသလဲ၊ အချိန်ဘယ်လောက်ယူခဲ့ပါသလဲ၊ ရပ်မိရပ်ဖ၊ အမျိုးသမီးနှင့် ကလေး ဘယ်နှစ်ဦးကို ဖမ်းဆီး ခဲ့ပါသလဲ၊ သေနတ် ဘယ်နှစ်ချက် ပစ်ခတ်ခဲ့ရပါသလဲ၊ အခု မောင်တောမှာ ဘယ်လိုပုံစံနဲ့ လုပ်နေကြပါသလဲ။ ဒါတွေကို ကျွန်တော်တို့ သိဖို့လိုပါတယ်။ စံတစ်မျိုးတည်းဖြစ်ဖို့လိုပါတယ်။ မဟုတ်ရင်တော့ ခွဲခြားဆက်ဆံ ဆောင်ရွက်မှုလို့ဘဲ ပြောရပါလိမ့်မယ်။

    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေက မည်သည့်ခွဲခြားဆက်ဆံမှုကိုမှ လက်မခံပါဘူး။ ဥပဒေ ချိုးဖောက်သူ မည်သူမဆို ပြစ်ဒဏ် ပေးခြင်းခံရပါမည်။ Nobody is Above the Law ဟု ဆိုတဲ့အတိုင်း ဥပဒေ အပေါ်တွင် ဘယ်သူ့မှ မရှိပါဘူး။

    ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အပါအဝင် ဒုချီရာတန်း မူဆလင်ရွာမှ ပျောက်ဆုံးနေသော အမျိုးသမီးများ၊ ကလေးများ၊ အမျိုးသားများ အားလုံးကို ရှာဖွေတဲ့နေရာမှာ ပြည်သူများ၏ တာဝန်သိမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အလွန် အရေးကြီးပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များကလည်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် တာဝန်ရှိသူများ ဖြစ်ကြတဲ့အတွက် နိုင်ငံတော်နှင့် လူမျိုးစုံ၊ ဘာသာစုံ ပြည်သူများ၏ အကျိုးကို ရှေ့ရှု၍ လွှတ်တော်များ၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ ဗဟိုအာဏာပိုင်များနှင့် ဆက်သွယ်၊ ညှိနှိုင်း၊ ပူးပေါင်းဆောင်ရွက် နေကြပါတယ်။

    ဥပဒေချိုးဖောက်သူ မည်သူ့ကိုမဆို ဥပဒေနှင့် အညီ အရေးယူနိုင်မှ နယ်မြေ တည်ငြိမ်အေးချမ်း မှုကို ဖေါ်ဆောင်နိုင်မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ နစ်နာသူများ၏ တိုင်ကြားစာများ၊ လူအသေ အပျောက် စာရင်းများ၊ သတင်းအချက် အလက်များး၊ ဓါတ်ပုံ၊ အသံဖိုင်၊ ဗွီဒီယိုဖိုင် အထောက်အထားများကို အောက်ပါ Electronic လိပ်စာများသို့ အမြန်ဆုံး ပို့ပေးကြပါရန် တိုက်တွန်းအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

    မှတ်ချက်။ သတင်းအချက်အလက်ပေးပို့သူများ၏ ကိုယ်ရေးအချက်အလက်များကို အထူးလျှို့ဝှက် ထားရှိပါမည်။

    1. Viber ID: 09-500-2570
    2. WeChat ID: ShweMaung_MP
    3. Skype ID: ShweMaung.MP
    4. Facebook ID: ShweMaung.BTG
    5. Gmail ID: [email protected]

    [ Video file များကို YouTube တွင် Upload လုပ်ပြီး Link ကို အထက်ဖေါ်ပြပါ အဆင်ပြေရာ ID တစ်ခုခုသို့ Share လုပ်ပေးရင် လုံလောက်ပါတယ်။ YouTube ပေါ်တွင် Upload မလုပ်တတ်သူများ ဆက်သွယ်လာပါက ကူညီရှင်းပြပေးပါ့မယ်။ ]

