News @ M-Media
Blog
  • မြန်မာစစ်တပ် မုဒိမ်းမှုကို စစ်ဆင်ရေး လက်နက်အဖြစ် သုံးနေသေးကြောင်း အမျိုးသမီး လူ့အခွင့်အရေးအဖွဲ့မှ ပြောကြား
    ဇန်နဝါရီ ၁၆၊ ၂၀၁၄
    M-Media
    အရပ်သားတစ်ပိုင်းအစိုးရလက်အောက်တွင် လိင်စော်ကားမှုပေါင်း ၁၀၀ ကျော် မှတ်တမ်းတင်ချက်ရှိကြောင်း အမျိုးသမီးများအဖွဲ့မှ ဆိုသည်။
    rsz_146014611_1
    ကချင်တိုင်းရင်းသူ တစ်ဥိး ဆန္ဒပြနေစဉ် (Raveendran/AFP/Getty Images)
    ရိုက်တာသတင်းဌာနမှရရှိလာသည့်အချက်အလက်အရ အမှုပေါင်း ၄၇ ခုမှာ အုပ်စုဖွဲ့အဓမ္မကျင့်ခံရခြင်းဖြစ်ပြီး၊ အမျိုးသမီး ၂၈ ဦးမှာ သတ်ဖြတ်ခံရခြင်း သို့မဟုတ် ရရှိသည့်ဒဏ်ရာဖြင့်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာ)မှ ပြောဆိုခဲ့၏။ အဓမ္မကျင့်စော်ကားခံရ သူတို့ အနက် အသက် ၈ နှစ်အရွယ် အများအပြား ပါဝင်သည်ဟု သတင်းများက ဆိုသည်။
    မြန်မာနိုင်ငံ၌ ပြည်သူ့ထိန်းချုပ်မှုအောက်တွင် စစ်တပ်အား ထားရှိနိုင်ရန်အတွက် ဥပဒေရေးရာပြုပြင်တည်ဆောက်မှု (နှင့်) ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပြောင်းလဲမှု လိုအပ်နေသည်ကို ဤအခြေအနေက ညွှန်ပြနေသည်ဟု ထိုအဖွဲ့မှ ထောက်ပြပါသည်။
    မြန်မာနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာန၌ မည်သူမျှ ချက်ခြင်းအကြောင်းကြားအရေးဆိုခွင့် မရရှိခဲ့။ ယခင်ကလည်း စစ်တပ်သည် အလားတူ အဆိုမျိုးကို ပယ်ချလေ့သာရှိခဲ့သည်။ အမေရိကန်နိုင်ငံရေး ပါတီနှစ်ရပ်လုံးမှ ပေါက်ရောက်ထင်ရှားသော လွှတ်တော်အမတ်များဖြစ်သည့် Bob Menendez ၊ Marco Rubio Ben Cardin နှင့် Bob Corker တို့မှ – မြန်မာနိုင်ငံ၌ ယင်းသို့သော (ဟန်ပြ)ပြန်လည်ပြုပြင်ရေး နှင့် အခွင့်အရေးချိုးဖောက်မှုများ ရှိနေသေးပါက မြန်မာအစိုးရအား ထောက်ပံ့ပေးကမ်းမည့် ရံပုံငွေများကို ၂၀၁၄ ခုနှစ်တွင် ပင်တဂွန်သို့ ချပေးစရာ အကြောင်းမရှိ အဆိုအား တင်သွင်းပြီးနောက် တစ်လ မတိုင်မှီမှာပင် အမျိုးသမီးများအဖွဲ့၏ သတင်းထုတ်ပြန်ချက် ထွက်ရှိလာခဲ့ခြင်း ဖြစ်သည်။
    ထိုအဆို၌ စစ်တပ်အတွက် လူ့အခွင့်အရေးနှင့်ဘေးအန္တရာယ်ဆိုးတုန့်ပြန်မှုဆိုင်ရာ သင်တန်းပေးမည့် လျာထားငွေများကို ခြွင်းချက်ပေးခဲ့သည်။ ထို့ပြင် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်း၊ ပြန်လည်ပြုပြင်ရေး နှင့် စစ်ရေးဆက်ဆံမှုကြားမှ ဆက်နွှယ်ချက် အပါအ၀င် မြန်မာနှင့်စစ်ရေး ဆက်ဆံမှုအပေါ်ထားရှိသော အမေရိကန်၏မဟာဗျူဟာဆိုင်ရာအစီရင်ခံစာကို တင်ပြရန် အမေရိကန်ဗဟို အာဏာပိုင်နှင့် ပင်တဂွန်တို့ထံ တောင်းဆိုထား၏။
