News @ M-Media

Blog

  • စစ်ကောင်စီတပ်များက တိုင်းရင်းသားပြည်သူများကို သတ်ဖြတ်ရာတွင် တရုတ်ဒရုန်းများကို အဓိကအသုံးပြုနေ

    စစ်ကောင်စီတပ်များက တိုင်းရင်းသားပြည်သူများကို သတ်ဖြတ်ရာတွင် တရုတ်ဒရုန်းများကို အဓိကအသုံးပြုနေ

    မေ ၁၀၊ ၂၀၂၁
    M-Media

    (ဂြိုဟ်တုဓာတ်ပုံ – မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းဌာချုပ်တွင် တွေ့ရသည့် တရုတ်ဒရုန်းများ)

    -နိုင်ငံတစ်ဝှမ်းက ဆန္ဒပြသူတွေကို စောင့်ကြည့်ထောက်လှမ်းမှုနဲ့ တိုင်းရင်းသားဒေသတွေက စစ်ပွဲတွေမှာ စစ်ကောင်စီတပ်တွေဟာ တရုတ်ထုတ် တိုက်ခိုက်ရေးဒရုန်းတွေကို အသုံးပြုနေတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောကြားလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံတစ်ဝှမ်းက ဆန္ဒပြမှုတွေမှာ စစ်ကောင်စီတပ်တွေရဲ့လက်ချက်ကြောင့် အနည်းဆုံး လူ ၇၅၀ လောက် အသတ်ခံခဲ့ရပါတယ်။

    ဆန္ဒပြသူအများအပြားကို စစ်ကောင်စီ စနိုက်ပါတပ်သားတွေက သတ်ဖြတ်ခဲ့တဲ့ မန္တလေးမှာ ဆန္ဒပြပွဲတွေကို ဒရုန်းနဲ့ ပျံသန်းကြည့်ရှုတာမျိုး တွေ့ရပြီး စနိုက်ပါသမားတွေဟာ ဒရုန်းထောက်လှမ်းရေးစနစ်က ပေးပို့တဲ့ အချက်အလက်တွေကို အသုံးပြုကာ ပစ်ခတ်တာမျိုး ရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    လက်ရှိ တိုက်ပွဲတွေဖြစ်နေပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာမျိုးတွေ ရှိနေတဲ့ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာလည်း စစ်ကောင်စီက တရုတ်ဒရုန်းတွေ အသုံးပြုနေတာကို တွေ့ရပါတယ်။

    ယူကေအခြေစိုက် တတ်သိပညာရှင်များအဖွဲ့ Janes International Defense Review နဲ့ အမေရိကန်အခြေစိုက် တတ်သိပညာရှင်များအဖွဲ့ Center for Strategic and International Studies (CSIS) က စစ်ကောင်စီတပ်တွေ အသုံးပြုနေတဲ့ တရုတ်ဒရုန်းဟာ CH-3A အမျိုးအစား ဖြစ်တယ်လို့ အတည်ပြုပါတယ်။

    မေလ ၆ ရက်နေ့ CSIS က ထုတ်ပြန်တဲ့ စာတမ်းမှာ မိတ္ထီလာက ရှမ်းတဲ လေတပ်စခန်းဌာနချုပ်အတွင်း CH-3A ဒရုန်းတွေ ချထားတာကို ဂြိုဟ်တုဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

    အဲဒီလေတပ်စခန်းဟာ ဧပြီလ ၂၉ ရက်နေ့က ရှော့တိုက်ဒုန်း ၅ လုံးနဲ့ အထုခံရတဲ့စခန်းလည်း ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရတာ၊ စစ်သုံးပစ္စည်းတွေ ပစ္စည်းတာ စတဲ့ သတင်းတွေတော့ ထွက်မလာပါဘူး။ တိုက်ခိုက်သူတွေဟာ တရုတ်ဒရုန်းတွေကို ပစ်မှတ်ထားတာလားဆိုတာကိုလည်း တိတိကျကျ မသိရပါဘူး။