    လေးစားစွာဖြင့်

    ဦးရွှေမောင်
    (မောင်တောခရိုင်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များကိုယ်စား)
    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
    မိုဘိုင်းဖုန်း – ဝ၉-၅ဝဝ-၂၅၇ဝ

    ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်
    ရန်ကုန်မြို့

    Link =>https://www.facebook.com/ShweMaung.BTG/posts/1402303183352043

  • တရားဥပဒေစိုးမိုးရေးကို လိုလားသည့် တောင်သူလယ်သမားများ စုပေါင်းဆန္ဒဖော်ထုတ်

    တရားဥပဒေစိုးမိုးရေးကို လိုလားသည့် တောင်သူလယ်သမားများ စုပေါင်းဆန္ဒဖော်ထုတ်

    ဇန်န၀ါရီ ၁၈၊ ၂၀၁၄
    M-Media
    သီရိ

    DSC00324

    ရန်ကုန်  ။        ။ ဧရာဝတီတိုင်း ဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ တောင်သူလယ်သမားတို့သည် လယ်ယာမြေမတရားသိမ်းဆည်းခံရမှုများ ဖြေရှင်းပေးရန် နှင့် ပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် ထောင်သွင်းအကျဉ်းချထားသူများအား ချက်ချင်းပြန်လွှတ်ပေးရန် အတွက်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် ဆူးလေဘုရားအနီး မဟာဗန္ဓုလ ပန်းခြံပတ်လမ်းတွင် ဇန်န၀ါရီ ၁၈ မနက် ၁၀း၀၀-နာရီမှ စတင်ကာ တောင်သူလယ်သမားအခွင့်ရေးကော်မတီမှ ဦးဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ပါသည်။

    “တရားရုံးကိုလည်း ကျွန်တော်တို့စာတင်ထားပါတယ်၊ တရားမျှတတဲ့ နည်းလမ်းတွေကိုလည်း မကျင့်သုံးပါဘူး၊ ပြည်သူတွေကို ဖိနှိပ်နေတာတွေကို ငြိမ်ခံမနေတော့ပါဘူး၊ သမ္မတကြီးပြောတဲ့ ဆင်းရဲသားလျှော့ချရေးကလည်း မှေးမှိန်နေပါတယ်၊ လယ်တွေကိုလည်း ဘာမှမပြောပဲ အတင်းသိမ်းသွား တယ်၊ နှစ်ရှည်လများ ဒုက္ခတွေကို ခံစားလာရတာ ဖြစ်နေပါပြီ” ဟု ဆန္ဒပြသနေသူ တောင်သူလယ်သမား တစ်ဦးမှ ပြောကြားခဲ့သည်။

    တောင်သူလယ်သမားများသည် ဖမ်းဆီးခံလယ်သမားများအား ပြနလည်လွှတ်ပေးရေး၊ နိုင်ငံဝန်ထမ်း မပါသော လယ်ယာ စီမံခန့်ခွဲမှု ကော်မတီ ပြန်ဖွဲ့ပေးရေး၊ ဘက်လိုက်မှု ကင်းသော တရားဥပဒေစိုးမိုးရေး ရရှိရေးတို့ကို အဆိုပါ ဆန္ဒပြပွဲတွင် တောင်းဆိုခဲ့သည်။

    အဆိုပါ ဆန္ဒပြပွဲသို့ တောင်သူလယ်သမား အင်အား ၂၀၀၀-၀န်းကျင် ပါဝင် ဆန္ဒပြခဲ့ကြသည်။

  • ရခိုင်ပြည် နတလနှင့် သာသနာ့နုဂ္ဂဟအသင်းသို့ ဒေါက်တာခင်ရွှေ သိန်း ၃၀၀ လှူ

    ဇန်န၀ါရီ ၁၈၊ ၂၀၁၄
    M-Media
    ဇာဏီ

    ဓါတ်ပုံ - ကြေးမုံသတင်းစာ
    ဓါတ်ပုံ – ကြေးမုံသတင်းစာ

    ရခိုင် ။     ။    ရခိုင်ပြည်နယ် စစ်တွေမြို့ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် ပြည်နယ် သာသနာ့နုဂ္ဂဟအသင်းသို့ အလှူငွေများကို အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီဥက္ကဌ ဒေါက်တာ ခင်ရွှေက ဇန်န၀ါရီလ ၁၈-ရက်နေ့က လှူဒါန်းပေးအပ်ခဲ့ရာ သင်တန်းကျောင်းအုပ်ဆရာကြီးနှင့် ဒေါက်တာအေးမောင်တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