    နိုင်ငံအရှေ့မြောက်ဖက်ရှိ တိုင်းရင်းသား လူနည်းစုဝင် ကချင်နှင့် ရှမ်းအမျိုးသမီးတို့အား မြန်မာစစ်တပ်မှ လူမဆန်စွာ အဓမ္မပြုကျင့်ခြင်း အားလုံးနီးပါးကို မိမိတို့အဖွဲ့နှင့်အဖွဲ့၏ ချိတ်ဆက်အဖွဲ့အစည်းများမှ မှတ်တမ်း တင်ထားပြီးဖြစ်ကြောင်း ၎င်းအမျိုးသမီးများအဖွဲ့က ဆိုသည်။
    လွန်ခဲ့သောသုံးနှစ်တွင် ထိုင်းနိုင်ငံရှိ ကချင်အမျိုးသမီးများ အဖွဲ့မှ မြန်မာအစိုးရစစ်တပ်၏ လိင်ပိုင်းအကြမ်းဖက်မှု ၅၉ မှုအား မှတ်တမ်းပြုထားနိုင်ခဲ့ကြ၍ ရှမ်းအမျိုးသမီးများလှုပ်ရှားမှု ကွန်ရက်ကလည်း အမျိုးသမီးနှင့် မိန်းမရွယ်လေးများ ၃၅ ဦးနှင့်သက်ဆိုင်သော အမှုတွဲ ၃၀ ကို တင်ပြခဲ့သည်ဟု ထိုအဖွဲ့မှ ထပ်မံပြောကြား၏။
    အတင့်ရဲရဲဖြင့် အကွက်ကျကျကျူးလွန်ခြင်း
    ယင်းသို့ တိုက်ခိုက်စော်ကားမှုများသည် စစ်သားတို့မှ သတိလွတ် ပရမ်းပတာ ကျူးလွန်သည့်ဖြစ်စဉ်မျိုး မဟုတ်ကြောင်း “ သူတို့ရဲ့ အတင့်ရဲစွာ အကွက်ကျကျ ကျူးလွန်ပုံက စံနစ်တကျကြိုတင် ပုံစံချထားတဲ့ဟန်ကို ပေါ်လွင်စေပါတယ်။ လိင်စော်ကားမှုကို စစ်ဆင်ရေးနဲ့ဖိနှိပ်မှု လက်နက်တစ်ရပ်လို အသုံးချနေဆဲဖြစ်ပါတယ် ” ဟု အမျိုးသမီးများ အဖွဲ့ချုပ်ကဆိုသည်။ မိမိတို့၏ မှတ်တမ်းပြုချက်များ၌ စစ်တပ် တပ်ခွဲပေါင်း ၃၈ ခုထက်မနည်း ယင်းအမှုများထဲ ပါဝင် ဆက်နွှယ်နေပြီး၊ အနည်းဆုံး မြို့နယ်ပေါင်း ၃၅ ခုတွင်ဖြစ်ပွားခဲ့ကြောင်း၊ ဤအမှုများမှာ အပေါ်ယံမျှသာ ဖြစ်သေးကြောင်း၊ အမှုများစွာမှာ လူမသိခဲ့ရကြောင်း ဆက်လက်ဖော်ပြခဲ့သည်။
    “ ပဋိပက္ခထဲ လိင်အကြမ်းဖက်မှုကို အသုံးချခြင်းဟာ မဟာဗျူဟာ တစ်ရပ်ပါပဲ။ ဖြစ်စဉ် တစ်ခုချင်းကိုကျော်လွန်ပြီးကြည့်လိုက်ရင် ဒါဟာ နိုင်ငံရေးနဲ့ စီးပွားရေးအရ စစ်ဆင်တဲ့ လုပ်ရပ်မျိုး ဖြစ်ပါတယ်။ တိုင်းရင်းသား လူ့အဖွဲ့အစည်းတွေကို စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးစေဖို့ ဗမာစစ်တပ်က လက်နက် ကိရိယာတစ်ခုအဖြစ် လိင် အကြမ်းဖက်ကို အသုံးချကြပါတယ် ” ဟု အစီရင်ခံစာတွင် တွေ့ရသည်။ ဤစော်ကားချက်များသည် စစ်ရာဇ၀တ်မှုများ၊ လူသားမဆန်သော ပြစ်မှုများဖြစ်လေသဖြင့် ပွင့်လင်းလွတ်လပ်စေ့စပ်သေချာစွာ စုံစမ်းစစ်ဆေးပေးရန် ၎င်းအဖွဲ့မှ တောင်းဆိုလိုက်သည်။