    CH-3A ဒရုန်းတွေမှာ ဂြိုဟ်တုအချက်အလက်ပေးပို့မှုစနစ် ပါဝင်ပြီး ဒုံးကျည်အပါအဝင် အလေးချိန် ၁၈၀ ကီလိုဂရမ် သယ်ဆောင်နိုင်ပါတယ်။ အကွာအဝေး ၉၆၀ ကီလိုမီတာလောက်အထိ ပျံသန်းနိုင်ပြီး ၆ နာရီကြာ အသုံးပြုနိုင်ပါတယ်။ AR-1 လေဆာပဲ့ထိန်း ဝေဟင်ကမြေပြင်ပစ် ဒုံးကျည်၊ YC-200 ပဲ့ထိန်းဗုံးတွေကိုလည်း အဲဒီဒရုန်းမှာ တပ်ဆင်နိုင်ပါတယ်။

    CH-3A ဒရုန်းကို တရုတ်နိုင်ငံပိုင် လေကြောင်းကိုပိုရေးရှင်း CASC ရဲ့ အခွဲတစ်ခုဖြစ်တဲ့ Long-March International က ထုတ်လုပ်တာပါ။

    တရုတ်ဟာ ၂၀၁၄-၂၀၁၅ ခုနှစ်အတွင် CH-3A ဒရုန်းလေယာဉ် တစ်ဒါဇင်လောက်ကို ရှမ်းတဲလေတပ်စခန်းဌာနချုပ်ကို ပေးပို့ခဲ့တယ်လို့ စောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Stockholm International Peace Institute (SIPRI) က ရရှိခဲ့တဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။ စစ်တပ်ရဲ့ ဒီဝယ်ယူမှုဟာ နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားတပ်တွေကို တိုက်ခိုက်ရာမှာ အသုံးပြုဖို့ ရည်ရွယ်ပုံ ရပါတယ်။

    ဒီဒရုန်းကို ကချင်ပြည်နယ်မှာ အသုံးပြုတာ တွေ့ရသလို၊ ရခိုင်ပြည်နယ်က AA နဲ့ဖြစ်တဲ့ တိုက်ပွဲမှာလည်း ထောက်လှမ်းရေးအတွက် CH-3A ဒရုန်းကို အသုံးပြုတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဇန်နဝါရီလမှာ Myanmar Now သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    CH-3A ဒရုန်းကို တရုတ်က အလ်ဂျီးရီးယားကို ရောင်းထားသလို ဒီထက်ပိုပြီး အဆင့်မြင့်တဲ့ CH-4 ဒရုန်းတွေကို ပါကစ္စတန်၊ အင်ဒိုနီးရှား၊ အီဂျစ်၊ နိုက်ဂျီးရီးယားနဲ့ အီသီယိုးပီးယားတို့အပါအဝင် နိုင်ငံတော်တော်များများရဲ့ စစ်တပ်တွေက ဝယ်ယူထားကြပါတယ်။ ဒါပေမယ့် အဲဒီနိုင်ငံတွေက ဆန္ဒပြမှုတွေ၊ လူထုအုံကြွမှုတွေမှာ ဒီဒရုန်းကိုသုံးပြီး စောင့်ကြည့်တာမျိုး မရှိပါဘူး။

    စစ်ကောင်စီရဲ့ လေတပ်မှာ ရုရှားထုတ် MiG-29 တိုက်လေယာဉ်နဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကလွဲရင် ကျန်တဲ့ လေယာဉ်တွေ၊ လေတပ်သုံးစနစ်တွေအားလုံးဟာ တရုတ်ထုတ်တွေ ဖြစ်ပါတယ်။

    တရုတ်ထုတ်တွေဖြစ်တဲ့ မြေပြင်တိုက်ခိုက်ရေးယာဉ် Nanchang Q-5၊ တိုက်လေယာဉ် Chengdu J-7 fighters နဲ့ Shenyang J-6၊ ပို့ဆောင်ရေးလေယာဉ် Y-8 ကို စစ်ကောင်စီတပ်တွေက လက်ရှိမှာ အသုံးပြုနေပါတယ်။

    မြန်မာစစ်တပ်မှာ CH-3A က အဆင့်အမြင့်ဆုံး တရုတ်ဒရုန်းဖြစ်ပေမယ့် အခြားတစ်ခုဖြစ်တဲ့ Sky 02A ကိုလည်း အသုံးပြုနေပါတယ်။ တရုတ်ထုတ် ဒရုန်းကို ပြည်တွင်းမှာ အသွင်ပြောင်း ထုတ်လုပ်ထားတဲ့ Yellow Cat A2 ဒရုန်းလေယာဉ် အနည်းဆုံး ၂၂ စီး စစ်ကောင်စီတပ်မှာ ရှိနေပါတယ်။