    ရခိုင်ပြည်နယ် စစ်တွေမြို့ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ လှူဒါန်းရာတွင် ၎င်းသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီးမှ လက်ခံရယူခဲ့သည်။

    ထို့နောက် မြန်မာနိုင်ငံ ထေရ၀ါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်းဒေသ သာသနာ့နုဂ္ဂဟ အသင်းသို့ အလှူငွေပေးအပ်ပွဲကို စစ်တွေမြို့ မဏိရတနာကျောင်းတိုက်၌ ပြုလုပ်ရာ ကျောင်းတိုက် နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသောမထံမှ ငါးပါးသီလ ဆောက်တည်ပြီး အသစ်ပြန်လည်ဖွဲ့စည်းသည့် အသင်းအမှုဆောင် စာရင်းကို ဒေါက်တာ အေးမောင်က အတည်ပြုချက်ယူပြီး အလှူငွေကို ဒေါက်တာခင်ရွှေထံမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

    ကိုးကား – ကြေးမုံသတင်းစာ

  • မောင်တော ပဋိပက္ခ စုံစမ်းရန် နိုင်ငံတကာ တောင်းဆို

    ဧရာဝတီ
    ဇန်နဝါရီ ၁၈၊ ၂၀၁၄

    timthumb.php_

    ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အာဏာပိုင်များပါဝင်သော လူစုလူဝေး ဖြင့် တိုက်ခိုက်မှုကြောင့် မွတ်စလင်များ သေဆုံးခဲ့သည်ဆိုသော သတင်းကြောင့် ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့က  မြန်မာအစိုးရအနေဖြင့် စုံစမ်းစစ်ဆေးပေးရန် ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

    ဇန်န၀ါရီလ ၁၃ ရက်နေ့ ညပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ  မွတ်စလင် အများစု နေထိုင် သော ဒုချီးရာတန်း ကျေးရွာသို့ အာဏာပိုင်များ လာရောက်ပြီး မိုဘိုင်းလ်ဖုန်းများ သိမ်းယူခြင်း၊ အိမ်ထောင်စု လူဦးရေ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်မှုကို မကျေနပ် သော မွတ်စလင်များက လူစုလူဝေးဖြင့် တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီး အာဏာပိုင်များနှင့် မွတ်စလင်များ အကြား ပဋိပက္ခများဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် ရဲတပ်ကြပ်ကြီး တဦး ပျောက်ဆုံးခဲ့ပြီး ဇန်န၀ါရီလ ၁၄ ရက်နေ့ မနက်စောပိုင်းတွင် ပျောက်ဆုံးသွားသော ရဲတပ်ကြပ် တဦးကို ရှာဖွေရန် စစ်သားများ၊ ရဲများနှင့် ဒေသခံ ရခိုင်တိုင်းရင်းသားများပါဝင်သော လူစုလူဝေးက ဒုချီးရာတန်း ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး  ရွာသူရွာသားများကို တိုက်ခိုက်ကာ ပစ္စည်းများ သိမ်းယူခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ကလေးများ၊ အမျိုးသမီးများအပါအ၀င် လူသေဆုံးသည်ဟု ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သော Arakan Project က ထုတ်ပြန်သည်။

    အမေရိကန်ပြည်ထောင်စုက မောင်တောပဋိပက္ခ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာအစိုးရအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုလိုက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားကလည်း လိုအပ်သော အရေးယူ စုံစမ်းမှုများချက်ချင်းဆောင်ရွက်ရန် တောင်းဆို လိုက်ကြသည်။