    အစီရင်ခံစာ၌ အထူးဇောင်းပေးဖော်ပြထားသည့်ဖြစ်ရပ်မှာ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၄ ရက်တွင် ရှမ်းပြည်မြောက်ပိုင်းရှိ သီပေါမြို့နယ်၌ ဘိုးဘွားနှင့် အတူနေထိုင်နေသော ၈ နှစ်အရွယ် မိန်းကလေးငယ်အား စစ်သားတစ်ယောက်မှ မုဒိန်းကျင့်ခဲ့သည့် ကိစ္စဖြစ်၏။
    အခြားအမှုတစ်ခုအဖြစ် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ၊ ၅ ရက်တွင် ရှမ်းပြည်နယ်၊ Ke See မြို့နယ်၌ ၁၂ နှစ်အရွယ်မိန်းကလေးငယ် နှင့် အမျိုးသမီး ၃ ဦးကို စစ်သားများမှ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။ ကလေးငယ်မှာ သူမ၏မိခင်ရှေ့မှောက်မှာပင် အဓမ္မပြုကျင့်ခံရသလို အမျိုးသမီးတစ်ဦးမှာလည်း ပဋိသန္ဓေ ကိုးလရှိနေကြောင်း ဆိုကြ၏။ မုဒိန်းမှုများနှင့် စပ်လျဉ်း၍ အစိုးရတပ်ဖွဲ့များ နှင့် ရှမ်းပြည် ကချင်ပြည်ရှိ လူနည်းစု သူပုန်များ နှစ်ဖက်လုံး၌ ဖြစ်ပွားကြောင်း ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။ အစိုးရစစ်သားများသည် လူနည်းစု တိုင်းရင်းသားဒေသများတွင် အဓမ္မမှု ကျူးလွန်သည့်အခါ ယင်းတာဝန်ရှိသူများကို စစ်တပ်မှ အရေးယူခြင်း မရှိသလောက်ဖြစ်၏။ ၂၀၁၃ ခုနှစ် ဇန္န၀ါရီလ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအဖွဲ့၏ အစီရင်ခံစာ၌ စစ်တပ်၏ လိင်အကြမ်းဖက်မှုများကြောင့် ပြဿနာကြီးထွားနေဆဲဖြစ်ကြောင်း ရေးသားထားသည်။
    မြန်မာနိုင်ငံနှင့် စစ်ရေးအရလာရောက်ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ စိုးရိမ်မကင်းဖြစ်နေရကြောင်းကို အောက်တိုဘာလက အမျိုးသမီးများ အဖွဲ့ချုပ် အပါအ၀င် မြန်မာနိုင်ငံ တိုင်းရင်းသားများကိုယ်စားပြု အရပ်ဖက် လူ့အဖွဲ့အစည်းပေါင်း ၁၃၃ ဖွဲ့မှ အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမား၊ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်းမရွန်း နှင့် သြစတေးလျဝန်ကြီးချုပ် တိုနီ အက်ဘော့သ်တို့ထံ စာရေးသားပေးပို့ခဲ့ပါသည်။
    Ref: ရိုက်တာ
    ရိုက်တာ သတင်းဌာနတွင် ဖော်ပြခဲ့သည့် Myanmar still uses rape as weapon of war: women’s group သတင်းဆောင်းပါးမှတ်တမ်းကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင်ဘာသာပြန်ဆိုပါသည်။