    မြန်မာနိုင်ငံမှာ တရုတ်ထုတ်ဒရုန်းရှိတဲ့ နောက်ထပ်လက်နက်ကိုင်အဖွဲ့ တစ်ခုကတော့ ၀,တပ်ဖွဲ့ UWSA ဖြစ်ပါတယ်။ ၂၀၁၈ ပန့်ဆန်းမှာပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားမှာ ၀,တပ်ဖွဲ့က ဒီဒရုန်းတွေကို ထုတ်ပြခဲ့ပါတယ်။

    ၀,မှာ တရုတ်ထုတ် ပခုံးထမ်း လေယာဉ်ပစ်ဒုံး MANPADS တွေလည်း ရှိနေပါတယ်။

    တရုတ်ဟာ မြန်မာစစ်တပ်ကို အဓိက လက်နက်ရောင်းချတဲ့ နိုင်ငံဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်တွေ ထပ်ပြီး ထောက်ပံ့နေလားဆိုတာ တိတိကျကျ မသိရပါဘူး။

    Ref: Asia Times

  • ကိုဗစ်မြင့်တက်လာသည့် ပါကစ္စတန်တွင် လော့ဒေါင်းပြန်ချ

    ကိုဗစ်မြင့်တက်လာသည့် ပါကစ္စတန်တွင် လော့ဒေါင်းပြန်ချ

    မေ ၉၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကူးစက်မှု မြင့်တက်လာတာကို တားဆီးဖို့အတွက် ပါကစ္စတန်နိုင်ငံဟာ မနေ့ကစတင်ပြီး ၉ ရက်တာ လော့ဒေါင်း ချလိုက်ပါတယ်။

    ပါကစ္စတန်နိုင်ငံမှာ ကိုဗစ်တတိယလှိုင်းကို ကြုံတွေ့နေရတာဖြစ်ပါတယ်။ ​နိုင်ငံတစ်ဝှမ်း စီးပွားရေးလုပ်ငန်းတွေအားလုံး ပိတ်ထားရမှာဖြစ်ပြီး၊ လူတွေကို အပြင်ထွက်ခွင့်လည်း ပေးတော့မှာ မဟုတ်ပါဘူး။

    ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေဟာ လာမယ့်တစ်ပတ်အတွင်း ဝါကျွတ်အီးဒ်ပွဲတော် ဆင်နွှဲမှာဖြစ်ပါတယ်။ ပါကစ္စတန်မှာ အီးဒ်ပွဲတော်အတွင်း လူသိန်းသန်းချီ နေရပ်ပြန်ကြတာတွေရှိပြီး အခုလော့ဒေါင်းမှာတော့ ဒီလို သွားလာမှုတွေကို တားမြစ်ထားပါတယ်။

    မနှစ်က ဝါကျွတ်အီးဒ်ပွဲတော်အပြီးမှာ ပါကစ္စတန်ဟာ ကိုဗစ်မြင့်တက်မှုဒဏ်ကို ခံစားခဲ့ရပါတယ်။

    နိုင်ငံအတွင်း ဆေးဘက်ဆိုင်ရာ အခြေခံအဆောက်အဦးနဲ့ ဆေးဝါးပစ္စည်း မလုံလောက်တာကြောင့် ကိုဗစ်တတိယလှိုင်း မကျော်ဖြတ်နိုင်မှာကို ပါကစ္စတန်အစိုးရက စိုးရိမ်နေပါတယ်။

    အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာလည်း ကိုဗစ်ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရတဲ့အတွက် ဧပြီလကစပြီး လော့ဒေါင်းလုပ်ထားပါတယ်။

    Ref: Aljazeera

  • မလေးရှားတစ်နိုင်ငံလုံး ပြည်နယ်ကျော်၊ ခရိုင်ကျော် သွားလာ၍ မရတော့

    မလေးရှားတစ်နိုင်ငံလုံး ပြည်နယ်ကျော်၊ ခရိုင်ကျော် သွားလာ၍ မရတော့

    မေ ၉၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကူးစက်မှု မြင့်တက်လာတဲ့ မလေးရှားမှာ ပြည်နယ်ကျော်သွားလာမှု၊ ခရိုင်ကျော်သွားလာမှုကို တနင်္လာနေ့ကစတင်ပြီး အစိုးရက ပိတ်ပင်လိုက်ပါတယ်။