    ” အမေရိကန်ပြည်ထောင်စုအနေနဲ့ ရခိုင်ပြည်နယ်မှာ အာဏာပိုင်တွေ ပါဝင်တဲ့ နှိပ်စက်ညှဉ်းပန်း မတရားပြုကျင့်မှု သတင်းတွေနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်ပါတယ်´´ ဟု ရန်ကုန်အခြေစိုက် အမေရိကန်သံရုံး၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြသည်။

    မြန်မာနိုင်ငံ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားက “သေဆုံး၊ ဒဏ်ရာမှုတွေ ဖြစ်တယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ ဥပဒေတွေအောက်မှာ သမာသမတ်ကျတဲ့ ထိရောက် လျှင်မြန်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးယူပါ။ လျှင်မြန်ပြီး ပွင့်လင်းတဲ့ အရေးယူမှုတွေက နောက်ထပ် ပဋိပက္ခတွေ မဖြစ်ဖို့ တားဆီးနိုင်ပါလိမ့်မယ်” ဟု ဆိုသည်။

    သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၊ ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က မွတ်စလင်များ အသတ်ခံရသည်ဆိုသော မောင်တောပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်၍ ငြင်းဆိုလိုက်ပြီး ယင်းသတင်းကို ရေးသားဖော်ပြခဲ့သော အေပီနှင့် ဧရာဝတီ သတင်းဌာနတို့၏ သတင်းရေးသားချက်များ မှားယွင်းကြောင်း အစိုးရပိုင် သတင်းဌာနများတဆင့် တုံ့ပြန်ရေးသားခဲ့သည်။

    ယမန်နေ့က ဧရာဝတီ သတင်းဌာန အင်္ဂလိပ်ပိုင်းအနေဖြင့် Arakan Project က ထုတ်ပြန်ချက်ကို သတင်းရေးသား ပေးပို့ခြင်းဖြစ်ပြီး ယင်းသတင်းအပေါ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၊ ရခိုင်ပြည်နယ်အစိုးရ ဦးဝင်းမြိုင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မွတ်ဆလင် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်းနှင့် ဦးရွှေမောင်တို့၏ သဘောထားအမြင်များကိုလည်း ထည့်သွင်းဖော်ပြခဲ့သည်။

    ဦးရဲထွဋ်က သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး သတင်းများ မရရှိကြောင်း၊ ရဲတပ်ကြပ် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ပြောကြားပြီး ဦးဝင်းမြိုင်ကလည်း ပျောက်ဆုံးဆဲ ရဲတပ်ကြပ်ကို မွတ်ဆလင် ၈၀ ခန့်က “တိုက်ခိုက်”ခဲ့ကြောင်း ပြောသည်။ သို့သော် မည်သည့်အတွက် တိုက်ခိုက်ကြသည်နှင့် နောက်ဆက်တွဲ ဖြစ်ရပ်များအကြောင်း မပြောဆိုပေ။

    ဦးအောင်မျိုးမင်းကမူ  ဒုချီးရာတန်းရွာသို့ ၎င်းနှင့် အစိုးရအရာရှိများ ရောက်သွားရာ လူအိုများနှင့် အမျိုးသမီး အချို့သာ မြင်ခဲ့ရကြောင်း၊ ရွာမှာ ခြောက်ကပ်နေကြောင်း၊ သို့သော် ပဋိပက္ခဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ အချိန်မရသဖြင့် ရွာခံများကို မမေးမြန်းခဲ့ရကြောင်း၊ သေဆုံး ဒဏ်ရာရသူများကို မမြင်ခဲ့ရကြောင်း ဆိုသည်။

    ဦးရွှေမောင်ကလည်း ပဋိပက္ခသတင်းကို ကြားကြောင်း၊ လူအများအပြား ပျောက်နေကြောင်း၊ ဒုချီးရာတန်းရွာတွင် လုံခြုံရေးတပ်ဖွဲ့ ရာချီပြီး တပ်စွဲထားကြောင်း ဆိုသည်။