  • “ဝ” အုပ်ချူပ်ခွင့်ရ အထူးဒေသ ပန်ခမ်းမြို့တော်တွင် ပန်းသေးဗလီ ဖွင့်ပွဲ အခမ်းအနား ကျင်းပ
    ဇန်နဝါရီ ၁၆၊ ၂၀၁၄
    M-Media
    ဖီးနစ်
    1522031_648408325201641_1135354030_n
    “ဝ” အုပ်ချူပ်ခွင့်ရ အထူးဒေသ ပန်ခမ်းမြို့တော်တွင် ပန်းသေးဗလီဖွင့်ပွဲ အခမ်းအနားကို ယနေ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၆ ဒေသစံတော်ချိန် မနက် (၁၀) နာရီ က အဆိုပါ ဗလီခန်းမတွေင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။
    အဆိုပါဖွင့်ပွဲအခမ်းအနားသို့ “ဝ” အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ရှိသူ အကြီးအကဲများကိုယ်တိုင် တက်ရောက်ပြီး ဖွင့်ပွဲကို ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။
    “ဖွင့်ပွဲကို ‘ဝ’ လူကြီးတွေကိုယ်တိုင်တက်ပြီး အားပေးပါတယ်။ ဒီနေ့ဖွင့်ပွဲကို ဝ စစ်တပ်က လုံခြုံရေး အထူးတပ်သား (၅) ယောက်လွှတ်ပြီး စောင့်ရှောက်ပေးပါတယ်။ ဗလီဖွင့်ပွဲ လုပ်ဖို့ မဏ္ဍပ်ထိုးတာကအစ ဝ စစ်တပ်က တပ်သားတွေကိုယ်တိုင် လာပြီးဝိုင်းလုပ်ပေးတာပါ။ ဝ တွေ အုပ်ချူပ်တဲ့ ဒေသမှာ ဘာသာရေးလွတ်လပ်ခွင့် အပြည့်ရှိပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကဘဲ ခရစ်ယျာန် ချာခ်ျတခု ဖွင့်ပြီးသွားပါပြီ။ ဒီဒေသမှ ဝ အဖွဲ့က ချမှတ်ထားတဲ့ စည်းကမ်းတွေ လိုက်နာဖို့ဘဲ အရေးကြီးပါတယ်။ ယုံကြည်ကိုးကွယ်မှုနှင့်ပတ်သက်ပြီး ဘာမှ နှိပ်ကွပ်မှုမရှိပါဘူး။ ဘာသာရေး လွတ်လပ်ခွင့်အပြည့်ရှိပါတယ်။ ဒီဒေသမှာနေတဲ့လူတွေလဲ တကယ်ကို စိတ်ချမ်းသာပါတယ်” ဟု အခမ်းအနားကို တက်ရောက်လာတဲ့ ပန်ခမ်းမြို့ခံ အစ္စလာမ်ဘာသာဝင်တစ်ဦးက M-Media ကို ပြောပါတယ်။
    ” အင်တာနက်မှာ အစ္စလာမ်ဆန့်ကျင်ရေး ဝါဒဖြန့်နေသူတွေက ဝ ဒေသမှာ မွတ်စလင်တွေကို ဘယ်လိုနှိပ်ကွပ်ကြောင်း လုပ်ကြံ့ဝါဒဖြန့်နေတာတွေ ဖတ်ရတာ ကျွန်တော်တို့အတွက်တော့ ဟာသပါဘဲ။ မြန်မာပြည်မမှာ ဗလီတွေ မီးရှို့အကြမ်းဖက်ဖျက်ဆီးခံရပြီး ပြန်လည်ပြုပြင်ဖို့ မရတဲ့အချိန် ဝ ဒေသမှ အခု လို ခမ်းနားတဲ့ ဗလီကြိး ပြုပြင်ခွင့်ပေးပြီး ဝ အဖွဲ့က ကိုယ်တိုင် ဖွင့်ပွဲကို တက်ရောက်တယ်ဆိုတာ အစ္စလာမ်တွေကို နှိပ်ကွပ်တယ် ဟုတ်/မဟုတ် အကောင်းဆုံးသက်သေပါဘဲ ” ဟု ၄င်းက ဆက်လက်ပြောပါတယ်။