    ဒီပိတ်ပင်မှုဟာ ဇွန်လ ၆ ရက်နေ့အထိ ၄ ပတ်တာ ကြာမြင့်မှာဖြစ်ပြီး ပြည်နယ်ကျော်၊ ခရိုင်ကျော် သွားလာလိုတယ်ဆိုရင် ရဲတပ်ဖွဲ့ရဲ့ ခွင့်ပြုချက်ကို ရယူရမှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ကိုဗစ်ကူးစက်မှု သိသိသာသာ မြင့်တက်လာတာကြောင့် မလေးရှားအစိုးရဟာ ကွာလာလမ်ပူ ပြည်ထောင်စုနယ်မြေအပါအဝင် ပြည်နယ်အချို့ကို လှုပ်ရှားသွားမှု ကန့်သတ်တဲ့ MCO အမိန့် ထုတ်ပြန်ထားပါတယ်။

    တစ်ချို့ဒေသတွေမှာတော့ သိပ်မတင်းကြပ်တဲ့ CMCO အမိန့်ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ပြည်နယ်ကျော်၊ ခရိုင်ကျော် သွားလာမှု ပိတ်ပင်တာကို တစ်နိုင်ငံလုံးအတွက် ထုတ်ပြန်တာပါ။

    MCO ထုတ်ပြန်ထားတဲ့ ဒေသတွေမှာ လူစုလူဝေးပြုလုပ်ခွင့် ပိတ်ပင်ထားပြီး၊ ကျောင်းတွေ၊ ​ဖျော်ဖြေရေးနေရာတွေ၊ စျေးတစ်ချို့နဲ့ ကုန်တိုက်တစ်ချို့ ပိတ်ထားရပါတယ်။ လာမယ့်တစ်ပတ်ကျရောက်မယ့် အီဒွလ်ဖိသီရ် ဝါကျွတ်အီးဒ်ကိုလည်း ကျင်းပခွင့် မပေးပါဘူး။

    CMCO ထုတ်ထားတဲ့ ဒေသတွေမှာတော့ ဝါကျွတ်အီးဒ် ပထမ ၃ ရက်ကို ကျင်းပခွင့်ပြုထားပြီး လူ ၂၀ ကနေ အများဆုံး ၂၅ ယောက်အထိသာ စုခွင့်ရမှာ ဖြစ်ပါတယ်။

    မလေးရှားမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နေ့စဉ် ကိုဗစ်ကူးစက်မှုအရေအတွက်ဟာ ၃ ထောင်ကျော် ရှိနေပြီး သေဆုံးမှုတွေလည်း ရှိနေပါတယ်။

    Ref: CNA

  • လန်ဒန်က မွတ်စလင်မြို့တော်ဝန် ဒုတိယအကြိမ် အရွေးခံရ

    လန်ဒန်က မွတ်စလင်မြို့တော်ဝန် ဒုတိယအကြိမ် အရွေးခံရ

    မေ ၉၊ ၂၀၂၁
    M-Media

    -ယူကေနိုင်ငံ လန်ဒန်မြို့က မွတ်စလင်မြို့တော်ဝန် ဆာဒစ်ခန်းဟာ ဒုတိယသက်တမ်းအတွက် ပြန်လည်ရွေးကောက်တင်မြှောက်ခံလိုက်ရပါတယ်။

    အတိုက်အခံ လေဘာပါတီက ဆာဒစ်ခန်းဟာ ၂၀၁၆ ခုနှစ်က လန်ဒန်မြို့တော်ဝန်အဖြစ် ပထမဆုံးအကြိမ် ရွေးကောက်တင်မြောက်ခံခဲ့ရတာပါ။ အခုရွေးကောက်ပွဲမှာ ထောက်ခံမဲအရေအတွက် ၅၅.၂ ရာခိုင်နှုန်း ရခဲ့ပြီး အာဏာရ ကွန်ဆာဗေးတစ်ပါတီက ရှောင်ဘီလီကို ၁၁ ရာခိုင်နှုန်းကျော် အသာနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

    “ကမ္ဘာပေါ်က ထိပ်တန်းမြို့တော်တစ်ခုကို ဆက်လက်ဦးဆောင်ဖို့ လန်ဒန်မြို့သူမြို့သားတွေက ကျွန်တော့်ကို ယုံကြည်ပေးတဲ့အတွက် တကယ့်ကို ကျေးဇူးတင်မိပါတယ်” လို့ ဆာဒစ်ခန်းက ပြောကြားခဲ့ပါတယ်။