    လန်ဒန်အခြေစိုက် ဘီဘီစီ မြန်မာသတင်းဌာနကမူ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒူချီရာတန်း အလယ် ကျေးရွာတွင် ပျောက်ဆုံးသွားသော ရဲတပ်ကြပ်ကို ရှာဖွေနေရာ အာဏာပိုင်များက ရွာသား ၈၀ ကျော်ကို ဖမ်းဆီးထားသည်ဟု ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူကို ကိုးကားပြီး သတင်းဖော်ပြပြီး ယင်းသို့ ၀င်ရောက် ရှာဖွေစဉ် ရဲများ၏ အကြမ်းဖက်မှုကြောင့် ရွာသား ၇ ဦး သေဆုံးခဲ့ရသည်ဟု ဗြိတိန်အခြေစိုက် ရိုဟင်ဂျာ အစည်းအရုံးက ထုတ်ပြန်ထားကြောင်း သတင်းရေးသားဖော်ပြသည်။

    ဧရာဝတီသတင်းဌာနအနေဖြင့်မူ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဖြစ်ပွားသည်ဆိုသော သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး အသေးစိတ် အတည်ပြု နိုင်ခြင်း မရှိသေးပါ။

    ယခု သတင်းသည် ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ ရာထူးကို မြန်မာနိုင်ငံက စတင်ထမ်းဆောင်ပြီး ပုဂံတွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

    အစည်းအဝေး တက်ရောက်လာသော အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လူမျိုးရေး ပဋိပက္ခများသည် မြန်မာနိုင်ငံ ပြင်ပထိ ရိုက်ခတ်ကြောင်း၊ အင်ဒိုနီးရှားရှိ အစွန်းရောက်များက ယင်းအပေါ် ခုတုံးလုပ်လာကြကြောင်း ဧရာဝတီသို့ ပြောဆိုသည်။

    ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကမူ “ဘင်္ဂါလီ အရေးဟာ ကျနော်တို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တယ်။ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တောင်းဆိုလာခဲ့ရင်တောင် အာဆီယံ ဆွေးနွေးပွဲတွေမှာ ဒီကိစ္စ မဆွေးနွေးပါဘူး” ဟု ပြောဆိုသည်။

    ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များကြောင့် လူပေါင်း ၁၉၂ ဦး သေဆုံးခဲ့ပြီး ၂၆၅ ဦး ဒဏ်ရာရရှိခဲ့ကာ  နေအိမ်ပေါင်း ၈၆၁၄ ဆုံးရှုံးခဲ့ရသည်ဟု ရခိုင်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ဓါတ်ပုံ-စစ်တွေအနီး မွတ်ဆလင်ဒုက္ခသည် ယာယီစခန်းတခုကို လုံခြုံရေးတပ်ဖွဲ့ဝင်တဦးက စောင့်ကြပ်နေသည်ကို ၂၀၁၃ ခုနှစ် မေလက မှတ်တမ်းတင်ထားခဲ့သည်။ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

    http://burma.irrawaddy.org/news/2014/01/18/53610.html

  • ချီလီဘောလုံးကလပ်တစ်ခုက ၎င်းတို့၏ ဂျာစီတွင်  ပါလက်စတိုင်း မြေပုံ ထည့်သွင်း

    ချီလီဘောလုံးကလပ်တစ်ခုက ၎င်းတို့၏ ဂျာစီတွင် ပါလက်စတိုင်း မြေပုံ ထည့်သွင်း

    ဇန်န၀ါရီ ၁၈၊ ၂၀၁၄
    M-Media

    ချီလီနိုင်ငံတွင် လူကြိုက်များသည့် ဘောလုံးအသင်းတစ်ခုဖြစ်သည့် ဒီပို့တီဗို ပါလက်စတီနိုအသင်းမှာ ၂၀၁၄-ခုနှစ် ၎င်းတို့ဝတ်ဆင်မည့် ဂျာစီများ ရှိ နံပါတ် ၁ နေရာများတွင် ပါလက်စတိုင်း မြေပုံဖြင့် အစားထိုးခဲ့သည်ဟု သိရသည်။