    ယခု ပန်ခမ်းမြို့မှ ပန်ခမ်းဗလီမှာ ၁၉၈၇ ခုနှစ်တွေ စတင်ဆောက်လုပ်ခွင့်ရရှိခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် တကြိမ်ပြုပြင်မွမ်းမံခဲ့ပြီး ယခု နှစ်ထပ် ဗလီအဖြစ်ပြုပြင်မွမ်းမံပြီး ၂၀၁၄ ခုနှစ် ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
    ပန်ခမ်းမြို့တွင် ပန်းသေးဗလီ၊ ရာဘာခြံဗလီ် စုစုပေါင်း ဗလီ (၂)လုံးရှိပြီး အစ္စလာမ်ဘာသာဝင် အိမ်ခြေ ၁၆၀ ခန့်ရှိကာ အစ္စလာမ်ဘာသာဝင် ၁၀၀၀ နီးပါးရှိကြောင်းသိရှိရပါတယ်။
    ပန်ခမ်း(ခ)ပန်ဆန်းမြို့ဟာ  ၀တပ်ဖွဲ့ ဟု ခေါ် သည့် ၀ ပြည် သွေး စည်း ညီညွတ်ရေး တပ်မတော် UWSA ၏ ဌာနချုပ် ရှိရာ မြို့တော်ဖြစ်ပါတယ်။
    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]
  • ဆင်တပ်မှော် ဒုက္ခသည်စခန်း မီးလောင်
    ဆင်တပ်မှော် ဒုက္ခသည်စခန်း မီးလောင်
    ဇန်န၀ါရီ ၁၆၊ ၂၀၁၄
    M-Media
    1526335_648302695212204_1194043049_n
    ရခိုင် ။ ။ ရခိုင်ပြည်နယ် ပေါက်တော အပိုင် ဆင်တပ်မှော် ကျေးရွာရှိ ကျောက်ဖြူ ဒုက္ခသည် စခန်းတွင် ဇန်န၀ါရီလ ၁၆-ရက် မနက်လင်းအားကြီး ၁-နာရီတွင် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ရာ အဆောင် ၃၁-လုံးနှင့် အခန်း ၂၄၈ ခန်း မီးလောင်သွားခဲ့ကြောင်း သိရသည်။
    မီးလောင်ရသည့်အကြောင်းအရင်းကို သေချာစွာမသိရှိရသေးပါ။ သတင်းနောက်ဆက်တွဲ စုံစမ်းသိရှိရလျှင် တင်ဆက်ပေးသွားပါမည်။
    ဓါတ်ပုံ-Lay Pyay မှ M-Media သို့ပေးပို့လာသော ပုံဖြစ်ပါသည်။
  • အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်း ကြေငြာချက်ထုတ်
    အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်း ကြေငြာချက်ထုတ်
    ဇန်န၀ါရီ ၁၆၊ ၂၀၁၄
    M-Media
    ဇာဏီ
    ဓါတ်ပုံအညွှန်း - BBC Burmese ၏ သတင်းဓါတ်ပုံ
    ဓါတ်ပုံအညွှန်း – BBC Burmese ၏ သတင်းဓါတ်ပုံ
    မန္တလေး ။    ။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ အထက်မြန်မာပြည်(မန္တလေး)ကို မနေ့က ဇန်န၀ါရီလ ၁၅-ရက်နေ့တွင် မန္တလေးမြို့ အတုမရှိကျောင်းတိုက်တွင် ပြုလုပ်သော ဂိုဏ်းပေါင်းစုံ သံဃညီလာခံတွင် သီတဂူဆရာတော်နှင့် အင်းစိန်ရွာမ ဆရာတော်တို့ အပါအ၀င် သံဃာ အများအပြား တက်ရောက် ဖွဲ့စည်းလိုက်ကြောင်းနှင့် သဘောထားကြေငြာချက် တစ်စောင်ကိုလည်း ထုတ်ပြန်လိုက်ကြောင်း သိရသည်။