    လူဦးရေ ၉ သန်းရှိတဲ့ လန်ဒန်မှာ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုဖန်တီးပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့ ဆာဒစ်ခန်းက မဲဆွယ်ခဲ့တာပါ။

    အခုဒုတိယသက်တမ်းမှာ ​မတူညီတဲ့လူ့အဖွဲ့အစည်းတွေအကြား ပေါင်းကူးပေးရေး၊ မြို့တော်ကောင်စီနဲ့ အစိုးရအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်ရေး အာရုံစိုက် ဆောင်ရွက်သွားမယ်လို့လည်း ဆာဒစ်ခန်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “နိုင်ငံတော် ပြန်လည်ထူထောင်ရေး၊ ပိုမိုစိမ်းလန်းတဲ့မြို့၊ သာတူညီမျှရှိတဲ့ အနာဂတ်ကို တည်ဆောက်ရာမှာ လန်ဒန်ကို တစ်စိတ်တစ်ပိုင်း ပါစေချင်တယ်”

    ငယ်ငယ်က ရုန်းကန်ကြိုးစားလာခဲ့ရတဲ့ဘဝကို ဘယ်တော့မှ မမေ့ဘူးလို့လည်း အနိုင်ရမိန့်ခွန်းမှာ ခန်းက ပြောကြားခဲ့ပါတယ်။

    “မြို့တော်ကောင်စီကပေးတဲ့အိမ်ယာမှာ ကျွန်တော် ကြီးပြင်းလာရတယ်။ ပြောင်းရွှေ့အခြေချသူတွေက မွေးဖွားလာတဲ့ ကျွန်တော်ဟာ အလုပ်သမားလူတန်းစားက ဖြစ်ပါတယ်။ အခုတော့ ကျွန်တော် လန်ဒန်မြို့တော်ဝန်ဖြစ်နေပါပြီ။ လန်ဒန်သားဆိုတာ အမြဲတမ်း လန်ဒန်သားပါပဲ”

    Ref: Aljazeera

  • ရင်းနှီးမြှုပ်နှံမှုသစ် ၁၅ ခုကို လုပ်ကိုင်ခွင့်ပေးခဲ့သည်ဟု စစ်ကောင်စီ ထုတ်ပြန်

    ရင်းနှီးမြှုပ်နှံမှုသစ် ၁၅ ခုကို လုပ်ကိုင်ခွင့်ပေးခဲ့သည်ဟု စစ်ကောင်စီ ထုတ်ပြန်

    မေ ၉၊ ၂၀၂၁
    M-Media

    -စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံ တန်ဖိုးရှိတဲ့ စီးပွားရေးစီမံကိန်းသစ် ၁၅ ခုကို လုပ်ကိုင်ခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

    မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က သောကြာနေ့မှာ ခွင့်ပြုပေးလိုက်တာလို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ဝဘ်ဆိုက်မှာ လွှင့်တင်ထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး တစ်ဟုန်ထိုး ကျဆင်းနေတဲ့အချိန်မှာ ဒီလိုသတင်းမျိုး ထွက်ပေါ်လာတာပါ။

    ခွင့်ပြုလိုက်တဲ့ စီမံကိန်းတွေထဲမှာ ကန်ဒေါ်လာ ၂.၅ ဘီလီယံတန်တဲ့ ဓာတ်ငွေ့ရည် ဓာတ်အားပေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ပါဝင်တယ်လို့ ကြေငြာချက်က ဆိုပါတယ်။

    ဘယ်နိုင်ငံက ကုမ္ပဏီတွေ ဒီရင်းနှီးမြှုပ်နှံမှုကို ရရှိသွားလဲဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးလုပ်ထားတဲ့ နိုင်ငံတွေက တရုတ်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ ဖြစ်ပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေ၊ စစ်ကောင်စီရဲ့ ထင်ရာစိုင်း မူဝါဒတွေကြောင့် အခုနှစ်အတွင်း မြန်မာ့စီးပွားရေး ၂၀ ရာခိုင်နှုန်းလောက် ကျဆင်းမယ်လို့ နိုင်ငံတကာ စီးပွားရေးစောင့်ကြည့်မှုအဖွဲ့ Fitch Solutions က ခန့်မှန်းထားပါတယ်။

    Ref: The Straits Times