    ထိုမြေပုံမှာ ၁၉၄၈ ခုနှစ် အစ္စရေးက မသိမ်းပိုက်ခင် ပါလက်စတိုင်းတို့ ပိုင်ဆိုင်သော မြေပုံဖြစ်ပြီး အသင်းပရိတ်သတ်များကလည်း နှစ်သက်ကြသည်။ ဒီပို့တီဗို ပါလက်စတီနိုအသင်းမှာ ၁၉၂၀ ခုနှစ်တွင် မြို့တော် ဆန်တီယာဂို၌ အခြေစိုက်ကာ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ ၁၉၅၅နှင့် ၁၉၇၈ ခုနှစ်များတွင် အမှတ်ပေးပြိုင်ပွဲ၌ ၂-ကြိမ်တိုင်တိုင် ဗိုလ်စွဲနိုင်ခဲ့သည်။ အသင်းဂျာစီအရောင်များအား ပါလက်စတိုင်း အလံတွင်ပါဝင်သည့် အနက်၊ အဖြူ၊ အစိမ်းနှင့်
    အနီရောင်များဖြင့် ပေါင်းစပ် ဖွဲ့စည်းထားသည်။

    အဆိုပါ ဘောလုံးအသင်း၏ ထိုဆုံးဖြတ်ချက်ကို ချီလီပြည်တွင်းနှင့် နိုင်ငံတကာရှိ ဂျူးခေါင်းဆောင်များက ကန့်ကွက်ခဲ့ကြပြီး ထိုကဲ့သို့ ပါလက်စတိုင်း မြေပုံအား ဖော်ပြထားခြင်းမှာ ဂျူးလူ့အဖွဲ့အစည်းအား စော်ကားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ချီလီရှိ ပါလက်စတိုင်းအသင်းကမူ ထိုကိစ္စနှင့် ပက်သက်၍ အပြစ်တင်မှုများအား ကန့်ကွက်ကြောင်းပြောကြားခဲ့ပြီး၊ ထိုမြေပုံမှာ အသိမ်းပိုက်ခံ နယ်မြေအား အငြင်းပွာဖွယ်နယ်မြေအဖြစ် ပြောဆိုကြခြင်းသာ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    ချီလီနိုင်ငံမှာ ပါလက်စတိုင်းမှ အခြေချနေထိုင်သူအများစုရှိရာ နိုင်ငံများမှ တစ်ခုဖြစ်ပြီး၊ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံဖြစ်ပေါ်လာရေးအား
    အသိအမှတ်ပြုကြောင်း ချီလီနိုင်ငံက ၂၀၁၁ခုနှစ်တွင် တရားဝင်ပြောကြားထားသည်။

    ဒုတိယကမ္ဘာစစ်ပြီးနောက် အရှေ့ဥရောပမှ ဂျူးလူမျိုးများမှာ ပါလက်စတိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လာပြီး ပါလက်စတိုင်းများအား သတ်ဖြတ် မောင်းထုတ်ကာ ၁၉၄၈-ခုနှစ် မေလတွင် အစ္စရေးနိုင်ငံအဖြစ်ထူထောင်ခဲ့သည်။ ထို့နောက် ၁၉၆၇ ခုနှစ်တွင် အီဂျစ်ပိုင် ဆိုင်းနိုင်းကျွန်းဆွယ်နှင့် ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသအား ကျူးကျော် သိမ်းပိုက်ခဲ့သည်။ ထို့ပြင် ၁၉၆၇ စစ်ပွဲနောက်ပိုင်း ကုလသမဂ္ဂက တရားဝင် သတ်မှတ်ပေထား သည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေနှင့် အရှေ့ ဂျေရုစလင်တို့ကိုလည်း တစ်စတစ်စ သိမ်းပိုက်ခဲ့ပြီး ဂျူးအခြေချအိမ်ရာများအား
    ဆောက်လုပ်လျက်ရှိနေသည်။

    Ref : Onislam