    ယင်းကြေငြာချက်အား နိုင်တော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဌိတ ဥက္ကဌ မဘသ(ဗဟို) နှင့် နိုင်ငံတော်သြဝါဒါ စရိယ အဂ္ဂမဟာပဏ္ဌိတ ဥက္ကဌ မဘသ (မန္တလေးတိုင်းဒေသကြီး)တို့မှ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီး ၎င်းကြေညာချက်သည် နိုင်ငံ၏ အရေးကိစ္စများအား ဘုရားသားတော် သံဃာတော် များနှင့် မသက်ဆိုင်သော ကိစ္စရပ်များကိစ္စများကို ထည့်သွင်းကြေငြာထားသောကြောင့် သင့်တော်မှုမရှိဟု ပြောဆိုသူများလည်း ရှိကြောင်းသိရသည်။
    “တကယ်တမ်းပြောရရင်တော့ဗျာ ဥပဒေပြုရေး၊ နိုင်ငံအုပ်ချူပ်ရေးနဲ့ သက်ဆိုင်တာတွေဟာ ဘုရားသားတော်တွေ လုပ်ဆောင်ရမယ့် ကိစ္စ မဟုတ်ပါ ဘူး။ ဘုရား သားတော်တွေအနေနဲ့ မိမိရဲ့ ဘာသာသာသနာ စည်ပင် ပြန့်ပွားရေး တရားဓမ္မတွေကို ကိုယ်တိုင်ကျင့်ကြံရင်း တခြားသူတွေ ကိုလည်း တရားရေအေး တိုက်ကျွေးရမယ့် အလုပ်ပဲရှိတာ။ အခုတော့ ဒီလိုမျိုးတွေ ဖြစ်လာတာဟာ နိုင်ငံအတွက်၊ ကျွန်တော်တို့ ဗုဒ္ဓဘာသာ အတွက်လည်း မကောင်းဘူးလို့ ကျွန်တော်မြင်တယ်”ဟု ဗုဒ္ဓဘာသာဝင် လူငယ်တစ်ယောက်မှ ပြောသည်။
    “ကျွန်တော်တို့ကတော့ ဘာမှ မပြောလိုပါဘူး။ ဘယ်ဘာသာပဲဖြစ်ဖြစ်ပါ ကိုယ့်သာသနာကို တကယ်မြတ်နိုးစွာ လက်ခံယုံကြည်သူဖို့ သာသနာ ပျောက် မှာလည်း စိုးရိမ်စရာမရှိသလို။ လူမျိုးပျောက်မှာလည်း စိုးရိမ်စရာမရှိပါဘူး။ ဘယ်နေရာဒေသပဲဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ့်လူမျိုးသာ ရှိရမယ် ဆိုတဲ့ စိတ်ထားနဲ့ အတင်းအကြပ်တွေ လုပ်ဆောင်နေလို့ကတော့ သိပ်မကြာပါဘူး အဲ့ဒီသာသနာဟာ မှေးမှိန်သွားနိုင်တယ်။”လို့ ဗုဒ္ဓဘာသာမဟုတ်သူ လူငယ်တချို့မှလည်း ပြောပါသည်။
    သံဃာညီလာခံ၏ ထုတ်ပြန်ကြေငြာချက်သဘောထားသည် ဗုဒ္ဓဘာသာဝင်များမှအပ တခြားသော ဘာသာဝင်များနှင့် ဗုဒ္ဓ မဟုတ်သည့် တိုင်းရင်းသား လူမျိုးများကို ဖိနှိပ်ခွဲခြားလုပ်ဆောင်မှုပုံစံတွေ့ရပြီး ဗုဒ္ဓမြတ်စွာဘုရား သာသနာတော်၏ တရားဓမ္မနှင့်လည်း ကိုက်ညီမှုမရှိကြောင်း ဝေဖန်ပြောဆိုသံ များလည်း ထွက်ပေါ်လျက်ရှိသည်။
    သံဃာ့ညီလာခံ၏ သဘောထား ကြေငြာချက်
    1558469_571790712896641_125491665_n 1531606_571790782896634_2088799568_n
    (၁) မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ဆက်လက်ကာကွယ် စောင့်ရှောက်ရန်တိုက်တွန်းသည်။
    (၂) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် ရေးဆွဲရာ၌ ပုဂ္ဂလအဓိဌာန်နှင့် လတ်တလော အခြေနေကို မကြည့်ဘဲနိုင်ငံနှင့် နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွားကိုသာ ကြည့်ရှုဆောင်ရွက်ရန် တိုက်တွန်းသည်။
    (၃) လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်၌ တိုင်းရင်းသားစာရင်း မပါဝင်သော လူမျိုးစုနှင့် အဖွဲ့အစည်းများအား ကူညီပံ့ပိုး အားပေးအားမြှောက်ပြုနေကြသည့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၏ လုပ်ရပ်မှန်သမျှကို နိုင်ငံတော်၏ အချုပ်အခြာအာဏာ ထိပါးစေနိုင်သဖြင့် ကန့်ကွက်သည်။
    (၄) တည်ဆဲဥပဒေနှင့် မညီညွတ်သော တိုင်းရင်းသားစာရင်း၌ မပါဝင်သည့်လွှတ်တော် ကိုယ်စားလှယ်များအား ပြန်လည်စိစစ်၍ ဥပဒေနှင့်အညီသာ ဆောင်ရွက်ပေးရန် တိုက်တွန်းသည်။
    (၅) တိုင်းရင်းသား အခွင့်အရေးနှင့် နိုင်ငံသားအခွင့်ရေးများကို ကာကွယ်စောင့်ရှောက်နိုင်ရန် ရွေးကောက်ပွဲတိုင်းတွင် ဥပဒေနှင့်မညီညွတ်သည့် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူများ ၏ ဆန္ဒမဲပေးပိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်း သင့်ကြောင်းအကြံပြုတိုက်တွန်းသည်။
    (၆) အမျိုးဘာသာသာသနာ အဖွဲ့အစည်း(မဘသ)ခေါ် သာသနဝံသပါလအဖွဲ့ အတွက် အင်အား ဖြစ်စေသော အားပေးစကားများကို ပြောကြားခဲ့သည့် နိုင်ငံတော် အကြီးအကဲများ နိုင်ငံခေါင်းဆောင်များ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများအား ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်သည်။
    (၇) သတင်းမီဒီယာများသည် နိုင်ငံတော်၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့်အလျောက် သတင်းမီဒီယာ ကျင့်ဝတ်နှင့်အညီ နိုင် ငံတော်နှင့် အမျိုးဘာသာသာသနာ၏ အကျိုးစီးပွားကို ထိခိုက်အောင်မှန်ကန်မျှတစွာ ဖော်ပြကြရန်နှင့်မမှန်မကန် ဖော်ပြမှု အဂတိလိုက်စားမှုများ ရှောင်ကြရန် အထူးတိုက်တွန်းသည်။
    (၈) မြန်မာနိုင်ငံသူ နိုင်ငံသားများသည်မိမိ/သူတစ်ပါး အမျိုးဘာသာကို ထိခိုက်စေမည့် ဟောပြောမှု လှုံ့ဆော်မှုနှင့် တုန့်ပြန်မှုများကိုရှောင်ကြဉ်ကြရန် အထူးတိုက်တွန်းသည် ။
    (၉) အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)ခေါ်သာသနဝံသပါလ အဖွဲ့သည် သာသနာ့ဥသျှောင် သံဃာ့ဥသျှောင်ဆရာတော်ကြီးများ၏ သြဝါဒကို ခံယူလျက် အမှီအခို ကင်းပြီးလွတ်လပ်သည့်အမျိုးသားရေး အင်အားစုကြီးတစ်ရပ်သာ ဖြစ်ကြောင်းသိစေအပ်သည်။
    (၁၀) အကာအကွယ်မဲ့နေကြသည့် မြန်မာ့အမျိုးကောင်းသားအမျိုးကောင်းသမီးများအား ကာကွယ် စောင့်ရှောက်နိုင် မည့်အမျိုးစောင့် ဥပဒေ အတည်ပြုပြဌာန်း ပေးနိုင်သည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဟု ဤညီလာခံတော်ကြီးက အဓိဌာန်ပြုသည်။
    (ဘဒ္ဒန္တတိလောကာဘိဝံသ) နိုင်တော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဌိတ ဥက္ကဌ မဘသ(ဗဟို)
    (ဘဒ္ဒန္တတိက္ခ) နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဌိတ ဥက္ကဌ မဘသ(မန္တလေးတိုင်းဒေသကြီး)
  • ဇန်န၀ါရီ ၁၅၊ ပြည်တွင်းသတင်း စုစည်းမှု
    ဇန်န၀ါရီ ၁၅၊ ပြည်တွင်းသတင်း စုစည်းမှု
    ဇန်န၀ါရီ ၁၅၊ ၂၀၁၄
    M-Media
    တိုင်းရင်းသားမျိုးနွယ်စုကွဲပြားစေရန် သန်းခေါင်းစာရင်းကောက်ယူခြင်းဆိုသည်ကို တိုင်းရင်းသားများကန့်ကွက်
    – မကြာခင် သန်းခေါင်စာရင်းကောက်ယူရာ၌ အသုံးပြုမည့် တိုင်းရင်းသားမျိုးနွယ်စုများ သတ်မှတ်ချက် ဂဏန်း (Code)များသည် မျိုးနွယ်များကို ရှုပ်ထွေးမှုဖြစ်စေပြီး တိုင်းရင်းသားလူမျိုးများအတွင်း ပိုမိုကွဲစေသည့် အသွင်တွေ့နေရကြောင်း ကရင်တိုင်းရင်းသားများ၏ ၂-ရက်ကြာ ဆွေးနွေးပွဲအပြီး ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
    ________________________
    အမျိုးဘာသာစောင့်ရှောက်ရေး အထက်မြန်မာပြည် ဖွဲ့
    – အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့၊ အထက်မြန်မာပြည် (မန္တလေး) အဖွဲ့ကို အမျိုးဘာသာ သာသနာ အရှည်တည်တံ့ရေးအတွက် စိတ်တွင်တွေး၍ အလေးထားဆောင်ရွက်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် သီတဂူဆရာတော် ဘဒ္ဒန္တ ဥာဏ်ဿရနှင့် အင်းစိန်ရွာမ အဓိပတိဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသံတို့ ဦးဆောင်လျက် ဇန်န၀ါရီလ ၁၅-ရက်နေ့က မန္တလေးမြို့ မဟာအောင်မြေမှာရှိတဲ့ မဟာအတုလဝေယံ (အတုမရှိ)ကျောင်းတွင် ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
    ________________________